ကောင်းကင်ယံနှင့် မရေမတွက်နိုင်သော ကမ္ဘာကြီးများက အလွန်အမင်းကျယ်ပြောလှပြီး မရေမတွက်နိုင်သော သက်ရှိများ ရှိနေပေသည်။
အချို့သော မျိုးနွယ်စုများသည် မွေးဖွားလာကတည်းက နတ်ဘုရားများအလား လောကကြီးကို ငုံ့ကြည့်နိုင်စွမ်း ရှိကြ၏။
နဂါး၊ ခွန်းဖန်၊ နဂါးမြင်းစသည့် အစွမ်းအထက်ဆုံး သားရဲကြီးများသည် ကမ္ဘာမြေများကို ကစားစရာအဖြစ်အသုံးပြုကာ ကောင်းကင်ယံကို ဖြတ်သန်းသွားလာနိုင်ကြရာ သူတို့၏ စွမ်းအားက မည်မျှ ကြီးကျယ်ခမ်းနားလိုက်သနည်း။
သူတို့ မွေးဖွားလာသော သွေးသားဆက်ခံသူများက မွေးဖွားလာချိန်တွင် ပို၍ပင်ကြောက်မက်ဖွယ် ကောင်းနေသေးသည်။ ကောင်းကင်ဘုံအဆင့်၊ အသွင်ပြောင်းအဆင့်နှင့် သူတော်စင်အဆင့်များပင် မဖြစ်နိုင်စရာ မရှိချေ။
မွေးဖွားလာကတည်းက သူတော်စင်ဖြစ်လာပြီး ကောင်းကင်ကိုးထပ်တိုင်အောင် ရှင်သန်နိုင်ကြခြင်းပင်။
ဤသည်ကပင် ထိုအစွမ်းထက်သားရဲကြီးများ၏ အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းသော အချက်ဖြစ်သည်။
ဟန်းကော့၏ ဝမ်းဗိုက်ထဲရှိ သန္ဓေသားလေးသည် မဟာသခင်ကြီးအဆင့် ကျင့်ကြံခြင်းရှိနေခြင်းက သာမန်လူသားမျိုးနွယ်စုများအတွက် ကြောက်မက်ဖွယ်ကောင်းသော်လည်း ထိုနတ်သားရဲကြီးများနှင့် နှိုင်းယှဉ်ပါက မလုံလောက်သေးချေ။
သေချာသည်ကတော့ ထိုနတ်သားရဲကြီးများနှင့် နှိုင်းယှဉ်ပါက လူသားမျိုးနွယ်စုများ၏ အကြီးမားဆုံးသော အားသာချက်မှာ တိုးတက်မှုနှုန်းပင် ဖြစ်သည်။
လူသားကျင့်ကြံသူများသည် အစပျိုးအဆင့် နိမ့်ကျနိုင်သော်လည်း လက်ရှိကျင့်ကြံခြင်းအဆင့်ကို ချိုးဖောက်ရန် ပိုမိုလွယ်ကူပေသည်။
နဂါးများနှင့် အခြားသက်ရှိများသည် မွေးဖွားလာကတည်းက သူတော်စင်အဆင့်ရှိနေကြသော်လည်း အဆင့်ချိုးဖောက်နိုင်ရန် နှစ်ပေါင်းမရေမတွက်နိုင်အောင် စုဆောင်းအားထုတ်ကြရသည်။
ဟန်းကော့၏ ဝမ်းဗိုက်ထဲရှိ သန္ဓေသားလေးသည် မဟာသခင်ကြီးအဆင့်နှင့် စစ်မှန်သော နဂါးသွေးကြောကို ပိုင်ဆိုင်ထားပေသည်။ အနာဂတ် အောင်မြင်မှုများက ထိုအစွမ်းထက် သားရဲကြီးများထက်ပင် များစွာသာလွန်နိုင်သည်။
မဟုတ်သေးဘူး၊ ဖြစ်နိုင်တာမဟုတ်ဘဲ သေချာပေါက် သာလွန်မည်ဖြစ်သည်။ ပါရမီပါရုံသာမက ချင်ယိကဲ့သို့ ဖခင်မျိုးရှိနေသည်ဖြစ်ရာ သူ၏အနာဂတ် အောင်မြင်မှုများကို မည်သူက ကြိုတင် ခန့်မှန်းနိုင်မည်နည်း။
သို့သော်လည်း မိမိကလေး၏ အုတ်မြစ် မခိုင်မာမည်ကို ကာကွယ်ရန်အတွက် ချင်ယိက ဟာဂိုရိုမိုကို သန္ဓေသား၏ကျင့်ကြံခြင်းကို ချိတ်ပိတ်ထားရန် တောင်းဆိုခဲ့လေသည်။
မဟာသခင်ကြီးအဆင့်ဖြင့် မွေးဖွားလာခြင်းက ကြောက်မက်ဖွယ်ကောင်းပုံရသော်လည်း တကယ်တမ်းတွင် ဤကဲ့သို့ လေထဲမှ ရလာသော စွမ်းအားမျိုးသည် လေထဲတွင်တည်ဆောက်ထားသော ရဲတိုက်တစ်ခုသာဖြစ်ပြီး ကိုယ်တိုင်ကျင့်ကြံရရှိသော စွမ်းအားများနှင့် မည်သို့မျှ မယှဉ်နိုင်ချေ။
ခွန်းဖန်နှင့် အခြားနတ်သားရဲကြီးများသည် အဆင့်ချိုးဖောက်ရန် အဘယ်ကြောင့်နှစ်ပေါင်းမရေမတွက်နိုင်အောင် အချိန်ယူရသနည်းဆိုသည့် အရေးကြီးဆုံး အကြောင်းရင်းမှာ ဤသည်ပင်ဖြစ်သည်။
မိမိ၏ကလေးအတွက် ချင်ယိက ဤအချည်းနှီးဖြစ်သော ကျင့်ကြံခြင်းအဆင့်ကြောင့် မျက်ကန်းဖြစ်သွားပြီး အနာဂတ်တွင် ဘာမှမလုပ်နိုင်တော့မည်ကို မလိုလားချေ။
ထို့ကြောင့် ချင်ယိက ဟာဂိုရိုမိုကို သူ၏ကျင့်ကြံခြင်းကို ချိတ်ပိတ်ရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
ကလေးမွေးဖွားလာပြီးနောက် မဟာသခင်ကြီးအဆင့်သို့ တစ်ဆင့်ချင်း ကျင့်ကြံသွားမည်ဖြစ်ပြီး သူ၏အပေါ်တွင် ချထားသော ချိတ်ပိတ်မှုများကလည်း အလိုအလျောက် ပွင့်သွားမည်ဖြစ်ပေသည်။
ထိုအချိန်ကျမှသာ ကလေး၏အုတ်မြစ်သည် ခိုင်မာသည်ဟု သတ်မှတ်နိုင်မည်ဖြစ်၏။
သေချာသည်ကတော့ သန္ဓေသားထိန်းဆေးလုံး၏ အာနိသင်ကြောင့် ဟန်းကော့၏ ဝမ်းဗိုက်ထဲရှိ ကလေးငယ်လေးမှာ အံ့သြဖွယ်ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သော်လည်း သန္ဓေသားမွေးဖွားမှုကို များစွာ နှောင့်နှေးသွားစေခဲ့သည်။
စနစ်၏တွက်ချက်မှု ရလဒ်များအရ ဤကလေးငယ် မွေးဖွားလာမည့်အချိန်သည် ဟန်းကော့၏ ဝမ်းဗိုက်ထဲတွင် အနည်းဆုံး ဆယ်စုနှစ်များမှ နှစ်ရာချီအထိ နေထိုင်ရမည် ဖြစ်သည်။
"ဟန်းကော့ခမျာ နှစ်တစ်ရာနီးပါးလောက် ဒုက္ခခံရတော့မှာပဲ"
ချင်ယိက ခေါင်းခါယမ်းကာ ပြုံးလိုက်၏။
အမျိုးသမီးကျင့်ကြံသူတစ်ဦးအတွက် သွေးသားဆက်ခံမည့်သူ ကိုယ်ဝန်ဆောင်ရခြင်းက ပင်ပန်းရုံသာမက တွက်ခြေမကိုက်သော ကိစ္စတစ်ခုလည်း ဖြစ်သည်။
ကလေးမွေးဖွားမည့်လုပ်ငန်းစဉ်အတွင်း အမျိုးသမီး ကျငိ့ကြံသူများသည် ကျင့်ကြံခြင်းအဆင့်ကို လုံးဝ ချိုးဖောက်၍ မရနိုင်ချေ။
ထိုသို့မဟုတ်ပါက အဆင့်ချိုးဖောက်ပြီးနောက် ရိုးတွင်းခြင်ဆီများကို ဆေးကြောပြီး သွေးကြောများကို ဖြတ်တောက်ရာတွင် သတိမထားမိပါက ဝမ်းဗိုက်ထဲရှိ သန္ဓေသားကို ထိခိုက်စေနိုင်သည်။
ဤကာလအတွင်း အမျိုးသမီးကျင့်ကြံသူများသည် ကျင့်ကြံနိုင်သော်လည်း ကျင့်ကြံခြင်းအဆင့်ကို လွယ်လွယ်ကူကူ မချိုးဖောက်ရဲကြချေ။
ဟန်းကော့က အသွင်ပြောင်းအဆင့်၏ အစွန်းတစ်ဖက်တွင် ရောက်နေပြီး ချိုးဖောက်ချင်ပါက ခန္ဓာကိုယ်၏ သွေးကြောမှတ်များကို ဖွင့်ရမည်ဖြစ်ရာ ပြောနေစရာပင် မလိုတော့ချေ။
ခန္ဓာကိုယ်ကို ထိခိုက်နိုင်ခြေပိုများပြီး ကိုယ်ဝန်ဆောင်ထားဆဲ သန္ဓေသားကိုပါ ထိခိုက်နိုင်သည်။
သို့သော် ဟန်းကော့က ထိုအရာများကို ဂရုမစိုက်ချေ။ သူမက တစ်နေကုန် မေတ္တာအပြည့်ဖြင့် ပြုံးရွှင်နေပြီး သူမ၏ကျင့်ကြံခြင်းအဆင့်ကို လုံးဝ ဂရုမစိုက်ခဲ့ပေ။
သူမအတွက်တော့ အင်ပါယာအရှင်သခင်အတွက် သွေးသားဆက်ခံမည့်သူ ကိုယ်ဝန်ဆောင်ပေးနိုင်ခြင်းက အကြီးမားဆုံးသော ပျော်ရွှင်မှုပင် ဖြစ်သည်။
ချင်ယိက ဟန်းကော့နှင့် အခြားမိဖုရားများနှင့်အတူ ရှိနေစဉ်မှာပင် သူအသုံးမပြုရသေးသော စနစ်၏မဲနှိုက်ခွင့်နှစ်ကြိမ် ကျန်ရှိနေသေးသည်ကို မမေ့ခဲ့ချေ။
'ငါ့ကလေးလေး သန္ဓေတည်တဲ့ ဝမ်းသာစရာ အချိန်အခါလေးကို အခွင့်ကောင်းယူပြီး နောက်ထပ် ကံကောင်းမှုတစ်ခုရနိုင်မလား ကြည့်ရမယ်'
'နောက်ထပ် ရှေးဟောင်းသူတော်စင်နှစ်ပါးလောက် ထပ်ပြီး ထွက်လာစမ်းပါ'
ရင်းနှီးကျွမ်းဝင်နေသော စနစ်နေရာလွတ်၊ ရင်းနှီးကျွမ်းဝင်နေသော အမှောင်ထု ပတ်ဝန်းကျင်။
ကြည်လင်နေသော စနစ်အဝိုင်းပြားကြီးက စနစ်နေရာလွတ်၏ အလယ်ဗဟိုတွင် တည်ရှိနေခဲ့သည်။
"စနစ်... ငါ မဲနှိုက်ချင်တယ်"
ချင်ယိက စနစ်လှည့်ပြားကြီး၏ရှေ့တွင် ရပ်ကာ ပေါ့ပါးစွာ လက်ဝှေ့ယမ်းလိုက်သည်။
ဝှစ်...
ပျက်စီးယိုယွင်းခြင်း ကင်းမဲ့သော အငွေ့အသက်များက စနစ်လှည့်ပြားကြီးထံမှ ထွက်ပေါ်လာပေသည်။
ကြီးမားခမ်းနားသော ဂလက်ဆီကြီးတစ်ခုက စနစ်လှည့်ပြားကြီး၏ အနောက်မှ ထွက်ပေါ်လာပြီး ထူးဆန်းသော စွမ်းအင်လှိုင်းများ လူးလှိမ့်နေလေသည်။
စူးရှတောက်ပသော ကြယ်ရောင်များက ဤစနစ်နေရာလွတ်ကို လင်းထိန်သွားစေပြီး အထူးတလည် တောက်ပနေကာ စနစ်လှည့်ပြားကြီးထဲသို့ ချက်ချင်း ကျဆင်းသွားလေသည်။
ခုန်ပေါက်နေသော ကြယ်ရောင်များက တဖြည်းဖြည်း မှေးမှိန်သွားပြီး လေဟာနယ်ဖြတ်လမ်းတစ်ခုက စနစ်အဝိုင်းပြားကြီးထံမှ ထွက်ပေါ်လာသည်။
လေဟာနယ်ဖြတ်လမ်း၏ အနောက်မှ အရှိန်အဝါ နှစ်ခုလည်း စီးဆင်းထွက်ပေါ်လာပေသည်။
"ဒင်... လက်အောက်ခံမဲနှိုက်ခွင့် တစ်ကြိမ်နှင့် လက်နက်မဲနှိုက်ခွင့် တစ်ကြိမ်၊ စုစုပေါင်း စနစ်မဲနှိုက်ခွင့်နှစ်ကြိမ် ပြည့်မြောက်သွားတဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်"
"ဒင်... လက်အောက်ခံမဲနှိုက်ခြင်းက နတ်ဘုရားဒဏ္ဍာရီကမ္ဘာနဲ့ ချိတ်ဆက်သွားတဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်"
"ဒင်... လက်နက်မဲနှိုက်ခြင်းက မဟာချင်ဒဏ္ဍာရီကမ္ဘာနဲ့ ချိတ်ဆက်သွားတဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်"
စနစ်၏အသိပေးသံ သုံးခုဆက်တိုက် ထွက်ပေါ်လာလေသည်။
"မဆိုးဘူးပဲ"
ချင်ယိက ခေါင်းကို ညင်သာစွာညိတ်လိုက်ပြီး သူ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်အရိပ်အယောင်များ ထွက်ပေါ်လာသည်။
မဲနှိုက်ခွင့်နှစ်ကြိမ်စလုံးက ဒဏ္ဍာရီကမ္ဘာများနှင့် ချိတ်ဆက်မိသွားသည်။ မည်သို့ပင် မဲနှိုက်ရရှိပါစေ ရလဒ်က သိပ်ဆိုးရွားမည် မဟုတ်ချေ။
"ဒင်... တိုင်းပြည်ကို ပျက်စီးစေနိုင်သော အလှတရား၊ စူးတာ့ကျီကို မဲနှိုက်ရရှိတဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်"
တွေးနေဆဲမှာပင် စနစ်၏အသိပေးသံက ထပ်မံ ထွက်ပေါ်လာပြန်သည်။
"..."
ချင်ယိမှာ လန့်ဖြန့်သွားပြီး ကောင်းကင်ကို မော့ကြည့်ကာ စကားပင် မပြောနိုင်အောင် ဆွံ့အသွားရသည်။
'ခုနက ငါပြောခဲ့တဲ့ စကားကို ပြန်ရုပ်သိမ်းလို့ ရမလား'
ပထမဆုံး မဲနှိုက်မှုရလဒ်ကပင် ချင်ယိကို ရေအေးဖြင့် ပက်ဖျန်းလိုက်သလို ဖြစ်သွားစေသည်။
'နတ်ဘုရားဒဏ္ဍာရီကမ္ဘာကြီးက ဒီလောက်ကျယ်ဝန်းပြီး မရေမတွက်နိုင်တဲ့ စွမ်းအားရှင်ကြီးတွေ ရှိနေတာကို ဘယ်သူ့ကိုမှ မဲမနှိုက်မိဘဲ စူးတာ့ကျီကိုမှ သွားပြီး မဲနှိုက်မိတယ်ပေါ့လေ'
'ယွင်မိဖုရားကို လက်ခံထားတာ မကြာသေးဘူး၊ အခု ငါ့ရဲ့ မိဖုရားဆောင်ထဲကို နောက်ထပ် အဖွဲ့ဝင်တစ်ယောက် ထပ်တိုးဖို့လား'
ပြောရမည်ဆိုလျှင် ဤ စူးတာ့ကျီသည် အင်ပါယာအရှင်သခင်တစ်ပါးကိုပင် ကျဆုံးသွားစေခဲ့သော အမျိုးသမီးတစ်ဦး ဖြစ်သည်။
ဤကဲ့သို့သော အမျိုးသမီးမျိုးကိုသာ ပုလော့နန်းတော်ထဲသို့ လက်ခံလိုက်မည်ဆိုပါက ပုလော့နန်းတော်၏ မူလသဟဇာတဖြစ်မှုကို ပျက်စီးသွားစေနိုင်ပေသည်။
သို့ဖြစ်ရာ ချင်ယိ၏ ယခုမဲနှိုက်မှုသည် ကံကောင်းခြင်းများမပါလာသည့်အပြင် သူ၏မျက်နှာမှာလည်း မည်းမှောင်သွားခဲ့ရသည်။
ချင်ယိ စဉ်းစားခန်းဝင်နေစဉ်မှာပင် လေဟာနယ် ဖြတ်လမ်းထဲမှ စူးတာ့ကျီ ဆင်းသက်လာခဲ့လေပြီ။
အရောင်အသွေးစုံလင်သော လေဟာနယ်ဖြတ်လမ်းထဲမှ ကျော့ရှင်းလှပသော ပုံရိပ်တစ်ခု ထပ်မံ ထွက်ပေါ်လာလေသည်။
နတ်ဘုရားများ၏လက်ရာအလား ပြီးပြည့်စုံသော ကိုယ်ခန္ဓာကောက်ကြောင်းနှင့်အတူ ကောင်းကင်ပြာရောင်နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားမှုက လူအများကို ရင်ခုန်စိတ်လှုပ်ရှားသွားစေနိုင်ပေသည်။
ဤပုံရိပ်ကို မြင်လိုက်ရသောအခါ ချင်ယိ၏ စိတ်ထဲတွင်ပင် အံ့သြမှုများ ဖြတ်ပြေးသွားပြီး သူ၏ နှလုံးသားက ခုန်လှုပ်သွားရသည်။
မျက်လုံးအစုံက ကြည်လင်နေသော စမ်းရေပေါက်လေးအလား ဆွဲဆောင်မှုအပြည့်ရှိနေပြီး မျိုးစုံသော ဟန်ပန်များကို ဖော်ပြနေခဲ့သည်။
ပိုးသားကဲ့သို့ နူးညံ့လှပသော ခန္ဓာကိုယ်လေးက ပို၍ပင် သနားကရုဏာသက်ချင်စရာကောင်းနေပြီး မည်သူမဆို မြင်မြင်ချင်း ချစ်မိသွားအောင် ဆွဲဆောင်နိုင်စွမ်း ရှိလေသည်။
တိုင်းပြည်နှင့် လူမျိုးကို ပျက်စီးစေနိုင်သော အလှတရား။
စူးတာ့ကျီ။
"ကိုယ်လုပ်တော် စူးတာ့ကျီပါ... အရှင်မင်းကြီးကို ဂါရဝပြုပါတယ်"
နတ်သမီးတစ်ပါး၏အသံအလား ဆွဲဆောင်မှုရှိလွန်းသော ထိုအသံလေးက ချင်ယိ၏ အာရုံကြောများကို ဆွဲကိုင်လှုပ်ရမ်းသွားစေပြီး သက်ရှိအားလုံးကို ညှို့ယူဖမ်းစားနိုင်စွမ်း ရှိနေပေသည်။
"အင်း"
ချင်ယိမှာ မှင်သက်သွားပြီး အချိန်အတော်ကြာမှသာ စူးတာ့ကျီ၏ ပြိုင်ဘက်ကင်းအလှတရားထဲမှ သတိပြန်ဝင်လာလေသည်။
ဤစူးတာ့ကျီသည် ခေတ်တစ်ခေတ်၏ သူရဲကောင်းများကို ကျဆုံးစေပြီး အင်ပါယာအရှင်သခင်တစ်ပါးကို ဖျက်ဆီးပစ်နိုင်ခဲ့သော တိုင်းပြည်ပျက်မတတ် အလှတရားဟုခေါ်ဆိုခံရသည်မှာ အမှန်တကယ်ပင် ထိုက်တန်လှသည်။
ချင်ယိမှာ သူမ၏ရုပ်အဆင်းသွင်ပြင်ကြောင့် ဖမ်းစားခံလိုက်ရလုနီးပါး ဖြစ်သွားခဲ့ရသည်။ ၎င်းမှာ စူးတာ့ကျီက ချင်ယိကို တမင်တကာဆွဲဆောင်ခဲ့ခြင်း မဟုတ်ဘဲ သူမ၏ကိုယ်ပိုင် ဆွဲဆောင်မှုအရှိန်အဝါ သက်သက်ဖြင့်ပင် ဤမျှ အံ့မခန်း အာနိသင ရှိနေခြင်း ဖြစ်သည်။
ညှို့ယူဖမ်းစားနိုင်သော အလှတရားဟု ခေါ်ဆိုရခြင်းက တကယ်ကို နာမည်နှင့် လိုက်ဖက်လှပေသည်။
စူးတာ့ကျီ၏ ဆွဲဆောင်မှုအပြည့်ရှိနေခြင်းကို ချင်ယိ လုံးဝ သံသယမဝင်တော့ချေ။ သူတော်စင်အဆင့်ကျင့်ကြံသူတစ်ဦးပင်လျှင် သူမ၏အလှတရားအောက်တွင် ဒူးထောက်ကျဆုံးသွားနိုင်ပေသည်။
သူမ၏ ကိုယ်ပိုင်ဆွဲဆောင်မှုနှင့် အမြီးကိုးချောင်း ကောင်းကင်မြေခွေး၏ညှို့ဓာတ်တို့ ပေါင်းစပ်သွားပါက စိတ်ဓာတ်ခိုင်မာသူမဟုတ်လျှင် သူမ၏ဖမ်းစားခြင်းကို အလွယ်တကူ ခံရမည်သာဖြစ်သည်။
***