မည်သို့သော အခြေအနေနည်း။
မိမိတို့၏ ဆရာသခင်ကိုယ်တိုင် ဂုဏ်ပြုသောအားဖြင့် လာရောက်တွေ့ဆုံခြင်းကိုပင် ဤသူတို့အနေဖြင့် အတိုင်းအထက်အလွန် ဂုဏ်ယူဝမ်းမြောက်ကာ အမြင့်ဆုံးသော အရိုအသေပေးမှုဖြင့် ကြိုဆိုကြရမည် မဟုတ်ပါလော။ သို့ပါလျက် ဆရာသခင်ထံမှ ပစ္စည်းများကိုပင် တောင်းခံဝံ့ကြသေးသည်။ အထူးသဖြင့် ထိုက်ရွှမ်ဝိညာဉ်ပေါင်းစပ်ဆေးလုံးဆိုသည်မှာ တပည့်ရင်းများဖြစ်သော ၎င်းတို့ပင်လျှင် ဆုလာဘ်အနေဖြင့် ခဲခဲယဉ်းယဉ်းရရှိကြရသည် မဟုတ်ပါလော။ အဘယ်ကြောင့် ဤသူတို့ကို ပေးရသနည်း။
တပည့်အချို့မှာ မကျေမနပ်ဖြစ်နေကြသော်လည်း ဆရာသခင်ကိုကြောက်ရွံ့သဖြင့် တစ်ခွန်းတစ်ပါဒမျှမဟဝံ့ဘဲ ကြည့်နေရုံသာတတ်နိုင်ကြသည်။ ယွမ်ကျိ၊ ယွမ်ရှန့်နှင့် အခြားသူများ ဆေးလုံးများကို လက်ခံရရှိသည်ကို မြင်သောအခါ ဖေးရှန်ဂိုဏ်းမှ အခြားအကြီးအကဲများမှာလည်း အားကျမနာလို ဖြစ်နေကြ၏။
လင်ဟန်ဟန်၊ ယွမ်ကျဲ့နှင့် စုမန်တို့သည် ဘိုးဘေးကြီးနှင့်အတူ လိုက်ပါသွားခြင်းကြောင့် မည်မျှအထိ အကျိုးကျေးဇူးခံစားနေကြရမည်ကို ယခုမှပင်သဘောပေါက်လိုက်ကြသည်။ ဘိုးဘေးကြီး၏အနားတွင် ခစားခွင့်ရခြင်းမှာ ကံထူးလှ၏။ သို့ရာတွင် ဘိုးဘေးကြီးသည် နောက်လိုက်အသစ်များကို ထပ်မံခေါ်ယူရန် အစီအစဉ်ရှိပုံမရချေ။
အင်မော်တယ်ဘုရင်လျိုယွမ်က အဆင့် ၇ အင်မော်တယ်ဆေးလုံးကို ထုတ်ပေးလိုက်သည်ကို မြင်သောအခါ အင်မော်တယ်ဘုရင်မင်ချီမှာ စိတ်ဒွိဟဖြစ်သွားရသည်။ အခြားတစ်ဦးက အဆင့် ၇ ပစ္စည်းကိုပေးအပ်နေချိန်တွင် မိမိက အဆင့် ၆ လက်နက်တစ်ခုမျှသာ ပေးအပ်ပါက အလွန်မျက်နှာငယ်စရာ ဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ယွမ်ကျိတို့မှာ အဆင့် ၆ လက်နက်များကို ပိုင်ဆိုင်ထားကြပြီးဖြစ်သောကြောင့်ပင်။ သို့သော် အဆင့် ၇ လက်နက်ကို လက်ဆောင်ပေးရန်မှာလည်း နှမြောစရာရောင်းလှသည်။
အဆင့် ၇ အင်မော်တယ်လက်နက်နှင့် အဆင့် ၇ ဆေးလုံးတို့မှာ တန်ဖိုးချင်းများစွာကွာခြား၏။ ဆေးလုံးမှာ တစ်ကြိမ်သုံးပစ္စည်းသာဖြစ်သော်လည်း လက်နက်မှာမူ သားစဉ်မြေးဆက် လက်ဆင့်ကမ်းနိုင်သော ရတနာဖြစ်သည်။ ဆေးလုံးကို ကြိုးစားရှာဖွေပါက ဝယ်ယူနိုင်သော်လည်း အဆင့် ၇ လက်နက်မှာမူ အလွန်ရှားပါး၏။
လက်နက်သန့်စင်ခြင်းပညာရှင်ကြီး ဖြစ်သော မင်ချီတွင်ပင် အဆင့် ၇ လက်နက်နှစ်ခုသာ ရှိလေသည်။ တစ်လက်မှာ သူကိုယ်တိုင်အသုံးပြုနေခြင်းဖြစ်ပြီး အခြားတစ်လက်မှာမူ သူ၏ ပညာအမွေကိုဆက်ခံမည့် တပည့်ရင်းအတွက် သိမ်းဆည်းထားခြင်းဖြစ်သည်။
သို့သော်လည်း ဂိုဏ်းချုပ်ကျန်း၏ရှေ့မှောက်တွင် မိမိ၏ဂုဏ်သိက္ခာကို အကျမခံနိုင်သဖြင့် မင်ချီသည် စိတ်ကိုတင်းကာ လီယွမ်ဓားဟု အမည်ရသော အဆင့် ၇ အင်မော်တယ်ဓားကို ထုတ်ယူလိုက်လေသည်။ ဤသည်ကို မြင်သောအခါ သူ၏တပည့်များမှာ ဆက်လက်၍ သည်းမခံနိုင်ကြတော့ချေ။
“ဆရာ”
“အဆင့် ၇ အင်မော်တယ်ဓားကို ဘယ်လိုလုပ် လက်ဆောင်ပေးလိုက်နိုင်ရတာလဲ...”
“ဘိုးဘေးကြီး... ပြန်ပြီးစဉ်းစားပေးပါဦး”
အင်မော်တယ်ဘုရင်မင်ချီသည် သက်ပြင်းရှည်ကြီးကိုချလိုက်ပြီး ဆိုလေသည်။
“ဘာမှ ထပ်မပြောကြနဲ့၊ ငါ့ရဲ့ဆုံးဖြတ်ချက်က ခိုင်မာပြီးသားပဲ”
မင်ချီက အဆင့် ၇ ဓားကို ထုတ်ပေးလိုက်သည်ကို မြင်သောအခါ လျိုယွမ်ပင် အံ့အားသင့်သွားရသည်။
“သူငယ်ချင်းကြီး... မင်း တကယ်ပဲ အရင်းအနှီး အကြီးအကျယ် စိုက်ထုတ်လိုက်တာပဲ”
သူက စိတ်ထဲမှတွေးနေမိသည်။ ဤဓားကိုသန့်စင်ရန်အတွက် မင်ချီသည် ဆယ်စုနှစ်ပေါင်းများစွာ အားထုတ်ခဲ့ရရုံမျှမက ကုန်ကြမ်းပစ္စည်းများကို ခဲခဲယဉ်းယဉ်း စုဆောင်းခဲ့ရသည်ကိုသူသိရှိ၏။ အထူးသဖြင့် နိယာမစွမ်းအားများကို ဓားအတွင်းသို့ ထည့်သွင်းရာတွင် ကံတရား၏ဖေးမမှုပါလိုအပ်သည်။ မင်ချီသည် ဆယ့်ခြောက်ကြိမ်မြောက်မှသာ ဤဓားကို အောင်မြင်စွာသန့်စင်နိုင်ခဲ့၏။
မင်ချီသည် ဓားကို လက်နှစ်ဖက်ဖြင့် မြှောက်ကိုင်လျက် ယွမ်ကျိဆီသို့ တည်ငြိမ်စွာ လျှောက်လှမ်းသွားသည်။
“စီနီယာ...”
“ဒီ... ဒီအင်မော်တယ်ဓားက...”
ယွမ်ကျိမှာ အသက်ရှူပင် မှားသွားရသည်။ ဂိုဏ်းချုပ်အဖြစ် နှစ်ပေါင်းသန်းချီ တာဝန်ယူခဲ့သော်လည်း ယခင်တစ်ခေါက် ဘိုးဘေးကြီးနှင့် ဆုံတွေ့စဉ်ကလွဲ၍ ဤမျှအထိ စိတ်လှုပ်ရှားခဲ့ဖူးခြင်း မရှိချေ။ ၎င်းသည် အဆင့် ၇ အင်မော်တယ်ဓား မဟုတ်ပါလော။ ၎င်း၏ တန်ဖိုးကြီးမားလွန်းလှသဖြင့် သူမယူဝံ့ဘဲဖြစ်နေသော်လည်း ဤကဲ့သို့သောရတနာမျိုးကို ငြင်းပယ်ရန်မှာလည်းမဖြစ်နိုင်ချေ။ သူ၏လက်များမှာ တုန်ယင်လျက် ရှေ့သို့ ကမ်းလိုက်မိသည်။
ထိုစဉ် အခြားလက်တစ်ဖက်က ကြားဖြတ်၍ ၎င်းတို့နှစ်ဦးကို တားဆီးလိုက်သည်။ ထိုသူမှာ အခြားသူမဟုတ်ဘဲ အစ်ကိုကြီးချန်ပင်။
“ဟားဟား... ဂျူနီယာတွေကို လက်ဆောင်ပေးတယ်ဆိုတာ မင်းရဲ့တန်ဖိုးထားရတဲ့ရတနာကို စွန့်လွှတ်စရာမလိုပါဘူး”
ကျန်းချန်သည် ဤဓားမှာ မင်ချီအတွက် မည်မျှအထိအရေးကြီးကြောင်း သိမြင်သည်။ မင်ချီသည် အလောင်းကောင်ဘုရင်သုံးပါးနှင့် မတူချေ။ ထိုသုံးဦးမှာ လက်နက်များကိုအသုံးမပြုကြသဖြင့် ၎င်းတို့ထံမှတောင်းခံခြင်းမှာ ပြဿနာမရှိသော်လည်း မင်ချီတွင်မူ တပည့်များစွာရှိသဖြင့် ဤဓားကိုလိုအပ်သည်။ မင်ချီက အလျင်အမြန်ပင်...
“ဂိုဏ်းချုပ်ကျန်း... ကျွန်တော်မျိုးက တကယ်ကို လိုလိုလားလား ပေးအပ်တာပါ။ အရှင့်ရဲ့ အမိန့်တစ်ခွန်းရှိရုံနဲ့ ကျွန်တော်မျိုးရဲ့ အသက်ကိုတောင် ပေးဝံ့ပါတယ်၊ ဒီပစ္စည်းလေးတွေက ဘာမှမဟုတ်ပါဘူး”
ဤစကားကြောင့် ပတ်ဝန်းကျင်ရှိသူများမှာ အံ့အားသင့်ကုန်ကြသည်။ အထူးသဖြင့် သူ၏တပည့်များမှာ ၎င်းတို့၏ ဆရာသခင် ရူးသွပ်သွားပြီလားဟုပင် ထင်မှတ်နေကြသည်။
“မဟုတ်တာပဲ”
ကျန်းချန်က လက်ကာပြလျက်
“ဒီလောက်အထိ တန်ဖိုးကြီးတဲ့ လက်ဆောင်ကို သူတို့ လက်ခံနိုင်စွမ်းရှိမှာမဟုတ်ဘူး...”
ဆိုလိုက်ရာ ယွမ်ကျိမှာ နှမြောသော်လည်း နှိမ့်ချစွာဖြင့် လက်ကို ပြန်လည်ရုပ်သိမ်းလိုက်ရသည်။
ထို့နောက် ကျန်းချန်က စကားစကို ပြောင်းလိုက်သည်။
“ဒါဆိုဒီလိုလုပ်ရအောင်... မင်းဆီမှာ အဆင့် ၇ အင်မော်တယ်လက်နက်သန့်စင်ဖို့ ကုန်ကြမ်းပစ္စည်းတွေရှိမလား”
“ရှိပါတယ်၊ ဒါပေမဲ့ ဂိုဏ်းချုပ်ကျန်းက ကုန်ကြမ်းတွေကို ဘာအတွက် လိုချင်လို့ပါလဲ”
ကုန်ကြမ်းပစ္စည်းများမှာ တန်ဖိုးရှိသော်လည်း ဝယ်ယူနိုင်သဖြင့် လက်ဆောင်ပေးရန်မှာ မခက်ခဲချေ။ ပြီးစီးပြီးသား လက်နက်တစ်ခုနှင့် နှိုင်းယှဉ်ပါက ကုန်ကြမ်းများ၏တန်ဖိုးမှာ များစွာနည်းပါးလှသည်။
ကျန်းချန်က တည်ငြိမ်ဟန်ဆောင်လျက်
“ဪ... ငါပြောဖို့မေ့သွားတယ်၊ ငါက လက်နက်သန့်စင်တဲ့ပညာရှင်တစ်ယောက်လည်း ဖြစ်တယ်လေ”
“ဟင်”
“အရှင်က လက်နက်သန့်စင်တဲ့ပညာရှင် ဟုတ်လား”
ဖေးရှန်ဂိုဏ်းသားများသာမက အင်မော်တယ်ဘုရင်များနှင့် အလောင်းကောင်ဘုရင်များပါ အံ့အားသင့်ကုန်ကြသည်။ ၎င်းတို့သည် ကျန်းချန်ထံမှ လက်နက်သန့်စင်ခြင်းနှင့် ပတ်သက်၍ တစ်စုံတစ်ရာကိုမျှ မကြားဖူးခဲ့ကြချေ။
“မှန်တယ်... မင်းဆီမှာ ကုန်ကြမ်းဘယ်နှစ်စုံပါသလဲ၊ နှစ်စုံလောက်ရှိသလား”
ကျန်းချန်သည် သူရရှိထားသော လက်နက်သန့်စင်ခြင်းပညာရပ်ကို ထုတ်ဖော်ပြသရန်အချိန်တန်ပြီဟု ယူဆလိုက်သည်။ ၎င်းပြင် သူ၏တပည့်ရင်းများဖြစ်သော ယွမ်ကျိနှင့် ယွမ်ရှန့်တို့အား အထူးအခွင့်အရေးပေးလိုသော်လည်း မိမိ၏ပစ္စည်းများကို မကုန်ကျစေဘဲ မင်ချီထံမှ ကုန်ကြမ်းများကို အသုံးချရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
“ကျွန်တော့်ဆီမှာ ဓားနှစ်လက်စာ ကုန်ကြမ်းတွေရှိပါတယ်... ဒါပေမဲ့ အရေးကြီးဆုံးဖြစ်တဲ့ ရေခဲကျောက်စိမ်း အင်မော်တယ်ဝတ်ဆံတော့မရှိပါဘူး...”
ကျန်းချန်သည် စနစ်၏အကောင်းကဏ္ဍကို စစ်ဆေးလိုက်ရာ ထိုဝတ်ဆံမှာ တစ်ခုလျှင် ကုသိုလ်အမှတ် ၅၀ သာ ရှိကြောင်း တွေ့ရသည်။ ကုန်ကြမ်းအမျိုးအစားပေါင်း တစ်ရာကျော်ကို ကိုယ်တိုင်မရှာဖွေရသဖြင့် တော်သေးသည်ဟု သူတွေးလိုက်၏။
“ကိစ္စမရှိပါဘူး၊ ငါ့ဆီမှာ အဲဒီဝတ်ဆံနှစ်ခုရှိတယ်”
“ကောင်းပါပြီ”
အင်မော်တယ်ဘုရင်မင်ချီသည် တွန့်ဆုတ်နေခြင်းမရှိဘဲ ဟင်းလင်းပြင်အတွင်းမှ ကုန်ကြမ်းပစ္စည်းများကို ထုတ်ယူလိုက်ရာ ခန်းမတစ်ခုလုံး တောက်ပသွား၏။ ထိုရှားပါးကုန်ကြမ်းများကို မြင်သောအခါ သူ၏တပည့်များမှာ နှမြောတသ ဖြစ်နေကြပြန်သည်။
၎င်းတို့သည် ကျန်းချန်၏စွမ်းရည်ကို မယုံကြည်ကြသဖြင့် ၎င်းသည် အချည်းနှီးဖြုန်းတီးပစ်ခြင်းသာ ဖြစ်လိမ့်မည်ဟု ယူဆနေကြသည်။ အကယ်၍ ၎င်းသည် အဆင့် ၇ လက်နက်ကို အမှန်တကယ် သန့်စင်နိုင်သူဖြစ်ပါက အလယ်အင်မော်တယ်လောကတွင် နာမည်ကျော်ကြားနေမည် မဟုတ်ပါလော။
“ဂိုဏ်းချုပ်ကျန်း... လက်နက်သန့်စင်ဖို့အတွက် ဘယ်နေရာမှာပြင်ဆင်ပေးရမလဲ”
“ကျွန်တော့်ကို အကူအညီပေးခွင့်ပြုပါဦးလား”
မင်ချီသည် ကျန်းချန်၏အံ့ဖွယ်စွမ်းရည်များကို အကြိမ်ကြိမ်မြင်တွေ့ခဲ့ဖူးသဖြင့် မျှော်လင့်ချက်အချို့ ထားရှိနေဆဲဖြစ်သည်။ အကယ်၍ ကျန်းချန်ရှုံးနိမ့်သွားခဲ့လျှင်ပင် ၎င်းအနေဖြင့် အတတ်နိုင်ဆုံး ကူညီဖုံးဖိပေးရန် ဆုံးဖြတ်ထားလေတော့သည်။
***