ထာ့ထျန်းမြို့တော်ရှိ တိုက်ပွဲသတင်းက ထျန်းယောင်ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။
အမြင့်မြတ်ဆုံးဂိုဏ်းကြီးခုနစ်ဂိုဏ်းမှ ကျန်ရစ်သော ဂိုဏ်းကြီးခြောက်ဂိုဏ်းနှင့် မင်းဆက်များအပါအဝင် အင်အားစုများစွာက ထိုသတင်းကို ရရှိခဲ့ကြပေသည်။
ရေခဲနန်းတော်။
နှင်းများဖုံးလွှမ်းနေသော တောင်ထိပ်ပေါ်ရှိ ရှေးဟောင်းနန်းတော်ကြီးထဲမှ မယုံကြည်နိုင်ဖွယ် အာမေဍိတ်သံတစ်ခု ထွက်ပေါ်လာသည်။
နတ်မိမယ်ကျိုးလင်က ထိုက်ဟန်သူတော်စင်၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေပြီး လအေးစက်ဝန်းက လရောင်များကို သူတို့၏ပတ်လည်တွင် ဖြာကျနေစေခဲ့သည်။
သူတို့နှစ်ဦး၏ ရှေ့လေဟာနယ်ထဲတွင် ကျောက်စိမ်းအဆောင်တစ်ခုက ရပ်တန့်နေပြီး ထိုအထဲမှ အသံတစ်သံထွက်ပေါ်လာကာ သတင်းများကို ပြောပြနေသည်။
ကျောက်စိမ်းအဆောင်ထဲမှ အသံက ရပ်တန့်သွားသောအခါ ကျိုးလင်တို့ နှစ်ဦးစလုံး အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်သွားကြရသည်။
"အစ်မတော်ထိုက်ဟန်... ဘယ်လိုထင်လဲ"
အချိန်အတော်ကြာပြီးနောက် ကျိုးလင်က ခါးသက်သက်ပြုံးကာ မေးလိုက်သည်။
"အကယ်၍ ဒီသတင်းကသာ မှန်တယ်ဆိုရင် ငါတို့က အင်ပါယာအရှင်သခင်ကို အထင်သေးမိသွားခဲ့ပြီ။ ပုလော့မင်းဆက်မှာ ဒီလောက်အစွမ်းထက်တဲ့ စွမ်းအားရှင်ကြီး ရှိနေလိမ့်မယ်လို့ ငါ တကယ်ကို မထင်ထားခဲ့ဘူး။ ထာ့ထျန်းဂိုဏ်းတောင်မှ သူ့ရဲ့ပြိုင်ဘက် မဖြစ်နိုင်ဘူးတဲ့လား"
ထိုက်ဟန်သူတော်စင်က တိုးတိုးလေး ပြောလိုက်ပြီး သူမ၏ စကားသံထဲတွင် ကံကောင်းသွားသည်ဟူသော ခံစားချက်မျိုးပင် ပါဝင်နေခဲ့သည်။
ချင်ယိက ရေခဲနန်းတော်သို့ ခြေချလာချိန်တွင် ထိုစွမ်းအားရှင်ကြီးက သူ၏အနောက်မှ လိုက်ပါမလာခဲ့ဘူးဆိုသည်ကို သူမ မယုံကြည်ချေ။
အကယ်၍ ထိုအချိန်က လှုပ်ရှားခဲ့သူသည် ဝတ်ရုံဖြူနှင့် စစ်သူကြီးလူငယ်လေးမဟုတ်ဘဲ ထာ့ထျန်းဂိုဏ်းကို ဖျက်ဆီးခဲ့သော စွမ်းအားရှင်ကြီးသာ ဖြစ်ခဲ့မည်ဆိုလျှင် သူမသည် ထိုနေရာတွင်ပင် ကျဆုံးသွားခဲ့ရပြီ ဖြစ်သည်။
ရေခဲနန်းတော်ပင်လျှင် ထိခိုက်နစ်နာသွားနိုင်ပြီး ထာ့ထျန်းဂိုဏ်းကဲ့သို့ပင် အဆုံးသတ်သွားနိုင်ပေသည်။
ထိုအကြောင်းကို တွေးမိသောအခါ ထိုက်ဟန် သူတော်စင်မှာ ကြက်သီးထသွားရသည်။
"ဟုတ်ပါရဲ့... ပုလော့မင်းဆက်မှာ ဒီလို စွမ်းအားရှင်ကြီး ရှိနေလိမ့်မယ်လို့ ဘယ်သူကများ ထင်ထားခဲ့မှာလဲ"
ကျိုးလင်ကလည်း ကြောက်ရွံ့မှုများ ကျန်ရစ်နေဆဲဖြစ်သော အသံဖြင့် ပြောလိုက်သည်။
သူမပင်လျှင် ထိုသို့ ထင်မှတ်မထားခဲ့ချေ။ အစပိုင်းတွင် သူမ၏အမြင်အရ ပုလော့မင်းဆက်၏ အင်အားသည် ချင်ယိနှင့်ကျောက်ယွင်တို့ ရှိနေသော်လည်း ရေခဲနန်းတော်နှင့် သိပ်မကွာလှဟု ထင်ထားခဲ့ခြင်း ဖြစ်၏။
အကယ်၍ သူမ၏ဆရာသခင်သာ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာမည်ဆိုလျှင် ပုလော့မင်းဆက်က ရေခဲနန်းတော်ထက်ပင် ပို၍ အားနည်းသွားလိမ့်ဦးမည်ဟု တွေးထားခဲ့သည်။
သို့သော်လည်း ယခုအချိန်တွင် ရေခဲနှင်းနန်းတော်၏ အင်အားက ပုလော့မင်းဆက်မှ လူတစ်ယောက်တည်းကိုပင် မယှဉ်နိုင်ကြောင်း ကျိုးလင်က နားလည်သွားခဲ့လေပြီ။
နယ်မြေပြင်ပရှိ နတ်ဆိုးမျိုးနွယ်စုများ၏ ခြိမ်းခြောက်မှုသာ မရှိခဲ့လျှင် ရေခဲနန်းတော်နှင့် ပုလော့မင်းဆက်တို့၏ မဟာမိတ်ဖွဲ့ခြင်းကို တစ်ဖက်လူ၏ မျက်လုံးထဲတွင် အရေးစိုက်မည်ပင် မဟုတ်ကြောင်းကိုပါ သဘောပေါက်သွား၏။
"ရီကျန့်နန်းတော်ရဲ့ ဓားသခင်တောင်မှ သူ့ရဲ့ ပြိုင်ဘက် ဖြစ်လာနိုင်ပါ့မလားပဲ"
ကျိုးလင်က သက်ပြင်းချလိုက်သည်။
"မဟုတ်သေးဘူး"
ထိုက်ဟန်သူတော်စင်၏ မျက်လုံးများက တောက်ပသွားပြီး ကျိုးလင်၏စကားကို ငြင်းဆန်လိုက်လေသည်။
"ညီမငယ်... ညီမငယ်က ရီကျန့်နန်းတော်ရဲ့ ဓားသခင်ကို အရမ်း အထင်သေးလွန်းနေပြီ။ ဒီ ဓားသခင်ကို ရှေးဟောင်းခေတ် ပြီးတဲ့နောက်ပိုင်း နံပါတ်တစ် ပုဂ္ဂိုလ်လို့တောင် တင်စားကြတာလေ။ လွန်ခဲ့တဲ့ နှစ်သိန်းချီကတည်းက သူ့ရဲ့ကျင့်ကြံခြင်းက သူတော်စင် စတုတ္ထအဆင့်ကို ချိုးဖောက်ပြီးသွားခဲ့ပြီ။ နှစ်သိန်းချီ ကြာမြင့်သွားခဲ့ပြီဆိုတော့ သူ့ရဲ့စစ်မှန်တဲ့ ကျင့်ကြံခြင်းအဆင့်ကို ဘယ်သူမှ ကြိုမတွက်နိုင်ကြတော့ဘူး။ သူက သူတော်စင် ပဉ္စမအဆင့်ကိုပဲ ချိုးဖောက်သွားသလား၊ ဆဋ္ဌမအဆင့်ကိုပဲ ချိုးဖောက်သွားသလားဆိုတာကို ဘယ်သူမှ မသိနိုင်ကြဘူး"
ထိုက်ဟန်သူတော်စင်က မျက်နှာကို တည်တင်းထားပြီး ဖြည်းညှင်းစွာ ရှင်းပြလိုက်သည်။
ထျန်းယောင်ကုန်းမြေတိုက်ကြီး၏ နံပါတ်တစ်ပုဂ္ဂိုလ်ဆိုသည့် ဂုဏ်ပုဒ်ကို မည်သူမဆို ခံယူနိုင်သည် မဟုတ်ချေ။
ရီကျန့်နန်းတော်၏ ဓားသခင်သည် ထျန်းယောင်ကုန်းမြေတိုက်ကြီး၏ နံပါတ်တစ်ပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုခံထားရသူဖြစ်ရာ မည်သို့လျှင် အထင်သေး၍ ရပါမည်နည်း။
သူမသည် ရီကျန့်နန်းတော်၏ ဓားသခင်နှင့် ခေတ်တစ်ခေတ်တည်းတွင် ကြီးပြင်းလာခဲ့သူဖြစ်သောကြောင့်သာ ဓားသခင်၏ ကြောက်မက်ဖွယ်ကောင်းပုံကို နားလည်ထားခြင်း ဖြစ်သည်။
ထို့အပြင် ရီကျန့်နန်းတော်၏ ဓားသခင်သည် အမြင့်မြတ်ဆုံးဂိုဏ်းကြီးအဆင့်ရှိ အင်အားစုတစ်ခုကို မသတ်ဖြတ်ဖူးသည် မဟုတ်ချေ။
"ယွမ်ဟိုင်ကနေ ဓားလှိုင်းတွေ ထွက်ပေါ်လာပြီး တောင်တန်းတစ်သိန်းကို ဖြတ်ကျော်ကာ ယောင်ကျိုးတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့တယ်။ ဓားတစ်ချက်တည်းနဲ့ နတ်ဆိုးမျိုးနွယ်စုရဲ့ ကောင်းကင်နတ်ဆိုးကျောင်းတော်ကို ချေမှုန်းပစ်ခဲ့တာလေ"
ထိုက်ဟန်သူတော်စင်၏ မျက်လုံးများက ဝေဝါးသွားပြီး အတိတ်ကို ပြန်လည်တမ်းတနေသည့်အလား ရှိလေသည်။
"ဒါပေမဲ့ ပုလော့မင်းဆက်က စွမ်းအားရှင်ကြီးက ရီကျန့်နန်းတော်ရဲ့ ဓားသခင်လောက် မစွမ်းသာရင်တောင်မှ အလွန်အစွမ်းထက်တဲ့ စွမ်းအားရှင်ကြီး တစ်ပါးပါပဲ။ ပုလော့မင်းဆက်နဲ့ ပူးပေါင်းလိုက်တာက ရေခဲနန်းတော်အတွက် အကျိုးကျေးဇူးတွေပဲ ရလာစေမှာဖြစ်ပြီး ဆိုးကျိုးတော့ ရှိလာမှာမဟုတ်ဘူး"
ထိုက်ဟန်သူတော်စင်၏ မျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့လေးတစ်ခု ထွက်ပေါ်လာသည်။
မည်သို့ပင်ဆိုစေ ပုလော့မင်းဆက်တွင် ဤကဲ့သို့ အင်အားရှိနေခြင်းက ရေခဲနန်းတော်အတွက် တကယ်ကို ကောင်းမွန်သော ကိစ္စရပ်တစ်ခုပင် ဖြစ်တော့သည်။
နှစ်တစ်ထောင်အကြာမှ ကပ်ဘေးကြီး။
နယ်မြေပြင်ပ နတ်ဆိုးများ၏ ကျူးကျော်မှုသည် ကုန်းမြေတိုက်ကြီးတစ်ခုလုံးသို့ ကူးစက်သွားမည့် ကပ်ဘေးကြီးတစ်ခု ဖြစ်သည်။
ထို့ကြောင့် ရေခဲနန်းတော်၏ မဟာမိတ်တစ်ခုအနေဖြင့် ပုလော့မင်းဆက်၏အင်အားက ပိုမို ကြီးမားလေလေ၊ ရေခဲနန်းတော်က ပို၍ စိတ်အေးရလေလေ ဖြစ်သည်။
"မှန်ပါတယ်"
ကျိုးလင်က ထိုက်ဟန်သူတော်စင်၏ စကားကို သဘောတူညီစွာဖြင့် ခေါင်းကို ညင်သာစွာ ညိတ်ပြလိုက်သည်။
ဤသို့သော မဟာမိတ်မျိုးရှိနေခြင်းက ရေခဲနန်းတော်အတွက် နှစ်တစ်ထောင်အကြာမှ ကပ်ဘေးကြီးတွင် များစွာ အသာစီးရနိုင်သည်ဟု ဆိုနိုင်ပေသည်။
"ဒီလိုဆိုတော့ ယွင်ရွှယ်က ငါတို့နှစ်ယောက်ထက် အမြော်အမြင်ပိုရှိတာပဲ"
ချက်ချင်းပင် ကျိုးလင်က တစ်စုံတစ်ခုကို သတိရသွားသည့်အလား ခေါင်းခါယမ်းကာ သက်ပြင်းဖျော့ဖျော့ ချလိုက်သည်။
လင်းယွင်ရွှယ်ကို ပုလော့အင်ပါယာအရှင်သခင်က သူ၏မိဖုရားဆောင်သို့ လက်ခံခဲ့ခြင်းသည် ရေခဲနန်းတော်နှင့် ပုလော့မင်းဆက်တို့ကြားရှိ အကြီးမားဆုံးသော ဆက်သွယ်မှုကြိုးတစ်ချောင်းပင် ဖြစ်သည်။
လင်းယွင်ရွှယ်၏ ပတ်သက်မှုသာ မရှိခဲ့လျှင် ကျိုးလင်အနေဖြင့် ဤမျှ တည်ငြိမ်နေနိုင်မည် မဟုတ်ချေ။
မည်သို့ပင်ဆိုစေ ပုလော့မင်းဆက် ပြသလိုက်သော အင်အားက အလွန်အမင်းကြီးမားလွန်းလှပြီး ရေခဲနန်းတော်ကို သိမ်းပိုက်ချင်သည်ဆိုလျှင်တောင်မှ ချင်ယိ၏ဆန္ဒတစ်ခုတည်းအပေါ်တွင်သာ မူတည်နေပေသည်။
သို့သော် လင်းယွင်ရွှယ်က ပုလော့မင်းဆက်၏ နန်းတော်ထဲသို့ ဝင်ရောက်သွားပြီးနောက်တွင် ချင်ယိအနေဖြင့် လင်းယွင်ရွှယ်၏ ခံစားချက်ကို ငဲ့ညှာကာ ရေခဲနန်းတော်ကို မည်သို့မှ တိုက်ခိုက်မည် မဟုတ်တော့ချေ။
"ညီမငယ်... သိပ်များများ မတွေးပါနဲ့။ တစ်ဖက်လူရဲ့ မျက်လုံးထဲမှာ ငါတို့ ရေခဲနန်းတော်က အရေးပါချင်မှ ပါမှာပါ"
ထိုက်ဟန်သူတော်စင်က ခါးသက်သက် ပြုံးလိုက်ပြီး သူမ၏အိုမင်းနေသော မျက်နှာပေါ်တွင် နာကျင်မှုများ ပြည့်နှက်နေခဲ့သည်။
ထိုစကားကို ကြားသောအခါ ကျိုးလင်က သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်သည်။
ထိုက်ဟန်သူတော်စင် ပြောခဲ့သလိုပင်၊ အကယ်၍ ချင်ယိကသာ ရေခဲနန်းတော်အပေါ် တစ်စုံတစ်ခု လုပ်ချင်ခဲ့လျှင် အစကတည်းက လုပ်ခဲ့ပြီးလောက်ပြီဖြစ်ရာ ယခုအချိန်အထိ စောင့်နေစရာ အကြောင်းမရှိချေ။
သေချာသည်ကတော့ အလားတူစကားဝိုင်းမျိုးက ရေခဲနန်းတော် တစ်ခုတည်းတွင် ဖြစ်ပွားနေခြင်း မဟုတ်ချေ။
အခြားသောဂိုဏ်းကြီးများနှင့် မင်းဆက်အင်အားစုများတွင်လည်း ဤအကြောင်းကို ဆွေးနွေးပြောဆိုနေကြသည်။
ဂိုဏ်းကြီးများစွာမှ ဘိုးဘေးများနှင့် မင်းဆက်များ၏ နောက်ခံစွမ်းအားရှင်ကြီးများပင်လျှင် တံခါးပိတ်ကျင့်ကြံရာမှ ထွက်ပေါ်လာကြပြီး ဂိုဏ်းတွင်းရှိ စွမ်းအားရှင်များနှင့် ဤကိစ္စကို ဆွေးနွေးခဲ့ကြသည်။
သူတို့၏သဘောထားများကလည်း ကွဲပြားနေကြပြီး အချို့က တွေဝေနေကြကာ အချို့ကစိုးရိမ်ပူပန်နေကြပြီး အချို့ကမူ ဂရုမစိုက်ကြချေ။
အချို့သော အင်အားစုများမှာ ထာ့ထျန်းဂိုဏ်းနှင့် အင်အားချင်းတူညီကြသလို အချို့မှာမူ ပို၍ပင် အားနည်းကြလေသည်။ သတင်းကို သိရှိသွားပြီးနောက်တွင် သူတို့အားလုံး သဘာဝကျကျပင် အလွန်အမင်း တုန်လှုပ်သွားခဲ့ကြရသည်။
အချို့သော အင်အားစုများကမူ သူတို့ဂိုဏ်းတွင်းရှိ စွမ်းအားရှင်များကို အထင်ကြီးယုံကြည်နေကြပြီး ရီကျန့်နန်းတော်ကဲ့သို့ ပုလော့မင်းဆက်ကို ကြောက်ရွံ့ခြင်းမရှိဘဲ ဂရုမစိုက်ကြချေ။
အခြားသော အင်အားစုများကမူ နှစ်တစ်ထောင်အကြာမှ ကပ်ဘေးကြီးကို တွေးမိကာ ထိုကပ်ဘေးကြီးမှ အသက်ရှင်ကျန်ရစ်နိုင်ရန်အတွက် ပုလော့မင်းဆက်၏ ခြေသလုံးကို သွားရောက်ဖက်တွယ်ချင်နေခဲ့ကြသည်။
ပုလော့မင်းဆက်ကို ကျောထောက်နောက်ခံ ပြုထားနိုင်ပါက နှစ်တစ်ထောင်အကြာမှ ကပ်ဘေးကြီးတွင် အသက်ရှင်နိုင်မည့်အခွင့်အရေးက ယုံမှားသံသယဖြစ်ဖွယ်မရှိ များစွာ ပိုမိုမြင့်မားလာမည် ဖြစ်သည်။
သေချာသည်ကတော့ ဤအင်အားစုများမှာ ကျုံးကျိုးနှင့် ပေ့ကျိုးရှိ အင်အားကြီးမိသားစုများကဲ့သို့ သူတော်စင်တစ်ပိုင်းအဆင့် ကျင့်ကြံသူများ ရှိနေသော အင်အားစုများပင် ဖြစ်ကြသည်။
သူတော်စင်တစ်ပိုင်းအဆင့် ကျင့်ကြံသူများ ရှိနေခြင်းကြောင့်သာလျှင် ဤအင်အားစုများသည် နှစ်တစ်ထောင်အကြာတွင် ဖြစ်ပေါ်လာမည့် နယ်မြေပြင်ပ နတ်ဆိုးများ၏ ကျူးကျော်မှုအကြောင်းကို ကြိုတင် သိရှိနိုင်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ဂိုဏ်းကြီးများသည် အချို့သော အင်အားစုများကို ခိုလှုံခွင့်ပေးထားသော်လည်း အင်အားစု အချို့ကို လက်ခံပြီးနောက်တွင် နောက်ထပ်အင်အားစုများကို ထပ်မံ လက်ခံတော့မည် မဟုတ်ချေ။
ထို့ကြောင့် ယခင်က ထာ့ထျန်းဂိုဏ်း၏ တပည့်သစ်ရွေးချယ်ပွဲတွင် ပေ့ကျိုးမှကျန်းမိသားစုနှင့် အခြားအင်အားစုများ ရောက်ရှိလာခဲ့ရခြင်းမှာ ဤအကြောင်းရင်းကြောင့်ပင် ဖြစ်သည်။
အကယ်၍ သူတို့ မျိုးနွယ်စုမှ မျိုးဆက်သစ်လူငယ်များသည် ထာ့ထျန်းဂိုဏ်းသို့ ဝင်ရောက်နိုင်မည်ဆိုပါက သူတို့လည်း သဘာဝကျကျပင် ထာ့ထျန်းဂိုဏ်း၏ အကာအကွယ်ကို ရရှိမည်ဖြစ်ပေသည်။
သို့သော် ဟာဂိုရိုမို၏ ချေမှုန်းဖျက်ဆီးခြင်းကို ထာ့ထျန်းဂိုဏ်း ခံလိုက်ရပြီးနောက် လူတိုင်း၏အစီအစဉ်များ အချည်းနှီး ဖြစ်သွားခဲ့လေပြီ။
သို့တိုင်အောင် ပုလော့မင်းဆက် အသစ်တက်လာခြင်းက သူတို့ကို ကာကွယ်ပေးနိုင်မည့် အခြားအင်အားစုတစ်ခုကို မြင်တွေ့သွားစေခဲ့သည်။
ထာ့ထျန်းဂိုဏ်းထက်ပင် ပို၍အစွမ်းထက်သော ပုလော့အင်ပါယာမင်းဆက်က သူတို့ကို ပိုမိုကောင်းမွန်သော အကာအကွယ်များ ပေးစွမ်းနိုင်မည် ဖြစ်သည်။
မရေမတွက်နိုင်သော ကြီးငယ်မဟူ အင်အားစုများ၊ ပေ့ကျိုးမှ အင်အားစုများ၊ ဝူကျိုးမှ အင်အားစုများနှင့် ကျုံးကျိုးမှ အင်အားစုများပင်လျှင် ဤအချက်ကြောင့် စိတ်လှုပ်ရှားလာခဲ့ကြသည်။
မရေမတွက်နိုင်သော အင်အားစုများ၏ ခေါင်းဆောင်များသည် ပုလော့မင်းဆက်၏ ခိုလှုံခွင့်ကို ရရှိရန် မျှော်လင့်ချက်ဖြင့် လက်ဆောင်များကို အလျင်အမြန် ပြင်ဆင်ကာ ချင်းကျိုးဆီသို့ ဦးတည်ထွက်ခွာလာခဲ့ကြသည်။
ထိုအထဲတွင် ချင်းကျိုးနှင့် နီးကပ်သော အင်အားစုများက အများဆုံး ဖြစ်ကြသည်။
***