နောက်တစ်ခဏ အတွင်းမှာပင်…
သူက ရုတ်တရက် ကျန်းနင်ဆီသို့ ပြေးဝင်လာပြီး လက်သီးကိုမြှောက်ကာ ပြင်းထန်စွာ ထိုးချလိုက်သည်။
ထိုလက်သီးချက်မှာ အင်အား အပြည့် သုံးထားခြင်း ဖြစ်၏။
သူ၏ ပစ်မှတ်မှာ ဓားကို ကိုင်ထားသော ကျန်းနင်၏ ညာဘက် လက်မောင်းဆီသို့ တည့်တည့် ဦးတည်နေသည်။
အကယ်၍ ထိုလက်သီးချက်သာ အပြည့်အဝ ထိမှန်သွားပါက ညာဘက် လက်မောင်းမှာ သေချာပေါက် ကျိုးပဲ့ ပျက်စီးသွားပေလိမ့်မည်။
ဤသည်မှာ ချိုးရှီလုံ၏ ရည်ရွယ်ချက်ပင် ဖြစ်သည်။
...
လက်မောင်း နှစ်ဖက်စလုံး ပျက်စီးသွားသည်နှင့် ကျန်းနင် အနေဖြင့် ခုခံနိုင်စွမ်း ကင်းမဲ့သွားမည်ဖြစ်ပြီး သူတို့ သဘောကျ ခြယ်လှယ်နိုင်တော့မည် မဟုတ်ပါလား။
"အစ်ကိုချိုး... အဲ့လို မလုပ်ပါနဲ့"
အနောက်မှ ချိုးရှီလုံ၏ အားကုန် သုံးထားသော လက်သီးချက်ကို မြင်လိုက်ရသဖြင့် ယန်ခိုင်က တားဆီးရန် အလျင်အမြန် အော်ဟစ်လိုက်၏။
သူ၏ ပုံရိပ်ကလည်း ရုတ်တရက် လှုပ်ရှားသွားပြီး ချိုးရှီလုံကို ကြားဖြတ်တားဆီးရန် ကြိုးစားလိုက်ပုံ ရသည်။
"ဒီလောက်တောင် ရက်စက်တာလား..." ကျန်းနင်က ချိုးရှီလုံ၏ ပြင်းထန်သော တိုက်ခိုက်မှုကို စူးစိုက် ကြည့်နေလိုက်သည်။
"သူက ငါ့ကို တကယ် သတ်ချင်နေတာပဲ..."
ချိုးရှီလုံထံမှ သတ်ဖြတ်လိုစိတ်ကို ခံစားလိုက်ရသဖြင့် ကျန်းနင်၏ မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ဖြတ်ပြေးသွားတော့သည်။
သူက ဓားကို လွှဲယမ်းလိုက်၏။
ဓားအလင်းတန်းတစ်ခုက လန့်ဖြန့်သွားသော ဟင်္သာငှက် တစ်ကောင်ကဲ့သို့ လျင်မြန်စွာ ညကောင်းကင်ယံကို ချက်ချင်း ထိုးခွဲသွားလေသည်။
အား...
စူးရှသော အော်ဟစ်သံတစ်ခု ပဲ့တင်ထပ်သွားတော့၏။
တစ်ချိန်တည်းမှာပင် ချိုးရှီလုံ၏ ခန္ဓာကိုယ်ပေါ်တွင် အရှိန်အဟုန်က အကျိုးသက်ရောက်မှု မရှိတော့သည့်အလား သူ၏ ပုံရိပ်က ရုတ်တရက် နောက်သို့ ဆုတ်ခွာသွားပြီး အဝေးသို့ လွင့်စင်သွားတော့သည်။
တောက်ပသော လရောင်အောက်တွင် သူ၏ ညာဘက်လက်မှ ပြတ်ထွက်သွားသော လက်ချောင်း နှစ်ချောင်းကို ရှင်းလင်းစွာ မြင်တွေ့နေရ၏။
နတ်ဘုရားလက်နက် တစ်ခု၏ ဓားသွားကို အလွယ်တကူ ကာကွယ်နိုင်စွမ်း ရှိသည့် သူ၏ သံမဏိ လက်သီးစွပ်မှာ နတ်ဘုရား လက်နက်ကြောင့် ထက်ပိုင်း ပြတ်သွားခဲ့ပြီ ဖြစ်သည်။
"ကောင်လေး... မင်း သေချင်နေတာပဲ..."
ချိုးရှီလုံက ရူးသွပ်စွာ နောက်ဆုတ်သွားပြီး သူ၏ မျက်လုံးများမှာ နီရဲလာတော့သည်။
နတ်ဘုရား လက်နက်၏ ဓားသွားကို ကာကွယ်နိုင်စွမ်း ရှိသည့် သူ၏ သံမဏိ လက်သီးစွပ်မှာ ကျန်းနင်၏ ဓားကြောင့် ပြတ်တောက်သွားလိမ့်မည်ဟု သူ ဘယ်တုန်းကမှ တွေးမထားခဲ့ပေ။ ထို့အပြင် သူ၏ လက်ချောင်း နှစ်ချောင်းပါ ပြတ်ထွက်သွားခဲ့ရသည် မဟုတ်ပါလား။
ထိုအခိုက်အတန့်တွင် သူ့စိတ်ထဲ နောင်တတရားများ ကြီးမားစွာ ဝင်ရောက်လာခဲ့၏။
သူ အရမ်း ပေါ့ဆခဲ့မိသည့် အတွက်ကြောင့်ပင်။
ကျန်းနင်က လက်ထဲရှိ ဝိညာဉ်လက်နက်၏ ထက်ရှမှုကို သူ အထင်သေးခဲ့မိသည်။
သူ အကျွမ်းကျင်ဆုံးလက်နက်ဖြစ်သည့် သံချပ်ကာဖောက် သံတူကြီးကို ယူမလာခဲ့မိသည်ကိုလည်း နောင်တရနေမိသည်။
ယခုအခါ လက်ချောင်း နှစ်ချောင်း ပြတ်သွားပြီ ဖြစ်သဖြင့် သူ တစ်သက်လုံး မသန်မစွမ်း ဖြစ်သွားရတော့မည်။
ထိုအရာက ချိုးရှီလုံ၏ မျက်လုံးများထဲတွင် အဆုံးမရှိသော နာကြည်းမှုများ ပြည့်နှက်သွားစေသည်။
သိုင်းသမားတစ်ယောက် အနေဖြင့် ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုခု ချို့ယွင်းသွားသည်နှင့် သိုင်းပညာ လမ်းစဉ်မှာ သေချာပေါက် ကြီးမားစွာ ကန့်သတ်ခံရတော့မည် မဟုတ်ပါလား။
သူ၏ အနာဂတ် အောင်မြင်မှုများမှာလည်း အဆုံးစွန်ထိ ကန့်သတ်ခံရတော့မည် ဖြစ်သည်။
"ထွက်ပြေးဖို့ စဉ်းစားနေတာလား"
ကျန်းနင်၏ မျက်လုံးများ ကျဉ်းမြောင်းသွား၏။
သူက ဆက်လက် လှုပ်ရှားလိုက်ပြီး ချိုးရှီလုံကို လွှတ်ပေးရန် ရည်ရွယ်ချက် မရှိချေ။
သူတို့က ရန်သူတွေ ဖြစ်သွားပြီ ဖြစ်သဖြင့် တစ်ဖက်လူ အားနည်းနေချိန်တွင် အခွင့်အရေး ယူ၍ အသက်ကို နှုတ်ယူရမည့် အချိန်ပင်။
ထို့နောက် သူ၏ ညာဘက် ခြေထောက်က မြေကြီးကို ကန်ထွက်လိုက်သည်။
ဘုန်း...
သူ့ခြေအောက်ရှိ မြေကြီးများ လွင့်စင်သွားပြီး သူ၏ အမြန်နှုန်းမှာ ရုတ်တရက် တစ်ဟုန်ထိုး တက်လာခဲ့လေသည်။
မျက်တောင်တစ်မှိတ် အတွင်းမှာပင် သူက မီတာ ဆယ်ဂဏန်း အကွာအဝေးကို ဖြတ်ကျော်သွားတော့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် ယန်ခိုင်မှာ လုံးဝ အံ့အားသင့်သွားပြီး သူ့မျက်နှာပေါ်တွင်လည်း ရှုပ်ထွေးမှုများ အပြည့်ဖြစ်သွားသည်။
ဤအခိုက်အတန့်တွင်…
အလျင်အမြန် ချဉ်းကပ်လာသော ကျန်းနင်၏ ပုံရိပ်ကို မြင်လိုက်ရသဖြင့် ချိုးရှီလုံ၏ မျက်လုံးထဲရှိ နာကြည်းနေသော အကြည့်များမှာ ထိတ်လန့်မှုများဖြင့် ချက်ချင်း အစားထိုးခံလိုက်ရတော့သည်။
"ငါ မှားသွားပါပြီ... ငါ မှားမှန်း သိပါပြီ... ချမ်းသာပေးပါ..."
"ခင်ဗျားက မှားမှန်း သိရုံတင် မဟုတ်ဘူး... သေရတော့မယ် ဆိုတာကိုပါ သိနေတာပဲ..." ကျန်းနင်က ပြောလိုက်၏။
ဤအခိုက်အတန့်တွင် သူ၏ လှုပ်ရှားမှုမှာ မယုံနိုင်လောက်အောင် လျင်မြန်လှသည်။
သတ္တဝါငါးမျိုး လက်သီးသိုင်းဖြင့် သူ၏ ကန့်သတ်ချက်ကို ချိုးဖျက်ပြီးနောက် ကျန်းနင်က သူ၏ အမြန်နှုန်းမှာ ယခင်ကထက် သုံးဆ၊ လေးဆခန့် ပိုမို မြန်ဆန်လာကြောင်း တွေ့ရှိခဲ့ရသည်။
သတ္တဝါငါးမျိုး လက်သီးသိုင်းတွင် ပေါက်ကွဲအား ကောင်းသော ကျားပုံစံနှင့် လျင်မြန်သော ကြိုးကြာပုံစံ လက်သီးသိုင်းများ ပါဝင်သည်။
သတ္တဝါငါးမျိုး လက်သီးသိုင်းဖြင့် ကန့်သတ်ချက်ကို ချိုးဖျက်ပြီးနောက် သူ၏ အမြန်နှုန်းမှာ တစ်ဟုန်ထိုး တက်လာခဲ့ခြင်း ဖြစ်၏။
ဤအခိုက်အတန့်တွင် သူ၏ အမြန်နှုန်းမှာ ချိုးရှီလုံထက် နှစ်ဆနီးပါး ပိုမြန်နေလေသည်။
သူတို့နှစ်ယောက်ကြားရှိ အကွာအဝေးမှာ ကျန်းနင်ကြောင့် ချက်ချင်းပင် ကျဉ်းမြောင်းသွားတော့သည်။
"ယန်ခိုင်... ငါ့ကို ကယ်ပါဦး..." တိုက်ခိုက်နိုင်သည့် အကွာအဝေးအထိ ရောက်လာသော ကျန်းနင်ကို မြင်လျှင် ချိုးရှီလုံက အလျင်အမြန် အကူအညီ တောင်းလိုက်သည်။
ယန်ခိုင် ဆုံးဖြတ်ချက် မချနိုင်ခင်မှာပင် ကျန်းနင်၏ ဓားက ချိုးရှီလုံ အပေါ်သို့ ဖုံးလွှမ်းသွားခဲ့လေသည်။
ဤဓားချက်အောက်တွင် ချိုးရှီလုံက ကြီးမားလှသော စွမ်းအားကြီးတစ်ခု သူ့အပေါ် ကျဆင်းလာသည်ကို ချက်ချင်း ခံစားလိုက်ရပြီး ထွက်ပြေးရန်ရော နောက်ဆုတ်ရန်ပါ မဖြစ်နိုင်တော့ချေ။
သူ့အနေဖြင့် ထိပ်တိုက် ရင်ဆိုင်ရန်မှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။
စွမ်းအား...
ဒါက ဓားစွမ်းအားပဲ...
ချိုးရှီလုံ၏ မျက်လုံးများမှာ မယုံကြည်နိုင်စွာ ပြူးကျယ်သွားပြီး ကျန်းနင်၏ ဓားကို စူးစိုက် ကြည့်နေမိသည်။
ဤဓားစွမ်းအား၏ လွှမ်းခြုံမှုအောက်တွင် ကျန်းနင် လက်ထဲရှိ ဝိညာဉ်လက်နက်၏ ထက်ရှမှုနှင့် ပေါင်းစပ်လိုက်သောအခါ…
ချိုးရှီလုံ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက် ကင်းမဲ့နေသော အရိပ်အယောင်များ ဖြတ်ပြေးသွားတော့၏။
ထိုဓားချက်က တားဆီး၍ မရနိုင်ချေ။
ဝိညာဉ်လက်နက်၏ ထက်ရှသော ဓားသွားမှာ အသားနှင့် သွေးများဖြင့် ခံနိုင်ရည်ရှိမည့် အရာမျိုး မဟုတ်ပေ။
သူ၏ အရေပြားက ကြေးနီကဲ့သို့ မာကျောနေလျှင်တောင် ဘာထူးမည်နည်း။
သံမဏိကို အကြိမ်တစ်ထောင် ထုဆစ်၍ သွန်းလုပ်ထားသော သံမဏိ လက်သီးစွပ်ပင်လျှင် အလွယ်တကူ နှစ်ပိုင်း အပိုင်းခံလိုက်ရသည် မဟုတ်ပါလား။
ဤအခြေအနေတွင် ကြေးဝါနှင့် တို့ဟူး ကြားတွင် ဘာကွာခြားမှုမှ မရှိတော့ချေ။
ဓားတစ်လက် ကျဆင်းလာတော့သည်။
ချိုးရှီလုံ၏ ခန္ဓာကိုယ်မှာ နှစ်ပိုင်း ကွဲသွားပြီးနောက် မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ လဲကျသွားလေသည်။
မီတာနှစ်ဆယ်ကျော် မြင့်မားသော ခန္ဓာကိုယ်ကြီး မြေပြင်ပေါ်သို့ လဲကျသွားသဖြင့် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာတော့သည်။
သူ့ဘေးတွင်တော့ ယန်ခိုင်က ထိုမြင်ကွင်းကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိသည်။
လော့ရွှေခရိုင်တွင် နှစ်ပေါင်းများစွာ လွှမ်းမိုးထားခဲ့ပြီး ယခုအခါ လက်နက်သွန်းလုပ်ရေး ဆိုင်၏ ဆိုင်ရှင် ဖြစ်လာသော ချိုးရှီလုံတစ်ယောက်။
ဤမျှ ရိုးရှင်းစွာ သေဆုံးသွားလိမ့်မည်ဟု သူ ဘယ်တုန်းကမှ တွေးမထားခဲ့ပေ။
မမျှော်လင့်ထားဘဲ သေဆုံးသွားခဲ့ရခြင်းပင်…
သိုင်းပညာကို လအနည်းငယ်သာ သင်ယူထားရသေးသော ကျန်းနင်၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရ၏။
ထို့နောက်…
သူ့နဖူးပေါ်တွင် ချက်ချင်းပင် ချွေးစေးများ ထွက်လာတော့သည်။
အကြောင်းမှာ ကျန်းနင်၏ အကြည့်က သူ့အပေါ်သို့ ကျရောက်လာသည်ကို မြင်လိုက်ရသောကြောင့်ပင်။
ဓားရှည် တစ်လက်ကို ကိုင်ဆောင်ထားရင်း သူ့ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေလေသည်။
ယန်ခိုင်မှာ သေမင်း၏ အငွေ့အသက်များ ဖုံးလွှမ်းလာသည်ကို ချက်ချင်း ခံစားလိုက်ရ၏။
ချိုးရှီလုံပင်လျှင် ကျန်းနင်၏ လက်ထဲတွင် ဓားချက် နှစ်ချက်ကို မခံနိုင်ဘဲ သေဆုံးသွားခဲ့ရသည် မဟုတ်ပါလား။
အကယ်၍ သူသာ ထိုနေရာတွင် ရှိနေလျှင်တောင် ရလဒ်က ကွာခြားသွားမည် မဟုတ်ချေ။ သေချာပေါက် သေဆုံးခြင်း ဆိုသည့် ရလဒ် တစ်ခုတည်းသာ ထွက်ပေါ်လာပေလိမ့်မည်။
ဝိညာဉ်လက်နက်၏ ထက်ရှမှုကို သာမန် ဓားများဖြင့် ခုခံ၍ မရနိုင်ပေ။
ဓားစွမ်းအား၏ လွှမ်းခြုံမှုအောက်တွင် မည်သို့ ခုခံနိုင်မည်နည်း။
၎င်းမှာ ဖြိုခွင်း၍ မရနိုင်သော သေစေနိုင်သည့် တိုက်ကွက် တစ်ခုပင် ဖြစ်သည်။
ကျန်းနင်က ယန်ခိုင်အား အသက်ရှူကြိမ် အနည်းငယ်ခန့် တိတ်ဆိတ်စွာ စိုက်ကြည့်နေရင်း သူ့စိတ်ထဲတွင်လည်း အတွေးမျိုးစုံ ဖြတ်ပြေးနေခဲ့၏။
အသက်ရှူကြိမ် အနည်းငယ် အကြာတွင်…
ရွှီး...
သူက ဓားကို ဓားအိမ်ထဲ ပြန်ထည့်လိုက်သည်။
"ကျုပ် ခင်ဗျားကို မသတ်ဘူး... ချိုးရှီလုံရဲ့ အလောင်းကို ယူပြီး သွားတော့..."
"ကျေးဇူးတင်ပါတယ်..." ယန်ခိုင်က ခဏတာ ကြောင်အသွားပြီးနောက် ကြောက်ရွံ့စွာ ပြောလိုက်၏။
ကျန်းနင်က ထပ်ပြောလာသည်။
"ဒီည ဖြစ်ခဲ့တဲ့ ကိစ္စတွေကို အပြင်မှာ မပြောဖို့ မျှော်လင့်တယ်... မဟုတ်ရင် အကျိုးဆက်ကို ခင်ဗျား သိပါတယ်"
"နားလည်ပါပြီ... နားလည်ပါပြီ..." ယန်ခိုင်က အကြိမ်ကြိမ် ခေါင်းညိတ်ပြလေသည်။
အချိန်အနည်းငယ် အကြာတွင်…
ချိုးရှီလုံ၏ အလောင်းကို ယူကာ အလျင်အမြန် ထွက်ခွာသွားသော ယန်ခိုင်ကို ကြည့်ရင်း ကျန်းနင် မပြုံးဘဲ မနေနိုင်တော့ချေ။
"ကျုပ်က ကိုယ့်စွမ်းအားကိုယ် အထင်သေးနေတုန်းပဲ"
"သံမဏိကို ရွှံ့လို ဖြတ်နိုင်တဲ့ ဝိညာဉ်လက်နက် တစ်ခုကို ကိုင်ဆောင်ထားပြီး သိုင်းပညာ အဋ္ဌမအဆင့် ဆိုတဲ့ လူတွေကို ရင်ဆိုင်ရတာက တကယ်ကို အဆင့်နိမ့်တဲ့ တိုက်ခိုက်မှု တစ်ခုပဲ"
"ဓားစွမ်းအားရဲ့ လွှမ်းခြုံမှုအောက်မှာ သူတို့ရဲ့ စိတ်ဆန္ဒက မခိုင်မာဘူးဆိုရင် ကျုပ်ရဲ့ တိုက်ခိုက်မှုကိုပဲ ခံစားရမှာ... ဒါပေမဲ့ ဝိညာဉ်လက်နက်ရဲ့ ထက်ရှမှုနဲ့ဆို သာမန် ဓားတွေက အလွယ်တကူ ကျိုးပဲ့သွားမှာပဲ"
"အရင်တုန်းက ကျုပ် သုံးခဲ့တဲ့ သစ်သားနက် ဓားရှည်လိုမျိုးပေါ့"
"သံမဏိကို အကြိမ်တစ်ရာ သန့်စင်ပြီး သွန်းလုပ်ထားတယ် ဆိုပေမဲ့ တိုက်ခိုက်မှု တစ်ချက်ကိုတောင် မခံနိုင်ဘဲ နှစ်ပိုင်း ကွဲသွားခဲ့တာပဲ"
"ဒါပေမဲ့ ချောင်ယိုလို လေးသမားမျိုးကို ရင်ဆိုင်ရရင်တော့ ကျုပ်ရဲ့ အားသာချက်တွေ အကုန် ပျောက်ကွယ်သွားလိမ့်မယ်"
"ချောင်ယို ပစ်ခတ်တဲ့ မြားတွေကို ရင်ဆိုင်ရရင် လက်ရှိ ကျုပ်ရဲ့ စွမ်းအားနဲ့ဆို အနားမကပ်နိုင်ခင်မှာတင် မြားမှန်ပြီး သေသွားလောက်တယ်"
ထိုသို့ တွေးမိသည်နှင့် ကျန်းနင်၏ ရင်ထဲရှိ ကျေနပ် အားရမှုများ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
ဝိညာဉ်လက်နက်၏ ထက်ရှမှုက သာမန် သံမဏိ လက်နက် ကိုင်ဆောင်ထားသူများကိုသာ အနိုင်ကျင့်နိုင်စွမ်း ရှိပေသည်။
ယနေ့ ချိုးရှီလုံ ဤမျှ အလွယ်တကူ ရှုံးနိမ့်သွားရသည့် အကြောင်းအရင်းမှာ...
ချိုးရှီလုံ အလွန် ပေါ့ဆခဲ့ပြီး ညဘက် လက်နက်မပါဘဲ လာခဲ့သောကြောင့်သာ ဖြစ်ကြောင်း သူ ကောင်းကောင်း သိထား၏။
စင်တီမီတာ အနည်းငယ်သာ ထူသော လက်သီးစွပ်လေး တစ်ခုတည်းဖြင့် ဝိညာဉ်လက်နက်၏ ထက်ရှမှုကို မည်သို့ ခုခံနိုင်မည်နည်း။
အခြေအနေ ဆိုးသွားပြီးနောက် သူ၏ သေဆုံးမှုမှာ ရှောင်လွှဲ၍ မရနိုင်တော့ချေ။
ယန်ခိုင်ကို လွှတ်ပေးရန် ဆုံးဖြတ်ခဲ့ခြင်းမှာလည်း ကျန်းနင် အနေဖြင့် သေချာ စဉ်းစားပြီးမှ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
သူက ယန်ခိုင်နှင့် မည်သည့် ရန်ငြိုးမျှ မရှိသလို တင်းကျပ်စွာ ပြောရလျှင် သူက ယန်ခိုင်အပေါ် ကျေးဇူးကြွေးပင် တင်နေသေးသည် မဟုတ်ပါလား။
ဤအခြေအနေအောက်တွင် သူက ယန်ခိုင်ကို မည်သို့ သေစေနိုင်သော တိုက်ခိုက်မှုမျိုး လုပ်ဆောင်နိုင်မည်နည်း။
ထို့အပြင် ယန်ခိုင်နှင့် ချိုးရှီလုံတို့၏ စကားပြောဆိုမှုများမှ ထွက်ပေါ်လာသော အချက်အလက်များအရ ယနေ့ည လာရောက်ခြင်းမှာ ချိုးရှီလုံ၏ အကြံအစည်သာ ဖြစ်ဖို့ များပေသည်။
ယန်ခိုင်ကလည်း သူ့အပေါ် မကောင်းသော ရည်ရွယ်ချက်များ မရှိခဲ့ပေ။
ထို့အပြင် လက်ရှိ ကျန်းနင်၏ အမြင်တွင် လက်နက်သွန်းလုပ်ရေး ဆိုင်မှာ မည်သည့် ခြိမ်းခြောက်မှုမျှ မဖြစ်နိုင်တော့ချေ။
ကြီးမားကျယ်ပြန့်သော လက်နက်သွန်းလုပ်ရေး ဆိုင်တွင် ယခုအခါ သိုင်းပညာ အဋ္ဌမအဆင့် နတ်ဘုရား စွမ်းအား အဆင့်ရှိသူ နှစ်ဦးသာ ကျန်ရှိတော့၏။
တစ်ဦးမှာ ယနေ့ည လာရောက်ခဲ့သော ယန်ခိုင် ဖြစ်ပြီး နောက်တစ်ဦးမှာ အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်သော လက်နက် သွန်းလုပ်ရေး ဆိုင်၏ ဆိုင်ရှင်ဟောင်း ကုန်းမင်ယွမ်ပင် ဖြစ်သည်။
ဤနှစ်ဦးမှလွဲ၍ လက်နက်သွန်းလုပ်ရေးဆိုင်ရှိ အကောင်းဆုံး သူများမှာ အများဆုံး သိုင်းပညာ နဝမအဆင့်သာ ရှိကြသည်။
အခြား တစ်ဖက်တွင်မူ…
ယန်ခိုင်က ခြံတံတိုင်းကို ကျော်၍ ကျန်းနင်၏ အိမ်မှ ထွက်ခွာလာပြီးနောက်…
ဟူး...
သူက ချက်ချင်းပင် သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ့နဖူးပေါ်မှ ချွေးစေးများကို သုတ်ပစ်လိုက်၏။
"အဲဒီ ကောင်လေးက အရမ်း ကြောက်ဖို့ ကောင်းလွန်းတယ်... သူက ဒဏ္ဍာရီလာ ဓားစွမ်းအားကိုတောင် ကျွမ်းကျင်နေပြီ... ဝိညာဉ်လက်နက် ကိုင်ဆောင်ထားတဲ့ သူ့လက်ချက်နဲ့ သေသွားရတဲ့ အစ်ကိုချိုးအတွက်တော့ မတရားဘူးလို့ မဆိုသာဘူး"
တီးတိုးရေရွတ်ရင်း ယန်ခိုင်က သူ့လက်ထဲရှိ ချိုးရှီလုံ၏ အလောင်းကို နောက်တစ်ကြိမ် ငုံ့ကြည့်လိုက်သည်။
ကျန်းနင်၏ ထိုဓားချက် အောက်တွင် ချိုးရှီလုံ၏ ခေါင်းမှာ နှစ်ခြမ်း ကွဲသွားခဲ့ပြီဖြစ်ပြီး ဓားဒဏ်ရာမှာ သူ့ရင်ဘတ်အထိ နက်ရှိုင်းစွာ ဝင်ရောက်သွားကာ သေချာပေါက် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
ချိုးရှီလုံ၏ အလောင်းကို ကိုင်ဆောင်ထားရင်း သူက ခဏတာ ရပ်တန့်သွားပြီးနောက် မြို့ပြင်ရှိရာ အရပ်ဆီသို့ လှည့်ထွက်သွားတော့၏။
ထိုနေရာမှာ လက်နက်သွန်းလုပ်ရေး ဆိုင်၏ ဆိုင်ရှင်ဟောင်း အနားယူ နေထိုင်ရာ နေရာပင် ဖြစ်သည်။
"ဘယ်လိုပဲဖြစ်ဖြစ် ချိုးရှီလုံ ရုတ်တရက် သေဆုံးသွားတာက ဆိုင်အတွက် ကြီးမားတဲ့ကိစ္စ တစ်ခုပဲ... ဒါကို အဘိုးကုန်းကို ဖုံးကွယ်ထားလို့ မရဘူး... အဘိုးကုန်းကို ဆုံးဖြတ်ခိုင်းရမယ်"
"အဘိုးကုန်းအနေနဲ့ အဲဒီ ကောင်လေးနဲ့ ရန်သူမဖြစ်ဖို့ ရွေးချယ်မယ်လို့ မျှော်လင့်ရတာပဲ"
"အဲဒီအရွယ်နဲ့ သိုင်းပညာကို လအနည်းငယ်ပဲ သင်ယူရသေးတာကို ဓားစွမ်းအားကို ကျွမ်းကျင်နေတယ် ဆိုတာက တကယ်ကို ကြောက်ဖို့ ကောင်းလွန်းတယ်"
"အနာဂတ်မှာ သူ ဘယ်လောက်အထိ ကြီးထွားလာမလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး"
"ဒီနေ့ည သူက အစ်ကိုချိုးကို သတ်နိုင်ခဲ့တယ်ဆိုတာ ဓားရဲ့ အားသာချက်ကို အားကိုးခဲ့ရတယ် ဆိုပေမဲ့ သူ့ရဲ့ စွမ်းအားကလည်း အထင်သေးလို့ မရဘူး... အဲဒီ အမြန်နှုန်းက အရမ်းကို လွန်ကဲလွန်းတယ်"
"အစ်ကိုချိုးထက်ရော ငါ့ထက်ပါ အများကြီး သာလွန်နေတာပဲ"
End
***