တောက်ပသော အလင်းတန်းများ ထွက်ပေါ်နေသည့် ရတနာပစ္စည်းများက ဟာဂိုရိုမို၏ လက်အင်္ကျီရှည်ကြီးထဲသို့ ဝင်ရောက်သွားခဲ့သည်။
ပြောရမည်ဆိုလျှင် ဤလုပ်ငန်းစဉ်အတွင်း လျှို့ဝှက်ကမ္ဘာငယ်ထဲတွင် ပုန်းအောင်းနေသော ထာ့ထျန်းဂိုဏ်းမှ တပည့်အချို့ကိုလည်း ဟာဂိုရိုမိုက ရှာဖွေတွေ့ရှိခဲ့ပေသည်။
သူတို့က လျှို့ဝှက်ကမ္ဘာငယ်ထဲတွင် ပုန်းအောင်းနေပါက ဤကပ်ဘေးကြီးမှ လွတ်မြောက်နိုင်မည်ဟု ထင်မှတ်နေခဲ့ကြ၏။
ချက်ချင်းပင် ဟာဂိုရိုမိုက လှုပ်ရှားလိုက်ပြီး ထိုတပည့်များကို လွယ်ကူစွာ သတ်ဖြတ်ပစ်လိုက်သည်။
နောက်ဆုံးတွင် ဟာဂိုရိုမိုက သူ၏လက်အင်္ကျီရှည်ကြီးကို အနည်းငယ် ခါယမ်းလိုက်ရာ နက်မှောင်သော အလင်းတန်းတစ်ခုက ဖြတ်သန်းသွားလေသည်။
ထို့နောက် လျှို့ဝှက်ကမ္ဘာငယ်များသည် အက်ကွဲသံနှင့်အတူ တစ်ခုပြီးတစ်ခု ပြိုကျပျက်စီးသွားခဲ့သည်။
အလင်းတန်းများ ပျောက်ကွယ်သွားပြီး လျှို့ဝှက်ကမ္ဘာငယ်ထဲရှိ မရေမတွက်နိုင်သော အဆောက်အအုံများ ပြိုကျသွားခဲ့သည်။ လေဟာနယ်မုန်တိုင်း၏ မွှေနှောက်မှုကြောင့် ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားပြီး မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားဆလသည်။
ယခင်က တည်ရှိခဲ့သော အရိပ်အယောင်များကို လုံးဝ ရှာမတွေ့နိုင်တော့ချေ။ မည်သို့ပင်ဆိုစေ တည်ဆောက်ခြင်းထက် ဖျက်ဆီးခြင်းက ပို၍ လွယ်ကူသည် မဟုတ်ပါလော။
ဤအချိန်တွင် အမြင့်မြတ်ဆုံးဂိုဏ်းကြီးတစ်ခု လုံးဝ ပြိုလဲပျက်စီးသွားခဲ့လေပြီ။
ထိုအရာများကို လုပ်ဆောင်ပြီးနောက် ဟာဂိုရိုမိုက ခြေတစ်လှမ်းလှမ်းလိုက်ပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့သည်။
သူ၏လုပ်ရပ်များကြောင့် ဆွံ့အမှင်သက်နေကြသော ကျင့်ကြံသူတစ်စုသာ ကျန်ရစ်ခဲ့တော့သည်။
"ထာ့ထျန်းဂိုဏ်းတော့ ပျက်စီးသွားခဲ့ပြီပဲ"
"ဒီနေ့ကစပြီး ဂိုဏ်းကြီးခုနစ်ဂိုဏ်းမှာ ခြောက်ဂိုဏ်းပဲ ကျန်တော့မယ်"
"သူတော်စင်ငါးပါးစလုံး ကျဆုံးသွားခဲ့ပြီး မြင့်မြတ်နယ်မြေတစ်ခု နိဂုံးချုပ်သွားခဲ့ပြီပဲ"
မရေမတွက်နိုင်သော ကျင့်ကြံသူများက ဟာဂိုရိုမို ထွက်ခွာသွားသော ကျောပြင်ကိုကြည့်ရင်း စိတ်ထဲတွင် သက်ပြင်းချလိုက်ကြသည်။
ပေ့ကျိုးမှ ကျန်းမိသားစု၊ ကျုံးကျိုးမှ ဟူမိသားစု ကဲ့သို့သော အထက်တန်းလွှာ ကျင့်ကြံသူများနှင့် သက်ကြီးပိုင်း ကျင့်ကြံသူများမှာ ပို၍ပင် တွေဝေငေးမောနေခဲ့ကြသည်။
သူတို့က ကျုံးကျိုးသာမက ထျန်းယောင်ကုန်းမြေတိုက်ကြီးတစ်ခုလုံးတွင် ဖြစ်ပေါ်လာတော့မည့် မုန်တိုင်းများကို ကြိုတင်မြင်ယောင်နေကြသည့်အလား ရှိလေသည်။
ထာ့ထျန်းဂိုဏ်းကဲ့သို့ အင်အားကြီးမားသော ဂိုဏ်းကြီးပင်လျှင် ဟာဂိုရိုမို တစ်ယောက်တည်းကိုပင် ယှဉ်နိုင်သော ပြိုင်ဘက်မဟုတ်ခဲ့ချေ။
ရီကျန့်နန်းတော်မှ ဓားသခင်ပင်လျှင် အညံ့ခံရုံကလွဲပြီး ရွေးချယ်စရာရှိမည်မဟုတ်ကြောင်း သူတို့ စိုးရိမ်မိကြသည်။
ဤသည်က ပုလော့မင်းဆက်တွင် သူတော်စင်မရှိတာမဟုတ်ဘဲ ထျန်းယောင်ကုန်းမြေတိုက်ကြီး၏ နံပါတ်တစ်ပုဂ္ဂိုလ်ဟု ခေါ်ဆိုနိုင်သော အစွမ်းထက်စွမ်းအားရှင်ကြီးတစ်ဦး ရှိနေကြောင်းကို ဆိုလိုနေခြင်းပင် ဖြစ်သည်။
အထက်တန်းလွှာ ကျင့်ကြံသူများစွာက အသိပညာ ဗဟုသုတကြွယ်ဝကြသော်လည်း သူတော်စင်အဆင့် ကျင့်ကြံသူများ၏ အဆင့်ခွဲခြားမှုများကို အတိအကျ မသိကြချေ။ အကယ်၍ ဟာဂိုရိုမိုသည် ရှေးဟောင်းသူတော်စင်တစ်ပါးဖြစ်ကြောင်းကိုသာ သူတို့ သိလိုက်ရပါက မည်မျှတိုင်အောင် အံ့သြတုန်လှုပ်သွားကြမည်ကို တွေးကြည့်၍ပင် မရနိုင်တော့ပေ။
သေချာသည်ကတော့ ထိုသို့ဆိုလျှင်ပင် ယခု ဟာဂိုရိုမို ပြသလိုက်သော တိုက်ခိုက်ရေးစွမ်းအားက လူတိုင်းအတွက် ထိတ်လန့်ကြောက်ရွံ့ဖွယ်ရာ ဖြစ်နေခဲ့ပေပြီ။
အခြားအရာများကို ထားလိုက်လျှင်ပင် ဤပုဂ္ဂိုလ်ရှိနေခြင်းက အခြားသောဂိုဏ်းကြီးများစွာအတွက် ကြီးမားသော ခြိမ်းခြောက်မှုကြီးတစ်ခုဖြစ်နေသည်။
အင်အားကြီးမင်းဆက်များကလည်း ပုလော့မင်းဆက်၏အင်အားကို ကြောက်ရွံ့နေကြရတော့မည် ဖြစ်သည်။
ဟာဂိုရိုမိုက ထာ့ထျန်းဂိုဏ်းကို ဖျက်ဆီးနိုင်ခဲ့သည်ဖြစ်ရာ သူကအခြားအင်အားစုများကို ဖျက်ဆီးချင်မည်ဆိုပါကလည်း ခက်ခဲသောကိစ္စတစ်ခု မဟုတ်ကြောင်းကို ပြသနေလေသည်။
ဤမျှ အစွမ်းထက်သော စွမ်းအားမျိုးကို မည်သူက မကြောက်ဘဲ နေနိုင်ပါမည်နည်း။
ဂိုဏ်းကြီးများစွာနှင့် မင်းဆက်များ၏ အင်အားစုများ ပူးပေါင်းလိုက်မှသာ ဤပုဂ္ဂိုလ်ကို အနိုင်ယူနိုင်ပြီး ပုလော့မင်းဆက်ကို ဖျက်ဆီးနိုင်ရန် ဖြစ်နိုင်ခြေ ရှိပေမည်။
သို့သော်လည်း ထိပ်တန်းအင်အားစုများစွာ ပူးပေါင်းရန်ဆိုသည်မှာ ပြောသလောက် မလွယ်ကူလှချေ။
ပုလော့မင်းဆက်က အခြားအင်အားစုများကို ဖျက်ဆီးမည့် အရိပ်အယောင် မပြသေးသရွေ့ အင်အားစုများအကြားရှိ ရန်ငြိုးများကြောင့် သူတို့ ပူးပေါင်းနိုင်ရန်ဆိုသည်မှာ မဖြစ်နိုင်ကြောင်းကို ပြောစရာပင် မလိုတော့ချေ။
အင်အားစုများစွာက ပုလော့မင်းဆက်ကို တိုက်ခိုက်ချင်လျှင်တောင်မှ အလောတကြီး မလှုပ်ရှားရဲကြတော့ချေ။ ဟာဂိုရိုမို တစ်ယောက်တည်းနှင့်ပင် သူတို့ကို မလှုပ်ရှားရဲအောင် အပြည့်အဝ ဟန့်တားထားနိုင်သည်။
မည်သို့ပင်ဆိုစေ ထာ့ထျန်းမြို့တော်တွင် ဖြစ်ပျက်ခဲ့သမျှ ဇာတ်လမ်းများ ဤနေရာတွင် ပြီးဆုံးသွားပြီးနောက် ထိုသတင်းက လျှပ်စီးလက်သကဲ့သို့ ထျန်းယောင်ကုန်းမြေတိုက်ကြီး တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။
ဤသတင်းတစ်ခုတည်းကပင် ကျုံးကျိုးရှိ ဂိုဏ်းကြီးများစွာကို တုန်လှုပ်ချောက်ချားသွားစေခဲ့လေသည်။
တစ်ရက်အတွင်းမှာပင် ထျန်းယောင်ရှိ အခြားသော ပြည်နယ်ကြီးများမှ စွမ်းအားရှင်များပင် ဤသတင်းကို ကြားသိသွားခဲ့ကြသည်။
ထျန်းယောင်ကုန်းမြေတိုက်ကြီးတစ်ခုလုံးသည် ဤတိုက်ပွဲကြောင့် တုန်လှုပ်သွားခဲ့ရပြီး ဟာဂိုရိုမိုနှင့် ပုလော့မင်းဆက်အတွက် အံ့သြစိတ်လှုပ်ရှားနေခဲ့ကြလေသည်။
ပုလော့ဟူသော နာမည်သည် ပြာလဲ့သော ကောင်းကင်ယံထက်မှ နေမင်းကြီးအလား ထျန်းယောင်ကုန်းမြေတိုက်ကြီးတစ်ခုလုံးတွင် မြင့်မားစွာ လင်းလက်တောက်ပနေတော့သည်။
ရက်အနည်းငယ်အတွင်းမှာပင် အင်အားစုအားလုံးနီးပါး ဤသတင်းကို ရရှိခဲ့ကြပြီး လူတိုင်းမှာ ဤကိစ္စအတွက် ကြောက်ရွံ့တုန်လှုပ်နေခဲ့ကြသည်။
အမြင့်မြတ်ဆုံးဂိုဏ်းကြီးခုနစ်ဂိုဏ်းနှင့် အင်ပါယာမင်းဆက်များကဲ့သို့သော အင်အားစုများသည် ထျန်းယောင်ကုန်းမြေတိုက်ကြီးပေါ်တွင် ထာဝရ မားမားမတ်မတ် ရပ်တည်နေလိမ့်မည်ဟု မရေမတွက်နိုင်သော ကျင့်ကြံသူများက ထင်မှတ်ထားခဲ့ကြ၏။
ဂိုဏ်းကြီးများ၏ နောက်ခံဖြစ်သော သူတော်စင်များရှိနေသရွေ့ အဆင့်တူဂိုဏ်းကြီးများနှင့် မင်းဆက်များမှလွဲ၍ မည်သည့်အင်အားစုက သူတို့၏ ပြိုင်ဘက် ဖြစ်လာနိုင်မည်မဟုတ်ပေ
ဂိုဏ်းတစ်ခုလုံး ဖျက်ဆီးခံလိုက်ရခြင်းဆိုလျှင် ပြောနေစရာပင် မလိုတော့ချေ။
ထျန်းယောင်ကုန်းမြေတိုက်ကြီး၏ နှစ်သန်းပေါင်းများစွာ သမိုင်းတစ်လျှောက်တွင် ဂိုဏ်းကြီးတစ်ခု ပြိုလဲပျက်စီးခဲ့ရသည့် မှတ်တမ်းဝင် ဖြစ်ရပ်တစ်ခုသာ ရှိခဲ့ဖူးသည်။
၎င်းမှာ ချင်းကျိုးကို ကြီးစိုးခဲ့သော နတ်ဆိုးမျိုးနွယ်စုများ၏ အမှောင်မင်းဆက်ပင် ဖြစ်သည်။
ထိုအမှောင်မင်းဆက် ပြိုလဲပျက်စီးခဲ့ရခြင်းမှာလည်း လူသားမျိုးနွယ်စုများ၏ ဂိုဏ်းကြီးများနှင့် မင်းဆက်အင်အားစုများ၏ ဝင်ရောက်စွက်ဖက်မှုကြောင့်သာ ဖြစ်၏။
လက်တစ်ဖက်စာထက်မကသော ဂိုဏ်းကြီးများနှင့် မင်းဆက်များအားလုံးက အမှောင်မင်းဆက်ကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြ၍သာ ထိုအမှောင်မင်းဆက်ကို ဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်လေသည်။
ထာ့ထျန်း ရှေးဟောင်းသူတော်စင်ထံမှ အမွေဆက်ခံထားပြီး အမြင့်မြတ်ဆုံးဂိုဏ်းကြီးခုနစ်ဂိုဏ်းထဲမှ တစ်ခုအဖြစ် သတ်မှတ်ခံထားရသော ထာ့ထျန်းဂိုဏ်းကိုမူ ဆိုဖွယ်ရာ မရှိတော့ချေ။
ထာ့ထျန်းဂိုဏ်းကြီး ဖျက်ဆီးခံရလိမ့်မည်ဟု မည်သူကမျှ တွေးပင် မတွေးဖူးခဲ့ကြပေ။
"သူတော်စင် ငါးပါးစလုံး ကျဆုံးသွားခဲ့ပြီ"
"ထာ့ထျန်းဗိမာန်လည်း အလုခံလိုက်ရပြီ"
"နှစ်ထောင်ပေါင်းများစွာ ရပ်တည်လာခဲ့တဲ့ ထာ့ထျန်းမြို့တော်ကြီးကလည်း လက်ဝါးတစ်ချက်တည်းနဲ့ အခြေမှုန်းခံလိုက်ရပြီ"
"နှစ်သန်းပေါင်းများစွာ စုဆောင်းထားခဲ့တဲ့ အမွေအနှစ်တွေ အားလုံးလည်း တခြားလူတွေ ယူသွားတာ ခံလိုက်ရပြီ"
သတင်းအချက်အလက် တစ်ခုချင်းစီတိုင်းသည် သတင်းကို ကြားသိရသော ကျင့်ကြံသူများ၏ နှလုံးသားပေါ်သို့ ရိုက်ချလိုက်သည့် နတ်ဘုရားများ၏ ကြာပွတ်တစ်ခုအလားဖြစ်နေပြီး သူတို့၏ ရင်ကို တုန်လှုပ်သွားစေသည်။
သာမန်လူများဖြစ်စေ၊ ဂိုဏ်းကြီးအသီးသီးမှ အကြီးအကဲများဖြစ်စေ၊ မင်းဆက်များမှ အမတ်များဖြစ်စေ ဤသတင်းကို ကြားရချိန်တွင် သူတို့အားလုံး၏ မျက်နှာအမူအရာများမှာ အတူတူပင် ဖြစ်နေခဲ့ကြသည်။
လူများစွာသည် သတင်းကို ကြားလိုက်ရချိန်တွင် သူတို့၏ မျက်နှာများ ပျက်ယွင်းသွားကြပြီး လေအေးများ စုပ်ယူလိုက်ကြကာ သတင်းစကားပါးလာသူအား သတင်းသေချာရဲ့လားဟု အထပ်ထပ်အခါခါ မေးမြန်းခဲ့ကြလေသည်။
"မယုံနိုင်စရာပဲ... တကယ်ကို မယုံနိုင်စရာပဲ"
မူလက အဆင့်အတန်းမြင့်မားခဲ့သော ဂိုဏ်းကြီးသည် တကယ်တမ်းတွင် ဤမျှမြန်ဆန်ပြီး ပြတ်သားစွာပင် အခြားသူများ၏ နင်းခြေခြင်းကို ခံလိုက်ရပြီး လူတိုင်းကို လုံးဝ ဆွံ့အမှင်သက်သွားစေသည့် ခံစားချက်ကို ပေးစွမ်းနေလေသည်။
အမြင့်မြတ်ဆုံးဂိုဏ်းကြီးဆိုသည်မှာ ကောင်းကင်ကိုးထပ် နန်းတော်ကြီးအလား ကျုံးကျိုး၏ အထက်၊ ထျန်းယောင်ကုန်းမြေတိုက်ကြီး၏ အထက်တွင်ပင် မြင့်မားစွာ တည်ရှိနေပြီး ပြောင်းလဲနေသော လောကကြီးကို ငုံ့ကြည့်နေခဲ့သည် မဟုတ်ပါလော။
ဘယ်သောအခါမှ မကျဆုံးနိုင်ခဲ့ပေ။
နတ်ဆိုးမျိုးနွယ်စုများ၏ စွမ်းအားပင်လျှင် သူတို့၏ အဆင့်အတန်းကို မတုန်လှုပ်စေနိုင်ခဲ့ချေ။
သို့သော် ယနေ့တွင်တော့ ယခုမှ အသစ်တက်လာသော မင်းဆက်တစ်ခု၏ ဖျက်ဆီးခြင်းကို ခံလိုက်ရပြီး ၎င်းမှာလည်း ပုလော့မင်းဆက်မှ လူတစ်ယောက်တည်း၏ လက်ချက်သာ ဖြစ်နေခဲ့သည်။
အစပိုင်းတွင် ပုလော့မင်းဆက် ယခုမှ စတင်အင်အားကြီးမားလာချိန်၌ အင်အားစုများစွာက ၎င်းကို အထင်အမြင်သေးခဲ့ကြပြီး မင်းဆက်တစ်ခု၏ အင်အားနှင့် မထိုက်တန်ဟု ပြောဆိုခဲ့ကြသည်။
လအနည်းငယ်ကြာပြီးနောက်တွင် ပုလော့မင်းဆက်က ဤမျှကြောက်မက်ဖွယ်ကောင်းသော အင်အားကို ပြသလာလိမ့်မည်ဟု မည်သူက ထင်မှတ်ထားခဲ့ပါမည်နည်း။
ထာ့ထျန်းဂိုဏ်းကို ခြေတစ်ဖက်တည်းဖြင့် နင်းခြေလိုက်ပြီး သူတော်စင်ငါးပါး၏ အရိုးများကို အသုံးပြုကာ ပြိုင်ဘက်ကင်းသော ဂုဏ်သတင်းကို ဖန်တီးလိုက်ခြင်းပင်။
ပျက်စီးခြင်းမရှိသော နာမည်တစ်ခုက ကောင်းကင်ကိုးထပ်တိုင်အောင် ကျော်ကြားသွားခဲ့လေပြီ။
ဤနေ့တွင်။
ထာ့ထျန်းဂိုဏ်းကျဆုံးသွားသည့် သတင်းနှင့်အတူ ပုလော့မင်းဆက်ဟူသော နာမည်က ထျန်းယောင်ကုန်းမြေတိုက်ကြီးတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့လေတော့သည်။
ယခင်က အင်အားစုများစွာသည် ပုလော့မင်းဆက်ကို အထင်သေးရဲခဲ့ကြသော်လည်း ယခုအခါတွင်မူ မည်သူကမျှ အထင်မသေးရဲကြတော့ချေ။
အင်အားစုတစ်ခုတည်းကပင် ဂိုဏ်းကြီးတစ်ခု၏ အင်အားကို ဖိနှိပ်နိုင်စွမ်းရှိနေသည်ဖြစ်ရာ မည်သူကများ အထင်သေးရဲတော့မည်နည်း။
ပုလော့မင်းဆက်မှ ကျင့်ကြံသူတစ်ဦး ရှိနေသရွေ့ သူ၏ ပတ်ဝန်းကျင်ရှိ လူတိုင်းကို ကြောက်ရွံ့လေးစားသွားစေပြီး မည်သူကမျှ စော်ကားရဲမည် မဟုတ်တော့ပေ။
ပုလော့မင်းဆက်ကို စော်ကားမိ၍ ထာ့ထျန်းဂိုဏ်းကို ဖျက်ဆီးခဲ့သော ပုလော့မင်းဆက်မှ အကြီးအကဲများက သူတို့၏ နောက်ကွယ်ရှိ အင်အားစုများကိုပါ လာရောက် ဖျက်ဆီးပစ်မည်ကို ကြောက်ရွံ့နေကြရလေပြီ။
'ပုလော့ အင်ပါယာအရှင်သခင်က ထာ့ထျန်းဂိုဏ်းထက် ပိုပြီးအစွမ်းထက်တာပဲ'
ရေခဲမင်းဆက်တွင် ခရီးလှည့်လည်နေဆဲဖြစ်သော ဓားသခင်လေးသည် ဤသတင်းကို ကြားသောအခါ သက်ပြင်းချလိုက်သည်။
ဂိုဏ်းကြီးတစ်ခုကို ဖိနှိပ်နိုင်စွမ်းရှိသော စွမ်းအားရှင်ကြီးကပင် အင်ပါယာအရှင်သခင်ကို နာခံနေရသည်ဖြစ်ရာ သူတို့က ဘယ်လိုလုပ် ယှဉ်နိုင်ပါမည်နည်း။
သေချာသည်ကတော့ ပုလော့မင်းဆက်အတွက် ဤအင်ပါယာအရှင်သခင်နှင့် ဤမျှ အစွမ်းထက်သော စွမ်းအားရှင်ကြီးရှိနေခြင်းက ကြီးမားသော ကံကောင်းမှုကြီးပင် ဖြစ်ပေသည်။
အနည်းဆုံးတော့ မည်သူကမျှ ချင်းကျိုးမှ ကျင့်ကြံသူများကို အထင်မသေးရဲတော့သလို ပုလော့မှကျင့်ကြံသူများကိုလည်း နှိမ့်ချမဆက်ဆံရဲကြတော့ချေ။
ထိုအကြောင်းကို တွေးမိသောအခါ ဓားသခင်လေး၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ထွက်ပေါ်လာတော့သည်။
***