ဟာဂိုရိုမို၏လုပ်ရပ်ကြောင့် ထျန်းယောင်ကုန်းမြေတိုက်ကြီးတစ်ခုလုံး တုန်လှုပ်သွားပြီး ပုလော့မင်းဆက်၏ ဂုဏ်သတင်းက ကောင်းကင်ယံသို့ ထိုးတက်သွားချိန်တွင်ပင်။
ချင်ယိက ကျောက်ယွင်၊ လင်းယွင်ရွှယ်နှင့် ယွီလင်ကိုယ်ရံတော်သုံးထောင်တို့ကို ခေါ်ဆောင်ကာ အင်ပါယာမြို့တော်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ရင်းနှီးကျွမ်းဝင်နေသောမြို့တော်နှင့် ခမ်းနားထည်ဝါသောမဏ္ဍပ်ကြီးများက ပိုမိုရှင်းလင်းစွာ ထင်ဟပ်လာပေသည်။
ကောင်းကင်ယံထက်တွင် တိမ်ဖြူများက လွင့်မျောနေပြီး မြင့်မားလှသော မြို့တော်ကြီးနှင့် အပြန်အလှန် လိုက်ဖက်ညီစွာ တင့်တယ်နေလေသည်။
သေချာစွာကြည့်မည်ဆိုပါက အင်ပါယာမြို့တော်ထဲမှ စစ်မှန်သောနဂါးတစ်ကောင်အလား ရွှေရောင်နဂါးအရှိန်အဝါများ ထွက်ပေါ်နေပြီး ကောင်းကင်ယံသို့ ဂုဏ်ယူဝင့်ကြွားစွာ ဟိန်းဟောက်နေသည်ကိုပင် မြင်တွေ့နိုင်ပေသည်။
၎င်းမှာ ပုလော့မင်းဆက်၏ နဂါးစွမ်းအင်ပင်ဖြစ်၏။
မင်းဆက်တစ်ခုလုံး၏ အရပ်မျက်နှာအသီးသီးမှ အဆုံးအစမဲ့သော ကံကြမ္မာစွမ်းအင်များသည် အင်ပါယာမြို့တော်ဆီသို့ စုဆုံလာကြပြီး နဂါးစွမ်းအင်အဖြစ်ပြောင်းလဲကာ သာမန်မျက်စိဖြင့်ပင် မြင်တွေ့နိုင်လောက်သော ဤရွှေရောင်နဂါးကြီးအဖြစ် စုစည်းသွားခြင်း ဖြစ်သည်။
နဂါးကြီး၏မျက်လုံးများက အေးစက်တည်ငြိမ်နေပြီး အင်ပါယာမြို့တော်အနီးသို့ ချဉ်းကပ်လာသူ မည်သူ့ကိုမဆို စောင့်ကြည့်နေပေသည်။
မရေမတွက်နိုင်သော ဝိညာဉ်စွမ်းအင်များက စုစည်းသွားပြီး သန့်စင်သော ကနဦးစွမ်းအင်များအဖြစ် ပြောင်းလဲကာ အင်ပါယာမြို့တော်ကို ရစ်သိုင်းနေသဖြင့် နတ်ပြည်တစ်ခုအလား လှပလွန်းနေခဲ့သည်။
ရက်အနည်းငယ်မျှ မတွေ့လိုက်ရသည့်အချိန်အတွင်း အင်ပါယာမြို့တော်က များစွာ ပြောင်းလဲသွားခဲ့ချေပြီ။
မြို့တော်၏အပြင်ဘက်တွင်လည်း ပေတစ်ရာခန့် ကျယ်ဝန်းသော ကျုံးတစ်ခုထပ်မံ တိုးလာခဲ့သည်။
ကျုံးရေပြင်ပေါ်တွင် ကျောက်စိမ်းဖြူတံတားများစွာ ရှိနေပြီး နဂါးနှင့်ဖီးနစ်ငှက်များကို ထွင်းထုထားရာ နတ်ဘုရားများ၏လက်ရာအလား အံ့မခန်း ဖြစ်နေပေသည်။
တံတားပေါ်တွင် သံချပ်ကာအင်္ကျီများကို ဝတ်ဆင်ထားပြီး ပြတ်သားသော မျက်လုံးများရှိသည့် အစောင့်အကြပ်များက နေ့ညမပြတ် ကင်းလှည့်နေကြ၏။
ဤကိုယ်ရံတော်များ၏ကျင့်ကြံခြင်းအဆင့်က အနိမ့်ဆုံး မဟာသခင်ကြီးအဆင့်တွင် ရှိနေကြသည်။
၎င်းတို့အားလုံးက တောင်တန်းမြစ်ချောင်းသင်္ကေတရှစ်ခုအစီရင်နှင့် တောင်တန်းမြစ်ချောင်းပန်းချီကားတို့၏ အဆက်မပြတ်ပြောင်းလဲမှုများအပြင် ထိုက်ရှန်တောင်နတ်ဘုရားနှင့် ကျူးကော့လျန်ကဲ့သို့သော ပုလော့မင်းဆက်မှ အမတ်များ၏ မနားမနေ ကြိုးပမ်းအားထုတ်မှုများကြောင့် ဖြစ်သည်။
ပုလော့မင်းဆက်သည် နေ့စဉ်နှင့်အမျှ ပြောင်းလဲတိုးတက်နေသည်ဟု ဆိုနိုင်ပေသည်။ ပုလော့မင်းဆက်၏ အင်ပါယာမြို့တော်ဖြစ်သည်နှင့်အညီ ၎င်း၏ပြောင်းလဲမှုများက သဘာဝကျကျပင် အကြီးမားဆုံး ဖြစ်နေခဲ့သည်။
ပြင်းထန်လှသော ဝိညာဉ်စွမ်းအင်များ၏ စုစည်းမှုက မရေမတွက်နိုင်သော ပုလော့ကျင့်ကြံသူများကို အဆင့်ချိုးဖောက်နိုင်စေရန် တွန်းအားပေးနေပေသည်။
နေ့စဉ်ရက်ဆက် ပုလော့မင်းဆက်ရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများ လက်ရှိကျင့်ကြံခြင်းအဆင့်ကို ချိုးဖောက်သွားကြသည်ကို မြင်တွေ့နေရသည်။
ချင်ယိ၏ ရထားလုံးက မြို့တံခါးကို ဖြတ်သန်းကာ နန်းတော်ဆီသို့ တည့်မတ်စွာ မောင်းနှင်သွားလေသည်။
နန်းတော်ထဲသို့ ဝင်ရောက်သည်နှင့်တစ်ပြိုင်နက် ချင်ယိနှင့် လင်းယွင်ရွှယ်တို့က ရထားလုံးပေါ်မှ ဆင်းကာ ချန်လုံနန်းဆောင်သို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားကြသည်။
ချန်လုံနန်းဆောင်၏ရှေ့တွင်မူ ပုလော့မင်းဆက်မှ အမတ်များသည် မြို့ပြနှင့်စစ်ဘက်ဟူ၍ နှစ်တန်းခွဲကာ ဘေးတစ်ဖက်တစ်ချက်စီတွင် နေရာယူထားကြ၏။
ထိုက်ရှန်တောင်နတ်ဘုရား၊ ကျန်းလျန်၊ လုပုစသည့် သူများအားလုံးလည်း အစီအရီ ရပ်နေခဲ့ကြသည်။
အမတ်များ၏အရှေ့တွင်တော့ လျိုရီရီနှင့် အခြားသော မိဖုရားများက လှပကျော့ရှင်းစွာ ရပ်နေခဲ့ကြသည်။
"အင်ပါယာအရှင်သခင် နန်းတော်ကိုပြန်လည်ရောက်ရှိလာတာကို ကြိုဆိုပါတယ်။ မိဖုရားနန်းတော်သို့ ပြန်လည်ရောက်ရှိလာခြင်းကို ကြိုဆိုပါတယ်"
ချင်ယိနှင့် အခြားသူများ ချဉ်းကပ်လာသည်ကို မြင်သောအခါ လျိုရီရီနှင့် အခြားမိဖုရားများက ညင်သာစွာ ဦးညွှတ်အရိုအသေပေးလိုက်ကြသည်။
"အင်ပါယာအရှင်သခင် နန်းတော်သို့ ပြန်လည်ရောက်ရှိလာခြင်းကို ကြိုဆိုပါတယ်။ မိဖုရား နန်းတော်သို့ ပြန်လည်ရောက်ရှိလာခြင်းကို ကြိုဆိုပါတယ်"
ပုလော့မင်းဆက်မှ အမတ်များစွာကလည်း ဒူးထောက်ကာ နဖူးနှင့် မြေကြီးထိသည်အထိ ဦးချလျက် ကျယ်လောင်စွာ ကြွေးကြော်လိုက်ကြသည်။
ထိုအသံကြီးက မိုးခြိမ်းသံအလား လိမ့်ဆင်းတုန်ခါသွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် တိမ်တိုက်များကို ရိုက်ခတ်သွားသော နဂါးတစ်ကောင်အလား အင်ပါယာမြို့တော် တစ်ခုလုံးသို့ ပျံ့နှံ့သွားလေသည်။
ပုလော့အင်ပါယာမြို့တော်အတွင်းရှိ ပြည်သူများက ဤအသံကိုကြားသောအခါ ချက်ချင်းပင် ဒူးထောက်ကာ လိုက်လံ ကြွေးကြော်လိုက်ကြသည်။
ပုလော့ပြည်သူများစွာသည် ဘာတွေဖြစ်နေမှန်း မသိကြသော်လည်း သူတို့၏အသံများ အက်ကွဲသွားသည်အထိ ကျယ်လောင်စွာ အော်ဟစ်ကြွေးကြော်နေကြဆဲ ဖြစ်သည်။
ပြည်သူပြည်သားများ၏ ချင်ယိအပေါ် ကြည်ညိုလေးစားမှုသည် အရိုးထဲထိတိုင်အောင် နက်ရှိုင်းနေခဲ့သည်မှာ ကြာမြင့်နေခဲ့ပြီဖြစ်၏။
ဤသည်မှာ နှလုံးသားထဲမှ နက်ရှိုင်းစွာထွက်ပေါ်လာသော အပြင်းထန်ဆုံး ကြည်ညိုလေးစားမှုပင် ဖြစ်လေသည်။
အင်ပါယာအရှင်သခင်သာ မရှိခဲ့လျှင် ယနေ့ကဲ့သို့သော ကြီးပွားချမ်းသာမှုမျိုး ရှိလာလိမ့်မည် မဟုတ်ချေ။
အစောပိုင်း အချိန်များမှစ၍ ယနေ့အထိ သူတို့က ထျန်းယောင်တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့ပြီး လူတိုင်း၏ မနာလိုအားကျမှုကို ခံရသည်အထိ ဖြစ်လာခဲ့သည်။
မိမိတို့၏ ပါရမီရှင်ကို စော်ကားသူများကို အမြင့်မြတ်ဆုံးဂိုဏ်းကြီးဖြစ်နေလျှင်တောင်မှ ချေမှုန်းဖျက်ဆီးပစ်နိုင်ခဲ့သည်။
ဤမျှ လွှမ်းမိုးနိုင်စွမ်းရှိပြီး ပြည်သူများအပေါ် မေတ္တာထားတတ်သော အင်ပါယာအရှင်သခင်ကို မည်သို့လျှင် မလေးစားဘဲ၊ မကြည်ညိုဘဲ နေနိုင်ပါမည်နည်း။
တစ်စုံတစ်ယောက်က သက်တော်ရာကျော် ရှည်ပါစေဟု ကျပန်းကြွေးကြော်လိုက်လျှင်ပင် အင်ပါယာမြို့တော်ရှိ ပြည်သူအားလုံးက လိုက်လံကြွေးကြော်ကြမည်သာ ဖြစ်သည်။
ဤကဲ့သို့သော အခိုက်အတန့်တွင်။
အင်ပါယာအရှင်သခင်၏ နာမည်နာမတော်အောက်တွင် သေသည်အထိ သစ္စာခံကာ အဆုံးမဲ့ တိုက်ပွဲဝင်သွားရန် သူတို့ ဆန္ဒရှိကြသည်။
..............
နောက်ဖေးဥယျာဉ်။
ရွှေရောင်အလင်းတန်းများ လွှမ်းခြုံထားသော စစ်မှန်သော နဂါးတစ်ကောင်က ဥယျာဉ်ထဲတွင် ကူးခတ်နေလေသည်။
ကျယ်ပြောလှသော နဂါးအရှိန်အဝါများက အဆုံးအစမဲ့ တိမ်တိုက်များအဖြစ် ပြောင်းလဲသွားပြီး ရွှေနဂါး၏ ခန္ဓာကိုယ်ကို ဖုံးကွယ်ထားကာ ပေအနည်းငယ်မျှ ရှည်လျားသော ခန္ဓာကိုယ်ကို တိုးတိုးတိတ်တိတ် ဖော်ပြနေ၏။
နက်ရှိုင်းသော နဂါးဟိန်းဟောက်သံကြီးထွက်ပေါ်လာပြီး မျက်တောင်တစ်ခတ်အတွင်း နန်းတော်တစ်ခုလုံးသို့ ပျံ့နှံ့သွားလေသည်။ ထို့နောက် နန်းတော်အပြင်ဘက်သို့ပင် ထွက်ပေါ်လာပြီး လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။
နဂါးဟိန်းဟောက်သံက အရပ်ရှစ်မျက်နှာကို ဖုံးလွှမ်းသွားပြီး လောကကြီးကို တုန်လှုပ်သွားစေလေသည်။
သေချာစွာကြည့်မည်ဆိုပါက ရွှေနဂါးက အဆုံးအစမဲ့ လှည့်ပတ်ပျံသန်းနေသော်လည်း ၎င်းသည် လေထဲတွင် ဝဲပျံနေသော ရှေးဟောင်းဆန်ပြီး ရိုးရှင်းသည့် ဧရာမနန်းတော်ကြီးတစ်ခုကို ဝန်းရံထားခြင်းသာ ဖြစ်ပေသည်။
နန်းတော်ကြီးအပေါ်တွင် ခမ်းနားထည်ဝါသော စာလုံးနှစ်လုံး ရှိနေခဲ့သည်။
ပုလော့။
"ကောင်းတယ်... ထာ့ထျန်းဗိမာန်ကနေ ပြောင်းလဲသွားတဲ့ ဒီပုလော့နန်းတော်ကို ငါအရမ်းသဘောကျတာပဲ"
သူ့ရှေ့ရှိ လေဟာနယ်ထဲတွင် မှေးမှိန်စွာ ထွက်ပေါ်နေပြီး နန်းတော်နှင့် ဆက်သွယ်ထားသော မရေမတွက်နိုင်သည့် မှော်မျဉ်းကြောင်းများကို ကြည့်ကာ ချင်ယိက ကျေနပ်စွာ ပြုံးလိုက်သည်။
သူ့ရှေ့ရှိ နန်းတော်သည် ဟာဂိုရိုမို ပြန်လည်ယူဆောင်လာခဲ့သော ထာ့ထျန်းဂိုဏ်း၏ မြင့်မြတ်လက်နက် ဖြစ်သည်။ ချင်ယိက အနည်းငယ်ပြင်ဆင်မွမ်းမံလိုက်ပြီးနောက် ၎င်းသည် ချင်ယိ၏ ကိုယ်ပိုင်သီးသန့် မြင့်မြတ်လက်နက်ဖြစ်လာခဲ့ပြီး ပုလော့နန်းတော်ဟု အမည်ပြောင်းလဲလိုက်ခြင်း ဖြစ်၏။
ချင်ယိက မိုးကြိုးမှန်ကိုပင် ပုလော့နန်းတော်ထဲသို့ ပေါင်းစပ်ထည့်သွင်းလိုက်သေးသည်။
ပုလော့နန်းတော်ကို မူလက ထာ့ထျန်းရှေးဟောင်းသူတော်စင်က သွန်းလုပ်ခဲ့ခြင်းဖြစ်သည်။ ရန်သူကို ဖိနှိပ်ရန်အတွက် ဝိညာဥ်လက်နက်တစ်ခုအနေဖြင့် မိုးကြိုးစွမ်းအင်များကို ထည့်သွင်းနိုင်ပြီး အဆုံးအစမဲ့သော စွမ်းအားများ ရှိသည်။
ထိုသို့သာမဟုတ်ပါက ဟာဂိုရိုမို၏ ကျင့်ကြံခြင်းအဆင့်သည် ထာ့ထျန်းသူတော်စင်နှင့် အခြားသူများ၏ စိတ်ကူးထက် များစွာသာလွန်နေ၍သာ ဤပုလော့နန်းတော်သည် ချင်ယိ၏လက်ထဲသို့ အမှန်တကယ် ရောက်ရှိလာမည် မဟုတ်ချေ။
သို့သော်လည်း ထာ့ထျန်းဗိမာန်၏အဆင့်က မြင့်မားလွန်းပြီး အလယ်အလတ်အဆင့် မြင့်မြတ်ဝိညာဥ်လက်နက်တစ်ခုဖြစ်နေသောကြောင့် ချင်ယိ၏ ကျင့်ကြံခြင်းအဆင့်ဖြင့် အမှန်တကယ် ထိန်းချုပ်အသုံးပြုရန် မဖြစ်နိုင်ချေ။
မည်သို့ပင်ဆိုစေ ပုလော့နန်းတော်သည် စနစ်၏ ပြောင်းလဲမွမ်းမံမှုကို မခံရသေးပေ။ ထို့ကြောင့် သူ၏ ကျင့်ကြံခြင်းအဆင့်ကို အားကိုးရုံဖြင့် ဝိညာဉ်ချုပ်နှောင်ခေါင်းလောင်းကို ထိန်းချုပ်သကဲ့သို့ မထိန်းချုပ်နိုင်ချေ။
ထို့ပြင် ချင်ယိသည် ပုလော့နန်းတော်ကို မွမ်းမံရန်အတွက် သတ်ဖြတ်ခြင်းအမှတ်များကို အသုံးပြုရန် နှမြောနေခဲ့သည်။
ပုလော့နန်းတော်ကို အသုံးပြုနိုင်ရန်အတွက် ချင်ယိအနေဖြင့် မိုးကြိုးမှန်ကို ပုလော့နန်းတော်ထဲသို့ ပေါင်းစပ်ထည့်သွင်းရန်သာ တတ်နိုင်ခဲ့လေသည်။
မိုးကြိုးမှန်ထဲတွင် မရေမတွက်နိုင်သော မိုးကြိုးဝိညာဉ်များရှိနေပြီး ၎င်းတို့က ပုလော့နန်းတော်အတွက် လိုအပ်သော စွမ်းအင်အနှစ်သာရများပင် ဖြစ်သည်။ ချင်ယိက မိုးကြိုးမှန်ကို ထိန်းချုပ်ခြင်းဖြင့် ပုလော့နန်းတော်ကို ထိန်းချုပ်နိုင်လေသည်။
မိုးကြိုးမှန်ကို နန်းတော်၏ အနောက်ဘက်သို့ ပေါင်းစပ်ထည့်သွင်းလိုက်ရာ နန်းတော်၏စွမ်းအားကလည်း အဆင့်များစွာ မြင့်တက်လာခဲ့သည်။
ချင်ယိက သူ၏လက်ကို ဆန့်ထုတ်လိုက်ရာ ပုလော့နန်းတော်က လျင်မြန်စွာ သေးငယ်သွားပြီး သူ၏ လက်ဝါးထဲသို့ ကျဆင်းလာလေသည်။
"ငါ့မှာ နောက်ထပ် အိပ်ဆောင်တစ်ခု ရလာပြီ... ဟားဟားဟား"
ချင်ယိက သူ၏လက်ထဲရှိ နန်းတော်ကို ဆော့ကစားရင်း ရယ်မောလိုက်သည်။
'နောင်ကြရင် ငါခရီးထွက်တဲ့အခါ အထာကျဖို့အတွက် ဒီနန်းတော်ထဲမှာ နေပြီး ခရီးသွားရမယ်'
'ခရီးသွားတဲ့အခါ အထာကျဖို့ဆိုမှတော့ ငါ့မှာ အပြစ်သားကမ္ဘာထဲက နဂါးမြင်းတစ်ကောင် ရှိနေသေးတယ် မဟုတ်လား'
'နဂါးမြင်းနဲ့ ယှဉ်လိုက်ရင် ဒီပုလော့နန်းတော်က ပိုပြီး အထာကျတယ်'
'မိဖုရားဆောင်ထဲက အလှလေးတွေကို ခေါ်သွားတာကလည်း ဘဝရဲ့ကောင်းချီးတစ်ခုပဲ မဟုတ်ဘူးလား'
'အလှလေးတွေကို ခေါ်သွားပြီး နန်းတော်ထဲမှာ နေထိုင်ရင်း ကမ္ဘာမြေတွေ၊ ကောင်းကင်ယံတွေကို ဖြတ်သန်းခရီးသွားရတာက အရင်ဘဝက ဘယ်လိုဇိမ်ခံကားမျိုးထက်မဆို မရေမတွက်နိုင်အောင် ပိုပြီး ကောင်းမွန်နေမှာပဲ'
ထိုအကြောင်းကို တွေးမိသောအခါ ချင်ယိ၏ နှုတ်ခမ်းများက ကောက်ကျစ်စွာ ပြုံးယောင်သမ်းသွားလေသည်။
"ဟိတ်... ယောကျ်ားက ဘာအကြံဆိုးတွေ စဉ်းစားနေတာလဲ"
လျိုရီရီက ကျောက်စိမ်းကဲ့သို့ ဖြူဖွေးသော လက်ချောင်းလေးများကို ဆန့်ထုတ်ကာ ချင်ယိ၏ နဖူးကို ညင်သာစွာ ခေါက်လိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။
"ဒီကောင်မလေး... ကိုယ့်ယောကျ်ားကိုတောင် စော်ကားရဲတယ်ပေါ့လေ၊ တရားလွန်နေပြီ"
ချင်ယိက သတိဝင်လာပြီး လျိုရီရီကို သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းကာ ရက်စက်သည့်ဟန် ဖမ်းလိုက်သည်။
"ဟိဟိဟိ... ယောကျ်ားက အရမ်းဒေါသထွက်နေပါလား"
ထင်မှတ်မထားစွာပင် လျိုရီရီက ဂရုမစိုက်ဘဲ ကြည်လင်စွာ ရယ်မောလိုက်သည်။
"အစ်မတော်ရီရီက ယောကျ်ားရဲ့စိတ်ကို နားလည်ပြီးသားပါ။ ယောကျ်ားရဲ့ သေးသိမ်တဲ့ အတွေးလေးတွေကို သူမက တစ်ချက်ကြည့်လိုက်ရုံနဲ့ မြင်နိုင်တယ်လေ"
ဟောင်ယီလျန်က ပြုံးလိုက်ပြီး ချင်ယိကို မျိုးစုံသော ဟန်ပန်များဖြင့် နောက်ပြောင်လိုက်လေသည်။
"ကောင်းပြီလေ... မင်းကပါ ကိုယ့်ယောကျ်ားကို နောက်ပြောင်ရဲတယ်ပေါ့"
ချင်ယိက ချက်ချင်းပင် လျိုရီရီကို လွှတ်ပေးလိုက်ပြီး ဟောင်ယီလျန်ဘက်သို့ လှည့်လိုက်လေသည်။
"အို"
ချင်ယိက ဟောင်ယီလျန်ကို ညင်သာစွာ ဆွဲယူလိုက်ပြီး အလှလေးကို သူ၏ ပေါင်ပေါ်သို့ လဲလျောင်းစေလိုက်သည်။
ရင်ခွင်ထဲတွင် မွှေးပျံ့နေပြီး ကျောက်စိမ်းလေးတစ်ခုအလား နွေးထွေးစိုပြည်နေပေသည်။
ချင်ယိ၏ အချိန်ကြာမြင့်စွာ ပြုစုယုယမှုအောက်တွင် ဟောင်ယီလျန်သည် ပို၍ပို၍ ဆွဲဆောင်မှုရှိလာပြီး ခန္ဓာကိုယ်လေးမှာ ပြည့်ဖြိုးကာ နူးညံ့နေလေတော့သည်။
***