ကျန်းချန်သည် ကုန်ကြမ်းပစ္စည်းများကို ကြည့်ရှုစစ်ဆေးလိုက်သည်။
“မင်းရဲ့ ဒီဓားနှစ်လက်စာကုန်ကြမ်းတွေက ရေဓာတ်နိယာမတွေချည်းပဲ”
သူ၏စနစ်မှရရှိထားသော လက်နက်သန့်စင်ခြင်းပညာမှာ ၎င်း၏ကိုယ်ပိုင်အသိပညာဗဟုသုတများ ဖြစ်လာခဲ့ပြီဖြစ်ရာ တစ်ချက်ကြည့်ရုံဖြင့် သူကောင်းစွာ သိရှိနားလည်သည်။ အမှန်စင်စစ် သူ၏ လက်နက်သန့်စင်ခြင်း အတတ်ပညာမှာ မင်ချီထက်များစွာသာလွန်သော်လည်း ပုံမှန်အားဖြင့် ထုတ်ဖော်ပြသခြင်းမရှိခဲ့ချေ။
“မှန်လှပါပေတယ်၊ ဂိုဏ်းချုပ်ကျန်းက တကယ်ကိုအမြင်စူးရှတာပဲ”
မင်ချီ၏ တပည့်များမှာမူ စိတ်ထဲမှကျိတ်၍ကန့်ကွက်နေကြပြန်သည်။
ဒါကဘာဆန်းလို့လဲ၊ လက်နက်သန့်စင်တဲ့သူ ဘယ်သူမဆို ဒါကို မြင်နိုင်တာပဲ
ကျန်းချန်သည် လက်ဝှေ့ယမ်းလိုက်ပြီး ထိုကုန်ကြမ်းများကို စနစ်၏သိုလှောင်ခန်းအတွင်းသို့ သိမ်းဆည်းလိုက်သည်။ လဲလှယ်ထားသော ရေခဲဝတ်ဆံနှစ်ခုနှင့် ပေါင်းစပ်လိုက်ပါက ဓားနှစ်လက် ပြီးမြောက်ရန်အတွက် စတင်သန့်စင်ရန်ခလုတ်ကိုနှိပ်ရန်သာ လိုတော့သည်။
လူအများရှေ့မှောက်တွင် မည်သို့ဟန်ထုတ်ရမည်ကို သူစဉ်းစားနေ၏။ စနစ်၏သန့်စင်မှုမှာ မည်သည့်လုပ်ငန်းစဉ်မျှမရှိဘဲ ခလုတ်နှိပ်လိုက်သည်နှင့် ချက်ချင်းပြီးမြောက်ကာ ပစ္စည်းကိုထုတ်ယူနိုင်ခြင်းဖြစ်သည်။ သို့သော် ချက်ချင်းကြီးထုတ်ယူပြလိုက်ပါက ပြင်ပလူများအဖို့ ယုံကြည်ရခက်ခဲကာ သူသည် ဓားများကိုကြိုတင်ပြင်ဆင်ထားသည်ဟု သံသယဝင်မည်သာ။
“ငါ့အတွက် ဘယ်သူ့အကူအညီမှမလိုဘူး”
“လက်နက်သန့်စင်တဲ့မီးဖို ဒါမှမဟုတ် အင်မော်တယ် အစီအရင်တွေလည်းမလိုဘူး”
“နောက်ပြီး နေရာပြောင်းဖို့လည်း မလိုပါဘူး၊ ဒီခန်းမထဲမှာပဲ အဆင်ပြေပါတယ်”
ဟန်ထုတ်ခြင်းမှာ လူအများရှေ့တွင်ပြုလုပ်မှသာ အထိရောက်ဆုံးဖြစ်ပေလိမ့်မည်။ သို့သော် ဤစကားများမှာ အခြားသူများအတွက်မူ လက်ခံနိုင်စရာမရှိချေ။
လက်နက်သန့်စင်ခြင်းလုပ်ငန်းစဉ်မှာ အလွန်ပင် ရှုပ်ထွေးလှသည်ကို လူတိုင်းသိကြသည်။ သင့်တော်သောနေရာကို ရွေးချယ်ခြင်း၊ မိုင်ပေါင်းများစွာကျယ်ဝန်းသော အစီအရင်များ ခင်းကျင်းခြင်း၊ ဓာတ်ကြီးငါးပါး၏စွမ်းအားကို ရယူခြင်းနှင့် နိယာမစွမ်းအားများ ထည့်သွင်းခြင်းတို့မှာ အခြေခံလုပ်ဆောင်ချက်များဖြစ်သည်။ ဤလုပ်ငန်းစဉ်မှာ ပညာရှင်တစ်ဦးတည်းဖြင့် ပြီးမြောက်ရန် ခက်ခဲလှသော စီမံကိန်းကြီးတစ်ခုဖြစ်၏။
အကူအညီလည်း မလိုဘူး၊ အခြေခံအကျဆုံး မီးဖိုတောင် မသုံးဘဲ ဒီခန်းမထဲမှာတင် သန့်စင်မယ်ဟုတ်လား...
လောကီလောကမှ ပန်းပဲဆရာတစ်ဦးပင်လျှင် ဤမျှလွယ်ကူစွာ မလုပ်ဆောင်နိုင်ချေ။ နောက်မှလိုက်ပါလာသော တပည့်များမှာမူ အလကားကြွားဝါခြင်းဟုသတ်မှတ်ကာ အထင်အမြင်သေးသော မျက်နှာထားများ ရှိနေကြသည်။ အကယ်၍ ဤနေရာတွင် အင်မော်တယ်ဘုရင်များသာရှိမနေပါက ၎င်းတို့သည် ကျန်းချန်ကို လှောင်ပြောင်ကြပေလိမ့်မည်။
အင်မော်တယ်ဘုရင်မင်ချီကမူ ကျန်းချန်အပေါ် အပြည့်အဝယုံကြည်သည်။ ဂိုဏ်းချုပ်ကျန်းသည် ပြောသည့်အတိုင်း အမြဲလုပ်ဆောင်နိုင်သူဖြစ်သည်ဟု သူယူဆထားသည်။ သို့သော်လည်း မည်ကဲ့သို့လုပ်ဆောင်မည်ကိုမူ သူစိတ်ကူး၍မရနိုင်။
“လက်နက်သန့်စင်ဖို့ မီးဖိုနဲ့ အစီအရင်တွေတောင် မလိုဘူးဆိုတော့ ဂိုဏ်းချုပ်ကျန်းက တကယ်ကို ထူးခြားဆန်းပြားတဲ့ ပုဂ္ဂိုလ်ပါပဲ”
“ဟားဟား... ကျွန်တော်မျိုး သေချာပေါက် လေ့လာကြည့်ရှုပါ့မယ်”
သူသည် ကျန်းချန်ကို အားကျကြည်ညိုသောမျက်ဝန်းများဖြင့် ကြည့်နေတော့သည်။ အင်မော်တယ်ဘုရင်လျိုယွမ်သည်လည်း မျှော်လင့်တကြီးရှိနေ၏။
ကျန်းချန်မှာမူ အနည်းငယ် စိတ်ပျက်သွားမိသည်။
မင်းတို့နှစ်ယောက်က ဘာလို့ ငါ့ကို တခြားသူတွေလို သံသယမဝင်ကြတာလဲ။ မင်းတို့တပည့်တွေလို အထင်သေးပြီး မယုံကြည်မှသာ ငါလက်နက်ကိုထုတ်ပြတဲ့အခါ တုန်လှုပ်မှုအမှတ်တွေ အများကြီး ရမှာပေါ့
သူ စိတ်ထဲမှညည်းတွားလိုက်သည်။ သူ၏ အတိတ်ကစွမ်းဆောင်ချက်များကို သိရှိထားသူများမှာ သူ၏အပေါ် မျှော်လင့်ချက် အလွန်မြင့်မားနေကြသဖြင့် မည်မျှပင် အံ့ဖွယ်ကိစ္စများကို လုပ်ဆောင်စေကာမူ ၎င်းတို့အတွက် သဘာဝကျသလို ဖြစ်နေတော့သည်။
“ငါ့ရဲ့ လက်နက်သန့်စင်တဲ့ အတတ်ပညာကို ဟင်းလင်းပြင်သန့်စင်ခြင်းလို့ ခေါ်တယ်”
မင်ချီက စိတ်ဝင်တစားဖြင့်
“ဟင်းလင်းပြင်သန့်စင်ခြင်း ဟုတ်လား... ကျွန်တော်မျိုး တစ်ခါမှမကြားဖူးပါဘူး၊ ဒါက ဘယ်ဂိုဏ်းက ပညာရပ်ပါလဲ”
မေးမြန်းလေသည်။ ကျန်းချန်က စိတ်ထဲမှ
မင်းကြားဖူးရင် ထူးဆန်းတာပေါ့၊ ဒါ ငါအခုမှ လုပ်ကြံပြောလိုက်တာလေ
တွေးလိုက်ပြီး ရင်ဘတ်ကိုပုတ်ကာ...
“ဟင်းလင်းပြင်သန့်စင်ခြင်းဆိုတာက စိတ်နှလုံးကနေစတင်တာဖြစ်တယ်၊ စိတ်ဝိညာဉ်ကို အာရုံစိုက်ပြီး အပေါ်ယံရှုပ်ထွေးတဲ့ ပုံစံခွက်တွေကို မေ့ဖျောက်ထားရတာပဲ... ဒီနည်းလမ်းကို ငါကိုယ်တိုင် တီထွင်ခဲ့တာဖြစ်ပြီး အခုထိ ဘယ်သူ့ကိုမှမပြသဖူးသေးဘူး။ မင်းတို့တွေ မြင်တွေ့ခွင့်ရတာဟာ တကယ်ကိုကံကောင်းတာပဲ”
ဆိုလိုက်သည်။
အင်မော်တယ်ဘုရင်မင်ချီနှင့် လျိုယွမ်တို့မှာ စာသင်ခန်းထဲမှ ကျောင်းသားများကဲ့သို့ပင် အလေးအနက်ထား၍ နားထောင်နေကြ၏။ တပည့်များမှာမူ ဤသည်ကို လိမ်လည်လှည့်ဖြားခြင်းဟုသာ သတ်မှတ်ထားကြသည်။
ထို့နောက် ၎င်းတို့သည် အထူးပြုလုပ်ချက်များစွာကို မြင်တွေ့လိုက်ရသည်။ ကျန်းချန်သည် သူရဲကောင်းဝိညာဉ်များနှင့် အလင်းတန်းများကို ထုတ်လွှတ်လိုက်ရာ မြင်ကွင်းမှာ အလွန်ခန့်ညားလှပေသည်။ သူသည် မျက်လုံးများကိုမှိတ်ထားပြီး ရောင်စုံမြူခိုးများအတွင်း နစ်မြုပ်နေသည်။
ဆက်လက်၍ နိယာမစွမ်းအားပေါင်း ၉၉၂ ခု တစ်ပြိုင်နက်ထွက်ပေါ်လာပြီး ခန်းမအတွင်း ထူးခြားသောဖြစ်စဉ်များ ပေါ်ပေါက်လာသည်။ ဤမျှများပြားသော နိယာမစွမ်းအားများကို မြင်သောအခါ အားလုံးမှာ မှင်တက်သွား၏။ ကျန်းချန်သည် မျက်လုံးများကို မှိတ်ထားလျက် လက်များကို ဖြည်းညှင်းစွာ ဝှေ့ယမ်းကာ လျှို့ဝှက်ဆန်းပြားသော အခမ်းအနားတစ်ခုကို ပြုလုပ်နေဟန် ဆောင်လိုက်သည်။ ဤ အခမ်းအနားမှာ သုံးမိနစ်ခန့်ကြာမြင့်ပြီးနောက် အားလုံးဝေခွဲမရဖြစ်နေချိန်တွင် သူသည် စနစ်အတွင်းရှိ စတင်သန့်စင်ရန်ကို နှိပ်လိုက်သည်။
တိုးတက်မှုပြတန်းမှာ ချက်ချင်းပြည့်သွားပြီး စနစ်သိုလှောင်ခန်းအတွင်း အင်မော်တယ်ဓားနှစ်လက် ရောက်ရှိလာသည်။ သူသည် တစ်လက်ကို ထုတ်ယူရန် နှိပ်လိုက်ပြီး ဟင်းလင်းပြင်အတွင်းမှ ဓားကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်သည်။ ပထမဆုံး ဓားအိမ်၏ အဆုံးပိုင်း၊ ထို့နောက် ဓားရိုးနှင့် ဓားလက်ကိုင်တို့ အစဉ်လိုက် ပေါ်ပေါက်လာသည်။
အပြာနုရောင်အလင်းတန်းများ ဖြာထွက်နေပြီး လျှို့ဝှက်ဆန်းပြားကာ အန္တရာယ်ရှိသော အရှိန်အဝါများ ထွက်ပေါ်နေသည့်ဓားသွား ပေါ်ထွက်လာသောအခါ လူတိုင်းမှာ အံ့အားသင့်သွားကြရသည်။
“မဖြစ်နိုင်တာ... သူ တကယ်ပဲ အင်မော်တယ်ဓားကို သန့်စင်နိုင်ခဲ့တာလား”
မင်ချီ၏ တပည့်များမှာလည်း လက်နက်သန့်စင်ခြင်းနယ်ပယ်၌ နှစ်ပေါင်းသန်းချီ အတွေ့အကြုံရှိသူများ ဖြစ်ကြရာ ဤဓား၏ထူးခြားမှုကို ချက်ချင်းသိမြင်လိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် ဤဓားအတွင်းမှ နိယာမစွမ်းအားများ ထွက်ပေါ်နေသောကြောင့်ပင်။ ကျန်းချန်သည် ဤဓားကို စနစ်သိုလှောင်ခန်းအတွင်းမှ ဖြည်းညှင်းစွာ ဆွဲထုတ်ခြင်းဖြင့် ၎င်းမှာ အထူးပြုလုပ်ချက်များအတွင်းမှ အလိုအလျောက် ပုံဖော်လာခြင်းဖြစ်သည်ဟု ထင်မှတ်စေခဲ့သည်။
ဓား၏ ပုံသဏ္ဌာန်အပြည့်အစုံကို ခန်းမအတွင်း မြင်တွေ့လိုက်ရသောအခါ လူအများမှာ အသက်ရှူပင် မှားသွားကြရသည်။ အင်မော်တယ်ဘုရင်မင်ချီသည် မိန်းမောစွာဖြင့် ရှေ့တိုးလာပြီး သူ၏ အင်မော်တယ်ဝိညာဉ်ဖြင့် စမ်းသပ်ကြည့်ကာ လက်ဖြင့် တိုက်ရိုက်ထိတွေ့လိုက်သည်။ ကျန်းချန်ကလည်း မတားဆီးချေ။
“ဒါက တကယ့်ကို ရေဓာတ်နိယာမစွမ်းအားပဲ...”
မင်ချီက တိုးတိုးလေးရေရွတ်လိုက်သည်။
ဤဓားသည် အမှန်တကယ်ပင် အဆင့် ၇ အင်မော်တယ်လက်နက်ဖြစ်ကြောင်း အတည်ပြုလိုက်ခြင်းပင်။ တစ်ကြိမ်တည်းဖြင့် အောင်မြင်သွားခဲ့ရုံမျှမက မီးဖို သို့မဟုတ် အစီအရင်များမပါဘဲ အချိန်တိုအတွင်း ဤကဲ့သို့သော ဒဏ္ဍာရီလာလက်နက်ကို ဖန်တီးနိုင်ခြင်းမှာ မယုံနိုင်စရာကောင်းပေသည်။ သို့သော်လည်း ပိုမိုအံ့ဩစရာရောင်းသောအချက် ကျန်ရှိနေသေးသည်။
“မဟုတ်သေးဘူး”
မင်ချီက ရုတ်တရက် အာမေဍိတ်သံ ပြုလိုက်သဖြင့် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ သူသည် ဂိုဏ်းချုပ်ကျန်းကို မယုံနိုင်လောက်အောင်ကြည့်လျက်...
“ဒီဓားထဲက နိယာမစွမ်းအားတွေက သာမန်အဆင့် ၇ အင်မော်တယ်ဓားတွေထက် အများကြီး ပိုအားကောင်းနေတယ်။ အဆင့်မြင့်တဲ့သူ တစ်ယောက်ယောက်က အသုံးပြုမယ်ဆိုရင် ဒါကို ရေခဲဓာတ်နိယာမစွမ်းအားအဖြစ်တောင် ပြောင်းလဲနိုင်လိမ့်မယ်... ဒီဓားကို အဆင့် ၇ အင်မော်တယ်လက်နက်တွေထဲက ဘုရင်လို့တောင် ခေါ်ဆိုနိုင်ပါတယ်”
ဟု ဆိုလေရာ ခန်းမတစ်ခုလုံးမှာ တုန်လှုပ်ချောက်ချားဖွယ်အသံများဖြင့် ပြည့်နှက်သွားတော့သည်။
***