အရှေ့ဘက် ခြံဝင်း…
ချွင်...
ကျန်းနင်က ဓားအိမ်ထဲမှ ဓားကို ဆွဲထုတ်လိုက်ရာ ဓားကျွတ်သွားသည်နှင့် တစ်ပြိုင်နက် သူ့လက်ထဲရှိ ဓားသွားဆီမှ တိုးညှင်းသော မြည်ဟည်းသံတစ်ခု ထွက်ပေါ်လာ၏။ ထိုအသံမှာ နားဝင်ပီယံ ရှိလှပြီး သူ့ဘေးနားတွင် နဂါးတစ်ကောင်၏ ဟိန်းဟောက်သံ ပဲ့တင်ထပ်သွားသကဲ့သို့ပင်။
သူ ငုံ့ကြည့်လိုက်ချိန်တွင် ဓားသွားမှာ တုံးတိတိ ဖြစ်နေပြီး တောက်ပမှု ကင်းမဲ့နေကာ မီးခိုးဖြူရောင် အစွန်းအထင်း အကွက်များဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။
ထို့နောက် သူက ဘေးသို့ အနည်းငယ် ရွှေ့သွားပြီး ဓားသွားကို ရေဆွတ်လိုက်၏။ ဆက်လက်၍ လက်ညှိုးနှင့် လက်ခလယ်ကို ပူးကာ ဓားသွား အလျားတစ်လျှောက် ပွတ်ဆွဲလိုက်လေသည်။
ရွှီး...
...
သူ၏ လက်ချောင်းများ ဓားသွားပေါ်မှ ခွာလိုက်သည်နှင့် နောက်ထပ် တိုးညှင်းသော မြည်ဟည်းသံ တစ်ခုကို ကြားလိုက်ရပြန်သည်။
ဓားသွားပေါ်ရှိ မီးခိုးဖြူရောင် အစွန်းအထင်းများမှာ အရင်ကကဲ့သို့ပင် ခေါင်းမာစွာ ကပ်တွယ်နေဆဲ ဖြစ်ပြီး အမှတ်အသား တစ်ခုမျှ မှေးမှိန်သွားခြင်း မရှိချေ။
“ဒီလောက်တော့ မရိုးရှင်းလောက်ဘူး”
သူကစိတ်ထဲ တိတ်တဆိတ် တွေးလိုက်မိသည်။
“ဒါတွေက အချိန်ကာလတစ်ခု ဖြတ်သန်းလာတာနဲ့အမျှ ကျန်ရစ်ခဲ့တဲ့ အမှတ်အသားတွေ ဖြစ်ရမယ်”
“ဒီလို အစွန်းအထင်းတွေက ဒီဝိညာဉ်လက်နက် အပေါ်မှာ သိပ်ပြီး သက်ရောက်မှု မရှိလောက်ဘူးလို့ မျှော်လင့်ရတာပဲ”
ကျန်းနင်က တိတ်တဆိတ် တွေးတောနေမိ၏။
ထို့နောက်...
သူ၏ လက်ညှိုးနှင့် လက်ခလယ်မှာ နောက်တစ်ကြိမ် ပူးကပ်သွားပြီး ဓားသွားပေါ် ဖိချကာ ညင်သာစွာ ပွတ်ဆွဲလိုက်တော့သည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင်…
အလွန်သေးငယ်သော နာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး မကြာမီမှာပင် သူ၏လက်ညှိုးနှင့် လက်ခလယ် ထိပ်ဖျားများထံမှ တောက်ပသော သွေးနီနီများ စိမ့်ထွက်လာခဲ့လေသည်။
“တော်တော် ထက်တဲ့ ဓားပဲ” ကျန်းနင်က အနည်းငယ် အံ့အားသင့်သွားသည်။
အစပိုင်းတွင် သူက ဤဝိညာဉ်လက်နက်မှာ အချိန်အကြာကြီး တိုက်စားခံရပြီး ဓားသွားမှာ တုံးတိတိ ဖြစ်နေသောကြောင့် ယခင်ကကဲ့သို့ ထက်မြက်မှု ရှိတော့မည် မဟုတ်ဟု ထင်မှတ်ထားခဲ့ခြင်းဖြစ်သည်။
သို့သော် ယခုအခါ ဓားသွား၏ ထက်ရှမှုကို ကိုယ်တိုင်ကိုယ်ကျ ခံစားလိုက်ရချိန်တွင်တော့ သူ ဤဝိညာဉ်လက်နက်အား အထင်သေးမိကြောင်း သဘောပေါက်သွားတော့၏။
ထိုဓားမှာ အထွတ်အထိပ် အချိန်များကလောက် မစွမ်းလွန်းလှလျှင်တောင် နတ်ဘုရား လက်နက်တစ်ခု ဖြစ်နေဆဲ မဟုတ်ပါလား။
“ဒဏ္ဍာရီလာ ဝိညာဉ်လက်နက် ဆိုတဲ့အတိုင်းပဲ” ကျန်းနင်က တီးတိုး ရေရွတ်လိုက်မိသည်။
ထို့နောက် သူက ဓားသွား အထက်တွင် လက်ချောင်းကို ရပ်တန့်ထားလိုက်ရာ တောက်ပသော သွေးနီနီများက သူ၏လက်ချောင်းထိပ်တွင် သွေးပေါက်ငယ် တစ်ခုအဖြစ် စုဝေးလာပြီး ဓားသွားပေါ်သို့ ဖြည်းညှင်းစွာ ကျဆင်းသွားတော့သည်။
နောက်တစ်ခဏ အတွင်းမှာပင်…
နီရဲနေသော သွေးနှစ်ပေါက်က ဓားသွားပေါ်မှ ဖြည်းညှင်းစွာ ကျဆင်းသွား၏။
ထိုသို့ ကျဆင်းနေစဉ် သွေးပေါက်များမှာ ဓားသွားက သူ၏သွေးများကို စုပ်ယူနေသည့်အလား ပဲပုပ်စေ့ခန့် အရွယ်အစားမှ အလျင်အမြန် သေးငယ်သွားလေသည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် ဆန်စေ့ခန့်မျှ သေးငယ်သွားပြီးနောက် အရိပ်အယောင်ပင် မကျန်တော့ဘဲ လုံးဝ ပျောက်ကွယ်သွားတော့သည်။
ဓားသွားပေါ်တွင် သွေးများ ရှိခဲ့သည့် အရိပ်အယောင် တစ်စွန်းတစ်စမျှ မကျန်ရှိတော့ချေ။
ထိုအခိုက်အတန့်တွင်…
ကျန်းနင်က သူ့လက်ထဲရှိ ဝိညာဉ်လက်နက်နှင့် စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှု တစ်ခုကို ခံစားလိုက်ရလေသည်။
ယခုအခါ သူ့လက်ထဲရှိ ဝိညာဉ်လက်နက်မှာ သူ့ခန္ဓာကိုယ်၏ အရေးပါသော အစိတ်အပိုင်း တစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။
“ဒီဓားက တကယ်ကို ဝိညာဉ်စွမ်းအင် ရှိတာပဲ”
ထို့နောက် သူက မျက်လုံးများကို မှိတ်ထားလိုက်၏။
အကြောင်းမှာ သူ့လက်ထဲရှိ လက်နက်နှင့် ဝိညာဉ်ပေါင်းကူး တံတားတစ်ခု တည်ဆောက်နိုင်ခဲ့ခြင်းကြောင့် သူလည်း သတင်းအချက်အလက်အချို့ လက်ခံရရှိခဲ့သောကြောင့်ပင်။
ဤဓားနှင့် ပတ်သက်သော သတင်းအချက်အလက်အချို့ ဖြစ်သည်။
အချိန်အနည်းငယ် အကြာတွင်…
ကျန်းနင်က မျက်လုံးများကို ဖွင့်လိုက်ပြီး သူ့လက်ထဲရှိ လက်နက်အား မျက်မှောင် အနည်းငယ် ကြုတ်ကာ စိုက်ကြည့်နေမိသည်။
ဤဓားက အချိန်မည်မျှကြာမြင့်နေပြီလဲ။
ဝိညာဉ်လက်နက်မှ ပေးပို့လာသော သတင်းအချက်အလက်များအရ သခင်အဖြစ် အသိအမှတ်ပြုရန် သွေးစက်ချပြီး ဝိညာဉ်ပေါင်းကူး တံတားတစ်ခု တည်ဆောက်နိုင်ပါက ထိုဝိညာဉ်လက်နက် အတွင်း၌ မှတ်တမ်းတင်ထားသော အသေးစိတ် အချက်အလက်များကို လက်ခံရရှိနိုင်ကြောင်း သိလိုက်ရသည်။
သို့သော် ယခုအခါ ဝိညာဉ်လက်နက်အတွင်း မှတ်တမ်းတင်ထားသော သတင်းအချက်အလက်များမှာ အပိုင်းပိုင်းအစစ ပြတ်တောက်နေ၏။
သူ သိလိုက်ရသည်မှာ ဤအရာက ဝိညာဉ်လက်နက်တစ်ခုဖြစ်ပြီး ယခင်က အမြင့်ဆုံးသော ဝိညာဉ်စွမ်းအင်ကို ပိုင်ဆိုင်ခဲ့ဖူးသော လက်နက်တစ်ခု ဖြစ်ကြောင်းပင်။
ထိုဝိညာဉ်စွမ်းအင်၏ အရင်းအမြစ်မှာ အသိဉာဏ် ဖျက်ဆီးခံထားရသော အစစ်အမှန် နဂါးတစ်ကောင်၏ ကြွင်းကျန်ရစ်သော ဝိညာဉ်တစ်ခုပင် ဖြစ်ပေသည်။
ဝိညာဉ်ပေါင်းကူး တံတားမှ ရရှိလာသော တုံ့ပြန်မှုများအရ သူက ဤဓားအား အမှန်တကယ် ပိုင်ဆိုင်နိုင်ရန်နှင့် ဓား၏ ယခင် ဂုဏ်ကျက်သရေကို ပြန်လည် ဖော်ဆောင်ရန် နည်းလမ်းများကိုလည်း နားလည်သွားခဲ့ပြီ ဖြစ်သည်။ ထိုသည်မှာ ဓားအတွင်းရှိ ဝိညာဉ်စွမ်းအင်ကို ပြန်လည် အားဖြည့်ပေးရန် သွေးစတေး၍ ပူဇော်မှု ပြုလုပ်ရမည်ဖြစ်သည်။
ဓားအတွင်း ကိန်းအောင်းနေသော ဝိညာဉ်စွမ်းအင်၏ တုံ့ပြန်ချက်အရ အကြောင်းစုံကို သူ နားလည်သွားတော့သည်။
ဓား၏ တစ်ချိန်က အမြင့်ဆုံးသော ဝိညာဉ်စွမ်းအင်မှာ ရှေးဟောင်းခေတ် ကာလကတည်းက ပျက်သုဉ်းသွားခဲ့ပြီဖြစ်ပြီး ယခု လက်ရှိ တည်ရှိနေသည်မှာ အသစ်မွေးဖွားလာသော ဝိညာဉ်စွမ်းအင် တစ်ခုသာ ဖြစ်၏။
ထိုဝိညာဉ်စွမ်းအင်သစ်မှာ သူ၏ ခန္ဓာကိုယ် အတွင်းရှိ ထူးခြားသော ဝိသေသလက္ခဏာ တစ်ခုခုကြောင့် သူ့ကို ဝိညာဉ်ရေးအရ ဆွဲဆောင်ခဲ့ခြင်းဖြစ်ပြီး သူ့အား သခင်အဖြစ် အသိအမှတ်ပြုရန် လိုလားနေခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ဤအသစ်မွေးဖွားလာသော ဝိညာဉ်စွမ်းအင်အား ပိုမို သန်မာလာစေရန်နှင့် အထွတ်အထိပ် အခြေအနေသို့ ပြန်လည် ရောက်ရှိစေရန်မှာ ဝိညာဉ်လက်နက် ပိုင်ရှင်ဖြစ်သူ၏ ကိုယ်ပိုင်သွေးကို အသုံးပြု၍ ပူဇော်မှုများ ပြုလုပ်ပေးရန် လိုအပ်လေသည်။
ထို့နောက်…
သူက လက်ချောင်း နှစ်ချောင်းကို ဓားသွားပေါ် ဖိတင်လိုက်သည်နှင့် လက်ညှိုးနှင့် လက်ခလယ် ထိပ်ဖျားများထံမှ သွေးများ အဆက်မပြတ် စိမ့်ထွက်လာပြီး ဓားသွားမှ စုပ်ယူသွားသည်ကို ချက်ချင်းပင် ခံစားလိုက်ရတော့သည်။
အသက်ရှူကြိမ် အနည်းငယ်ခန့်အကြာတွင်…
ဝိညာဉ်ပေါင်းကူး တံတားမှ တစ်ဆင့် ကျေနပ် အားရသွားသည့် ခံစားချက်တစ်ခု ပို့လွှတ်လာသည်ကို သူ ခံစားလိုက်ရ၏။
ကျန်းနင်လည်း ဓားအတွက် လုံလောက်သွားပြီဖြစ်ကြောင်း သဘောပေါက်သွားသည်။
“မဆိုးပါဘူး... သိပ်အများကြီးတော့ မလိုအပ်ဘူးပဲ”
မိမိသွေး ဆုံးရှုံးသွားမှု ပမာဏကို ခန့်မှန်းကြည့်ရင်း ကျန်းနင် ခေါင်းအနည်းငယ် ညိတ်လိုက်သည်။
အသက်ရှူကြိမ် အနည်းငယ်အတွင်း၌ ဓားမှာ အများဆုံးမှ သူ၏သွေး ဆယ်ပေါက်မျှပင် စုပ်ယူခံလိုက်ရခြင်း မရှိပေ။
ထို့အပြင် တုံ့ပြန်ချက်များအရ တစ်ကြိမ် စုပ်ယူပြီးတိုင်း ရက်အတော်ကြာသည်အထိ ခံနိုင်ကြောင်း သိရသည်။
သွေးစတေးသည့် ပူဇော်မှု ပြီးဆုံးသွားသည်နှင့် ကျန်းနင်က သူ၏လက်ချောင်းများကို အလျင်အမြန် ဖိသိပ်လိုက်ရာ သွေးများ ခဲသွားပြီး ဒဏ်ရာမှာ စတင် ကျက်လာခဲ့သည်။
ခြံဝင်း အတွင်း၌…
ကျန်းနင်က ဓားတစ်လက်စီကို ဘယ်ညာ ကိုင်ဆောင်ထားသည်။ ဘယ်ဘက်လက်တွင် ကိုင်ထားသည်မှာ ဝမ်ကျင်း ပေးအပ်ခဲ့သော သစ်သားနက် ဓားရှည်ဖြစ်ပြီး သံမဏိ အကြိမ်တစ်ရာ သန့်စင်၍ သွန်းလုပ်ထားကာ ငွေတစ်ရာ တန်ကြေးရှိကြောင်း ဆိုထား၏။
ဓားသွားမှာ မှန်တစ်ချပ်ကဲ့သို့ တောက်ပနေပြီး နေဝင်ဆည်းဆာ အလင်းရောင်အောက်တွင် စူးရှသော အလင်းတန်းများ ရောင်ပြန်ဟပ်နေသည်။
သူ့ညာဘက် လက်ထဲရှိ ဓားမှာမူ ယနေ့မှ ရရှိခဲ့သော ဝိညာဉ်လက်နက်ဖြစ်ပြီး ရှေးဟောင်းခေတ် ကာလမှ လက်နက်တစ်ခုဖြစ်ကာ ယခုအခါ အစပျိုးခါစ အားနည်းသော ဝိညာဉ်စွမ်းအင် တစ်ခုကို ပိုင်ဆိုင်ထားလေသည်။
ဓားသွားမှာ တုံးတိတိ ဖြစ်နေပြီး တောက်ပမှု ကင်းမဲ့နေကာ မီးခိုးဖြူရောင် အစွန်းအထင်း အကွက်များဖြင့် ပြည့်နှက်လို့နေသည်။
သူ ယခုကဲ့သို့ လုပ်ဆောင်နေရသည့် အကြောင်းအရင်းမှာ ရိုးရှင်းလှသည်။ သူက ဝိညာဉ်လက်နက်၏ ထက်ရှမှုနှင့် ကြံ့ခိုင်မှုကို စမ်းသပ်ကြည့်လိုသောကြောင့်ဖြစ်သည်။
သူ လက်နှစ်ဖက်လုံးကို အားကုန် သုံးလိုက်တော့သည်။
ဓားသွား နှစ်ခုမှာ ပြင်းထန်စွာ ထိခတ်မိသွားလေ၏။
သတ္တုချင်း ရိုက်ခတ်သံ ကျယ်လောင်စွာ ထွက်ပေါ်လာသည်နှင့်အတူ။
သူ၏ ဘယ်ဘက်လက်ထဲရှိ သစ်သားနက် ဓားရှည်မှာ ချက်ချင်းပင် နှစ်ပိုင်း ကျိုးထွက်သွားခဲ့ပြီး ဓားထိပ်ဖျားမှာ လွင့်စင်သွားကာ မြေကြီးထဲသို့ နက်ရှိုင်းစွာ ထိုးစိုက် ဝင်ရောက်သွားတော့သည်။
“ဒီလောက်တောင် အစွမ်းထက်တာလား”
ထိုမြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရသောကြောင့် ကျန်းနင် မျက်လုံးများ အလိုအလျောက် ပြူးကျယ်သွားရသည်။
ထိုနေ့ည…
လက်နက်သွန်းလုပ်ရေး ဆိုင်အတွင်း၌…
“အစ်ကိုချိုး... ပြန်လာပြီလား”
ယန်ခိုင်က မျက်မှောင်ကြုတ်လိုက်မိသော်လည်း အရက်နံ့ တထောင်းထောင်း ထနေသော ထိုလူကို နှုတ်ဆက်လိုက်ဆဲပင်။
ထိုလူမှာ ပြီးခဲ့သည့်နှစ်ကမှ တာဝန်လွှဲပြောင်း ယူထားသော ဆိုင်ရှင်အသစ်ဖြစ်ပြီး လက်ရှိ လက်နက် သွန်းလုပ်ရေး ဆိုင်၏ အမှန်တကယ် စီမံခန့်ခွဲသူ ဖြစ်၏။
ယခင် ဆိုင်ရှင်ဟောင်းဖြစ်သူ လက်နက်သွန်းလုပ်ရေးဆိုင်၏ တည်ထောင်သူမှာမူ အသက်အရွယ် ကြီးရင့်လာပြီ ဖြစ်သောကြောင့် အနားယူသွားခဲ့လေပြီဖြစ်သည်။ ယခုအခါ မြို့ပြင်ရှိ ခြံဝင်း တစ်ခုထဲတွင် သူ့ဘဝ၏ နောက်ဆုံး နေ့ရက်များကို အေးချမ်းစွာ ဖြတ်သန်းနေပြီဖြစ်သည်။
End
***