လက်နက်သွန်းလုပ်ရေးဆိုင်…
မြေအောက် လက်နက်သိုလှောင်ရုံ…
"ဒီဓားနဲ့ ပတ်သက်ပြီး ဘယ်လိုခံစားရလဲ" ယန်ခိုင်က ရုတ်တရက် မေးလာ၏။
ကျန်းနင်က လက်ထဲရှိ ဝိညာဉ်လက်နက်ကို ဆုပ်ကိုင်ထားရင်း အကြိမ်အနည်းငယ်မျှ ပေါ့ပေါ့ပါးပါး လွှဲယမ်းကြည့်လိုက်သည်။
ထို့နောက် ကျန်းနင်က ဖြေကြားလိုက်၏။
"တာဝန်ခံယန် ပြောခဲ့သလိုပဲ... ဒီဓားက ရှေးခေတ်ကာလတွေကတည်းက မပျက်မစီးဘဲ ကျန်ရစ်နေခဲ့တာ ဆိုတော့ သူ့ကို သွန်းလုပ်ထားတဲ့ ပစ္စည်းက သေချာပေါက် သာမန် မဟုတ်လောက်ဘူး... အခုလောလောဆယ် သူ့ရဲ့ မှော်ဆန်တဲ့ ဂုဏ်သတ္တိတွေကို အထင်အရှား မတွေ့ရသေးရင်တောင်မှ ဖျက်ဆီးလို့မရတဲ့ အချက်တစ်ခုတည်းနဲ့တင် တကယ်ကို ကောင်းမွန်တဲ့ ဓားတစ်လက် ဖြစ်နေပါပြီ"
...
"ကျုပ်ကတော့ အတော်လေး သဘောကျမိတယ်"
ယန်ခိုင်က ဆက်လက်၍ မေးလိုက်သည်။
"ကဲ... တကယ်လို့ မင်းကို အေးစက်သောအလင်း (ဟန်ကွမ်း) နဲ့ ဒီဝိညာဉ်လက်နက် နှစ်ခုထဲက တစ်ခုကို ရွေးချယ်ခိုင်းမယ်ဆိုရင် ဘယ်တစ်ခုကို ရွေးချယ်မှာလဲ"
"ဒါဆိုရင်တော့ ကျုပ်က ဒီဝိညာဉ်လက်နက်ကိုပဲ ရွေးချယ်မှာပေါ့"
ကျန်းနင်က ပြုံးလိုက်ပြီး မည်သည့် တွန့်ဆုတ်မှုမျှ မရှိဘဲ ချက်ချင်း တုံ့ပြန်လေသည်။
"ဒါပေါ့" ယန်ခိုင်က အံ့အားသင့်သွားခြင်း အလျဉ်းမရှိဘဲ ခေါင်းညိတ် ထောက်ခံလိုက်၏။ သူကိုယ်တိုင်ပင် ထိုနည်းတူ ရွေးချယ်မိမည် မဟုတ်ပါလား။
အေးစက်သောအလင်း ဓားမှာ မဆိုးလှဘဲ သူကိုယ်တိုင်၏ အကောင်းဆုံး လက်ရာတစ်ခု ဖြစ်သော်ငြား ရှေးဟောင်း ဝိညာဉ်လက်နက်နှင့် နှိုင်းယှဉ်လိုက်ပါက ယင်း၏ တန်ဖိုးမှာ ပမွှားလေးသာ ဖြစ်နေပေလိမ့်မည်။
ကျန်းနင်က စူးစမ်းလိုက်ပြန်သည်။
"တာဝန်ခံယန် အနေနဲ့ ဒီဝိညာဉ်လက်နက်ကို စွန့်လွှတ်ဖို့ ဆန္ဒရှိမရှိတော့ ကျုပ် မသိဘူး... တကယ်လို့များ စွန့်လွှတ်မယ်ဆိုရင် ဘယ်လောက် ဈေးနှုန်းနဲ့ လဲလှယ်ရမလဲ"
ယန်ခိုင်က…
"ငါ အစောကတည်းက ပြောခဲ့ပြီးပြီလေ... ဒီမှာရှိတဲ့ ပစ္စည်းတွေကို ငွေကြေးနဲ့ တန်ဖိုးဖြတ်လို့ မရဘူးလို့... ဒါကြောင့် ငါလိုချင်တာက ငွေကြေး မဟုတ်ဘူး"
"ဒါဆိုရင် ဘာများလဲ" ကျန်းနင်က ထပ်မေးလိုက်သည်။
ယန်ခိုင်က လေးနက်သော လေသံဖြင့်…
"ကျေးဇူးကြွေး တစ်ခုပဲ... မင်းရဲ့ အနာဂတ်ဆီက ကျေးဇူးကြွေးတစ်ခု"
ထိုစကားကြားလျှင် ကျန်းနင်က အနည်းငယ် အံ့အားသင့်သွားရ၏။
"တာဝန်ခံယန်က ကျုပ်ကို ဒီလောက်ထိ အထင်ကြီးနေတာလား... ဒီလို ဝိညာဉ်လက်နက်မျိုးကို ဒီတိုင်း အလကား ပေးမလို့ပေါ့"
ယန်ခိုင်က ခေါင်းညိတ်၍…
"ရှန်ချုံးယွမ်ကတောင် မင်းကို ဒီလောက် အထင်ကြီး လေးစားနေမှတော့ ငါတို့ လက်နက်သွန်းလုပ်ရေးဆိုင် အနေနဲ့လည်း သူ့ရဲ့ အကဲဖြတ်မှုကို ယုံကြည်ရမှာပေါ့... ဒီဝိညာဉ်လက်နက်က လက်နက်သိုလှောင်ရုံထဲမှာ ဖုန်တက်ခံနေရတာ ဆယ်စုနှစ်တွေတောင် ချီနေပြီ... ဘာအသုံးမှလည်း မဝင်ဘူးလေ"
"ငါတို့ အမြင်မှာတော့ ဒါက ကြက်ရိုးတစ်ခုထက် မပိုပါဘူး"
"ဒါပေမဲ့ မင်းလက်ထဲ ရောက်သွားရင်တော့ အသုံးဝင်သွားနိုင်တယ်လေ... မင်းကလည်း အနာဂတ်မှာ သေချာပေါက် နာမည်တစ်လုံးနဲ့ ထင်ရှားလာမယ့်သူပဲ"
"ငါတို့ရဲ့ ကြက်ရိုးလို့ ခေါ်ရမယ့် အရာတစ်ခုကို မင်းရဲ့ အနာဂတ် ကျေးဇူးကြွေး တစ်ခုနဲ့ လဲလှယ်ရတာ တကယ်ကို တန်ဖိုးရှိလှတယ်လို့ ငါ ခံစားမိတယ်"
ဤစကားများ ကြားပြီးနောက်...
ရွှမ်း...
ကျန်းနင်က ဓားကို ဓားအိမ်ထဲသို့ ပြန်လည် ထည့်သွင်းလိုက်သည်။
"တာဝန်ခံယန်က ကျုပ်ကို ဒီလောက်ထိ တန်ဖိုးထားနေမှတော့... အနာဂတ်မှာ လက်နက်သွန်းလုပ်ရေးဆိုင် အနေနဲ့ ကျုပ်ရဲ့ အကူအညီများ လိုအပ်လာခဲ့ရင် အားမနာတမ်းသာ ပြောပါ... ကျုပ်စွမ်းဆောင်နိုင်တဲ့ အတိုင်းအတာ အတွင်းမှာ ဆိုရင်တော့ အစွမ်းကုန် ကြိုးစား ကူညီပေးပါ့မယ်"
"မင်းရဲ့ ကတိစကား တစ်ခွန်းနဲ့တင် ငါ စိတ်အေးရပါပြီ" ယန်ခိုင်က သဘောကျစွာ ရယ်မောလိုက်လေသည်။
လက်နက်သွန်းလုပ်ရေးဆိုင်မှ ထွက်ခွာလာပြီးနောက်...
ကျန်းနင်က လက်ထဲရှိ ဝိညာဉ်လက်နက်ကို ငုံ့ကြည့်ရင်း အလွန်တရာ ကောင်းမွန်သော စိတ်အခြေအနေ တစ်ရပ်ကို ခံစားနေရ၏။ ဤခရီးစဉ်အတွင်း ကောင်းမွန်သော ဓားတစ်လက် လိုအပ်နေသည့် သူ့ဆန္ဒ ပြည့်ဝသွားရုံသာမက မထင်မှတ်ထားသော အကျိုးအမြတ် တစ်ခုကိုပါ ထပ်ဆောင်း ရရှိခဲ့သည် မဟုတ်ပါလား။
ရှေးခေတ်ကာလမှ ကျန်ရစ်နေခဲ့သည့် ဝိညာဉ်လက်နက် တစ်လက်... ယန်ခိုင်၏ အသုံးအနှုန်းအရ ဆိုရလျှင် ရှေးဟောင်း ဝိညာဉ်လက်နက် တစ်လက်ပင်။ ဤရလဒ်မှာ လုံးဝ မထင်မှတ်ထားခဲ့သော အရာဖြစ်ပြီး သူ့မျှော်လင့်ချက်များထက်ပင် များစွာ သာလွန်နေခဲ့ပေသည်။
ပြန်လည် ပေးဆပ်လိုက်ရသည်မှာ နှုတ်ထွက် ကတိစကား တစ်ခွန်းသာဖြစ်သည်။
အနာဂတ် ကျေးဇူးကြွေး တစ်ခုတည်းသာ ဖြစ်၏။
ယန်ခိုင်က သူ့အား ကောင်းကင်မှ ကျလာသော အခွင့်အရေး တစ်ခုကို ထိုးကျွေးလိုက်ခြင်းဖြစ်ပြီး သူကလည်း ချက်ချင်းပင် လက်ခံ ရယူလိုက်ခြင်း ဖြစ်သည်။ ကျန်းနင်၏ အမြင်အရ ဆိုရလျှင်တော့ သူ ကြီးမားသော ထီပေါက်သွားသကဲ့သို့ပင်။
သူ့အတွက် အသုံးတည့်မည့် ဤကဲ့သို့ ဝိညာဉ်လက်နက်မျိုးကို တန်ဖိုးဖြတ်ရမည် ဆိုလျှင် အဖိုးမဖြတ်နိုင်အောင်ပင် ရှားပါးလှပေမည်။ ယခုမူ ထိုအရာကို နှုတ်ကတိ တစ်ခုတည်းဖြင့် ရရှိခဲ့လေပြီ။
ယန်ခိုင် မည်သို့ပင် တွေးတောနေပါစေ... ကျန်းနင်၏ ကိုယ်ပိုင် အမြင်တွင်တော့ သူ အမှန်တကယ်ပင် ကြီးမားသော လာဘ်ကြီး တစ်ခုကို ရရှိသွားခဲ့ခြင်း ဖြစ်ချေသည်။
ဤအချိန်တွင်...
ဓားအိမ်ကို ဆုပ်ကိုင်ထားစဉ်မှာပင် ကျန်းနင်က ဓားထဲတွင် ကိန်းအောင်းနေသော ဝိညာဉ်ကို မှိန်ဖျော့ဖျော့ ခံစားနေရဆဲပင်။
ထိုဝိညာဉ်မှာ ပုံမှန်ထက် များစွာ အားနည်းနေသည်ကို သူက ရှင်းလင်း ပြတ်သားစွာ ခံစားနေရ၏။
ထိုဝိညာဉ်၏ သိမ်မွေ့သော ဆင့်ခေါ်သံကြောင့်သာ လက်နက်သွန်းလုပ်ရေးဆိုင်၏ မြေအောက်ခန်းထဲမှ ဖုန်တက်နေသော ဤဝိညာဉ်လက်နက်ကို သူ ရှာတွေ့ခဲ့ခြင်း ဖြစ်ပေသည်။
"အကြောင်းရင်း အတိအကျက ဘာများဖြစ်မလဲ" ကျန်းနင်က ကိုယ့်ကိုယ်ကိုယ် တီးတိုး ရေရွတ်လိုက်မိသည်။
တစ်ဖက်တွင်တော့...
ယန်ခိုင်က အဝေးသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားသော ကျန်းနင်၏ ကျောပြင်နှင့်တကွ သူ့လက်ထဲရှိ မည်းနက်နေသော ဓားကိုပါ စိုက်ကြည့်နေဆဲဖြစ်သည်။
သူ၏ မျက်လုံးများထဲ၌ နာကျင်မှုများဖြင့် လင်းလက်နေသည်။ ရှေးဟောင်း ကာလမှ ကျန်ရစ်နေခဲ့သော ဝိညာဉ်လက်နက် တစ်လက်ကို ကျန်းနင်က ယူဆောင်သွားခဲ့ပြီ မဟုတ်ပါလား။
ထိုဝိညာဉ်လက်နက်မှာ ကြက်ရိုး တစ်ခုထက် မပိုခဲ့လျှင်ပင် ဝိညာဉ်လက်နက် တစ်လက် ဖြစ်နေသေးသည် မဟုတ်ပါလား။
အကယ်၍ လေလံတင် ရောင်းချခဲ့လျှင်တောင် ကြက်ရိုးကဲ့သို့ အသုံးမဝင်ပါဟု သတ်မှတ်ခံထားရသော ဤအရာမှာ ငွေစင် တာနယ် တစ်ထောင်ကျော်အထိ ဈေးရနိုင်သေး၏။ ထိုသည်ကပင် ရှေးခေတ်ကာလမှ ကျန်ရစ်နေခဲ့သည့် ဝိညာဉ်လက်နက် တစ်လက်၏ တန်ဖိုး ဖြစ်ပေသည်။
ကျန်းနင်က ဓားအိမ်ထဲမှ ဓားကို ဆွဲထုတ်လိုက်ပြီးသည့် နောက်ပိုင်း ဆိုလျှင်တော့ ပို၍ပင် ဆိုးသေး၏။ ဝိညာဉ်လက်နက်၏ တန်ဖိုးမှာ မိုးထိုးသွားခဲ့လေပြီ။ အမှန်တကယ် အသုံးပြု၍ ရနိုင်သော ဝိညာဉ်လက်နက် တစ်လက်မှာ အဖိုးမဖြတ်နိုင်ဘဲ ရွှေပေး၍တောင် ဝယ်ယူရန် မဖြစ်နိုင်တော့ချေ။
အကယ်၍သာ ဤဝိညာဉ်လက်နက်ကို မည်သူမဆို အသုံးပြု၍ ရနိုင်မည် ဆိုပါက ကျန်းနင် မည်မျှပင် ပါရမီရှင် ဖြစ်နေပါစေ ယန်ခိုင် အနေဖြင့် ထိုအရာကို လက်ဆောင်အဖြစ် ပေးအပ်ရန် ရွေးချယ်ခဲ့မည် မဟုတ်ပေ။
သို့သော် အစောပိုင်းက သူကိုယ်တိုင် စမ်းသပ်ပြီးနောက် ဤသည်မှာ အလုပ်မဖြစ်ကြောင်း သဘောပေါက်သွားခဲ့ရ၏။ လက်နက်ထဲရှိ ဝိညာဉ်မှာ ကျန်းနင် တစ်ယောက်တည်းကိုသာ ဓားဆွဲထုတ်ခွင့်ပြုခဲ့သည် မဟုတ်ပါလား။
သူ မည်မျှပင် ခွန်အား စိုက်ထုတ်စေကာမူ အရင်ကအတိုင်း မလှုပ်မယှက် ရှိနေဆဲပင်။ ထို့ကြောင့်လည်း ဝိညာဉ်လက်နက်၏ တန်ဖိုးမှာ ယခင်ကနှင့် သိပ်မကွာခြားတော့ပေ။
ကျန်းနင်သာ အသုံးမပြုပါက ထိုအရာမှာ လက်နက်သိုလှောင်ရုံ အတွင်း၌ ဆက်လက်၍ ဖုန်တက်ခံနေရုံသာ ရှိတော့မည်။
ဆယ်စုနှစ်များစွာအတွင်း မရေမတွက်နိုင်သော လူများက ဓားကို ဆွဲထုတ်ရန် ကြိုးစားခဲ့ကြသော်လည်း သူ ကြုံတွေ့ခဲ့ရသကဲ့သို့ပင် မည်သည့် အပြောင်းအလဲမျှ မရှိခဲ့ပေ။ ကျန်းနင် တစ်ယောက်တည်းသာလျှင် ဓားကို အောင်မြင်စွာ ဆွဲထုတ်နိုင်ခဲ့ခြင်း ဖြစ်၏။
ဒုတိယမြောက် လူတစ်ယောက် ပေါ်လာရန် မည်မျှ ကြာအောင် စောင့်ဆိုင်းရမည်ကိုလည်း မည်သူမှ မပြောနိုင်ချေ။
ထို့ကြောင့် ဤဝိညာဉ်လက်နက်၏ စစ်မှန်သော တန်ဖိုးကို ကျန်းနင်၏ လက်ထဲ ရောက်သွားမှသာ အကောင်အထည် ဖော်နိုင်မည်ဖြစ်ကြောင်း ယန်ခိုင် ကောင်းစွာ သိရှိထားသည်။
ဤနည်းအားဖြင့် သူက အသုံးမဝင်သော အရာတစ်ခုကို အကျိုးရှိအောင် အသုံးချနိုင်ရုံသာမက ကျန်းနင်ထံမှ ကျေးဇူးကြွေး တစ်ခုကိုပါ ရယူနိုင်ခဲ့လေသည်။
ယန်ခိုင်၏ အမြင်အရ ထိုကျေးဇူးကြွေးမှာ လောလောဆယ်တွင် များစွာ တန်ဖိုးမရှိသေးသော်ငြား... မကြာသေးမီက ကျန်းနင်ထံ၌ ဖြစ်ပေါ်လာသော ပြောင်းလဲမှုများနှင့် သူ့ပတ်ဝန်းကျင်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ကြည့်ခြင်းအားဖြင့် သိနိုင်လေသည်။
ထို့အပြင် လက်နက်ထဲရှိ ဝိညာဉ်က သူ့သခင်ကို ရွေးချယ်ပြီး ကျန်းနင်အား ဓားဆွဲထုတ်ခွင့် ပြုလိုက်သည်ကိုပါ ပေါင်းစပ် စဉ်းစားကြည့်ပါက...
ထိုဖြစ်ရပ်များက ကျန်းနင်၏ အနာဂတ်မှာ ခန့်မှန်း၍မရလောက်အောင် ကြီးကျယ်ခမ်းနား လိမ့်မည်ဖြစ်ကြောင်း ယန်ခိုင်ကို အတော်လေး သေချာသွားစေခဲ့သည်။ ဤကျေးဇူးကြွေးမှာ တစ်နေ့တွင် အံ့မခန်း တန်ဖိုးများ ထွက်ပေါ်လာနိုင်ပေသည်။
ထိုအချက်ကပင် သူ့အား ဤကဲ့သို့ ဆုံးဖြတ်ချက်ချရန် တွန်းအားပေးခဲ့ခြင်း ဖြစ်တော့သည်။
တခြားတစ်နေရာ၌…
ဝမ်ဟွာ အဆောက်အအုံ၏ အမိုးထပ်ရှိ ဇိမ်ခံ အခန်းတစ်ခန်းအတွင်း…
"ကျားအာ... သူ့ကို ဘယ်လိုထင်လဲ"
လင်းချင်းရီက မြေခွေးသားရေများ ဖြန့်ခင်းထားသော ခုတင်ပေါ်တွင် စောင်းငဲ့ လဲလျောင်းရင်း မေးလိုက်၏။
"အန်တီ အရင်က ပြောခဲ့တာ မှန်ပါတယ်... သူက တကယ်ကို ကြည့်ကောင်းတဲ့ ပုံစံမျိုးပါပဲ... တုန်းလင်မြို့ သိုင်းပညာ ဥယျာဉ်က တပည့်တွေ အကုန်လုံးက မိသားစုကြီးတွေ၊ မင်းဆွေမင်းမျိုးတွေ ဆီကနေ လာကြတာ ဆိုတော့ သာမန်ဇာစ်မြစ်ကနေ လာတဲ့သူ တစ်ယောက်မှ မပါဘူးလေ... တုန်းလင်မြို့ အတွင်းမှာတော့ အတော်လေး ချမ်းသာပြီး အဆင့်အတန်း မြင့်မားကြတယ်"
လင်းကျားအာက ပြန်လည် ဖြေကြားလိုက်တော့သည်။
End
***