"ယောကျ်ားကို နောက်ပြောင်ရဲတဲ့ ပြစ်မှုအတွက် မိသားစုစည်းမျဉ်းနဲ့ အပြစ်ပေးရမယ်"
ချင်ယိက မျက်နှာကို တည်တင်းထားပြီး ပြောလိုက်သည်။
"ဟင့်အင်း... မလုပ်ပါနဲ့"
ဟောင်ယီလျန်က ရုတ်တရက် အော်ဟစ်လိုက်ပြီး ချင်ယိ၏လက်ထဲမှ လွတ်မြောက်ရန် သူမ၏ နူးညံ့သော ခန္ဓာကိုယ်လေးကို ဂဏာမငြိမ် လူးလွန့်ရုန်းကန်လိုက်လေသည်။
ချင်ယိပြောသည့် မိသားစုစည်းမျဉ်းဆိုသည်မှာ အဘယ်အရာဖြစ်ကြောင်း သူမ ကောင်းကောင်းသိထားပေသည်။
ညီမလေးများ၏ ရှေ့တွင်တော့ သူမ၏ယောကျ်ားဖြစ်သူထံမှ ထိုကဲ့သို့သော အရှက်မဲ့သည့် အပြုအမူမျိုးကို သူမ မခံယူချင်သေးချေ။
တကယ်ကို ရှက်စရာကောင်းလွန်းလှသည် မဟုတ်ပါလော။
သို့သော်လည်း သူမကဲ့သို့ နူးညံ့ပျော့ပျောင်းသော အလှလေးတစ်ဦးက ချင်ယိ၏လက်ထဲမှ မည်သို့လျှင် ရုန်းထွက်နိုင်ပါမည်နည်း။
"ဖြောင်း"
ချင်ယိ၏ ကြီးမားသော လက်ဝါးကြီးက ဟောင်ယီလျန်၏ ကော့တက်နေသော တင်ပါးလုံးလုံးလေးပေါ်သို့ ရိုက်ချလိုက်ရာ ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာသည်။
"အာ့"
ချက်ချင်းပင် ဟောင်ယီလျန်က အာမေဍိတ်သံလေး ပြုလိုက်ပြီး သူမ၏ မျက်နှာလေးမှာ ရဲတက်သွားကာ အလွန်အမင်း ဆွဲဆောင်မှုရှိပြီး ချစ်စရာကောင်းသော ဟန်ပန်လေး ဖြစ်သွားလေသည်။
"ယောကျ်ားက တကယ်ကိုလူဆိုးကြီးပဲ"
"အစ်မတော်ယီလျန်ကို ထပ်ပြီး အနိုင်ကျင့်နေပြန်ပြီ... ဟီးဟီးဟီး"
"အစ်မတော်ယီလျန်က အရှက်အသည်းဆုံးဆိုတော့ ယောကျ်ားက သူ့ကို အနိုင်ကျင့်ရတာအကြိုက်ဆုံး ဖြစ်နေတာပေါ့"
စုန့်ရွှဲအာနှင့် အခြားမိဖုရားများ၏ နောက်ပြောင်ကျီစယ်သံများကြောင့် ဟောင်ယီလျန်မှာ ရှက်သွေးဖြာသွားပြီး ချင်ယိ၏ ရင်ခွင်ထဲသို့ မျက်နှာအပ်ကာ ပုန်းကွယ်နေတော့သည်။
ရှားပါးလှသော နွေးထွေးမှုများက နောက်ဖေးဥယျာဉ်ထဲတွင် တစ်ဖန် ပြည့်နှက်သွားပြန်၏။
အချိန်အတော်ကြာ ပျောက်ဆုံးနေခဲ့သော ပျော်ရွှင်ရယ်မောသံများကလည်း နောက်ဖေးဥယျာဉ်ထဲတွင် ထပ်မံ ထွက်ပေါ်လာခဲ့သည်။
မိန်းကလေးများအားလုံး ပန်းပွင့်လေးများအလား ပြုံးရွှင်နေကြပြီး သူတို့၏ယောကျ်ားဖြစ်သူနှင့် အတူရှိနေရသော ဤအချိန်လေးကို အလွန်အမင်းတန်ဖိုးထားနေခဲ့ကြသည်။ ဤကဲ့သို့သော အားလပ်ချိန်မျိုးက တကယ်ကို ရှားပါးလွန်းလှသည် မဟုတ်ပါလော။
သူတို့၏ယောကျ်ားသည် အင်ပါယာအရှင်သခင်ဖြစ်သောကြောင့် ဖြေရှင်းရမည့် တိုင်းပြည်ရေးရာကိစ္စရပ်များ များပြားလွန်းလှပြီး အချိန်မရွေးထွက်ခွာသွားကာ ကျန်းလျန်နှင့်အခြားအမတ်များကို ခေါ်ယူ၍ အရေးကြီးသော ကိစ္စများကို ဆွေးနွေးရတတ်သည်။
အကယ်၍ ယောကျ်ားဖြစ်သူက အနာဂတ် အရှင်သခင်ဆိုသော နတ်ဘုရားစွမ်းအားတစ်မျိုးကို ကျင့်ကြံထားပြီး တိုင်းပြည်ရေးရာ ကိစ္စရပ်များကို ကူညီဖြေရှင်းပေးရန် ကိုယ်ပွားတစ်ခု ဖန်တီးထားနိုင်လျှင်တောင်မှ အားလပ်ချိန်က နည်းပါးလွန်းလှသည်။
သူတို့ယောကျ်ား၏အဆိုအရ ထိုအနာဂတ် အရှင်သခင်သည် နတ်ဘုရားစွမ်းအားများမှ ထွက်ပေါ်လာသော ရလဒ်တစ်ခုဖြစ်ပြီး ၎င်း၏တွက်ချက်နိုင်စွမ်းသည် သူ၏ကျင့်ကြံခြင်းအဆင့်၊ ဗဟုသုတများနှင့် ယုံကြည်ကိုးကွယ်မှု စွမ်းအင်များအပေါ်တွင် မူတည်နေပေသည်။
အနာဂတ်အရှင်သခင်ကို ယခုမှသာ ဖန်တီးထားနိုင်ခဲ့ပြီး ကြီးထွားလာဆဲအဆင့်တွင်သာ ရှိနေသေးသည်။ အများစုသော တိုင်းပြည်ရေးရာကိစ္စရပ်များကို ဖြေရှင်းနိုင်သော်လည်း အချို့သော အရေးကြီးသည့်ကိစ္စရပ်များကိုမူ ချင်ယိကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းရန် လိုအပ်နေဆဲ ဖြစ်လေသည်။
ဤမိသားစုကြီးထဲသို့ ယခုမှ ဝင်ရောက်လာခဲ့သော လင်းယွင်ရွှယ်၏ မျက်နှာပေါ်တွင်တော့ အားကျသည့် အရိပ်အယောင်လေးတစ်ခု ထွက်ပေါ်နေပေသည်။
သူမက ပုလော့နန်းတော်ထဲသို့ ယခုမှ ခြေချလာခဲ့သူဖြစ်ရာ လျိုရီရီနှင့်အခြားသူများကြားထဲသို့ ချက်ချင်းကြီး ဝင်ဆံ့နိုင်ရန် မဖြစ်နိုင်သေးချေ။
လင်းယွင်ရွှယ် ပုလော့မင်းဆက်သို့ ရောက်ရှိလာပြီးနောက် ချင်ယိက သူမကို ယွင်ဖေး (ယွင်မိဖုရား) ဟူသော ဘွဲ့အမည်ကို ပေးအပ်ခဲ့ပြီး ပုလော့နန်းတော်၏ မိသားစုဝင်တစ်ဦး ဖြစ်လာခဲ့သည်။
လျိုရီရီနှင့် အခြားသူများက သူမကိုအနိုင်ကျင့်လိုသည့် စိတ်ကူးမရှိကြသော်လည်း မည်သို့ပင်ဆိုစေ နှစ်ဖက်စလုံးက ရင်းနှီးကျွမ်းဝင်မှုမရှိသေးသည်ဖြစ်ရာ သူတို့ကြားတွင် အနည်းငယ်သော ကွာဟမှုလေးတစ်ခု ရှိနေဆဲပင်။
"ညီမလေးယင်ရွှယ်... စိတ်မလောပါနဲ့။အစ်မတော်ရီရီနဲ့ တခြားသူတွေက ပေါင်းသင်းဆက်ဆံရတာ အရမ်းလွယ်ကူပါတယ်"
ကျော့ရှင်းလှပသော ဟန်းကော့က လင်းယွင်ရွှယ်၏ နူးညံ့သော လက်ကလေးကို ဆုပ်ကိုင်ကာ ပြောလိုက်၏။
"အစ်မတော်ဟန်းကော့... ယွင်ရွှယ် နားလည်ပါတယ်"
လင်းယွင်ရွှယ်က ဟန်းကော့ကို အားနာဟန်ဖြင့် ပြုံးပြလိုက်ပြီး သူမ၏စိတ်အခြေအနေလည်း ဖြည်းညှင်းစွာ တည်ငြိမ်သွားခဲ့သည်။
"အင်းပါ"
ဟန်းကော့က ခေါင်းကို ညင်သာစွာ ညိတ်ပြလိုက်ပြီး သိပ်ပြီး ဂရုမစိုက်တော့ချေ။
လျိုရီရီ၏ ဦးဆောင်မှုအောက်တွင် ပုလော့နန်းတော် တစ်ခုလုံးသည် အခြားသောမင်းဆက်များ၏ မိဖုရားဆောင်များကဲ့သို့ အကောက်ကြံမှုများဖြင့် ပြည့်နှက်မနေခဲ့ချေ။
အခြားသောမင်းဆက်များနှင့် နှိုင်းယှဉ်ပါက ပုလော့နန်းတော်က အတော်လေး သဟဇာတဖြစ်ပြီး သင့်မြတ်လှသည်။
ဟန်းကော့က ကြိမ်ကုလားထိုင်ပေါ်တွင် ပျင်းရိစွာ လဲလျောင်းနေပြီး အကြောဆန့်လိုက်သည်။ မည်သည့်အကြောင်းကြောင့်မှန်းမသိ လွန်ခဲ့သည့် ရက်အနည်းငယ်မှစ၍ သူမက အကြောင်းရင်းမရှိဘဲ အနည်းငယ်အိပ်ချင်သလို ခံစားနေရသည်။
ကြည်လင်တောက်ပနေသော ဖီးနစ်မျက်လုံးအစုံက အနည်းငယ်မှေးစင်းသွားပြီး သူမ၏ လှပသော မျက်နှာလေးပေါ်တွင် အိပ်ချင်မူးတူး အရိပ်အယောင်လေးများ ထွက်ပေါ်လာလေသည်။
ခေတ္တမျှ ကြာပြီးနောက် ဟန်းကော့သည် ကြိမ်ကုလားထိုင်ပေါ်တွင် အိပ်ပျော်သွားလေတော့သည်။
မွန်းတည့်ချိန်ရောက်မှသာ ဟန်းကော့က ချင်ယိ၏ နှိုးခြင်းကို ခံလိုက်ရသည်။
"ဟန်ကော့... ဘာဖြစ်လို့လဲ၊ နေမကောင်းဘူးလား"
ချင်ယိက ဟန်းကော့၏ ဆံပင်များကို သပ်တင်ပေးရင်း စိုးရိမ်တကြီး မေးလိုက်လေသည်။
"နှမတော်က ဘာမှမဖြစ်ပါဘူး။ လောလောဆယ် နည်းနည်း အိပ်ချင်နေရုံလေးတင်ပါ"
ဟန်းကော့က ချင်ယိကို အိပ်ချင်မူးတူးဖြင့် တစ်ချက်ကြည့်လိုက်ပြီး ညင်သာစွာ ပြုံးပြကာ ဘာမှမဖြစ်ကြောင်း အချက်ပြလိုက်သည်။
"ဝေါ့"
သူမ စကားပြောနေစဉ်မှာပင် ဟန်းကော့မှာ ဆက်လက် မထိန်းထားနိုင်တော့ဘဲ ရုတ်တရက် အန်ထုတ်လိုက်ပြီး သူမ၏ မျက်နှာလေးမှာလည်း ဖြူလျော့သွားရသည်။
"ဘာဖြစ်လို့လဲ"
"အစ်မတော်ဟန်းကော့... ဘာဖြစ်လို့လဲ၊ သမားတော် ခေါ်ပြရမလား"
"အစ်မတော်ဟန်းကော့... နေမကောင်းဘူးလား"
ဟန်းကော့၏ ထူးဆန်းသောအပြုအမူကြောင့် ချင်ယိနှင့် အခြားသူများမှာ အံ့အားသင့်သွားကြပြီး စိုးရိမ်တကြီး ဖြစ်သွားကြသည်။
ချင်ယိက ရှေ့သို့လှမ်းကာ ဟန်းကော့ကို ညင်သာစွာ ဆွဲထူလိုက်၏။
ချင်ယိ၏ ခန္ဓာကိုယ်မှ စစ်မှန်သော စွမ်းအင်စီးကြောင်းတစ်ခုက ဟန်းကော့၏ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားလေသည်။ ခေတ္တမျှ ကြာပြီးနောက် ချင်ယိ၏ မျက်မှောင်များက နက်ရှိုင်းစွာ ကုတ်ကျသွားသည်။
ဟန်းကော့၏ ခန္ဓာကိုယ်ထဲတွင် ထူးခြားမှုမရှိသလို နေမကောင်းသည့် လက္ခဏာမျိုးလည်း မတွေ့ရချေ။
'ဒါဆို ဘာလို့ ဟန်းကော့က ရုတ်တရက် အန်ရတာလဲ'
'ကောင်းကင်ဘုံစတုတ္ထအဆင့် ကျင့်ကြံခြင်းရှိတဲ့ ဟန်းကော့က ဘာအကြောင်းမှမရှိဘဲ ဘယ်လိုလုပ် အန်နိုင်မှာလဲ'
'နေပါဦး'
'အိပ်ချင်မူးတူးဖြစ်နေတာရယ်... အန်တာရယ်...'
ရုတ်တရက် ချင်ယိ၏စိတ်ထဲတွင် တစ်စုံတစ်ခုကို တွေးမိသွားသည့်အလား အလင်းတစ်ချက်လင်းလက်သွားခဲ့သည်။
ချင်ယိက သူ၏ စစ်မှန်သောစွမ်းအင်အချို့ကို ဟန်းကော့၏ဝမ်းဗိုက်ထဲသို့ အလျင်အမြန်နှင့် သတိထားကာ ပို့လွှတ်လိုက်သည်။ ထိုနေရာတွင် တိတ်ဆိတ်သော်လည်း အားကောင်းသော သက်ရှိလှိုင်းလေးတစ်ခုက သူနှင့် အံ့သြဖွယ်ကောင်းသော ခံစားချက်တစ်ခုကို ဖန်တီးနေပေသည်။
သွေးသားတော်စပ်မှု သံယောဇဉ်ကြိုးလေးက အလိုအလျောက် ချိတ်ဆက်သွားလေပြီ။
သူ မျှော်လင့်ထားခဲ့သော်လည်း ချင်ယိမှာ မှင်သက်သွားဆဲပင်။
ပြောပြ၍မရနိုင်သော ခံစားချက်တစ်ခုက ချင်ယိ၏ နှလုံးသားထဲသို့ ချက်ချင်း တိုးဝင်လာခဲ့သည်။
စိတ်လှုပ်ရှားမှု၊ ဝမ်းသာမှု၊ စိုးရိမ်ပူပန်မှု... ဖော်ပြ၍မရသော ခံစားချက်မျိုးစုံက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာလေသည်။
တစ်ချိန်တည်းမှာပင် လှိုင်းလုံးကြီးတစ်ခုအလား ဝမ်းမြောက်မှုက သူ၏ရင်ထဲမှ ပေါက်ကွဲထွက်လာခဲ့ပြီး ၎င်းသည် ချင်းကျိုးတစ်ခုလုံးကို စည်းလုံးကာ ချင်းကျိုး၏အရှင်သခင် ဖြစ်လာခဲ့စဉ်က သူ၏စိတ်လှုပ်ရှားမှုထက်ပင် များစွာသာလွန်နေသေးသည်။
'ဟန်းကော့ဆီမှာ သက်ရှိအသစ်လေးတစ်ခု သန္ဓေတည်နေပြီ'
'ဒါက ငါ့ရဲ့ ကလေးလေးပဲ'
"ဘယ်လိုနေလဲ... အစ်မတော်ဟန်းကော့"
ချင်ယိ၏မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို မြင်သောအခါ ဘေးပတ်လည်ရှိ မိန်းကလေးများမှာ ရုတ်တရက် စိုးရိမ်တကြီး ဖြစ်သွားကြရသည်။
ဟန်းကော့သည် သူတို့နှင့်အတူ အချိန်ကြာမြင့်စွာ နေထိုင်လာခဲ့ပြီး သံယောဇဉ်နက်ရှိုင်းနေပြီဖြစ်ရာ မိန်းကလေးများအားလုံးက သူမအတွက် စိုးရိမ်နေကြခြင်းဖြစ်၏။
"ဘာမှမဖြစ်ပါဘူး၊ ဟန်းကော့ရဲ့ ကျန်းမာရေးက အရမ်းကောင်းပါတယ်။ ဟားဟားဟား"
ချင်ယိက အလှလေးကို နာကျင်သွားစေမည်ကို စိုးရိမ်သည့်အလား ဟန်းကော့၏ လက်ကလေးကို ရှားပါးရတနာတစ်ပါးကို ကိုင်တွယ်ရသလို ညင်သာစွာ ချထားပေးလိုက်လေသည်။
"ဒါဆို အစ်မတော်ဟန်းကော့က ဘာလို့ ရုတ်တရက် အန်ရတာလဲ"
စုန့်ရွှဲအာနှင့် အခြားမိန်းကလေးများမှာ နားမလည်နိုင်အောင် ဖြစ်နေကြဆဲပင်။
"ဂုဏ်ယူပါတယ်... အစ်မတော်ဟန်းကော့"
ဆန့်ကျင်ဘက်အနေဖြင့် ဉာဏ်ကောင်းသော လျိုရီရီက ပထမဆုံး သဘောပေါက်သွားပြီး ဟန်းကော့ကို ဝမ်းသာအားရ ဂုဏ်ပြုလိုက်သည်။
ဤသည်က စုန့်ရွှဲအာနှင့် အခြားမိန်းကလေးများကို ပို၍ပင် တွေဝေသွားစေခဲ့သည်။
ဟန်းကော့မှာ ထင်ရှားစွာပင် နေမကောင်းဖြစ်နေသည်ကို ဘာကများ ဝမ်းသာစရာဖြစ်နေသနည်း။
ဟန်းကော့ကိုယ်တိုင်ပင် ကြောင်အမ်းအမ်း ဖြစ်နေပြီး ဘာကို ဝမ်းသာရမှန်း မသိဖြစ်နေခဲ့လေသည်။
"ယောကျ်ား... အစ်မတော်ရီရီ... ကျွန်မတို့ကို မြန်မြန်ပြောပြပါဦး"
ပြုံးနေပြီး စကားမပြောကြသော ချင်ယိနှင့် လျိုရီရီတို့ နှစ်ယောက်ကို ကြည့်ကာ စုန့်ရွှဲအာနှင့် အခြားမိန်းကလေးများမှာ စိတ်ထဲတွင် ကြောင်ကုတ်ခံရသလို ယားယံနေကြပြီး ဆက်တိုက် မေးမြန်းနေကြသည်။
"သေချာစဉ်းစားကြည့်ကြလေ... အစ်မတော်ဟန်းကော့ရဲ့ လက္ခဏာတွေကို"
လျိုရီရီက လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်လေသည်။
"အစ်မတော်ဟန်းကော့ရဲ့ လက္ခဏာတွေက... သိပြီ၊ အစ်မတော်ဟန်းကော့ ကိုယ်ဝန်ရှိနေတာပဲ"
စုန့်ရွှဲအာက တီးတိုးရေရွတ်ရင်း ရုတ်တရက် သဘောပေါက်သွားကာ အံ့သြတကြီး အော်ဟစ်လိုက်သည်။
"ငါ ကိုယ်ဝန်ရှိနေတာလား"
ထိုစကားကို ကြားသောအခါ ဟန်းကော့က သူမ၏ နှုတ်ခမ်းနီနီလေးများကို အနည်းငယ်ဟကာ မှင်သက်သွားရသည်။
ဤသည်မှာ သူမ လုံးဝထင်မှတ်မထားခဲ့သော အရာဖြစ်သည်။ မူလက မိန်းကလေးများ၏ခန့်မှန်းချက်အရ ဟန်းကော့သည် ချင်ယိအတွက် သွေးသားဆက်ခံသူကို အလွယ်ကူဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်မည့်သူ ဖြစ်သည်။
သို့သော်လည်း ဤအလွယ်ကူဆုံးဆိုသည်မှာ နှိုင်းယှဉ်ချက်တစ်ခုအရသာဖြစ်၏။
ချင်ယိ၏ ကျင့်ကြံခြင်းအဆင့်က အသွင်ပြောင်းအဆင့်သို့ ချိုးဖောက်ရောက်ရှိနေပြီဖြစ်ပြီး စစ်မှန်သောနဂါးသွေးကြောကိုလည်း ပိုင်ဆိုင်ထားရာ သာမန်အမျိုးသမီးများအနေဖြင့် ချင်ယိ၏သက်ရှိ မျိုးရိုးဗီဇများကို လုံးဝ ခံနိုင်ရည်မရှိချေ။
လျိုရီရီနှင့် အခြားသူများကဲ့သို့ ကျင့်ကြံခြင်းအဆင့် မဟာသခင်ကြီးအဆင့်သာရှိသော မိန်းကလေးများဆိုလျှင် ချင်ယိ၏သွေးကြောကို သယ်ဆောင်နိုင်စွမ်း လုံးဝ မရှိပေ။
ဟန်းကော့၏ ကျင့်ကြံခြင်းအဆင့်က အတော်လေး မြင့်မားပြီး စနစ်၏ခေါ်ယူမှုကို ခံရသူဖြစ်ရာ အလွန် ပါရမီပါပေသည်။ သူမသည်သာ အချိန်တိုအတွင်း အသွင်ပြောင်းအဆင့်သို့ ချိုးဖောက်ပြီး ချင်ယိအတွက် သားသမီး မွေးဖွားပေးနိုင်မည့် အကြီးမားဆုံး မျှော်လင့်ချက် ဖြစ်သည်။
သို့သော် ဟန်းကော့ အသွင်ပြောင်းအဆင့်သို့ မချိုးဖောက်နိုင်ခင်မှာပင် သူမ၏ကိုယ်ဝန်သတင်းကို ကြားရလိမ့်မည်ဟု ချင်ယိကိုယ်တိုင်ပင် ထင်မှတ်မထားခဲ့ချေ။
အင်ပါယာအရှင်သခင်တွင် သွေးသားဆက်ခံမည့်သူ ရှိလာခဲ့လေပြီ။
***