ဇာတ်ကောင် - စူးတာ့ကျီ
အဆင့်အတန်း - နတ်ဘုရားဒဏ္ဍာရီကမ္ဘာ၊ မဟာရှန်မင်းဆက် ကျီးကျိုးနယ်စား စူးဟူ၏သမီး၊ အမြီးကိုးချောင်းကောင်းကင်မြေခွေး
ကျင့်ကြံခြင်းအဆင့် - အသွင်ပြောင်းနဝမအဆင့်
လက်နက် - ကျောက်စိမ်းရောင နန်းတွင်းဝတ်စုံ၊ ကျောက်စိမ်းရောင်ဖဲကြိုး
နတ်ဘုရားစွမ်းအား - သက်ရှိအားလုံးကို ညှို့ယူဖမ်းစားခြင်း၊ ကောင်းကင်မြေခွေး၏ စစ်မှန်သော ကိုယ်ပွား၊ ကောင်းကင်မြေခွေးနတ်မီးလျှံ စသည်...
ပါရမီ - S အဆင့်
စူးတာ့ကျီ။
သက်ရှိအားလုံးကို ညှို့ယူဖမ်းစားခြင်း။
သို့သော်လည်း ချင်ယိက စူးတာ့ကျီကို မဲနှိုက်ရရှိခဲ့ခြင်းအတွက် သိပ်ပြီး ခံစားချက်မရှိလှချေ။
အကယ်၍ ချင်ယိသာ ယခုမှ စတင်ဝင်စားလာချိန်တွင် စူးတာ့ကျီကို မဲနှိုက်ရရှိခဲ့မည်ဆိုပါက သူ အလွန်တရာ ဝမ်းသာပျော်ရွှင်နေလောက်ပေသည်။ ဤကဲ့သို့သော အလှတရားမျိုးကို ချင်ယိက စိတ်မလှုပ်ရှားဘူးဟုဆိုလျှင် ၎င်းမှာ နောက်ပြောင်နေခြင်းသာ ဖြစ်ပေလိမ့်မည်။
သို့သော် ယခုအချိန်တွင်မူ ချင်ယိမှာ သိပ်ပြီး စိတ်လှုပ်ရှားမှု မရှိတော့ချေ။ ဆန့်ကျင်ဘက်အနေဖြင့် ချင်ယိ၏စိတ်ထဲတွင် စူးတာ့ကျီကို ချန်ထားသင့်၊ မချန်ထားသင့် တွေဝေမှု အနည်းငယ်ပင်ရှိနေခဲ့သည်။
မည်သို့ပင်ဆိုစေ စူးတာ့ကျီသည် အင်ပါယာမင်းဆက် တစ်ခုကို ပျက်စီးစေခဲ့သော မိန်းမလှလေးတစ်ဦး ဖြစ်သည်။ အနည်းငယ်ချဲ့ကားထားခြင်း ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူမတည်ရှိနေခြင်း၏ လွှမ်းမိုးမှုကိုတော့ သူ မငြင်းဆန်နိုင်ပေ။
ပို၍ အရေးကြီးသည်မှာ ချင်ယိက ပုလော့နန်းတော်၏ တည်ငြိမ်အေးချမ်းမှုကို စူးတာ့ကျီလာရောက် ဖျက်ဆီးမည်ကို မလိုလားခြင်းပင် ဖြစ်သည်။
လျိုရီရီနှင့် အခြားမိဖုရားများက အလွန်တရာ သဟဇာတဖြစ်စွာ ပေါင်းသင်းဆက်ဆံနေကြပြီး ပုလော့နန်းတော်ကြီးက အလွန် သင့်မြတ်နေပေသည်။
ထိုသို့ဖြစ်နေပါလျက် စူးတာ့ကျီကို အရမ်းကာရော ထည့်သွင်းလိုက်မည်ဆိုပါက မိဖုရားဆောင်၏ တည်ငြိမ်မှုကို ထိခိုက်သွားစေနိုင်သည်။
ဝှစ်...
ချင်ယိက မျက်လုံးများကို ကျဉ်းမြောင်းလိုက်ရာ သူ၏မျက်လုံးများထဲတွင် လူသတ်လိုစိတ်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် စနစ်နေရာလွတ် တစ်ခုလုံး၏ အပူချိန်သည် အေးစက်သော ဆောင်းရာသီသို့ ဝင်ရောက်သွားသည့်အလား ဖြစ်သွား၏။
"အို"
စူးတာ့ကျီက ထိတ်လန့်သွားသော ယုန်သူငယ်လေးအလား ရုတ်တရက် အာမေဍိတ်သံပြုလိုက်လေသည်။
နူးညံ့ပြီး အားနည်းနေပုံရသော သူမ၏အသွင်အပြင်က လူအများကို သနားကရုဏာ သက်သွားစေနိုင်သည်။
"ထပါ"
ခေတ္တမျှကြာပြီးနောက် ချင်ယိက ပေါ့ပါးစွာ ပြုံးလိုက်ပြီး သူ၏မျက်နှာပေါ်ရှိ လူသတ်လိုစိတ်များက နွေဦးနှင်းများ အရည်ပျော်သွားသည့်အလား ပျောက်ကွယ်သွားသည်။
'ဘယ်လိုပဲဆိုဆို စူးတာ့ကျီက မိန်းမတစ်ယောက်ပဲ။ မိန်းမတစ်ယောက်က တိုင်းပြည်ကို ဖျက်ဆီးပစ်မှာ ကြောက်နေရမယ်ဆိုရင် ငါကအရည်အချင်းပြည့်မီတဲ့ ဘုရင်တစ်ပါး မဟုတ်တော့ဘူးပေါ့'
'ကျိုးဘုရင်က စူးတာ့ကျီရဲ့ လှည့်စားမှုကို ခံရပြီး တိုင်းပြည်ရေးရာကိစ္စရပ်တွေကို လျစ်လျူရှုခဲ့တာက သူ့ရဲ့စိတ်ဓာတ်အင်အား မလုံလောက်တာနဲ့ မင်းဆက်တစ်ခုရဲ့ အရှင်သခင်ဖြစ်ဖို့ မသင့်တော်တာကို ပြသနေတာပဲ'
'ဒါ့အပြင် မင်းဆက်တစ်ခု ကျဆုံးသွားရတာကို မိန်းမတစ်ယောက်အပေါ် အပြစ်ပုံချတာက ငါ့အမြင်မှာတော့ အဓိပ္ပာယ်မရှိတဲ့ စကားသက်သက်ပဲ'
'အကယ်၍ ကျိုးဘုရင်သာ ခိုင်မာတဲ့ စိတ်နှလုံး ရှိခဲ့မယ်ဆိုရင် ရှန်မင်းဆက်က ဘယ်လိုလုပ်ပျက်စီးနိုင်မှာလဲ'
ချင်ယိအနေဖြင့် စူးတာ့ကျီ တည်ရှိနေခြင်းကို လက်ခံပေးနိုင်ဆဲ ဖြစ်သည်။
မည်သို့ပင်ဆိုစေ စူးတာ့ကျီကို စနစ်ကတစ်ဆင့် ခေါ်ယူထားခြင်းဖြစ်ရာ သစ္စာဖောက်မည်ကို စိုးရိမ်ရန် မလိုအပ်ချေ။ ထို့ပြင် ချင်ယိအနေဖြင့် မိမိကိုယ်တိုင် မဲနှိုက်ခေါ်ယူထားသော လက်အောက်ခံကို ပြန်လည်ရှင်းလင်းရန်မှာလည်း မဖြစ်နိုင်ပေ။
ထို့အပြင် သူမက မိဖုရားဆောင်ကို ရှုပ်ထွေးအောင် လုပ်ချင်သည်ဆိုလျှင်တောင်မှ လွယ်ကူသော ကိစ္စတစ်ခု မဟုတ်ကြောင်း သူ ယုံကြည်ပေသည်။
လျိုရီရီနှင့် အခြားသူများက သဘောတူမည်မဟုတ်ချေ။ လျိုရီရီကို ချင်ယိ နားလည်ထားမှုအရ သူမက မိဖုရားဆောင်နှင့် ပတ်သက်သော ကိစ္စရပ်များကို ကောင်းစွာ ကိုင်တွယ်ဖြေရှင်းနိုင်ပေလိမ့်မည်။
'ဒါ့အပြင် ငါကိုယ်တိုင် ရှိနေမှတော့ စူးတာ့ကျီက ဘယ်လို မုန်တိုင်းမျိုးကို ဖန်တီးနိုင်မှာလဲ'
"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး"
စူးတာ့ကျီက အရိုအသေပေးကာ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် မတ်တတ်ရပ်လိုက်သည်။ သူမ၏ နူးညံ့လှပသော အသွင်အပြင်က လူအများကို ရင်ခွင်ထဲသို့ ထည့်သွင်းပွေ့ဖက်ထားချင်စိတ် ပေါ်လာစေပေသည်။
သို့သော်လည်း ချင်ယိက သူမကို တစ်ချက်သာ ကြည့်လိုက်ပြီးနောက် ဆက်မကြည့်တော့ချေ။
ဤမြင်ကွင်းကြောင့် စူးတာ့ကျီ၏ မျက်နှာလေးမှာ ဝမ်းနည်းသွားရသည်။ ချင်ယိက သူမကို သဘောမကျကြောင်းကို သူမ သဘာဝကျကျပင် မြင်တွေ့နိုင်ပေသည်။
ဤသည်မှာ စူးတာ့ကျီအတွက် ယုံမှားသံသယဖြစ်ဖွယ်မရှိ သတင်းဆိုးတစ်ခုပင် ဖြစ်သည်။
သူမအတွက်တော့ ချင်ယိက သူမကို မဲနှိုက်ခေါ်ယူခဲ့ကတည်းက သူမနှင့် ချင်ယိမှာ နီးကပ်စွာ ချိတ်ဆက်မိသွားခဲ့လေပြီ။ အကယ်၍ ချင်ယိကသာ သူမကို သဘောမကျပါက သူမကို အေးစက်သော အိမ်တော် (အမျက်တော်ရှသော မိဖုရားများနေသည့် နေရာ) သို့ နှင်ထုတ်ခံရမည် ဖြစ်သည်။
ထို့အပြင် သူမ၏ကျင့်စဉ်လမ်းစဉ်က အင်ပါယာအရှင်သခင်၏ လမ်းစဉ်နှင့် အပြန်အလှန် အထောက်အကူ ပြုနေခြင်းဖြစ်ရာ ချင်ယိက သူမကို သဘောမကျပါက သူမ၏ကျင့်ကြံခြင်းအဆင့်မှာလည်း ခြေတစ်လှမ်းမျှ တိုးတက်နိုင်တော့မည် မဟုတ်ချေ။
'အားတင်းထား စူးတာ့ကျီ... မင်းကို အရှင်မင်းကြီး သဘောကျလာအောင် မင်း သေချာပေါက်လုပ်နိုင်ရမယ်'
ထိုအကြောင်းကို တွေးမိသောအခါ စူးတာ့ကျီသည် သူမ၏ ဖြူဖွေးနူးညံ့သော လက်ကလေးများကို ဆုပ်ထားလိုက်ပြီး သူမကိုယ်သူမ တိတ်တဆိတ် အားပေးလိုက်သည်။
ထိုအသွင်အပြင်လေးက တကယ်ကို ချစ်စရာကောင်းပြီး ဆွဲဆောင်မှု ရှိလွန်းလှသည်။
သို့သော်လည်း ချင်ယိက ဤအရာများထဲမှ မည်သည့်အရာကိုမျှ သတိမထားမိခဲ့ချေ။ ယခုအချိန်တွင် သူ၏စိတ်အာရုံက အခြားသော မဲနှိုက်မှုတစ်ခု၏ ရလဒ်အပေါ်သို့ အပြည့်အဝ အာရုံစိုက်နေခဲ့ပြီ ဖြစ်သည်။
"ဒင်... လျှို့ဝှက်ရတနာ ကျိန်းထျန်းရတနာသင်္ဘောကို မဲနှိုက်ရရှိတဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်"
ဤသည်မှာ လက်နက်မဲနှိုက်ခြင်း၏ရလဒ်ပင် ဖြစ်သည်။
"ကျိန်းထျန်းရတနာသင်္ဘော"
ချင်ယိမှာ ထပ်မံအံ့အားသင့်သွားပြီး လေဟာနယ် ဖြတ်လမ်း၏ အနောက်ဘက်သို့ လှမ်းကြည့်လိုက်သည်။
ဝုန်း...
လေဟာနယ်က တုန်ခါသွားပြီး အရောင်အသွေးစုံလင်သော အလင်းတန်းများ ရစ်သိုင်းနေသည့် ရတနာသင်္ဘောတစ်စင်းက လေဟာနယ်ဖြတ်လမ်း၏ အနောက်မှ ထွက်ပေါ်လာခဲ့သည်။
ခမ်းနားထည်ဝါသော သင်္ဘောကိုယ်ထည်နှင့်အတူ ကြီးမားလေးလံသော အရှိန်အဝါများရှိနေ၏။ ၎င်းက ပေအနည်းငယ်မျှသာ မြင့်သော်လည်း နေ၊ လ၊ ကြယ်တာရာများကို ဖိနှိပ်ထားပြီး လောကကြီးကို ချေမှုန်းပစ်တော့မည့် အရှိန်အဝါများကို ထုတ်လွှတ်နေလေသည်။
သေချာစွာကြည့်မည်ဆိုပါက သင်္ဘောကိုယ်ထည်ပေါ်တွင် တောက်ပနေသော ရတနာများစွာကို မြင်တွေ့နိုင်ပေသည်။
ရတနာသင်္ဘောပေါ်တွင် မရေမတွက်နိုင်သော အစီအရင်များနှင့် ဧရာမဝင်္ကပါကြီးများကို ထွင်းထုထားသည်။
ဤရတနာသင်္ဘောထံမှ ကြောက်မက်ဖွယ်အရှိန်အဝါသည် ဟာဂိုရိုမို သူ့ကို ပေးစွမ်းခဲ့သော ဖိနှိပ်မှုခံစားချက်ထက်ပင် အားနည်းခြင်းမရှိကြောင်း ချင်ယိက ရှင်းလင်းစွာ ခံစားသိရှိနိုင်ပေသည်။
တစ်နည်းဆိုရသော် ဤအရာသည် ရှေးဟောင်းသူတော်စင်ပုဂ္ဂိုလ်ကြီးတစ်ပါးနှင့် နှိုင်းယှဉ်နိုင်သော ရတနာတစ်ခုပင် ဖြစ်သည်။
၎င်းမှာ အသုံးပြုမည့်သူ မရှိသေးသည့် အချိန်တွင်ပင် ဤမျှ အစွမ်းထက်နေခြင်းဖြစ်၏။
ကျိန်းထျန်း ရတနာသင်္ဘော ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ၎င်းက အနည်းငယ်တုန်ခါသွားပြီး စနစ်နေရာလွတ်ထဲရှိ ဧရာမ ကနဦးစွမ်းအင်များက နဂါးတစ်ကောင်အဖြစ်ပြောင်းလဲကာ ကျိန်းထျန်းရတနာသင်္ဘော၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။
ကျိန်းထျန်းရတနာသင်္ဘောက လူတစ်ယောက် အသက်ရှူနေသည့်အလားဖြစ်နေပြီး ၎င်းက စုပ်ယူလိုက်တိုင်း စနစ်နေရာလွတ်ထဲရှိ ဝိညာဉ်စွမ်းအင်များကို မုန်တိုင်းတစ်ခုအလား တုန်ခါသွားစေနိုင်ပေသည်။
ဘေးဘက်ရှိ စူးတာ့ကျီမှာ လေထဲတွင် ဝဲပျံနေသော ကျိန်းထျန်းရတနာသင်္ဘောကို ကြည့်ကာ အသက်ရှူကြပ်သွားသလို ခံစားလိုက်ရလေသည်။
ဤကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါက သူမကို ကောင်းကင်ယံရှိ ဧရာမတောင်ထွတ်ကြီးတစ်ခုကို ရင်ဆိုင်နေရသည့် ခံစားချက်မျိုး ပေးစွမ်းနေခဲ့သည်။
စူးတာ့ကျီ၏ ကျင့်ကြံခြင်းအဆင့်က အသွင်ပြောင်းနဝမအဆင့်သာရှိသေးပြီး သူတော်စင်အဆင့်သို့ မဝင်ရောက်ရသေးသည်ဖြစ်ရာ ကျိန်းထျန်းရတနာသင်္ဘော၏ အရှိန်အဝါကို သဘာဝကျကျပင် ခုခံနိုင်စွမ်း မရှိချေ။
ချင်ယိက သူ၏လက်ကို ဆန့်ထုတ်လိုက်ရာ ကျိန်းထျန်းရတနာသင်္ဘောက သူ၏လက်ထဲသို့ တိတ်ဆိတ်စွာ ပျံသန်းလာခဲ့သည်။
စနစ်၏ မဲနှိုက်မှုရလဒ်ဖြစ်သောကြောင့် ချင်ယိနှင့် ကျိန်းထျန်းရတနာသင်္ဘောတို့ကြားတွင် မွေးရာပါဆက်သွယ်မှုတစ်ခုရှိနေပြီး ရတနာသင်္ဘောကို လွယ်ကူစွာ ထိန်းချုပ်နိုင်သည်။
ကျိန်းထျန်းရတနာသင်္ဘောက ချင်ယိ၏ လက်ထဲသို့ ကျဆင်းလာသည်နှင့်တစ်ပြိုင်နက် ကြောက်မက်ဖွယ် အရှိန်အဝါများက ငြိမ်သက်သွားပြီး နတ်ဘုရားအလင်းတန်းများ ပျောက်ကွယ်သွားကာ ရိုးရှင်းသော လှေငယ်လေးတစ်စင်းအဖြစ် ပြောင်းလဲသွားလေသည်။
ကျိန်းထျန်းရတနာသင်္ဘောနှင့် ပတ်သက်သော အချက်အလက်များက ချင်ယိ၏ စိတ်ထဲသို့ သဘာဝကျကျပင် ဝင်ရောက်လာခဲ့သည်။
လျှို့ဝှက်ရတနာ - ကျိန်းထျန်းရတနာသင်္ဘော
အဆင့် - အဆင့်မြင့် မြင့်မြတ်ဝညာဥ်လက်နက်
အရင်းအမြစ် - မဟာချင်ဒဏ္ဍာရီကမ္ဘာ၊ မဟာချင် အင်ပါယာအရှင်သခင်၏ စစ်သင်္ဘော
ဖော်ပြချက် - မိုင်ထောင်ချီ ကျယ်ဝန်းသော တောင်တန်းများနှင့် မြစ်များကို ကိုယ်ထည်အဖြစ် သွန်းလုပ်ထားပြီး ကောင်းကင်နှင့်မြေကြီး၏ တာအိုသဘောတရားများကို အစီအရင်များအဖြစ် ပေါင်းစပ်ထားသည်။
ရတနာသင်္ဘောထွက်ပေါ်လာသည်နှင့် ကောင်းကင်ယံကို စိုးမိုးနိုင်မည်။
အဆင့်မြင့် မြင့်မြတ်ဝိညာဥ်လက်နက်။
ချင်ယိ၏မျက်လုံးများက ရုတ်တရက် းပြူးကျယ်သွားပြီး သူ၏ နှလုံးသားမှာ မလွှဲမရှောင်သာ စိတ်လှုပ်ရှားသွားရသည်။
ဤလျှို့ဝှက်ရတနာသည် အမှန်တကယ်ပင် အဆင့်မြင့် မြင့်မြတ်ဝိညာဥ်လက်နက်တစ်ခုနှင့် နှိုင်းယှဉ်နိုင်သော လျှို့ဝှက်ရတနာတစ်ခု ဖြစ်နေပေသည်။
စူးတာ့ကျီကို မဲနှိုက်ရရှိခဲ့၍ စိတ်ပျက်နေမှုများမှာလည်း ချက်ချင်းပင် ပျောက်ကွယ်သွားရတော့သည်။
"ငါ တကယ်ကို ကံကောင်းတာပဲ"
ချင်ယိက နှုတ်ခမ်းထောင့်ကို ကွေးညွတ်ကာ ပြုံးလိုက်သည်။
အခြားအရာများကို ထားလိုက်လျှင်ပင် ဤလျှို့ဝှက်ရတနာတစ်ခုတည်းကပင် သူ့ကို အမြတ်ကြီး ထွက်သွားစေသည်ဟု ဆိုနိုင်ပေသည်။
ဤမဲနှိုက်မှုနှစ်ကြိမ်စလုံးတွင် ရှေးဟောင်းသူတော်စင်အဆင့်ရှိသော ဇာတ်ကောင်များကို မဲမနှိုက်နိုင်ခဲ့သော်လည်းပေါ့။
သို့သော်လည်း ဤရတနာသင်္ဘောသည် ရှေးဟောင်းသူတော်စင် ပုဂ္ဂိုလ်ကြီးတစ်ပါးထက် အားနည်းခြင်း မရှိချေ။
ဤရတနာသင်္ဘောကို အသုံးပြုပါက ဟာဂိုရိုမိုကိုပင် စိန်ခေါ်နိုင်စွမ်းရှိသည်ဟု ချင်ယိ ခံစားလိုက်ရသည်။
ဤသည်မှာ ကျိန်းထျန်းရတနာသင်္ဘောက သူ့ကို ပေးစွမ်းသော ယုံကြည်မှုဖြစ်ပြီး ကျိန်းထျန်းရတနာသင်္ဘော၏ ကိုယ်ပိုင်ယုံကြည်မှုလည်း ဖြစ်သည်။
၎င်း၏ အဆင့်မြင့် မြင့်မြတ်ဝိညာဥ်လက်နက် ဟူသော အနှစ်သာရအရ အကယ်၍ ၎င်းကိုသာ ဟာဂိုရိုမိုက ထိန်းချုပ်အသုံးပြုမည်ဆိုပါက သူတော်စင် အဋ္ဌမအဆင့်နှင့် အထက်ရှိသော ပုဂ္ဂိုလ်ကြီးများကိုပင် အရေးနိမ့်ခြင်းမရှိဘဲ ယှဉ်ပြိုင်နိုင်စွမ်း ရှိပေလိမ့်မည်။
သိထားရမည်မှာ သူတော်စင်အဆင့်သို့ ရောက်ရှိပြီးနောက်တွင် အဆင့်တစ်ခုနှင့် တစ်ခုကြားရှိ ကွာဟချက်သည် သူတော်စင်စွမ်းအားရှင်များနှင့် သာမန်သေမျိုးများကြားရှိ ကွာဟချက်ကဲ့သို့ ကြီးမားပြီး ပို၍ပင်ကြီးမားနိုင်ခြင်းပင်။
ဟာဂိုရိုမိုသည် သူတော်စင် သတ္တမအဆင့်တွင် ရှိသော်လည်း အကယ်၍ သူတော်စင်အဋ္ဌမအဆင့် ကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်ရပါက သူ၏ တာအိုကို လောင်ကျွမ်းစေခြင်း မပြုလုပ်ပါက သူတော်စင် အဋ္ဌမအဆင့်ကျင့်ကြံသူ၏ လက်ထဲတွင် တိုက်ကွက်တစ်ကွက်ကိုပင် ခုခံနိုင်မည် မဟုတ်ချေ။
ကောင်းကင်မြစ်ကြီး တစ်ခုခြားနေသည့်အလားပင်။
သူတော်စင်အဆင့်ရှိ ကွာဟချက်များမှာ အထူးသဖြင့် သူတော်စင်သတ္တမအဆင့်၏ နောက်ပိုင်းတွင် သာမန်လူများ စိတ်ကူးထားသည်ထက်ပင် များစွာ ပိုမို ကြီးမားနေပေသည်။
သို့သော်လည်း ကျိန်းထျန်းရတနာသင်္ဘောကို မောင်းနှင်ခြင်းက ထိုကွာဟချက်ကို ဖြည့်ဆည်းပေးနိုင်သည်ဖြစ်ရာ ရတနာသင်္ဘော၏အစွမ်းထက်မှုကို ပြသနေခဲ့သည်။
***