မိဖုရား ကိုယ်ဝန်ရှိနေပြီဆိုသည့်သတင်းက ပုလော့မင်းဆက် တစ်ခုလုံးသို့ ချက်ချင်း ပျံ့နှံ့သွားဆလသည်။
အင်ပါယာမင်းဆက်တစ်ခုလုံးကို တုန်လှုပ်သွားစေပြီး အမတ်များအားလုံးမှာလည်း ဤသတင်းကြောင့် စိတ်လှုပ်ရှား ဝမ်းသာနေခဲ့ကြသည်။
"မိဖုရားကြီး ကိုယ်ဝန်ရှိနေပြီ... ဝမ်းသာစရာကိစ္စပဲ၊ ဝမ်းသာစရာကိစ္စကြီးပဲ"
"မိဖုရားကြီးက ကိုယ်ဝန်ဆောင်ထားပြီဆိုတော့ မင်းဆက်အတွက် သွေးသားဆက်ခံမယ့်သူ ရှိလာပြီ။ ဒါက ဘဝရဲ့ အကြီးမားဆုံး ဝမ်းသာစရာကိစ္စကြီးပဲ"
"မင်းဆက်ကြီး တည်ငြိမ်သွားပြီ"
သတင်းကိုကြားပြီးနောက် ပုလော့မင်းဆက်မှ အမတ်များမှာ ဝမ်းသာအားရ ရယ်မောလိုက်ကြသည်။
အင်အားစုတစ်ခု တည်ငြိမ်မှုဆိုသည်မှာ အရှင်သခင်၏အင်အားအပေါ်တွင်သာမက အရှင်သခင်၏သွေးသားဆက်ခံသူများအပေါ်တွင်လည်း မူတည်နေပေသည်။
မင်းဆက်တစ်ခုအတွက် အိမ်ရှေ့မင်းသားကို သတ်မှတ်ခြင်းက အရေးအကြီးဆုံးကိစ္စရပ်ပင် ဖြစ်သည်။
အင်ပါယာအရှင်သခင်၏ သွေးသားဆက်ခံသူရှိနေမှသာလျှင် အမတ်များနှင့်ပြည်သူများ၏ နှလုံးသားများကို ပိုမို တည်ငြိမ်စေနိုင်မည်ဖြစ်၏။
ဤမတိုင်မီက ပုလော့မင်းဆက်တစ်ခုလုံးသည် ပုလော့တည်ငြိမ်မှုကို သေချာစေရန် ပုလော့နန်းတော်ရှိ မိဖုရားများ ကိုယ်ဝန်ဆောင်နိုင်ရန် မျှော်လင့်နေခဲ့ကြသည်။
သို့သော်လည်း ပုလော့နန်းတော်မှ သတင်းအစအနမျှ မထွက်ပေါ်လာသည်မှာ အချိန်အတော်ကြာမြင့်ခဲ့ပြီဖြစ်ရာ လူများစွာမှာ မျှော်လင့်တကြီး စောင့်စားနေခဲ့ကြရသည်။ နောက်ဆုံးတွင်တော့ ယနေ့၌ မိဖုရားကြီး ကိုယ်ဝန်ရှိနေပြီဆိုသည့်သတင်းက ပုလော့နန်းတော်မှ ထွက်ပေါ်လာခဲ့ပြီဖြစ်ရာ ပြည်သူများမှာ အလွန်အမင်း စိတ်လှုပ်ရှား ပျော်ရွှင်နေကြလေသည်။
အကယ်၍ မိဖုရားက သားတော်လေးမွေးဖွားလာမည်ဆိုလျှင် ပို၍ပင် အဓိပ္ပာယ်ပြည့်ဝနေဦးမည် ဖြစ်သည်။
ဤသည်မှာ ပုလော့မင်းဆက်၏ပထမဆုံးသော မင်းသား၊ တရားဝင်အိမ်ရှေ့မင်းသားပင် ဖြစ်လာမည် မဟုတ်ပါလော။
နောက်ဆုံးတွင် ဤသတင်းသည် ဟာဂိုရိုမိုက ထာ့ထျန်းဂိုဏ်းကို ချေမှုန်းဖျက်ဆီးလိုက်သည့် သတင်းကိုပင် ကျော်လွန်သွားခဲ့ပြီး ပုလော့မင်းဆက်၏ စိတ်ဝင်စားစရာ အကောင်းဆုံး သတင်းတစ်ပုဒ်ဖြစ်လာခဲ့လေသည်။
နန်းတော်သို့ ယခုမှ ပြန်လည်ရောက်ရှိလာကြသော မယ်တော်ယန်နှင့် မယ်တော်ကြီးတို့ပင်လျှင် သတင်းကြားကြားချင်း အလျင်အမြန် ရောက်ရှိလာခဲ့ကြသည်။
"ဘာဖြစ်လို့လဲ။ နေမကောင်းဘူးလား။ သမားတော်တွေကို ခေါ်ပြရမလား"
မယ်တော်ယန်နှင့် မယ်တော်ကြီးတို့က ဟန်းကော့ကို ဘယ်ညာတစ်ဖက်တစ်ချက်စီမှ တွဲကူပေးထားကြပြီး ဟန်းကော့ အနည်းငယ်မျှ နေမသက်မသာ ဖြစ်သွားမည်ကို စိုးရိမ်သည့်အလား အလွန်ညင်သာစွာ လှုပ်ရှားနေကြလေသည်။
ကိုယ်ဝန်ရှိနေသော ဟန်းကော့သည် အမှန်တကယ်ပင် တိုင်းပြည်၏ အဖိုးတန်ရတနာတစ်ပါးအဖြစ် ပြောင်းလဲသွားခဲ့ချေပြီ။
မယ်တော်ယန်ရော မယ်တော်ကြီးပါ ဟန်းကော့ကို အနည်းငယ်မျှ ထိခိုက်သွားမည်ကိုပင် ကြောက်ရွံ့နေခဲ့ကြသည်။
ချင်ယိက ဟန်းကော့ကို မျက်နှာပျက်ပြရဲလျှင်တောင်မှ မယ်တော်ယန်နှင့် မယ်တော်ကြီးတို့၏ ပြင်းထန်စွာ ဆူပူကြိမ်းမောင်းခြင်းကို သေချာပေါက် ခံရမည်သာ ဖြစ်သည်။
မယ်တော်နှစ်ပါး၏ မျက်လုံးထဲတွင် ချင်ယိ၏ အဆင့်အတန်းက အောက်ဆုံးအထိ ထိုးကျသွားသည်ဟု ဆိုနိုင်လေသည်။
သို့သော်လည်း ဤနှစ်ဦးထဲမှတစ်ဦးက သူ၏ အရင်းချာမယ်တော်ဖြစ်ပြီး နောက်တစ်ဦးက သူ့ကိုမွေးစားခဲ့သော မယ်တော်ဖြစ်နေသည် မဟုတ်ပါလော။ ချင်ယိက လုံးဝမစော်ကားရဲပေ။
"ခမည်းတော်... သမီးတော်မှာ မောင်လေးတစ်ယောက် ထပ်ရတော့မှာလား"
လိမ္မာရေးခြားရှိသော ချင်ယာယာလေးက ချင်ယိအတွက် အခက်တွေ့နေမှုများကို ဖြေရှင်းပေးလိုက်လေသည်။
ပုလော့ဇီးယွဲ့မင်းသမီးလေးသည် အသက်အရွယ် ကြီးပြင်းလာသည်နှင့်အမျှ ပို၍ပို၍ လှပကျော့ရှင်းလာပြီး သူမ၏အသားအရေက နှင်းပွင့်များအလား ဖြူဖွေးနူးညံ့ကာ ဆံကေသာက ရေတံခွန်အလား ဖြောင့်စင်းနေသည်။
ရုပ်ရည်အသွင်အပြင်ကို ပြောရမည်ဆိုလျှင် သူမက လျိုရီရီနှင့် အခြားမိဖုရားများထက် အားနည်းခြင်းမရှိဘဲ နတ်သမီးလေးတစ်ပါးအလား ဖြစ်နေလေသည်။
ဤအခိုက်အတန့်တွင် ချင်ယာယာက သူမ၏ တောက်ပသော မျက်လုံးဝိုင်းကြီးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ လူအုပ်ကြီး ဝိုင်းရံထားသော ဟန်းကော့ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်နေခဲ့သည်။
"သေချာပေါက်တော့ မဟုတ်ဘူးလေ။ ညီမလေးလည်းဖြစ်နိုင်တာပဲ မဟုတ်ဘူးလား"
ချင်ယိက ရယ်မောလိုက်ပြီး ခပ်အေးအေးပင် ပြောလိုက်လေသည်။
သူ၏ အမြင်တွင် သားတော်လေးဖြစ်စေ၊ သမီးတော်လေးဖြစ်စေ သူ၏ကလေးသာ ဖြစ်သည်။
အရင်ဘဝကနေ ယခုဘဝအထိ ဖခင်တစ်ယောက်ဖြစ်ရသည့် ခံစားချက်ကို သူ တစ်ကြိမ်တစ်ခါမျှ မခံစားဖူးခဲ့ချေ။ ဤအတွေ့အကြုံက သူအဖို့ အလွန်တရာဆန်းသစ်နေပေသည်။
"ဒါပေမဲ့ မောင်လေး ဒါမှမဟုတ် ညီမလေး မွေးဖွားလာဖို့ကတော့ အချိန်နည်းနည်း ယူရလိမ့်မယ်"
ချင်ယိက ညင်သာစွာ ပြုံးလိုက်သည်။
"ဘာဖြစ်လို့လဲဟင်"
ချင်ယာယာမှာ နားမလည်နိုင်အောင် ဖြစ်သွားရသည်။
"ကျင့်ကြံသူတွေရဲ့ ကျင့်ကြံခြင်းအဆင့်က မြင့်မားလေလေ သွေးသားဆက်ခံမယ့်သူ မွေးဖွားဖို့ ခက်ခဲလေလေပဲ။ ကိုယ်ဝန်ဆောင်ရတဲ့ အချိန်ကလည်း ပိုပြီး ကြာမြင့်တတ်တယ်"
"ခမည်းတော်က အင်ပါယာအရှင်သခင်ဖြစ်သလို၊ သမီးတော်ရဲ့အန်တီကလည်း ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်နေတော့ သက်ရှိလေးတစ်ခု မွေးဖွားလာဖို့ အချိန်အတော်ကြာ ယူရလိမ့်မယ်"
ချင်ယိက ပြုံးလျက် ရှင်းပြလိုက်၏။
ယေဘုယျအားဖြင့်ဆိုရလျှင် မိခင်၏ဝမ်းဗိုက်ထဲတွင် အချိန်ပိုကြာကြာ နေရလေလေ၊ သန္ဓေသား၏ ပါရမီနှင့် သွေးကြောက သာမန်လူများထက် ပိုမိုထူးချွန်ပြောင်မြောက်လေလေ ဖြစ်သည်။
ချင်ယိက စစ်မှန်သော နဂါးသွေးကြောကို ပိုင်ဆိုင်ထားပြီး ဟန်းကော့၏ခန္ဓာကိုယ်ထဲရှိ သန္ဓေသားလေးသည်လည်း နဂါးသွေးကြောကို သဘာဝကျကျ အမွေဆက်ခံရရှိမည်ဖြစ်ရာ ကိုယ်ဝန်ဆောင်ရန် အချိန်ကြာမြင့်ခြင်းသာ ဖြစ်လေသည်။
...........
ယုံချင့်နန်းဆောင်။
နန်းတော်ကြီးက ခမ်းနားထည်ဝါပြီး မီတာတစ်ရာခန့် မြင့်မားကာ ပန်းပေါင်းစုံဖြင့် လှပစွာအလှဆင်ထားခဲ့သည်။
ပြင်းထန်သော ကနဦးစွမ်းအင်များသည် မမြင်နိုင်သော လက်ကြီးတစ်ဖက်၏ ဆွဲငင်မှုအောက်တွင် ယုံချင့်နန်းဆောင်ထဲသို့ စီးဝင်သွားလေသည်။
လှပသော အစေခံမိန်းကလေးများနှင့် အမျိုးသမီး သူတော်စင်တစ်စုက ယုံချင့်နန်းဆောင်၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ရိုသေလေးစားစွာ ရပ်နေကြ၏။
ဟန်းကော့ ကိုယ်ဝန်ရသွားပြီးနောက် အင်ပါယာအရှင်သခင်၏ အလိုလိုက်အကြိုက်ဆောင်တတ်မှုကို မင်းဆက်တစ်ခုလုံးက မြင်တွေ့ခဲ့ရလေသည်။
ဖခင်တစ်ယောက်ဖြစ်လာတော့မည့် အမျိုးသားတစ်ဦးအနေဖြင့် ကိုယ်ဝန်ဆောင်ဇနီးသည်ကို အလိုလိုက်ခြင်းက သဘာဝမကျဘူးလား။
ချင်ယိက ဟန်းကော့၏ တောင်းဆိုမှုတိုင်းကို ဖြည့်ဆည်းပေးခဲ့သည်။
အချိန်ပြည့်စောင့်ရှောက်ရန်အတွက် အစေခံများနှင့် သမားတော်များကို စီစဉ်ပေးထားပြီး အနည်းငယ်မျှ အမှားအယွင်းဖြစ်မည်ကိုပင် ကြောက်ရွံ့နေခဲ့ရာ လျိုရီရီနှင့် အခြားမိဖုရားများပင် မနာလိုဖြစ်ရသည်အထိပင်။
အမျိုးသမီးကျင့်ကြံသူများအတွက် သွေးသားဆက်ခံမည့်သူ မွေးဖွားရန်ဆိုသည်မှာ အလွန်ရှားပါးလှသည်။ မျိုးဆက်သစ်တစ်ခု မွေးဖွားရန် ခက်ခဲခြင်းအပြင် အခြားသော အကြောင်းရင်းတစ်ခုလည်း ရှိသေးသည်။
၎င်းမှာ အမျိုးသမီးကျင့်ကြံသူများ ကလေးမွေးဖွားပါက သူတို့ကိုယ်တိုင်အတွက် ကြီးမားသော ဆုံးရှုံးမှုကြီးဖြစ်စေပြီး သူတို့၏ကျင့်ကြံခြင်းကိုပင် ထိခိုက်စေနိုင်သောကြောင့် ဖြစ်သည်။
ဤအကြောင်းကြောင့်ပင် အမျိုးသမီးကျင့်ကြံသူအများစုသည် ကလေးယူရန် ရွေးချယ်လိုစိတ် မရှိကြချေ။
ဟန်းကော့ ကိုယ်ဝန်ဆောင်ထားချိန်တွင် ချင်ယိက သဘာဝကျကျပင် ဟန်းကော့ကို အဆုံးရှုံး မခံနိုင်ချေ။
စနစ်ထံမှ ရရှိထားသော သန္ဓေသားထိန်းဆေးလုံးကိုလည်း ချင်ယိက ဟန်းကော့အတွက် ထုတ်ယူပေးခဲ့လေသည်။
ထိုက်ရှန်းလောင်ကျွင်း၏ တောက်စစ်နန်းဆောင်မှ သန္ဓေသားထိန်းဆေးလုံးသည် လောကတွင် ရှားပါးလှသော အမြင့်မြတ်ဆုံး ဆေးစွမ်းကောင်းတစ်လက် ဖြစ်ပြီး သူတော်စင်ဆေးလုံးများထက်ပင် များစွာ သာလွန်နေသေးသည်။
ဟန်းကော့က ၎င်းကို အသုံးပြုပြီးနောက်တွင် သူမ၏ ဆုံးရှုံးမှုများကို အပြည့်အဝပြန်လည်ဖြည့်တင်းနိုင်ရုံသာမက သူမ၏ကျင့်ကြံခြင်းကလည်း တိုးတက်လာခဲ့သည်။ ကောင်းကင်ဘုံစတုတ္ထအဆင့်မှ နဝမအဆင့်အထိရောက်ရှိသွားပြီး အသွင်ပြောင်းအဆင့်သို့ ချိုးဖောက်ရန် ခြေလှမ်းတစ်ဝက်သာ လိုတော့လေသည်။
ဤအချက်တစ်ချက်တည်းကပင် အမြင့်မြတ်ဆုံး ဆေးစွမ်းကောင်းဟူသော ဂုဏ်ပုဒ်နှင့် ထိုက်တန်နေပေပြီ။
ထို့ထက်ပို၍ အကျိုးကျေးဇူး အများဆုံးရရှိသူမှာ ဟန်းကော့မဟုတ်ဘဲ သူမ၏ ဝမ်းဗိုက်ထဲရှိ သန္ဓေသားလေးသာ ဖြစ်သည်။
ချင်ယိသည် ဟန်းကော့၏ဝမ်းဗိုက်ထဲရှိ သန္ဓေသားလေး၏ အားကောင်းသော သက်ရှိလှိုင်းများကို ရှင်းလင်းစွာ ခံစားသိရှိနိုင်သည်။ ဆေးလုံးကို သောက်သုံးပြီးနောက် ပို၍ပင် အားကောင်းလာခဲ့သည်။
ချင်ယိက စနစ်ထံမှ အံ့သြဖွယ်ကောင်းသော သတင်းတစ်ခုကို သိရှိခဲ့ရပြန်သည်။
သူ၏ကလေးလေးသည် မိခင်၏ဝမ်းဗိုက်ထဲတွင် ရှိနေစဉ်မှာပင် ကျင့်ကြံခြင်းအဆင့်က မဟာသခင်ကြီးအဆင့်သို့ ရောက်ရှိနေခဲ့ပြ ဖြစ်သည်။
အသက်သုညအရွယ်မှာပင် မဟာသခင်ကြီးအဆင့်သို့ ရောက်ရှိနေခြင်းပင်။
တကယ်ကို တုန်လှုပ်ချောက်ချားဖွယ် ကောင်းလှသည် မဟုတ်ပါလော။
ထိုသတင်းကို ကြားသောအခါ ချင်ယိကိုယ်တိုင်ပင် စကားမပြောနိုင်လောက်အောင် အံ့သြမှင်သက်သွားခဲ့ရလေသည်။
ပြန်လည်စဉ်းစားကြည့်မည်ဆိုလျှင် သူကိုယ်တိုင်ပင် မဟာသခင်ကြီးအဆင့်သို့ ချိုးဖောက်နိုင်ရန် စနစ်၏ အကူအညီဖြင့် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ရသည် မဟုတ်ပါလော။
မမွေးဖွားလာခင်မှာပင် သူ၏ကလေးက ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံခြင်းအဆင့်သို့ ရောက်ရှိနေသည်ကို တွေးမိသောအခါ ချင်ယိမှာ ဘာပြောရမှန်းပင် မသိတော့ချေ။
သို့သော်လည်း သူက အတွေးကို ပြောင်းလဲလိုက်ပြီး စိတ်သက်သာရာ ရသွားရသည်။
ဟန်းကော့၏ ဝမ်းဗိုက်ထဲရှိ သန္ဓေသားလေး ဤမျှ ကျင့်ကြံခြင်းအဆင့်ရှိနေခြင်းမှာ ချင်ယိနှင့် မသက်ဆိုင်လှချေ။
ချင်ယိထံမှ အမွေဆက်ခံရရှိသော စစ်မှန်သော နဂါးသွေးကြောအပြင် သန္ဓေသားထိန်းဆေးလုံး၏ အာနိသင်ပါ ပေါင်းစပ်သွားသောကြောင့် မိမိ၏ ကလေးသည် မမွေးဖွားခင်မှာပင် ဤကဲ့သို့သော ကျင့်ကြံခြင်းအဆင့်ရှိနေခြင်းမှာ လက်မခံနိုင်စရာ မဟုတ်ချေ။
နှိုင်းယှဉ်ရမည်ဆိုလျှင် အကယ်၍ သန္ဓေသားထိန်းဆေးလုံး၏ အာနိသင်အများစုကို သန္ဓေသား၏ ပါရမီနှင့် နတ်ဘုရားခန္ဓာကိုယ်အဖြစ်သို့ ပြောင်းလဲရန်သာ အသုံးမပြုခဲ့ပါက သန္ဓေသားလေး၏ကျင့်ကြံခြင်းအဆင့်က ဤမျှသာ မကနိုင်ကြောင်း သူ စိုးရိမ်မိပေသည်။
သန္ဓေသားထိန်းဆေးလုံးနှင့် စစ်မှန်သော နဂါးသွေးကြောတို့၏ အာနိသင်ပေါင်းစပ်မှုက တစ် အပေါင်း တစ်လို ရိုးရှင်းပါမည်လော။
ထိုနှစ်ခုပေါင်းစပ်သွားခြင်းက သန္ဓေသားအပေါ် သက်ရောက်မှုမှာ နည်းနည်းနောနော မဟုတ်ချေ။
ထို့ကြောင့် ဟန်းကော့၏ ဝမ်းဗိုက်ထဲရှိ သန္ဓေသားလေး၏ကျင့်ကြံခြင်းက မဟာသခင်ကြီးအဆင့်သို့ ရောက်ရှိသွားခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။
တစ်နည်းဆိုရသော် ဤသည်မှာ ကောင်းကင်ယံနှင့် လောကကြီးထဲတွင် သာမန်ကိစ္စတစ်ခုအဖြစ်သာ သတ်မှတ်နိုင်သည်။
သိထားရမည်မှာ ကောင်းကင်ယံနှင့်လောကကြီးထဲတွင် ဟန်းကော့၏ဝမ်းဗိုက်ထဲရှိ သန္ဓေသားလေးထက် ပိုမိုကြောက်မက်ဖွယ်ကောင်းသော ပါရမီရှင်မိစ္ဆာများစွာ ရှိနေသေးကြောင်းပင်။
ဤပါရမီရှင်မိစ္ဆာများ၏ ကြောက်မက်ဖွယ်ကောင်းမှုက သာမန်လူများ၏စိတ်ကူးထက်ပင် များစွာ သာလွန်နေသေးသည်။
ကောင်းကင်ယံနှင့် မရေမတွက်နိုင်သော ကမ္ဘာကြီးများက အလွန်အမင်းကျယ်ပြောလှပြီး သာမန်လူများ မယုံကြည်နိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသည့် မျိုးနွယ်စုများကိုပင် မွေးဖွားပေးခဲ့သည် မဟုတ်ပါလော။
***