"လဲ့ထျန်းအရှင်သခင်... လူတွေက ကိုယ့်ကိုယ်ကိုယ် မငဲ့ကွက်ရင် ကောင်းကင်နဲ့မြေကြီးကတောင် ဖျက်ဆီးပစ်လိမ့်မယ်။ ကျွန်တော်တို့ကို အပြစ်မတင်ပါနဲ့"
ထာ့ထျန်းဂိုဏ်းမှ အကြီးအကဲတစ်ဦးက သက်ပြင်းချကာ ခပ်တိုးတိုး ပြောလိုက်သည်။
မည်သို့ပင်ဆိုစေ လူ့သဘာဝက တစ်ကိုယ်ကောင်းဆန်တတ်သည်ဖြစ်ရာ ဤကျင့်ကြံသူတစ်စုကို အချည်းနှီး အသက်စွန့်ရန် မည်သို့ မျှော်လင့်နိုင်ပါမည်နည်း။
အကယ်၍ ထာ့ထျန်းဂိုဏ်းကသာ အားကောင်းနေဆဲဆိုလျှင် သဘာဝကျကျပင် မည်သူကမျှ ထာ့ထျန်းဂိုဏ်းကို စွန့်ခွာသွားကြမည် မဟုတ်ချေ။
သို့သော် ယခုအချိန်တွင်မူ သူတော်စင်များ ကျဆုံးသွားခဲ့ပြီး ထာ့ထျန်းဂိုဏ်းကြီး ပြိုလဲပျက်စီးတော့မည့် အချိန်တွင် ဂိုဏ်းနှင့်အတူ အသေခံမည့်သူ မည်မျှ ရှိနိုင်ပါမည်နည်း။
ထာ့ထျန်းဂိုဏ်းမှ တပည့်တစ်စုသည် ကျင့်ကြံသူများစွာနှင့်အတူ ထာ့ထျန်းမြို့တော်နှင့် အဝေးသို့ ထွက်ပြေးသွားကြတော့သည်။
"ဟားဟားဟား... ကောင်းကင်ဘုံရဲ့ အလိုဆန္ဒပဲ... ကောင်းကင်ဘုံရဲ့ အလိုဆန္ဒပါပဲ"
လဲ့ထျန်းအရှင်သခင်က တုန်ရီစွာဖြင့် ဝမ်းနည်းကြေကွဲစွာ ပြုံးလိုက်ပြီး သူ၏အသံတွင် မျှော်လင့်ချက် ကင်းမဲ့မှုများ ပြည့်နှက်နေခဲ့သည်။
"လုပ်လိုက်စမ်းပါ"
ချက်ချင်းပင် လဲ့ထျန်းအရှင်သခင်က ထာ့ထျန်းဂိုဏ်းနှင့်အတူ အသေခံမည့် တပည့်များနှင့်အတူ မကျေမချမ်းဖြင့် ပြောလိုက်လေသည်။
"ဒီကိစ္စအတွက် ကောင်းကင်ဘုံကို အပြစ်တင်လို့ မရဘူး။ အပြစ်တင်ချင်ရင် မင်းတို့ကိုမင်းတို့သာ အပြစ်တင်ကြ။ မင်းတို့က ငါတို့ အင်ပါယာမင်းဆက်ရဲ့ ရန်သူတွေပဲ"
ဟာဂိုရိုမို၏မျက်လုံးများက အေးစက်နေပြီး သူ၏ လက်အင်္ကျီရှည်ကြီးကို ဝှေ့ယမ်းလိုက်လေသည်။
အင်ပါယာအရှင်သခင်၏အမိန့်အရ ထာ့ထျန်းဂိုဏ်းကို ဖျက်ဆီးရန် သူ ရောက်လာခဲ့သည် မဟုတ်ပါလော။
ထို့ကြောင့် ထာ့ထျန်းဂိုဏ်း ဆက်လက်တည်ရှိနေရန် သဘာဝကျကျပင် မလိုအပ်တော့ချေ။
ဥပမာအားဖြင့် ထာ့ထျန်းဂိုဏ်းမှ တပည့်များကို အလွတ်ပေးလိုက်ခြင်းက ဟာဂိုရိုမို၏ ဆန္ဒသက်သက်သာ ဖြစ်ပေသည်။
ပုရွက်ဆိတ်တစ်အုပ်ကို သတ်သည်ဖြစ်စေ၊ လွှတ်ပေးသည်ဖြစ်စေ ဘာမှကွာခြားသွားမည် မဟုတ်ချေ။ သေချာသည်ကတော့ ဤပုရွက်ဆိတ်တစ်အုပ်က ပုလော့မင်းဆက်၏ ဂုဏ်သတင်းကို ပိုမို ကျော်ကြားသွားစေနိုင်ပေသည်။
ပုလော့မင်းဆက်ကို အနိုင်ကျင့်စော်ကားသူများ၏ ကံကြမ္မာ မည်သို့ရှိမည်ကို လောကကြီးအား ပြသရန်အတွက် ထာ့ထျန်းဂိုဏ်းက အကောင်းဆုံး စံနမူနာတစ်ခု ဖြစ်သွားခဲ့လေပြီ။
နောက်တစ်ခဏတွင် သွေးမြူခိုးများ ဆက်တိုက် ပေါက်ကွဲထွက်လာပြီး လဲ့ထျန်းအရှင်သခင်နှင့် အခြားသူများအားလုံး ထိုနေရာတွင်ပင် ကျဆုံးသွားကြသည်။
လဲ့ထျန်းအရှင်သခင်နှင့် အခြားသူများမှာ အသွင်ပြောင်းအဆင့်သာ ရှိကြသည်ဖြစ်ရာ ဟာဂိုရိုမို၏ သာမန်တိုက်ခိုက်မှုတစ်ချက်ကိုပင် ခံနိုင်ရည်မရှိကြချေ။
အသွင်ပြောင်းအဆင့်ဆိုသည်မှာ ဟာဂိုရိုမို၏ မျက်လုံးထဲတွင် ပုရွက်ဆိတ်တစ်ကောင်လောက်ပင် အသုံးမကျပေ။
ချက်ချင်းပင် လေဟာနယ်က တုန်ခါသွားပြီး ကြည်လင်နေသော လက်ဝါးကြီးက ထပ်မံထွက်ပေါ်လာပြန်သည်။
သို့သော် ဤတစ်ကြိမ်တွင် ထိုလက်ဝါးကြီးက ပေနှစ်သိန်းခန့် ကြီးမားနေပြီး ထာ့ထျန်းမြို့တော်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
ထို့နောက် မြို့တော်တစ်ခုလုံးကို ဖုံးလွှမ်းထားသော ထိုကြည်လင်သည့် လက်ဝါးကြီးက ရုတ်တရက် ဖိနှိပ်ကျဆင်းလာလေသည်။
ထာ့ထျန်းမြို့တော်ကို ဗဟိုပြုကာ ကျယ်ပြန့်လှသော နေရာလွတ်ကြီးတစ်ခုလုံး ဖိနှိပ်ခံလိုက်ရပြီး အသက်ရှူကြပ်လုမတတ် ဖြစ်သွားရသည်။
လေဟာနယ်ထဲရှိ ကောင်းကင်မြေကြီး၏ ဝိညာဉ်စွမ်းအင်များသည် ဤကြည်လင်နေသော လက်ဝါးကြီး၏အောက်တွင် အကြီးအကျယ် ပေါက်ကွဲသွားပြီး အဆုံးမဲ့စွမ်းအင်လှိုင်းများက မိုင်သောင်းချီတိုင်အောင် ရိုက်ခတ်သွားခဲ့သည်။
ထာ့ထျန်းမြို့တော်မှ မိုင်ထောင်ချီဝေးသည့်တိုင်အောင် ထွက်ပြေးလွတ်မြောက်သွားသော ကျင့်ကြံသူများပင်လျှင် ရိုက်ခတ်မှုကြောင့် လွင့်စင်သွားခဲ့ကြရသည်။
ထိုကြည်လင်နေသော လက်ဝါးကြီး၏အောက်တွင် ထာ့ထျန်းမြို့တော်ရှိ အဆောက်အအုံများ၊ မဏ္ဍပ်များနှင့် နန်းဆောင်များအားလုံး တစ်ခုပြီးတစ်ခု ပြိုကျပျက်စီးသွားခဲ့ကြလေသည်။
ထို့နောက် လေကြမ်းများ၏ လှည့်ပတ်မွှေနှောက်မှုကြောင့် မရေမတွက်နိုင်သော အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
မီးခိုးများနှင့် ဖုန်မှုန့်များက နေရာအနှံ့ ပြန့်လွင့်နေပြီး နေနှင့် ကောင်းကင်ကိုပင် ဖုံးကွယ်သွားစေ၏။
ကျယ်ပြန့်လှသော ကမ္ဘာမြေကြီးမှာ သုံးကြိမ်တိုင်တိုင် တုန်လှုပ်သွားခဲ့ပြီး ရိုက်ခတ်မှုဂယက်ကြောင့် တောင်တန်းမည်မျှ ပြိုကျသွားကာ မြို့တော်မည်မျှ ပျက်စီးသွားသည်ကို မည်သူကမျှ မသိနိုင်တော့ချေ။
"ဟူး..."
ဖုန်မှုန့်များ ငြိမ်သက်သွားသောအခါ သိုင်းပညာရှင်များစွာက နောက်သို့ လှည့်ကြည့်လိုက်ကြသည်။
မူလက ခမ်းနားစွာတည်ရှိနေခဲ့သော ထာ့ထျန်းမြို့တော်ကြီးမှာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး ၎င်း၏နေရာတွင် ပြိုင်ဘက်ကင်းသော ဧရာမ လက်ဝါးရာကြီးတစ်ခုသာ အစားထိုး နေရာယူထားလေသည်။
လက်ဝါးတစ်ချက်တည်းဖြင့် မြို့တော်ကို ဖျက်ဆီးပြီး ဂိုဏ်းကြီးကို ချေမှုန်းပစ်လိုက်ခြင်းပင်။
"လောကကြီးမှာ ထာ့ထျန်းဂိုဏ်းဆိုတာ မရှိတော့ဘူး... ထာ့ထျန်းဂိုဏ်းဆိုတာ မရှိတော့ဘူး"
ဤမြင်ကွင်းကို ကိုယ်တိုင်မြင်တွေ့လိုက်ရသော ကျုံးကျိုးမှ ကျင့်ကြံသူများစွာမှာ တီးတိုးရေရွတ်လိုက်ကြသည်။
"ကျုံးကျိုးမှာ မုန်တိုင်းကြီးတစ်ခု ထန်တော့မယ်"
ဗဟုသုတကြွယ်ဝသော ကျင့်ကြံသူများကပင် ခပ်တိုးတိုး သက်ပြင်းချလိုက်ကြလေသည်။
ထျန်းယောင်ကုန်းမြေတိုက်ကြီးတွင် ဤမျှကြီးစိုးလွှမ်းမိုးနိုင်သော အင်အားစုတစ်ခု ပေါ်ထွက်လာခဲ့ပြီဖြစ်ရာ နောင်တွင် ငြိမ်းချမ်းတော့မည်မဟုတ်ကြောင်း ကံကြမ္မာက သတ်မှတ်လိုက်ပြီဖြစ်၏။
ထို့ပြင် ဤအင်အားစုသည် ဂိုဏ်းကြီးတစ်ခုကိုပင် အစုလိုက်အပြုံလိုက် သတ်ဖြတ်နိုင်စွမ်းရှိလောက်အောင် အလွန်အမင်း အစွမ်းထက်နေခဲ့သည်။
ဤသတင်း ထွက်ပေါ်လာသောအခါ ကျုံးကျိုးသာမက ထျန်းယောင်ကုန်းမြေတိုက်ကြီးတစ်ခုလုံးပါ တုန်လှုပ်သွားမည်ကို လူတိုင်းက ကြိုတင် တွေးတောမိနေကြလေပြီ။
ထာ့ထျန်းဂိုဏ်းကို စွန့်ခွာသွားခဲ့ကြသော ကျင့်ကြံသူများမှာမူ အားလုံး ဝမ်းနည်းနေကြပြီး ခေါင်းများ ငုံ့ထားကြသည်။
ပုလော့မင်းဆက်သည် ထာ့ထျန်းဂိုဏ်း၏ အလောင်းများကို နင်းကာ ၎င်း၏ပြိုင်ဘက်ကင်းသော ဂုဏ်သတင်းကို ရယူသွားခဲ့လေပြီ။
.............
ပျက်စီးသွားသော မြို့တော်။
ပြိုကျနေသော မဏ္ဍပ်များ။
အေးစက်သောလရောင်က ပြိုပျက်နေသော နံရံအပျက်အစီးများပေါ်သို့ ကျဆင်းလာပြီး အေးစက်စက်လရောင်အငွေ့အသက်ကို ပေးစွမ်းနေသည်။
မူလက ခမ်းနားထည်ဝါခဲ့သော မြို့တော်ကြီးသည် ယခုအချိန်တွင် တစ္ဆေသရဲများ ကျက်စားရာနေရာတစ်ခုအဖြစ် ပြောင်းလဲသွားသည့်အလား အထူးတလည် ခြောက်ကပ်နေပြီး အမှောင်ထုဖုံးလွှမ်းနေခဲ့သည်။
ထာ့ထျန်းမြို့တော်မှ ထွက်ပြေးလွတ်မြောက်သွားကြသော မရေမတွက်နိုင်သည့် ကျင့်ကြံသူများက အတိတ်က ခမ်းနားခဲ့သော မြို့တော်ကြီးကို စကားတစ်ခွန်းမျှ မဆိုဘဲ ငေးကြည့်နေကြ၏။
ကြောက်မက်ဖွယ်ကောင်းသော လက်ဝါးရာကြီးက လူတိုင်း၏ မျက်လုံးထဲတွင် ရှင်းလင်းစွာ ထင်ဟပ်နေပြီး နက်ရှိုင်းလှသည့် ကွေ့ကောက်ဆင်းသွားသော ချောက်ကမ်းပါးနက်ကြီးက ပို၍ပင် ထိတ်လန့်ဖွယ် ကောင်းနေပေသည်။
ပြိုင်ဘက်ကင်းတယ်ဆိုတာ ဘာလဲ။
တစ်ယောက်တည်းနဲ့ ကောင်းကင်ကို နင်းလျှောက်ပြီး အမြင့်မြတ်ဆုံး ဂိုဏ်းကြီးကို ကိုယ်ပိုင်စွမ်းအားနဲ့ ဖျက်ဆီးပစ်နိုင်ခြင်းပင်။
ယခုအချိန်တွင် ဟာဂိုရိုမို ပြသလိုက်သော စွမ်းအားကို ပြိုင်ဘက်ကင်းသည်ဟု ခေါ်ဆိုနိုင်သည်။
ဂုဏ်သိက္ခာကြီးမားလှသော အမြင့်မြတ်ဆုံးဂိုဏ်းကြီး၊ သူတော်စင်ငါးပါးနှင့် မြင့်မြတ်လက်နက်အများအပြားကို အုတ်မြစ်အဖြစ် ပိုင်ဆိုင်ထားပြီး နှစ်သန်းပေါင်းများစွာ ကျုံးကျိုး၌ စိုးမိုးနိုင်ခဲ့သည်။ ၎င်းကို ထျန်းယောင်ကုန်းမြေတိုက်ကြီးအား ကြီးစိုးသော အမြင့်မြတ်ဆုံး ဂိုဏ်းကြီးများထဲမှတစ်ခုဟု ခေါ်ဆိုနိုင်ပြီး ထျန်းယောင်ပြည်နယ်ကိုးခုစလုံးတွင် ဂုဏ်သတင်း ကျော်ကြားခဲ့ပေသည်။
သို့တိုင်အောင်...
ယခု၌ လက်ဝါးတစ်ချက်တည်းဖြင့် ဂိုဏ်းကြီးကို ချေမှုန်းပစ်လိုက်လေပြီ။
ထာ့ထျန်းသူတော်စင်နှင့် အခြားသူများကျဆုံးသွားပြီးနောက် စီးကျလာသော သူတော်စင်သွေးများက တိတ်ဆိတ်စွာ စီးဆင်းနေဆဲဖြစ်သည်။ အာဟာရ ရရှိသွားသော မရေမတွက်နိုင်သည့် သစ်ပင်များက ရူးသွပ်စွာ ကြီးထွားလာကြပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် မူလက မြို့တော်တည်ရှိခဲ့သော နေရာသည် စိမ်းလန်းသော သစ်တောကြီးအဖြစ် ဖုံးလွှမ်းသွားလေသည်။
ထိုမျှမကသေးဘဲ သဲ့သဲ့မျှ ကြားနေရသော ငိုကြွေးသံများက လေဟာနယ်ထဲတွင် ပဲ့တင်ထပ်နေပြီး နတ်ဘုရားတစ်ပါး ငိုကြွေးနေသည့်အလား၊ သူတော်စင်တစ်ပါး ငိုကြွေးနေသည့်အလား ဖြစ်နေခဲ့သည်။
အမှန်စင်စစ် သူတော်စင်တစ်ပါး၏ စွမ်းအားဆိုသည်မှာ တာအိုသဘောတရားများကို နားလည်သဘောပေါက်ပြီး ခန္ဓာကိုယ်ထဲတွင် စုစည်းထားနိုင်သော အစွမ်းအထက်ဆုံး စွမ်းရည်ပင်ဖြစ်သည်။
သူတော်စင်တစ်ပါးကျဆုံးသွားပါက သူ၏ခန္ဓာကိုယ်ထဲရှိ တာအိုများက ပြိုကွဲသွားမည်ဖြစ်ပြီး သဘာဝကျကျပင် အမှောင်ထုထဲရှိ ဥပဒေသမြစ်ကြီးကို လှုပ်ခတ်သွားစေမည်ဖြစ်၏။
၎င်းက ကောင်းကင်ယံတွင် ကောင်းကင်နှင့် မြေကြီး ငိုကြွေးနေသည့်အလား၊ မြည်တမ်းနေသည့်အလား ထူးဆန်းသော မြင်ကွင်းတစ်ခုကို ထွက်ပေါ်လာစေခဲ့သည်။
ယခုလို သူတော်စင်သုံးပါးက တစ်နေရာတည်းတွင် ဆက်တိုက်ကျဆုံးသွားသည်ကို ပြောနေစရာပင် မလိုတော့ချေ။
ထို့အပြင် ဤနေရာသည် မြောက်ပိုင်းရေခဲကန္တာရ မဟုတ်ပေ။ သူတော်စင်ကျဆုံးသွားသည့် မြင်ကွင်းကို မပေါ်လွင်စေရန် ဖိနှိပ်ထားနိုင်မည့် မုန်တိုင်းများ လေဟာနယ်ထဲတွင် မရှိချေ။
သူတော်စင်သုံးပါး တစ်ပြိုင်နက်တည်း ကျဆုံးသွားခဲ့ရာ ထိုထူးဆန်းသောမြင်ကွင်းက သဘာဝကျကျပင် ထင်ရှားစွာ ထွက်ပေါ်လာသည်။
မိုင်ထောင်ချီဝေးသော နေရာမှ မူလက ထာ့ထျန်းဂိုဏ်းမှ ဖြစ်ကြသော တပည့်များပင်လျှင် ဤမြင်ကွင်း၏ လွှမ်းမိုးမှုကြောင့် ဝမ်းနည်းပူဆွေးကာ ငိုကြွေးခဲ့ကြလေသည်။
ထာ့ထျန်းဂိုဏ်းမှ မဟုတ်သော အချို့သော ကျင့်ကြံသူများပင်လျှင် လွှမ်းမိုးခံရပြီး ဝမ်းနည်းသွားကြရသည်။
သေချာသည်ကတော့ ဟာဂိုရိုမိုသည် ဤမြင်ကွင်း၏ လွှမ်းမိုးမှုကို ခံရမည်မဟုတ်ချေ။
မီးခိုးများနှင့် ဖုန်မှုန့်များ ပျောက်ကွယ်သွားသောအခါ သူက ထွက်မသွားသေးပေ။ သူ၏ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး ထာ့ထျန်းမြို့တော်တည်ရှိခဲ့ရာ နေရာသို့ ရောက်လာကာ သူ၏လက်အင်္ကျီရှည်ကြီးကို ဝှေ့ယမ်းလိုက်ပြီး လေဟာနယ်အတားအဆီးကို ချိုးဖျက်လိုက်သည်။
ရှည်လျားပြီး ကျဉ်းမြောင်းသော အမည်းရောင် အက်ကွဲကြောင်းများက သူ၏ရှေ့တွင် ရုတ်တရက် ထွက်ပေါ်လာလေသည်။
ဤအရာများသည် ထာ့ထျန်းဂိုဏ်းမှ စွမ်းအားရှင်ကြီးများ ဖွင့်လှစ်ထားခဲ့သော လျှို့ဝှက်ကမ္ဘာငယ်များဖြစ်ပြီး ထာ့ထျန်းဂိုဏ်း၏အုတ်မြစ်အဖြစ် နှစ်ပေါင်းမရေမတွက်နိုင်အောင် စုဆောင်းထားခဲ့သမျှများ ပါဝင်နေသည်။
"လာစမ်း"
ဟာဂိုရိုမိုက လေဟာနယ်ထဲသို့ လှမ်းဆုပ်လိုက်ရာ အားကောင်းသော စုပ်ယူမှုတစ်ခုက သူ၏လက်ထဲမှ ထွက်ပေါ်လာသည်။
တောက်ပသော အလင်းတန်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး ဝိညာဥ်လက်နက်များနှင့် ဆေးရနံ့များ သင်းပျံ့နေသော ဆေးလုံးများက အက်ကွဲကြောင်းများထဲမှ ပျံသန်းထွက်ပေါ်လာကာ ဟာဂိုရိုမို၏ လက်အင်္ကျီရှည်ကြီးထဲသို့ ကျဆင်းသွားကြသည်။
၎င်းတို့ထဲတွင် ကောင်းကင်အဆင့်ဝိညာဥ်လက်နက်၊ မြေကြီးအဆင့်ဝိညာဥါလက်နက်၊ ကောင်းကင်အဆင့် ဆေးလုံး၊ မြေကြီးအဆင့်ဆေးလုံး စသည်တို့ ပါဝင်လေသည်။
ဤအရာများက ဟာဂိုရိုမိုအတွက် သိပ်အသုံးမဝင်လှသော်လည်း ပုလော့မင်းဆက်အတွက် လိုအပ်မည်ဖြစ်ရာ ဟာဂိုရိုမိုက အားလုံးကို သိမ်းဆည်းလိုက်ပြီး ချင်ယိထံသို့ ပေးအပ်ရန် ပြင်ဆင်လိုက်သည်။
မည်သို့ပင်ဆိုစေ ထာ့ထျန်းဂိုဏ်းသည် ဂိုဏ်းကြီးတစ်ခုဖြစ်ပြီး နာမည်ကျော်ကြားလှပြီး ၎င်း၏ နောက်ခံအင်အားကလည်း နက်ရှိုင်းလှ၏။ အကယ်၍ ပုလော့မင်းဆက်ကသာ အပြည့်အဝအသုံးချနိုင်မည်ဆိုပါက ပုလော့မင်းဆက်၏ နောက်ခံအင်အားကို တစ်ဟုန်ထိုး ထပ်မံ မြင့်တက်လာစေနိုင်လေသည်။
သူတော်စင်များအတွက် များစွာအကျိုးရှိစေပြီး နှစ်သန်းပေါင်းများစွာ သက်တမ်းရှိပြီဖြစ်သော အမြင့်မြတ်ဆုံးဆေးပင်များကိုပင် ဟာဂိုရိုမိုက သူ၏ အိတ်ထဲသို့ ထည့်သွင်းသိမ်းဆည်းလိုက်သည်ကို မြင်တွေ့နိုင်ပေသည်။
ခေတ္တမျှ ကြာပြီးနောက်။
ထာ့ထျန်းဂိုဏ်းက နှစ်သန်းပေါင်းများစွာတိုင်အောင် စုဆောင်းထားခဲ့သော ပစ္စည်းများအားလုံးကို ဟာဂိုရိုမိုက သိမ်းဆည်းရယူလိုက်ပြီဖြစ်ပြီး အင်ပါယာမင်းဆက်ထံသို့ ပြန်ယူသွားရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။
***