ထာ့ထျန်းသူတော်စင်နှင့် လမင်းသူတော်စင်တို့ နှစ်ပါးစလုံး လေဟာနယ်ထဲတွင် တောင့်တင်းသွားကြပြီး သူတို့၏ မျက်နှာပေါ်ရှိ သွေးရောင်များ လျင်မြန်စွာ ဆုတ်ယုတ်သွားကာ အလွန်အမင်း သနားစရာကောင်းသော အသွင် ဖြစ်သွားကြသည်။
သူတို့နှစ်ဦး၏ ရင်ဘတ်ရှိ ကြီးမားသော အပေါက်ကြီးက အထူးတလည် ကြောက်မက်ဖွယ် ကောင်းနေခဲ့သည်။
ထို့နောက် ချက်ချင်းပင် လေဟာနယ်ထဲမှ ကြောက်မက်ဖွယ်စွမ်းအားများ ပေါက်ကွဲထွက်လာပြီး သူတို့နှစ်ဦးကို အပိုင်းပိုင်းအစစ ဖြစ်သွားစေလေသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် သွေးများ ပန်းထွက်သွားချေပြီ။
ရွှေရောင်သွေးများ၊ ကျောက်စိမ်းဖြူကဲ့သို့သော အရိုးများက လေဟာနယ်ထဲမှတစ်ဆင့် မြေကြီးထဲသို့ စိမ့်ဝင်သွားပြီး ကမ္ဘာမြေကို အာဟာရ ဖြည့်တင်းပေးလိုက်သည်။
သူတော်စင် နှစ်ပါးစလုံး ကျဆုံးသွားခဲ့လေပြီ။
"ဟူး..."
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ထာ့ထျန်းမြို့တော်ရှိ ကျင့်ကြံသူများအားလုံး ရုတ်တရက် လေအေးများ စုပ်ယူလိုက်ကြသည်။
'သူတော်စင် နှစ်ပါးစလုံး ဒီလိုပဲ သေသွားတာလား။ ဟာဂိုရိုမိုရဲ့ တိုက်ခိုက်မှုတစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရတာလား'
မရေမတွက်နိုင်သော ကျင့်ကြံသူများက ကောင်းကင်ယံကို မော့ကြည့်လိုက်ကြသည်။ လက်နောက်ပစ်လျက် ရပ်နေသော ထိုအဘိုးအိုကြောင့် သူတို့မျက်စိရှေ့မှ မြင်ကွင်းကို လုံးဝမယုံနိုင်အောင် ဖြစ်နေကြလေသည်။
ထာ့ထျန်းဂိုဏ်း၏ဂိုဏ်းချုပ် ထာ့ထျန်းသူတော်စင်နှင့် ဂိုဏ်း၏အုတ်မြစ်ဖြစ်သော လမင်းသူတော်စင်တို့သည် နှစ်ပေါင်းမရေမတွက်နိုင်အောင် ကျုံးကျိုးကို ကြောက်ရွံ့တုန်လှုပ်စေခဲ့သော စွမ်းအားရှင်ကြီးများ ဖြစ်ကြသည်။
အခြားသော ပြည်နယ်ကြီးများရှိ အစွမ်းထက်သားရဲများနှင့် နတ်ဆိုးကျင့်ကြံသူများပင်လျှင် သူတို့၏ ဂုဏ်သတင်းကို ကြားဖူးကြလေသည်။
သို့သော်လည်း ယနေ့တွင် ဤပြိုင်ဘက်ကင်းသော တည်ရှိမှု နှစ်ခုစလုံး ဤကဲ့သို့ ကျဆုံးသွားခဲ့လေပြီ။ ယခင် ကျဆုံးသွားသော လဲ့ယန်သူတော်စင်နှင့်ပါ ပေါင်းလိုက်မည်ဆိုလျှင် သူတော်စင်သုံးပါးစလုံး ဟာဂိုရိုမို၏ လက်ထဲတွင် ကျဆုံးသွားခဲ့ရချေပြီ။
ကျန်းမိသားစုကဲ့သို့သော အထက်တန်းလွှာ ကျင့်ကြံသူများမှာ မျက်လုံးများပြူးကျယ်နေကြပြီး လုံးဝမယုံကြည်နိုင်အောင် ဖြစ်နေကြရသည်။
"လမင်းအရှင်သခင်... ဂိုဏ်းချုပ်"
"မဖြစ်နိုင်ဘူး၊ ဂိုဏ်းချုပ်က ဒီနေရာမှာ ဘယ်လိုလုပ် ကျဆုံးသွားနိုင်မှာလဲ"
"ငါ မယုံဘူး၊ လမင်းအရှင်သခင်နဲ့ ဂိုဏ်းချုပ်က ဒီလူ့လက်ထဲမှာ သေသွားတယ်ဆိုတာ ငါ လုံးဝ မယုံဘူး။ ဒါက အတုအယောင်ပဲ ဖြစ်ရမယ်"
ထာ့ထျန်းဂိုဏ်းမှ မရေမတွက်နိုင်သော တပည့်များစွာမှာ မြေပြင်ပေါ်သို့ အားပျော့စွာ ခွေကျသွားကြသည်။
မည်သည့်တပည့်မဆို ထာ့ထျန်းဂိုဏ်း၏ သနားစရာကောင်းသော အနာဂတ်ကို ကြိုတင်မြင်ယောင်နေနိုင်ကြပြီဖြစ်သည်။
ဂိုဏ်းကို ထောက်မထားသည့် ကျောက်စိမ်းဖြူတိုင်လုံးကြီးများအလား ဖြစ်သော သူတော်စင်သုံးပါးစလုံး ထိုနေရာတွင်ပင် ကျဆုံးသွားခဲ့ပြီး ထာ့ထျန်းဂိုဏ်း၏ ရှေ့မှောက်တွင်ပင် ကျဆုံးသွားခဲ့ရခြင်းဖြစ်သည်။
အနည်းငယ်မျှ စဉ်းစားဉာဏ်ရှိသူတိုင်း ထာ့ထျန်းဂိုဏ်း၏အဆင့်အတန်းက အောက်ဆုံးအထိ ထိုးကျသွားတော့မည်ကို နားလည်ထားကြလေသည်။
ဂိုဏ်းကြီးခုနစ်ဂိုဏ်း၏ အဆင့်သတ်မှတ်ချက်တွင်ပင် နောက်ဆုံးနေရာသို့ ကျဆင်းသွားရန် သေချာသလောက် ရှိနေခဲ့သည်။
"မင်း သိပ်ပြီး မမောက်မာနဲ့ကွ။ ငါတို့ဂိုဏ်းရဲ့ ကျီးယွင်သူတော်စင်နဲ့ ဒေါသမိုးကြိုးသူတော်စင် ပြန်ရောက်လာရင် ပုလော့မင်းဆက်ကို သေချာပေါက် လက်စားချေလိမ့်မယ်"
ထာ့ထျန်းဂိုဏ်း၏ အကြီးအကဲချုပ် လဲ့ထျန်း အရှင်သခင်သည် ဤအခိုက်အတန့်တွင် ရူးသွပ်လုမတတ်ဖြစ်နေပြီး မျက်လုံးများ နီရဲကာ ဟာဂိုရိုမိုကို ဟိန်းဟောက်လိုက်လေသည်။
"ဟင်... ပုလော့မင်းဆက်ရဲ့ပါရမီရှင်ကို သတ်ဖို့ကြိုးစားခဲ့တဲ့ အဲဒီနှစ်ယောက်ကို ပြောတာလား"
ဟာဂိုရိုမိုက တစ်စုံတစ်ခုကို ခံစားမိသွားသည့်အလား ထာ့ထျန်းဗိမာန်ကို ဖိနှိပ်ထားရင်း အောက်ဘက်သို့ ငုံ့ကြည့်လိုက်သည်။
လဲ့ထျန်းအရှင်သခင် ထိုစကားကို ကြားလိုက်ရသောအခါ သူ၏ရင်ထဲတွင် စိုးရိမ်ပူပန်မှုများ ရုတ်တရက် မြင့်တက်လာလေသည်။
"အဲဒီနှစ်ယောက်ဆိုရင်တော့ သူတို့ သေသွားကြပြီ။ ငါတို့မင်းဆက်ရဲ့ ပါရမီရှင်ကိုတောင် လာပြီးတိုက်ခိုက်ရဲမှတော့ ငါက သူတို့ကို သတ်ပစ်ရမှာပဲ"
သူ မေးခွန်းမထုတ်နိုင်ခင်မှာပင် ဟာဂိုရိုမိုက တည်ငြိမ်စွာ ပြောလိုက်သည်။
လဲ့ထျန်းအရှင်သခင်နှင့် အခြားသူများမှာ မိုးကြိုးပစ်ခံလိုက်ရသည့်အလား ဖြစ်သွားပြီး တစ်ကိုယ်လုံး မြေပြင်ပေါ်သို့ ခွေကျသွားကြကာ သူတို့၏မျက်နှာပေါ်တွင် မျက်ရည်များ စီးကျလာခဲ့သည်။
"ဒါ မဖြစ်နိုင်ဘူး။ ကျီးယွင်သူတော်စင်နဲ့ ဒေါသမိုးကြိုးသူတော်စင်ပါ ကျဆုံးသွားပြီလား"
"သူတော်စင်တွေ အားလုံးသေသွားကြပြီ။ ငါတို့က ထာ့ထျန်းဂိုဏ်းရဲ့ ဘိုးဘေးတွေကို ဘယ်မျက်နှာနဲ့ သွားတွေ့ရတော့မလဲ"
"ထာ့ထျန်းဂိုဏ်းတော့ ပြီးဆုံးသွားခဲ့ပြီ"
ထာ့ထျန်းဂိုဏ်းမှ အကြီးအကဲများမှာ တစ်ယောက်ပြီးတစ်ယောက် ရင်ဘတ်ကိုထုကာ သနားစရာကောင်းအောင် အော်ဟစ်ငိုယိုနေကြလေသည်။
ထာ့ထျန်းဂိုဏ်းတစ်ခုလုံးတွင် သူတော်စင်ငါးပါးသာ ရှိသော်လည်း သူတို့အားလုံး လူတစ်ယောက်တည်း၏ လက်ထဲတွင် သေဆုံးသွားခဲ့ရလေပြီ။
ထာ့ထျန်းသူတော်စင်၊ လမင်းသူတော်စင်၊ ကျီးယွင်သူတော်စင်၊ လဲ့ယန်သူတော်စင်၊ ဒေါသမိုးကြိုးသူတော်စင်။
သူတို့ထဲမှ မည်သူမဆို ထာ့ထျန်းဂိုဏ်းက ကျုံးကျိုးကို ကြီးစိုးနိုင်ရန်အတွက် အုတ်မြစ်များ ဖြစ်ကြသည်။ တစ်ပါးပါး ကျဆုံးသွားခြင်းကပင် ကြီးမားသော ဆုံးရှုံးမှုကြီး ဖြစ်ပေသည်။
ယခု၌ ငါးပါးစလုံးတစ်ပြိုင်နက်တည်း ကျဆုံးသွားခြင်းကမူ တကယ်ကို တုန်လှုပ်ချောက်ချားဖွယ်ရာ ဖြစ်ရပ်ကြီးတစ်ခုပင် ဖြစ်တော့သည်။
သူတို့ မရှိတော့ဘဲ ထာ့ထျန်းဂိုဏ်းက ဂိုဏ်းကြီးခုနစ်ဂိုဏ်းထဲက တစ်ခုအဖြစ် ဘယ်လိုလုပ် ဆက်လက် ရပ်တည်နိုင်တော့မည်နည်း။ ကျုံးကျိုးကိုရော ဘယ်လိုလုပ်ပြီး ဆက်လက် ကြီးစိုးနိုင်တော့မည်နည်း။
..........
ဝင်လုဆဲ နေမင်းကြီးက ကွယ်ပျောက်သွားပြီဖြစ်ကာ လေကြမ်းများက တဝီဝီ တိုက်ခတ်နေ၏။
နေမင်းကြီးက မိုးကုတ်စက်ဝိုင်းအောက်သို့ လုံးဝ ငုပ်လျှိုးသွားသောအခါ အေးစက်သော လေပြေများက ပို၍ပို၍ အေးစက်လာပေသည်။
ထာ့ထျန်းမြို့တော်တစ်ခုလုံးမှာလည်း ပို၍ပင် ညည်းတွားငိုကြွေးသံများ ဖုံးလွှမ်းနေတော့သည်။
ထာ့ထျန်းဂိုဏ်းမှ မရေမတွက်နိုင်သော တပည့်များသည် ဂိုဏ်းကြီးခုနစ်ဂိုဏ်း၏ တပည့်များအဖြစ် နေထိုင်ခဲ့ကြသော မာနတရားများကို ဆက်လက် မထိန်းသိမ်းနိုင်ကြတော့ဘဲ အိမ်မဲ့ခွေးများအလား အားငယ်နေခဲ့ကြသည်။
ထာ့ထျန်းသူတော်စင်အပါအဝင် သူတော်စင်ငါးပါးစလုံး ကျဆုံးသွားခဲ့လေပြီ။
ထာ့ထျန်းဂိုဏ်း ဆက်လက် ရပ်တည်နိုင်မည်လား ဆိုသည်ကပင် ပြဿနာတစ်ခုဖြစ်လာခဲ့ပြီဖြစ်ရာ ဂိုဏ်းကြီးခုနစ်ဂိုဏ်း၏နေရာကို ထိန်းသိမ်းထားနိုင်ရန်ဆိုသည်မှာ ပြောနေစရာပင် မလိုတော့ချေ။
သူတော်စင်များ၏ ဖိနှိပ်နိုင်စွမ်းမရှိတော့ပါက ထာ့ထျန်းဂိုဏ်းသည် အင်အားစုများစွာ၏ မျက်စိရှေ့မှ ကိတ်မုန့်ချိုချိုလေးတစ်ခုအလား ဖြစ်သွားပြီး မည်သူမဆို လာရောက် ခွဲဝေစားသောက်နိုင်ပေသည်။
ထို့အပြင် ယခင်က ထာ့ထျန်းဂိုဏ်း၏ ကြီးစိုးလွှမ်းမိုးလွန်းသော အပြုအမူများကြောင့် အခြားသော အင်အားစုများကလည်း ယခုလို ပြိုလဲသွားမည့် အချိန်ကို ဝမ်းသာအားရ စောင့်ကြိုနေကြမည်သာ ဖြစ်သည်။
"ဒီနေ့ကစပြီး ကျုံးကျိုးမှာ အမြင့်မြတ်ဆုံးဖြစ်တဲ့ ထာ့ထျန်းဂိုဏ်းဆိုတာ ရှိတော့မှာမဟုတ်ဘူး"
အထက်တန်းလွှာမိသားစုများမှ သက်ကြီးပိုင်းကျင့်ကြံသူများက တိုက်ရိုက်ပင် အခိုင်အမာပြောဆိုလိုက်ကြသည်။
ဘေးဘက်ရှိ ကျင့်ကြံသူများအားလုံး တိတ်ဆိတ်သွားကြပြီး ထာ့ထျန်းဂိုဏ်းမှ တပည့်များအပါအဝင် မည်သူကမျှ သူ၏စကားကို ပြန်လည် ချေပခြင်း မရှိကြချေ။
သူတော်စင်များ၏ စွမ်းအားမရှိတော့လျှင် ထာ့ထျန်းဂိုဏ်း ဆက်လက် တည်တံ့နိုင်ခဲ့မည်ဆိုလျှင်တောင်မှ ယနေ့ကဲ့သို့သော အင်အားမျိုး ရှိတော့မည်မဟုတ်ကြောင်းကို လူတိုင်းက နားလည်ထားကြ၏။
လေဟာနယ်ထဲတွင် ဟာဂိုရိုမိုက ထာ့ထျန်းဗိမာန်ကို ဖိနှိပ်လိုက်ပြီး လက်ဝါးအရွယ်အစားခန့်သို့ ပြောင်းလဲကာ သူ၏ ရင်ခွင်ထဲသို့ သိမ်းဆည်းလိုက်လေသည်။
လူတိုင်း နားလည်ထားသည့်အရာများကို ဟာဂိုရိုမိုကလည်း သဘာဝကျကျပင် နားလည်ထားပေသည်။ သူ ထပ်ပြီး လှုပ်ရှားစရာမလိုတော့ဘဲ ထာ့ထျန်းဂိုဏ်းက အလိုအလျောက် ပြိုလဲသွားမည်သာ ဖြစ်၏။
သို့သော်လည်း ဟာဂိုရိုမိုက ရပ်တန့်ရန် အစီအစဉ် မရှိသေးချေ။
"မသက်ဆိုင်တဲ့လူတွေ အကုန်ဆုတ်ခွာကြ၊ မသေချင်တဲ့လူတွေ အကုန်ထွက်သွားကြစမ်း"
ဟာဂိုရိုမိုက ရှေ့သို့ ခြေတစ်လှမ်း တိုးကာ အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်သည်။
ဤစကားထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လူတိုင်း၏ မျက်နှာများ ထပ်မံပြောင်းလဲသွားကြပြန်သည်။
ဟာဂိုရိုမို၏ အဓိပ္ပာယ်ကို သူတို့အားလုံး နားလည်ကြသည်။ သူက ထာ့ထျန်းဂိုဏ်းကို အလွတ်ပေးချင်ပုံ မရချေ။ အကယ်၍ သူတို့သာ မဆုတ်ခွာပါက ဟာဂိုရိုမို၏ သတ်ဖြတ်ခြင်းကို အတူတကွ ခံရမည်သာ ဖြစ်သည်။
"လေးစားရတဲ့ စွမ်းအားရှင်ကြီး... ကျုပ်တို့ အခုပဲ ထွက်သွားပါ့မယ်"
"ကျုပ်က အခမ်းအနားကို လာကြည့်ရုံ သက်သက်ပါ။ ထာ့ထျန်းဂိုဏ်းနဲ့ ဘာမှ မသက်ဆိုင်ပါဘူး"
"ကျုပ် အခုပဲ ထွက်သွားပါပြီ"
ကျင့်ကြံသူတစ်စုက ရုတ်တရက် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပြီး အလျင်အမြန် ရှင်းပြလိုက်ကြသည်။
ထိုသို့ပြောပြီးနောက် ကျင့်ကြံသူအများစုမှာ ထွက်ခွာရန် ရွေးချယ်လိုက်ကြပြီး ထာ့ထျန်းဂိုဏ်းသို့ ဝင်ရောက်ရန် လာကြသော မျိုးဆက်သစ် ကျင့်ကြံသူများပင် ပါဝင်လေသည်။
မည်သူကမျှ ကျန်ရစ်ပြီး ထာ့ထျန်းဂိုဏ်းနှင့်အတူ အသေခံချင်မည် မဟုတ်ချေ။
"မိတ်ဆွေ... ခင်ဗျားက အကုန်လုံးကို သတ်ပစ်ချင်နေတာလား"
လဲ့ထျန်းအရှင်သခင်က မျက်လုံးများ နီရဲကာ အသံတုန်တုန်ဖြင့် မေးလိုက်သည်။
"ငါတို့ ထာ့ထျန်းဂိုဏ်းမှာ သတ္တိကြောင်တဲ့လူတွေ မရှိဘူး။ ငါတို့ဂိုဏ်းကို ဖျက်ဆီးချင်တယ်ဆိုရင် ငါတို့ရဲ့ အလောင်းတွေကို နင်းဖြတ်သွားရလိမ့်မယ်"
လဲ့ထျန်းအရှင်သခင်က အက်ကွဲနေသောအသံဖြင့် ဟာဂိုရိုမိုကို စူးရဲစွာ ကြည့်ကာ ပြောလိုက်သည်။
ဤ လဲ့ထျန်းအရှင်သခင်သည်လည်း သစ္စာရှိသော သူတစ်ယောက်ဖြစ်ကြောင်း ဝန်ခံရမည် ဖြစ်ပေသည်။
သို့သော်လည်း ထာ့ထျန်းဂိုဏ်းရှိ လူတိုင်းက သူကဲ့သို့ ထာ့ထျန်းဂိုဏ်းနှင့်အတူ ငရဲပြည်သို့ လိုက်ပါရန် ဆန္ဒရှိနေကြသည်တော့ မဟုတ်ချေ။
"မင်းတို့အားလုံးလည်း ဒီသဘောပဲလား"
ဟာဂိုရိုမိုက ပြန်မဖြေဘဲ သူ၏အကြည့်များက ထာ့ထျန်းဂိုဏ်း၏ တပည့်များအပေါ်သို့ ကျရောက်သွားခဲ့သည်။
"အရှင်... ကျေးဇူးပြုပြီး မတိုက်ခိုက်ပါနဲ့။ ကျွန်တော် အခုပဲ ထာ့ထျန်းဂိုဏ်းကနေ ထွက်ပါပြီ။ ထာ့ထျန်းဂိုဏ်းနဲ့ ဘာမှမသက်ဆိုင်တော့ပါဘူး"
စိတ်ဓာတ်ကျဆင်းနေပြီဖြစ်သော ထာ့ထျန်းဂိုဏ်းမှ တပည့်တစ်ဦးက အလျင်အမြန် ဦးညွှတ်ကာ ပြောလိုက်လေသည်။
ပထမတစ်ယောက် ထွက်ပေါ်လာပြီးနောက်တွင် ဒုတိယ၊ တတိယ... စသည်ဖြင့် ဆက်တိုက် ထွက်ပေါ်လာကြတော့သည်။
အချိန်ခဏအကြာတွင် ထာ့ထျန်းဂိုဏ်းမှ တပည့်အများစုမှာ ထာ့ထျန်းဂိုဏ်းမှ နုတ်ထွက်ရန် ရွေးချယ်လိုက်ကြပြီး ထာ့ထျန်းဂိုဏ်းနှင့်အတူ ရင်ဆိုင်ရန် ဆန္ဒမရှိကြတော့ချေ။
ထာ့ထျန်းဂိုဏ်းမှ အကြီးအကဲများပင်လျှင် ထာ့ထျန်းဂိုဏ်းမှ နုတ်ထွက်ရန် ရွေးချယ်လိုက်ကြသည်။
"မင်းတို့... မင်းတို့တွေ... သစ္စာဖောက်တွေ... သစ္စာဖောက်တွေ"
လဲ့ထျန်းအရှင်သခင်၏ မျက်လုံးများမှာ ဒေါသကြောင့် ကွဲထွက်မတတ်ဖြစ်နေပြီး ထာ့ထျန်းဂိုဏ်းမှ နုတ်ထွက်သွားကြသော ကျင့်ကြံသူများစွာကို တုန်ရီစွာ လက်ညှိုးထိုးကာ ပြောလိုက်လေသည်။
ယခင်က ထာ့ထျန်းဂိုဏ်းအတွက် အသက်ပေးရန် ဆန္ဒရှိခဲ့ကြသော တပည့်များနှင့် အကြီးအကဲများက ထာ့ထျန်းဂိုဏ်းကို စွန့်ပစ်ရန် ရွေးချယ်သွားကြလိမ့်မည်ဟု သူ လုံးဝထင်မှတ်မထားခဲ့ချေ။
နံရံပြိုရင် လူတိုင်း ဝိုင်းတွန်းကြတယ်ဆိုတဲ့ စကားက ဒါမျိုးကို ပြောတာပဲ ဖြစ်သည်။
***