လက်နက် သွန်းလုပ်ရေးဆိုင်…
မြို့ပြင် တောင်ဘက်ခြမ်းတွင် တည်ရှိသည်။
ကျန်းနင် ထိုနေရာသို့ ချဉ်းကပ်လာသည်နှင့် သံရိုက်ခတ်သံ၊ ထုဆစ်သံများကို ကြားလိုက်ရ၏။
လက်နက်သွန်းလုပ်ရေးဆိုင်မှာ ကြီးမားကျယ်ဝန်းပြီး တံခါးပေါက်ကြီးများမှာလည်း ဟာလာဟင်းလင်းပွင့်လျက်ရှိသည်။ ဆိုင်ပေါက်ဝတွင် ရပ်နေရုံဖြင့် နောက်ဖေးခြံဝင်း အတွင်းမှ အမျိုးအစား စုံလင်လှသော သံမဏိများ သွန်းလုပ်နေသည့် အသံများကို ရှင်းလင်းစွာ ကြားနိုင်သည်။
ကျန်းနင်က ဤလက်နက်သွန်းလုပ်ရေးဆိုင်နှင့် ပတ်သက်ပြီး အနည်းအကျဉ်း နားလည်ထားသည်။
...
အစိုးရရုံးတော်မှ ရဲမက်များ ကိုင်ဆောင်သော လှံရှည်များ ဖြစ်စေ၊ မြို့တံခါးစောင့် တပ်သားများ၏ လက်နက်များ ဖြစ်စေ... အားလုံးမှာ ဤလက်နက်သွန်းလုပ်ရေးဆိုင်မှ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း သူ ကောင်းကောင်း သိထား၏။
ထို့ကြောင့်ပင် ဆိုင်တွင် အလုပ်သမား အများအပြား ရှိနေခြင်းပင်။ သာမန် မိသားစုများစွာက သူတို့ မျိုးဆက်များ အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခု တတ်မြောက်စေရန် ရည်ရွယ်၍ အသက် ဆယ့်နှစ်နှစ်၊ ဆယ့်သုံးနှစ် အရွယ်လောက်တွင်ပင် ဤဆိုင်သို့ အစေခံအဖြစ် လာရောက် ရောင်းချတတ်ကြသည်။
သုံးနှစ်တိတိ အောက်ခြေသိမ်း အလုပ်များ လုပ်ကိုင်ပြီးနောက် နောက်ထပ် သုံးနှစ်ကို လက်ထောက်အဖြစ် လုပ်ဆောင်ရမည်။ ထို့နောက်မှသာ လက်မှုပညာကို စတင် သင်ယူခွင့် ရရှိကြပေမည်။
ဤသည်မှာ အရည်အချင်းပြည့်မီသော လက်နက်ပညာရှင်တစ်ယောက် ဖြစ်လာစေမည့် ပုံမှန် ဖြတ်သန်းရမည့် လမ်းကြောင်း တစ်ခုပင်။
လူငယ် အလုပ်သမားသစ်များ အဆက်မပြတ် ဝင်ရောက်လာသည်နှင့်အမျှ လက်နက်သွန်းလုပ်ရေးဆိုင်မှာ ပိုမို ကြီးထွားလာတော့သည်။
ထို့အပြင် ဤဆိုင်သို့ ဝင်ရောက်ခြင်းက သာမန် အရပ်သားများ အနေဖြင့် သိုင်းပညာကိုပါ သင်ယူခွင့် ရနိုင်သည် မဟုတ်ပါလား။
အကယ်၍ သိုင်းပါရမီ ကောင်းမွန်ပါက ဆိုင်၏ ထောက်ပံ့ ပြုစုပျိုးထောင်မှုကိုပါ ရရှိနိုင်ပေသေးသည်။
ဤသည်က နောက်ထပ် ထွက်ပေါက်တစ်ခု ဖြစ်နေပြန်၏။
ထို့ကြောင့် ဆိုင်သို့ နှစ်အနည်းငယ်မျှ ကိုယ့်ကိုယ်ကိုယ် ရောင်းချရမည် ဆိုလျှင်တောင် သာမန် မိသားစုများ အတွက်တော့ ငြင်းဆန်မရနိုင်သော ဆွဲဆောင်မှုတစ်ခု ဖြစ်နေဆဲပင်။
ယခုအချိန်တွင်...
ကျန်းနင် လက်နက်သွန်းလုပ်ရေးဆိုင်သို့ ရောက်ရှိလာချိန်၌ လူအများအပြား ဝင်ထွက် သွားလာနေကြသည်။
ဝမ်ဟွာ အဆောက်အအုံ ဝင်ပေါက်ထက်ပင် များစွာ စည်ကားနေသေး၏။
အကြောင်းမှာ သာမန် အရပ်သားများ အနေဖြင့်လည်း သံထည်ပစ္စည်းအချို့ ဝယ်ယူရန် လိုအပ်သောကြောင့် ဖြစ်သည်။
တံစဉ်များ၊ ပုဆိန်များမှစ၍ ထင်းခုတ်ဓား ကဲ့သို့သော အသေးအဖွဲ ပစ္စည်းများအထိ ဤလက်နက်သွန်းလုပ်ရေးဆိုင်တွင် ရောင်းချပေးလေသည်။
ကျန်းနင်က ဆိုင်အတွင်းသို့ လှမ်းဝင်လာခဲ့သည်။
အစေခံတစ်ယောက်နှင့် တူသော လူငယ်လေးက ကျန်းနင်အား သတိပြုမိသွားပြီး အနီးသို့ ချဉ်းကပ်လာ၏။ ဤနေရာတွင် ဧည့်ကြိုအဖြစ် ကာလကြာရှည် လုပ်ကိုင်လာသူ တစ်ယောက်ပီပီ မည်သည့် လူတန်းစားက ဝယ်ယူနိုင်စွမ်း ရှိသည်ကို သူ သဘာဝကျကျပင် ခွဲခြား သိမြင်နိုင်စွမ်း ရှိသည်။
ကျန်းနင်က ဓားတစ်လက်ကို ကိုင်ဆောင်ထားပြီး တည်ငြိမ်သော ခြေလှမ်းများ၊ ထက်မြက်သော အကြည့်များဖြင့် ဝင်ရောက်လာခဲ့သည် မဟုတ်ပါလား။
တစ်ချက်ကြည့်လိုက်ရုံဖြင့် သိုင်းသမားတစ်ယောက် ဖြစ်ကြောင်း ထင်ရှားနေလေသည်။
အစေခံ လူငယ်လေး၏ အမြင်တွင် ထိုကဲ့သို့သော လူမျိုးများမှာ အမြဲတမ်း ဝယ်ယူနိုင်စွမ်း မြင့်မားကြသည်။
ခိုင်မာသော မိသားစု နောက်ခံ မရှိလျှင် သာမန် အရပ်သားများ အနေဖြင့် သိုင်းပညာ လေ့ကျင့်ရန် အလွန် ခက်ခဲလှသည် မဟုတ်ပါလား။
တစ်နှစ်ပတ်လုံး သိုင်းလေ့ကျင့်ရာတွင် အားဖြည့်ဆေးဝါးများ အကြောင်း မပြောနှင့်ဦး... အသားနှင့် အာဟာရပြည့်ဝသော အစားအစာများ စားသုံးမှု စရိတ်ကပင် အတော်လေး ကြီးမားလှသည်။
သာမန် မိသားစုများမှာ ပွဲလမ်းသဘင် ရက်များလောက်တွင်သာ အသား အနည်းငယ်ကို စားသုံးနိုင်ကြသည် မဟုတ်ပါလား။
သို့မဟုတ်လျှင် မည်သို့ သိုင်းပညာ လေ့ကျင့်နိုင်မည်နည်း။
လုံလောက်သော အာဟာရ ဖြည့်တင်းမှု မရှိဘဲ သုံးလ၊ ငါးလခန့် သိုင်းလေ့ကျင့်ပါက ခန္ဓာကိုယ် ပြိုလဲသွားပေလိမ့်မည်။
ဤအကြောင်းပြချက်များကြောင့်ပင် အစေခံ လူငယ်လေး အမြင်၌... သိုင်းလေ့ကျင့်သူ မည်သူမဆို ကောင်းမွန်သော မိသားစု နောက်ခံ ရှိရမည်ဟု မှတ်ယူထား၏။
နောက်ခံ ကောင်းမွန်ပါက ဝယ်ယူနိုင်စွမ်းမှာလည်း သဘာဝကျကျပင် မြင့်မားပေလိမ့်မည်။
"သခင်လေး... ကျွန်တော်တို့ ဆိုင်မှာ လက်နက် လာဝယ်တာများလား ခင်ဗျာ" အစေခံလူငယ်လေးက ကျန်းနင်အနီး ချဉ်းကပ်လာပြီး အရိုအသေ ပေးလိုက်သည်။
"ငါ အသုံးတည့်မယ့် ဓားကောင်းကောင်း တစ်လက် လိုချင်တယ်" ကျန်းနင်က ပြန်ဖြေလိုက်၏။
အစေခံလူငယ်လေး၏ မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားသော အမူအရာတစ်ခု ပေါ်လာပြီး… "ဒါကတော့ လွယ်ပါတယ်ဗျာ"
"ဓားကောင်းကောင်းလို့ ပြောလိုက်တာနဲ့ ကျွန်တော်တို့ လက်နက်သွန်းလုပ်ရေးဆိုင်မှာ အများကြီး ရှိပါတယ်... သခင်လေး သေချာပေါက် ကျေနပ်သွားစေရပါမယ်"
"ဒီဘက်ကို ကြွပါ သခင်လေး" ထို့နောက် အစေခံလူငယ်လေးက လမ်းညွှန်လိုက်၏။
"အင်း" ကျန်းနင်က ခေါင်းညိတ်ပြသည်။
ထို့နောက် သူတို့နှစ်ဦး လက်နက်စင်များ ရှိရာဘက်သို့ လျှောက်သွားကြတော့သည်။
"ဒီလက်နက်တွေကို စမ်းကြည့်ပါ သခင်လေး... အားလုံးက အကောင်းဆုံး သံမဏိတွေနဲ့ သွန်းလုပ်ထားတာမို့ အလွန် ထက်မြက်ပါတယ်... လေတိုက်ခတ်သလို ဆံပင်မွေးကိုတောင် ပြတ်တောက်သွားစေနိုင်တဲ့ အစွမ်းရှိပါတယ်"
ဤစကားကို ကြားသောအခါ ကျန်းနင်က ဓားရှည်တစ်လက်ကို ပေါ့ပေါ့ပါးပါး ကောက်ကိုင်လိုက်သည်။
ရွှမ်း...
သူက ဓားကို ဓားအိမ်ထဲမှ ဆွဲထုတ်လေသည်။
ချက်ချင်းပင် ရွှမ်း... ဆိုသော အသံနှင့်အတူ ဓားကို ဓားအိမ်ထဲသို့ ပြန်သွင်းလိုက်သည်။
ကျန်းနင်က ခေါင်းခါယမ်းလိုက်ပြီး "ပေါ့လွန်းတယ်"
"ဒါတွေ အားလုံးက အကြိမ်တစ်ရာ သန့်စင်ထားတဲ့ အဆင့်အောက်မှာပဲ ရှိမှာပေါ့"
အစေခံလူငယ်လေးက အဆက်မပြတ် ခေါင်းညိတ်ကာ "သခင်လေးရဲ့ မျက်စိက တကယ်ကို စူးရှတာပဲ"
"ဒါတွေက ကျွန်တော်တို့ ဆရာသခင်တွေ ကိုယ်တိုင် အကြိမ်တစ်ရာ သန့်စင်ထားတဲ့ သံမဏိတွေနဲ့ ဂရုတစိုက် သွန်းလုပ်ထားတာပါ"
ကျန်းနင်က ထပ်ပြီးခေါင်းခါယမ်းလိုက်ကာ "အချိန်မဖြုန်းစမ်းပါနဲ့... အကြိမ်တစ်ရာ သန့်စင်ထားတဲ့ လက်နက်တွေက ငါ့အတွက်တော့ ပေါ့လွန်းတယ်... ဘာမှ အဓိပ္ပာယ် မရှိဘူး... ဒီထက် ပိုကောင်းတဲ့ ဓားတွေကိုပဲပြပါ"
ထိုစကားကို ကြားသည်နှင့် အစေခံ ဝတ်စုံနှင့် လူငယ်လေး၏ မျက်လုံးများထဲတွင် အံ့အားသင့်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
လက်နက်သွန်းလုပ်ရေးဆိုင်မှ ဖြစ်သည့်အလျောက် လက်နက်များနှင့် ပတ်သက်၍ ကျယ်ပြန့်သော ဗဟုသုတများ သဘာဝကျကျ ရှိနေသည် မဟုတ်ပါလား။
အကြိမ်တစ်ရာ သန့်စင်ထားသော လက်နက်တစ်ခုမှာ သိုင်းပညာ အဆင့်ကိုးသို့ စတင် ဝင်ရောက်ခါစ လူများအတွက်ပင် အလွန် အသုံးဝင်လှသည်။
သို့တိုင် အသက် ဆယ့်ရှစ်နှစ်၊ ဆယ့်ကိုးနှစ် အရွယ်ခန့်သာ ရှိသေးသော ဤလူငယ်လေးက အကြိမ်တစ်ရာ သန့်စင်ထားသော လက်နက်များကို ကြည့်ရှုခြင်းမှာ အချိန်ဖြုန်းခြင်း သက်သက်ဟု ပြောနေသည်တဲ့လား။
သူ့အတွက် ပေါ့လွန်းနေသည်တဲ့လား။
သူ့မှာ ဘယ်လို ခွန်အားမျိုးတွေများ ပိုင်ဆိုင်ထားတာလဲ။
အစေခံ လူငယ်လေး အနေဖြင့် မတွေးဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။
ထို့နောက်...
"ကောင်းပါပြီ သခင်လေး... ကျွန်တော့်နောက်လိုက်ခဲ့ပါ"
ထိုသို့ပြောပြီးနောက် ကျန်းနင်အား ဘေးကပ်လျက်ရှိသော ဆိုင်ခန်းတစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
နောက်ထပ် ဆိုင်ခန်းတစ်ခု အတွင်းသို့ ခြေချလိုက်သည်နှင့် သံမဏိများ သွန်းလုပ်နေသည့် အသံများမှာ ကျန်းနင်၏ နားထဲတွင် ပို၍ပင် ကျယ်လောင်လာတော့သည်။
"သခင်လေး... ဒီလက်နက်တွေကို ကြည့်ပါဦး... အားလုံးက အကြိမ်သုံးရာကနေ ငါးရာအထိ သန့်စင်ထားတဲ့ သံမဏိတွေနဲ့ သွန်းလုပ်ထားတာပါ"
ဤသည်ကို ကြားသောအခါ ကျန်းနင်က ပို၍ စိတ်ဝင်စားလာခဲ့၏။
ချက်ချင်းပင် သူက လက်နက်စင်ဆီသို့ လျှောက်သွားပြီး ဓားရှည် တစ်လက်ကို ပေါ့ပေါ့ပါးပါး ဆွဲယူလိုက်သည်။
လက်ထဲရှိ ဓားရှည်ကို အကဲခတ်ကြည့်ရင်း ၎င်း၏ အရွယ်အစားနှင့် အလေးချိန်ကို ထက်မြက်စွာ အာရုံခံမိသွားသည်။
အရှည် လေးပေ သုံးလက်မ ရှိပြီး ငါးဆယ့်သုံးပေါင် အလေးချိန် ရှိသည်။
ကျန်းနင်က ဓားကို ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်၏။
အေးစက်သော ဓားအလင်းတန်း တစ်ခုက အခန်းအတွင်း ချက်ချင်း လက်ခနဲ ဖြစ်သွားသည်။
ကျန်းနင်က ဓားကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်သည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် ဓားအလင်းတန်းများ အခန်းအတွင်း တဖျပ်ဖျပ် တောက်ပသွားပြီး ပြင်းထန်သော လေပြင်း တစ်ခုက အမည်မသိ နေရာမှ ထွက်ပေါ်လာတော့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် အစေခံလူငယ်လေးမှာ အနည်းငယ် လန့်ဖျပ်သွားပြီး အနောက်သို့ အကြိမ်ကြိမ် ဆုတ်ခွာသွားမိသည်။
သူ့နှလုံးသားမှာ အံ့အားသင့်မှုများ ရပ်တန့်၍ မရနိုင်တော့ပေ။
သူက ဤဓားအကြောင်းကို ကောင်းကောင်း သိထား၏။ အကြိမ်ငါးရာ သုံးဆယ့်ခုနစ်ကြိမ် သန့်စင်ထားပြီး ဆိုင်ရှိ ထိပ်တန်းအဆင့် လက်နက်များထဲမှ တစ်ခုဖြစ်သည်။
ဤနေရာရှိ ဓားများနှင့် ဓားရှည်များထဲတွင် ၎င်းမှာ အလွန် လေးလံသော လက်နက် တစ်ခုလည်း ဖြစ်သည်။
ငါးဆယ့်သုံးပေါင် အလေးချိန် ရှိသည် မဟုတ်ပါလား။
ဤမျှ လေးလံသော အလေးချိန်ကို နတ်ဘုရား ခွန်အား နယ်ပယ် သိုင်းပညာ အဆင့်ရှစ် ကျွမ်းကျင်သူ တစ်ယောက်သာလျှင် အလွယ်တကူ ကိုင်တွယ်နိုင်ပေလိမ့်မည်။
သို့သော် ထိုကဲ့သို့ ခွန်အားကြီးမားသော ကျွမ်းကျင်သူများ အတွက်ပင် ဤမျှ လေးလံသော ဓားရှည်ကြီးကို ကိုင်ဆောင်၍ အချိန်ကြာမြင့်စွာ တိုက်ခိုက်ရန်မှာ ခက်ခဲလှသည်။
ထို့အပြင် ဓားသိုင်းများမှာ လွှမ်းမိုးနိုင်စွမ်း ရှိပြီး တားဆီး၍ မရနိုင်သော အရှိန်အဟုန်ကို အလေးပေးလေ့ ရှိသော်လည်း အခြေခံအားဖြင့် ကျွမ်းကျင်မှု အပေါ်တွင်သာ အဓိက မူတည်ကြသည်။ ကြမ်းတမ်းသော ခွန်အား သက်သက်ကို အားကိုးခြင်းမှာ အလွန် ရှားပါးလှ၏။
အဘယ်ကြောင့်ဆိုသော် လူတစ်ယောက်မှာ အမှန်တကယ် ခွန်အား ကြီးမားနေပါက တုတ်ရှည်များ၊ သံတူရွင်းများ၊ လှံများ ကဲ့သို့သော အခြား လေးလံသည့် လက်နက်များကိုသာ ရွေးချယ်လေ့ ရှိကြသောကြောင့် ဖြစ်သည်။
ထို့ကြောင့် ဤဓားမှာ အရည်အသွေး အလွန်ကောင်းမွန်သော်လည်း လက်နက်သွန်းလုပ်ရေးဆိုင်တွင် ရောင်းမထွက်ဘဲ နှစ်ပေါင်းများစွာ ရှိနေခဲ့ခြင်းပင်။
သိုင်းပညာ အဆင့်ကိုးသို့ ဝင်ရောက်ပြီးနောက် ခြေလှမ်းတိုင်းက အတားအဆီး တစ်ခုလိုပင်။
ကျောက်စက်ကဲ့သို့ မာကျောသော အရေပြား ရရှိရန် ခက်ခဲလှပြီး ကြေးနီကဲ့သို့ မာကျောသော အရေပြား ရရှိရန်မှာ ပို၍ပင် ခက်ခဲလှပေသည်။
End
***