လက်နက်သွန်းလုပ်ရေးဆိုင်…
ခြေလှမ်း ဆယ်ဂဏန်းခန့် လျှောက်လှမ်းပြီးနောက်တွင်တော့ မြင်ကွင်းမှာ ရုတ်တရက် ကျယ်သွားရတော့သည်။
လက်နက်သွန်းလုပ်ရေးဆိုင် မြေအောက်ရှိ လက်နက်သိုလှောင်ရုံ အတွင်း၌ အေးစက်သော အငွေ့အသက်များ ဖြာထွက်နေသည့် လက်နက်များကို စင်များပေါ်နှင့် နံရံတစ်လျှောက် နေရာအနှံ့ ချိတ်ဆွဲ ပြသထား၏။
မီးရောင်အောက်တွင် ဓားသွားများထံမှ ရောင်ပြန်ဟပ်နေသော အေးစက်စက် အလင်းတန်းပေါင်းများစွာက တလက်လက် တောက်ပနေလေသည်။
"ကောင်လေး... ဘယ်လိုမြင်လဲ၊ ဒါက ဒီလက်နက်သွန်းလုပ်ရေးဆိုင်က နှစ်ပေါင်းများစွာ အချိန်ယူ စုဆောင်းထားခဲ့တဲ့ အရာတွေပဲ" ယန်ခိုင်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလာသည်။
ထို့နောက် သူက ဆက်၍…
"ဒီနှစ်တွေ တစ်လျှောက် ဒီနေရာကို ရောက်လာခဲ့ဖူးတဲ့ ဧည့်သည်တိုင်းက သာမန်လူတွေ မဟုတ်ကြဘူး... ဒါပေမဲ့ ရောက်လာတဲ့ ဧည့်သည်တိုင်းကလည်း ကောင်းမွန်တဲ့ အကျိုးအမြတ်တွေကိုယ်စီ ရသွားခဲ့ကြတာချည်းပဲ"
...
ကျန်းနင်က အခန်းတွင်းသို့ တစ်ချက် ဝေ့ဝဲကြည့်လိုက်သည်နှင့် ချက်ချင်းပင် သဘောပေါက်သွား၏။
လက်နက်သွန်းလုပ်ရေးဆိုင်၏ အကောင်းဆုံး လက်ရာများ အားလုံးမှာ ဤနေရာတွင် စုဝေးနေခြင်းပင်။ အပေါ်ထပ်ရှိ အခန်းနှစ်ခန်းမှာမူ သာမန် ပစ္စည်းများကိုသာ ပြသရောင်းချနေခြင်း ဖြစ်ပေလိမ့်မည်။
ထို့နောက် သူက မေးလိုက်သည်။
"တာဝန်ခံယန်... ဒီနတ်လက်နက်တွေရဲ့ ဈေးနှုန်းကို သိခွင့်ပြုပါလား"
ယန်ခိုင်ကလည်း…
"ငါ အခုလေးတင် ပြောခဲ့သလိုပဲ... ဒီအရာတွေကို ငွေကြေးနဲ့ တန်ဖိုးဖြတ်လို့ မရဘူး၊ ငွေကြေး သုံးစွဲတာက သိပ်ပြီး အောက်တန်းကျလွန်းတယ်"
"ဒါဆို ဘာနဲ့ လဲလှယ်ရမလဲ" ကျန်းနင်က စူးစမ်းလိုက်သည်။
အပေါ်ထပ်တွင် ယန်ခိုင် ပြောခဲ့သည့် စကားများနှင့် ပတ်သက်၍ ကျန်းနင် စိတ်ထဲမှသာ တိတ်တဆိတ် ရယ်မောနေမိ၏။
ယန်ခိုင်က…
"ငွေကြေးဆိုတာ ငါတို့ လက်နက်သွန်းလုပ်ရေးဆိုင်မှာ လိုလေသေး မရှိဘူး... ဒါကြောင့် ငါတို့ ရှာဖွေနေတာက ရေစက်ကံတရားပဲ"
"ရေစက်ကံတရား ဟုတ်လား"
ကျန်းနင်က ရယ်မောလိုက်ပြီး ယန်ခိုင်၏ အဓိပ္ပာယ်မဲ့ စကားများကို ဆက်လက် အာရုံစိုက်မနေတော့ချေ။
"တာဝန်ခံယန်... ခင်ဗျား ကျုပ်ကို ဒီမြေအောက်ခန်းထိ ခေါ်လာကတည်းက ဒီတိုင်း အလွတ် ကြည့်ခိုင်းဖို့တော့ မဟုတ်လောက်ဘူး ထင်တယ်... ကျုပ်ကို ပစ္စည်းတချို့လောက် မိတ်ဆက်ပေးပါလား" ကျန်းနင်က ဆက်ပြောလေသည်။
"ဒါပေါ့"
ယန်ခိုင်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီးနောက် နံရံဘေး တစ်နေရာဆီသို့ လျှောက်လှမ်းသွားတော့သည်။
သူက လက်ကိုမြှောက်၍ နံရံပေါ်တွင် ချိတ်ဆွဲထားသော တန်ဖိုးကြီး ဓားတစ်လက်ကို ဖြုတ်ယူလိုက်၏။
ချလွင်...
ဓားအိမ်ထဲမှ ဓားကို ဆွဲထုတ်လိုက်သည်နှင့် ကြည်လင် ပြတ်သားသော သံစဉ်တစ်ခုက အခန်းတွင်း၌ ချက်ချင်း ပဲ့တင်ထပ်သွားလေသည်။
ထိုအချိန်နှင့် တစ်ပြိုင်နက်... ဓားသွားထံမှ အေးစက်သော အလင်းရောင်က အခန်းတွင်းသို့ ဖြာကျလာပြီး မမြင်နိုင်သော ဓားသွားများက လေထုတစ်ခွင် လွှမ်းခြုံသွားသကဲ့သို့ ထင်မှတ်ရသဖြင့် ကျန်းနင် တစ်ကိုယ်လုံးရှိ ကြက်သီးမွေးညင်းများပင် ထတက်သွားရသည်။
'တကယ်ကို ကောင်းမွန်တဲ့ ဓားပဲ...'
ကျန်းနင်၏ မျက်လုံးများ ရုတ်တရက် တောက်ပသွားပြီး စိတ်ထဲမှ တိတ်တဆိတ် ချီးကျူးလိုက်မိ၏။
ထိုကဲ့သို့ ကြက်သီးများ ထလာခြင်းမှာ သူ့ခန္ဓာကိုယ်၏ သဘာဝအလျောက် တုံ့ပြန်မှုတစ်ခုသာဖြစ်သည်။ ဤသည်ကို ကြည့်ရုံမျှဖြင့် ထိုဓားမှာ မည်မျှ ထူးခြားကြောင်း သိသာ ထင်ရှားနေပေသည်။
ယန်ခိုင်က ရှင်းပြလာသည်။
"ဒီဓားရဲ့ နာမည်က အေးစက်သောအလင်း (ဟန်ကွမ်း) လို့ ခေါ်တယ်... အရှည် သုံးပေနဲ့ ကိုးလက်မ၊ အကျယ် သုံးလက်မနဲ့ သုံးမူး ရှိပြီး အလေးချိန်ကတော့ ပေါင် တစ်ရာ့ငါးဆယ့်သုံးပေါင် ရှိတယ်"
"အကြိမ်တစ်ထောင် သန့်စင်ထားတဲ့ သံမဏိစစ်စစ်ကို အသုံးပြုပြီး ငါကိုယ်တိုင် သွန်းလုပ်ထားတာ... သိုင်းပညာ သတ္တမအဆင့် ကျွမ်းကျင်သူ တစ်ယောက်အတွက်တောင် အတော်လေး အသုံးဝင်မယ့် ဓားတစ်လက်ပဲ"
"သာမန် သိုင်းပညာ အဋ္ဌမအဆင့် သိုင်းသမားတွေ အတွက်တော့ ဒီဓားကို စိတ်တိုင်းကျ အသုံးပြုနိုင်ဖို့ ခက်ခဲလိမ့်မယ်... အသုံးမဝင်တဲ့အပြင် ဝန်ထုပ်ဝန်ပိုး တစ်ခုလိုတောင် ဖြစ်သွားနိုင်တယ်"
စကားဆုံးသည်နှင့်...
ရွှမ်း...
ယန်ခိုင်က ဓားကို ဓားအိမ်ထဲ ပြန်ထည့်လိုက်ပြီးနောက် လက်ကို ဝှေ့ယမ်းကာ ကျန်းနင်ထံသို့ လှမ်းပစ်ပေးလိုက်၏။
"စမ်းကြည့်လိုက်ဦး" ယန်ခိုင်က ဆိုသည်။
ကျန်းနင်လည်း အလျင်အမြန် လှမ်းဖမ်းလိုက်သည်။ ထို့နောက် လက်ထဲရှိ ဓားပေါ်သို့ သူ့အကြည့်များ ကျရောက်သွားရာ ဓားရိုးပေါ်တွင် ထွင်းထုထားသော စာလုံးနှစ်လုံးအား မြင်လိုက်ရ၏။
အေးစက်သောအလင်း…
ဆက်လက်၍ ဓား၏ လေးလံမှုကို သူ စမ်းသပ် ခံစားကြည့်လိုက်သည်။
'တကယ်ကို လေးလံတာပဲ...' ကျန်းနင်က စိတ်ထဲမှ မှတ်ချက်ချမိသည်။
တစ်ရာ့ငါးဆယ့်သုံးပေါင် ဟူသော ပမာဏမှာ လက်ရှိ သူ့ခွန်အား၏ ဆယ်ပုံတစ်ပုံခန့် ရှိနေလေပြီ။
ဤမျှ လေးလံသော လက်နက်မျိုးကို အသုံးပြုရသည်မှာ သူ့လက်ရှိ ခွန်အားနှင့် ဆိုပါက စိတ်တိုင်းကျ လွှဲယမ်းနိုင်ရန် အနည်းငယ် ခက်ခဲနေမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤအလေးချိန်မှ ဖြစ်ပေါ်လာသော တွန်းကန်အားနှင့် အရှိန်အဟုန်မှာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် ကြီးမားလှသောကြောင့်ပင်။
ဓားကို ရိုက်ခတ်ပြီးနောက် ပြန်လည် ဆွဲယူလိုက်တိုင်း ရုပ်ပိုင်းဆိုင်ရာ ခွန်အား ပမာဏများစွာကို စားသုံးပေလိမ့်မည်။ တိုတောင်းသော တိုက်ပွဲငယ် တစ်ခုအတွင်းမှာပင် ဓားကို အကြိမ် ဆယ်ဂဏန်းမှ ရာဂဏန်းအထိ လွှဲယမ်းရနိုင်ချေရှိ၏။
ထိုကဲ့သို့ အခြေအနေမျိုးတွင် ခွန်အားအများစုမှာ လျင်မြန်စွာ ကုန်ခမ်းသွားမည်ဖြစ်ပြီး တိုက်ခိုက်နိုင်စွမ်းမှာလည်း ထိုးကျသွားမည်မှာ အသေအချာပင်။ ထို့ကြောင့်သာ သိုင်းပညာရှင် အများစုက လေးလံလွန်းသော လက်နက်များကို ရွေးချယ်လေ့ မရှိကြခြင်း ဖြစ်သည်။
လေးလံသော လက်နက်များတွင် အားသာချက် ကိုယ်စီ ရှိကြသော်ငြား အားနည်းချက်များက ပို၍ ကြီးမားနေသဖြင့် ရရှိလာမည့် အကျိုးကျေးဇူးထက် ဆုံးရှုံးမှုက ပိုများနေပေမည်။ ထိုသူက အတွင်းအားရော အပြင်အားပါ ပူးတွဲ ကျင့်ကြံထားသူ သို့မဟုတ် သိုင်းပညာ ပဉ္စမအဆင့်ဖြစ်သည့် အတွင်းစွမ်းအင် နယ်ပယ်သို့ တက်လှမ်းထားသူ မဟုတ်လျှင် ချွင်းချက်တော့ရှိ၏။
အတွင်းကလီစာများကို သန့်စင်ပြီး ခံနိုင်ရည် စွမ်းအား မြင့်မားနေမှသာ ကြာရှည် တိုက်ပွဲများကို ကြောက်ရွံ့နေစရာ မလိုဘဲ အခြေအနေမှာ များစွာ တိုးတက် ကောင်းမွန်လာမည် ဖြစ်သည်။
ကျန်းနင်ကမူ ဤအချက်များနှင့် ပြည့်စုံနေသူ ဖြစ်သည်။ သူက လက်နက်ကို ဆုပ်ကိုင်ထားရင်း စိတ်ထဲ အတော်လေး ကျေနပ်သွားမိ၏။
လက်ရှိတွင် ဤအလေးချိန်မှာ သူ့အတွက် အနည်းငယ် များပြားနေသော်လည်း ထိန်းချုပ်နိုင်စွမ်း ရှိနေဆဲပင်။ ထို့အပြင် ယခုအချိန်မှာ သူ့ခွန်အားများ လျင်မြန်စွာ တိုးတက်နေသည့် ကာလဖြစ်ရာ များမကြာမီမှာပင် နောက်ထပ် အဆင့်တစ်ခုသို့ တက်လှမ်းနိုင်တော့မည် မဟုတ်ပါလား။
ထို့ကြောင့် အချိန်ဆွဲမနေတော့ဘဲ ဓားရိုးကို ဆုပ်ကိုင်၍ ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်တော့သည်။
ကြည်လင်သော တုန်ခါသံတစ်ခုက အခန်းတွင်း၌ ထပ်မံ ပဲ့တင်ထပ်သွား၏။
ဝှီး...
ကျန်းနင်က ပေါ့ပေါ့ပါးပါးပင် တစ်ချက် လွှဲယမ်းလိုက်ရာ လက်ထဲရှိ ဓားမှာ လေထုကို ဖြတ်တောက်သွားသော အေးစက်စက် အလင်းတန်းတစ်ခုအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားတော့သည်။
"တကယ့်ကို ကောင်းမွန်တဲ့ ဓားပဲ..."
ဤဓားချက်၏ ဖုံးကွယ်နေသော စွမ်းအားကို ခံစားမိသည်နှင့် ကျန်းနင်က သဘောကျ နှစ်ခြိုက်စွာ ချီးကျူးလိုက်သည်။
"မင်းအတွက် နည်းနည်းများ လေးလွန်းနေတယ်လို့ မထင်ဘူးလား" ယန်ခိုင်က လှမ်းမေးလိုက်၏။
ကျန်းနင်က ဓားကို နောက်ထပ် အကြိမ်အနည်းငယ် ဆက်လက် လွှဲယမ်းနေပြီး သူ့ပတ်လည် သုံးပေ အကွာအဝေး အတွင်း၌ အေးစက်သော အလင်းတန်းများ လျှပ်တစ်ပြက် လက်ခနဲ ဖြစ်ပေါ်နေသည်။
တစ်ဆက်တည်းမှာပင် သူက…
"အနည်းငယ်တော့ လေးလံပေမဲ့ အဆင်ပြေပါတယ်... ကျုပ်မှာလည်း ခွန်အား အသင့်အတင့် ရှိနေသလို နောက်ပိုင်း ခွန်အားတွေ ပိုတိုးတက်လာမယ့် အပိုင်းကိုပါ ထည့်တွက်ရမှာ ဆိုတော့ အရမ်း ပေါ့ပါးတဲ့ ဓားမျိုးကိုတော့ မရွေးချယ်တော့ဘူးလေ"
"ဒါလည်း ဟုတ်တာပဲ"
ယန်ခိုင်က ကျန်းနင်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို တွေးတောမိပြီး ခေါင်းတစ်ချက် ညိတ်လိုက်၏။
ထို့နောက် ယန်ခိုင်က ထပ်မေးလာသည်။
"ဒီတော့ ကောင်လေး... မင်း ဒီဓားကို အတော်လေး သဘောကျနေပြီလို့ ဆိုလိုချင်တာလား"
ကျန်းနင်က အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီး စကားဆိုရန် ပြင်လိုက်စဉ်...
သူ့စိတ်ထဲမှ ပိုမို ပြင်းထန်ပြီး မသဲမကွဲ ဖြစ်နေသော ဆင့်ခေါ်သံ တစ်ခုကို ရုတ်တရက် ခံစားလိုက်ရပြီး ထိုခေါ်သံလာရာ ဦးတည်ချက်မှာ တဖြည်းဖြည်း ပိုမို ရှင်းလင်းလာခဲ့သည်။ သူ့ ဘယ်ဘက် အရှေ့ယွန်းယွန်း အကွာအဝေး နှစ်လံနှင့် သုံးလှမ်းခန့် အကွာမှပင်။
ချက်ချင်းပင် ကျန်းနင်က…
"ဒီဓားကို သဘောကျပါတယ်... ဒါပေမဲ့ ကျုပ် တခြားအရာတွေကိုလည်း ထပ်ပြီး လေ့လာကြည့်ချင်သေးတယ်"
ထိုစကားကြားလျှင် ယန်ခိုင်က ရွှင်လန်းစွာဖြင့် တုံ့ပြန်လေသည်။
"ရပါတယ် ကောင်လေး... ဖြည်းဖြည်းချင်း အေးအေးဆေးဆေးသာ လေ့လာပါ၊ ငါလည်း ဘာမှ အလုပ်မရှိတော့ လောစရာ မလိုပါဘူး"
အစောပိုင်းက ကျန်းနင် လွှဲယမ်းပြခဲ့သည့် ဓားချက် အနည်းငယ်ကို မြင်တွေ့လိုက်ရပြီးနောက် ယန်ခိုင်၏ ကျန်းနင်အပေါ် အကဲဖြတ်မှုမှာ ပိုမို မြင့်တက်သွားခဲ့လေသည်။
ထို့အပြင် ယခု ကျန်းနင် ကိုင်ဆောင်ထားသော ဓားမှာ သူကိုယ်တိုင် ကိုယ်တွယ် သွန်းလုပ်ခဲ့ခြင်း ဖြစ်ရာ ဓား၏ အလေးချိန်ကို မည်သူထက်မဆို ပိုသိနေသည် မဟုတ်ပါလား။
အလေးချိန် တစ်ရာ့ငါးဆယ့်သုံးပေါင်…
သူ့အမြင်အရ ကျန်းနင် ထိုဓားကို ရွေးချယ်လိုက်ခြင်းမှာ ဤမျှ လေးလံသော ဓားကို စိတ်တိုင်းကျ အသုံးပြုနိုင်မည်ဟု ယုံကြည်ချက် ရှိနေ၍သာ ဖြစ်ပေမည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် ကျန်းနင်၏ ခွန်အားမှာ သူ အစောပိုင်းက ထင်မှတ်ထားသည်ထက် ပိုမို သန်စွမ်းနေကြောင်း သိလိုက်ရ၏။
ကျန်းနင်၏ နောက်ခံ အကြောင်းအရာများနှင့် ပတ်သက်၍လည်း သူ ကြားသိထားသည်များ မနည်းလှချေ။
ရှန်ချုံးယွမ်ကိုပင် ပေးဆပ်မှုများစွာဖြင့် အကူအညီ ပေးလာစေရန် ပြုလုပ်နိုင်သော ဤကဲ့သို့ ပါရမီရှင် တစ်ယောက်အတွက် အချိန်ပေးရခြင်းမှာ သေချာပေါက် တန်ဖိုးရှိပေသည်။ ထို့အပြင် သူ၏ အဖိုးတန် ပစ္စည်းအချို့ကို ပေးအပ်ရသည်မှာလည်း လုံးဝ နောင်တရစရာ အကြောင်းမရှိပေ။
End
***