"ဟူး"
ကျိန်းထျန်းရတနာသင်္ဘောပေါ်ရှိ အလင်းဝန်းက လက်ကနဲ ဖြစ်သွားပြီး ပထမထပ်တွင် သေးငယ်သော မှော်ဝင်္ကပါ အစီအရင်အလွှာတစ်ခု ထွက်ပေါ်လာလေသည်။
သင်္ဘောကိုယ်ထည်ပေါ်မှ မရေမတွက်နိုင်သော မန္တန်အက္ခရာများ၏အလင်းရောင်များက တဖြည်းဖြည်း လင်းလက်လာခဲ့သည်။
မျဉ်းကြောင်းတစ်ခုစီတိုင်းတွင် သင်္ဘောကိုယ်ထည်ကို ပတ်ရံနေသော ထောင်ပေါင်းများစွာသော တာအို သဘောတရားများ ပါဝင်နေသည်။
ကောင်းကင်ယံမှ နက်ရှိုင်းသော အသံများ ထွက်ပေါ်နေပြီး သင်းပျံ့သောရနံ့တစ်ခုနှင့်အတူ ပန်းပွင့်များက ရတနာသင်္ဘော၏ပတ်လည်တွင် ဝဲပျံနေခဲ့ကြသည်။
ကောင်းကင်အသံများက ဝေဝါးနေပြီး ထူးဆန်းသော မြင်ကွင်းများပါ လိုက်ပါလာခဲ့ပေသည်။
"ဝုန်း"
မရေမတွက်နိုင်သော ဝိညာဉ်စွမ်းအင်များနှင့် အနှစ်သာရများ စုစည်းလာပြီး ကျိန်းထျန်းရတနာသင်္ဘော၏ ဝါးမျိုခြင်းကို ချက်ချင်း ခံလိုက်ရသည်။
ပြင်းထန်လှသော စွမ်းအင်အနှစ်သာရများသည် အရည်အဖြစ်သို့ပင် ပြောင်းလဲသွားပြီး ဝိညာဉ်စွမ်းအင်မြစ်တစ်စင်းအလား ကျိန်းထျန်းရတနာသင်္ဘော၏ စုပ်ယူခြင်းကို ခံနေရလေသည်။
"ဝိညာဉ်စွမ်းအင် စုပ်ယူတဲ့ အမြန်နှုန်းတစ်ခုတည်းနဲ့တင် ပုလော့နန်းတော်က ဘယ်လိုမှ မယှဉ်နိုင်တော့ဘူးပဲ"
ချင်ယိက ခေါင်းကို ညင်သာစွာ ညိတ်လိုက်သည်။
တကယ်တမ်းတွင် အတိုင်းအတာတစ်ခုအထိ ကျိန်းထျန်းရတနာသင်္ဘော၏လုပ်ဆောင်ချက်များသည် ပုလော့နန်းတော်၏လုပ်ဆောင်ချက်များနှင့် တူညီနေပေသည်။
သေချာသည်ကတော့ နန်းတော်၏စွမ်းအားသည် ကျိန်းထျန်းရတနာသင်္ဘောနှင့် မယှဉ်နိုင်ချေ။
ဤသည်မှာလည်း ဖြစ်သင့်ပေသည်။ တစ်ခုက အလယ်အလတ်အဆင့် မြင့်မြတ်ဝိညာဥ်လက်နက်ဖြစ်ပြီး နောက်တစ်ခုက အဆင့်မြင့် မြင့်မြတ်ဝိညာဥ်လက်နက် ဖြစ်လေသည်။ အဆင့်တစ်ခု ကွာခြားသွားခြင်းကပင် ထိုနှစ်ခု၏ အဆင့်အတန်းကို ကွဲပြားသွားစေခြင်းဖြစ်၏။
"ဒါပေမဲ့ ကျိန်းထျန်းရတနာသင်္ဘောထဲမှာ ကျင့်ကြံရုံနဲ့တင် သာမန် ဂူနန်းတွေ၊ ကောင်းချီးနယ်မြေတွေနဲ့ လျှို့ဝှက်ကမ္ဘာငယ်အများစုထက် မရေမတွက်နိုင်အောင် ပိုကောင်းနေပြီ"
ချင်ယိမှာ အံ့အားသင့်နေမိသည်။
ဤရတနာသင်္ဘောကို မဟာချင်မင်းဆက်က ကောင်းကင်ဘုံများကို အောင်နိုင်ရန်အတွက် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ၎င်း၏ အဓိက လုပ်ဆောင်ချက်မှာ တိုက်ခိုက်ရေးအတွက်ပင် ဖြစ်လေသည်။
သို့သော်လည်း ကျိန်းထျန်းရတနာသင်္ဘောပေါ်တွင် ရှိသင့်ရှိထိုက်သော လုပ်ဆောင်ချက်များလည်း ချို့တဲ့နေခြင်း မရှိချေ။
ဤဝိညာဉ်စွမ်းအင်များ စုဆောင်းသည့် နည်းလမ်းတစ်ခုတည်းကပင် ရှေးဟောင်းသူတော်စင်ပုဂ္ဂိုလ်ကြီး ကိုယ်တိုင် ဝင်ရောက်လှုပ်ရှားကာ ဝိညာဉ်စွမ်းအင်များကို နေ့ညမပြတ် စုဆောင်းပေးနေသည့်အလား ဖြစ်နေပေသည်။
ကျိန်းထျန်းရတနာသင်္ဘောထဲရှိ ဝိညာဉ်စွမ်းအင် သိပ်သည်းဆ မည်မျှမြင့်မားနေမည်ကို တွေးကြည့်၍ ရနိုင်ပေသည်။
ကျိန်းထျန်းရတနာသင်္ဘော၏ ဝိညာဉ်စွမ်းအင်သည် ယခုလက်ရှိ အင်ပါယာမြို့တော်ထက် အဆရာပေါင်းများစွာ ပိုမိုများပြားနေသေးကြောင်း ချင်ယိ ခံစားမိလိုက်သည်။
အဆရာပေါင်းများစွာဆိုသည့် သဘောတရားက ဘာလဲဆိုလျှင် ကျင့်ကြံခြင်းမရှိသည့် သာမန်လူများပင် ဤမျှ သိပ်သည်းသော ဝိညာဉ်စွမ်းအင်များကြားတွင် နှစ်အနည်းငယ်မျှ နေထိုင်လိုက်ပါက ကျန်းယွမ်အဆငိ့ သို့မဟုတ် ကျင့်ကြံသူတစ်ယောက်နှင့် နှိုင်းယှဉ်နိုင်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်လာနိုင်ခြင်းပင် ဖြစ်သည်။
ချင်ယိ၏ ကျင့်ကြံခြင်းအဆင့်ဖြင့် ထိုအထဲရှိ ဝိညာဉ်စွမ်းအင်များကို စုပ်ယူလိုက်ရာတွင်ပင် သူ၏ ခန္ဓာကိုယ်ထဲရှိ ကျင့်ကြံခြင်းအဆင့် အနည်းငယ် တိုးတက်လာသည်ကို ခံစားလိုက်ရသည်။
"ဒီလိုဆိုတော့ ပုလော့နန်းတော်က ငါ့ရဲ့ အိပ်ဆောင် သက်သက်ပဲ ဖြစ်သွားတော့မှာပေါ့"
သူ၏လက်ထဲရှိ ကျိန်းထျန်းရတနာသင်္ဘောကို ကစားရင်း ချင်ယိက ရုတ်တရက် ပြုံးလိုက်သည်။
ကျိန်းထျန်းရတနာသင်္ဘော ရရှိလာပြီးနောက် ချင်ယိအတွက် ပုလော့နန်းတော်၏အရေးပါမှုကလည်း အောက်ဆုံးအထိ ထိုးကျသွားပြီး အနည်းငယ် အသုံးမဝင်သလို ဖြစ်သွားရသည်။
တိုက်ခိုက်ရေးအတွက်ဖြစ်စေ၊ ဝိညာဉ်စွမ်းအင် စုဆောင်းရန်အတွက်ဖြစ်စေ ပုလော့နန်းတော်သည် ကျိန်းထျန်းရတနာသင်္ဘော၏ အောက်တွင်သာ ရှိနေပေသည်။
ပုလော့နန်းတော်တွင် မရှိသောလုပ်ဆောင်ချက်များလည်း ပါဝင်နေပြီး ပို၍ပင်အစွမ်းထက်နေသေးသည်။
ထိုနှစ်ခုထဲမှ တစ်ခုကို ရွေးချယ်ရမည်ဆိုပါက ချင်ယိသည် သဘာဝကျကျပင် ပိုမိုအစွမ်းထက်သော ကျိန်းထျန်းရတနာသင်္ဘောကိုသာ ရွေးချယ်မည် ဖြစ်သည်။
'ကလေးလေး မွေးလာတဲ့အခါ ဒါက ကလေးလေးအတွက် ကစားစရာလေးဖြစ်သွားမှာပေါ့'
ထို့နောက် ချင်ယိက သူ၏အတွေးကို ပြောင်းလဲလိုက်ပြီး ပုလော့နန်းတော်အတွက် ဖြေရှင်းနည်းတစ်ခု ရရှိသွားသည်။
အင်း... ဤအစီအစဉ်ကို အခြားသူများသာ သိသွားပါက ချင်ယိကို ဖြုန်းတီးလွန်းသည်ဟု ပြောဆိုကြမည်ကို စိုးရိမ်ရပေသည်။
မမွေးဖွားလာသေးတဲ့ သန္ဓေသားလေးအတွက် မြင့်မြတ်ဝိညာဥ်လက်နက်တစ်ခု ပြင်ဆင်ပေးထားတယ် ဟုတ်လား။
ဒါက မြင့်မြတ်ဝိညာဥ်လက်နက်လေ။
အစွမ်းထက်တဲ့ သာမန်သူတော်စင်များပင်လျှင် သင့်လျော်သော ပစ္စည်းများမရှိပါက မြင့်မြတ်ဝိညာဥ်လက်နက်တစ်ခုကို ပိုင်ဆိုင်နိုင်မည်မှာ မသေချာလှချေ။
ထို့အပြင် ဤအရာက မြင့်မြတ်ဝိညာဥါလက်နက်တစ်ခု ဖြစ်နေသည်ကို ပြောနေစရာပင် မလိုတော့ချေ။
တစ်နည်းဆိုရသော် မွေးဖွားလာမည့် ပတ်ဝန်းကျင် အနေအထားအရ ဟန်းကော့၏ ဝမ်းဗိုက်ထဲရှိ ကလေးငယ်လေးသည် ကျင့်ကြံသူအမြောက်အမြားကို ဖိနှိပ်ထားပြီး ဖြစ်နေလေပြီ။
သို့မဟုတ်ပါက ထျန်းယောင်ကုန်းမြေတိုက်ကြီးတစ်ခုလုံးရှိ ကျင့်ကြံသူအားလုံးနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင်ပင်...
"သွားမယ်... ဒီကနေ ထွက်ကြစို့"
ဆုံးဖြတ်ချက်ချပြီးနောက် ချင်ယိက သူ၏လက်ကို လှန်ကာ ကျိန်းထျန်းရတနာသင်္ဘောကို သိမ်းဆည်းလိုက်ပြီး ဘေးဘက်ရှိ စူးတာ့ကျီကို ပြောလိုက်သည်။
"မှန်လှပါ အရှင်မင်းကြီး"
စူးတာ့ကျီက အရိုအသေပေးလိုက်ပြီး ချင်ယိ၏ ဘေးတွင် ဆွဲဆောင်မှုရှိစွာ ရပ်လိုက်သည်။
"ဝှစ်"
နောက်တစ်ခဏတွင် သူတို့နှစ်ဦးစလုံး စနစ်နေရာလွတ်ထဲမှ ပျောက်ကွယ်သွားကြတော့သည်။
မဲနှိုက်ပြီးနောက် ချင်ယိက ပုလော့နန်းတော်သို့ ပြန်လာခဲ့သည်။
စူးတာ့ကျီ ထွက်ပေါ်လာမှုကြောင့် ပုလော့မင်းဆက်မှ အမတ်များ၊ လျိုရီရီနှင့် အခြားမိဖုရားများ ခေတ္တမျှ စိုးရိမ်ပူပန်သွားကြသည်မှလွဲ၍ အခြားသော ဂယက်ရိုက်ခတ်မှုများ မရှိခဲ့ချေ။
ဤနည်းဖြင့် ပုလော့မင်းဆက်ကြီးသည် တစ်ဖန် ပြန်လည် တည်ငြိမ်သွားခဲ့ပြန်သည်။
အင်ပါယာအရှင်သခင်မှာလည်း အလွန်အမင်း ပျင်းရိစရာကောင်းသော... မိဖုရားဆောင် ဘဝထဲသို့ နစ်မြုပ်သွားခဲ့လေတော့သည်။
နေ့စဉ် မနက်ခင်းညီလာခံမှလွဲ၍ သူ ကိုယ်တိုင် ဆုံးဖြတ်ချက်ချရန် လိုအပ်သော တိုင်းပြည်ရေးရာ ကိစ္စရပ်အချို့ကိုသာ ကိုင်တွယ်ဖြေရှင်းပြီး အချိန်အများစုတွင် ချင်ယိက အလွန်တရာ အားလပ်နေခဲ့သည်။
တိုင်းပြည်ရေးရာကိစ္စရပ်များကို အနာဂတ် အရှင်သခင်၊ ကျန်းလျန်နှင့် အခြားသူများက ကိုင်တွယ်ဖြေရှင်းနေကြပြီး ချင်းကျိုးတစ်ခုလုံးကို တည်ဆောက်ရေးကိစ္စများကိုလည်း ကျန်းလျန်တို့၏ ဦးဆောင်မှုအောက်တွင် စနစ်တကျ ဆောင်ရွက်နေကြလေသည်။
တပ်ဖွဲ့များ လေ့ကျင့်ရေးကိစ္စများကို လုပု၊ ဟော်ချွီပင်းနှင့်အခြားသူများက ကိုင်တွယ်ဖြေရှင်းနေကြပြီး ဒေသအသီးသီးရှိ တပ်သားသစ်များ လေ့ကျင့်ရေး အပါအဝင် အရာအားလုံးကို သေချာစွာ စီစဉ်ထားပေသည်။
ချင်းကျိုးတစ်ခွင်ရှိ ပြည်သူများ၏ ယုံကြည်ကိုးကွယ်မှုနှင့် ပတ်သက်၍လည်း...
ဟာဂိုရိုမိုက ထာ့ထျန်းဂိုဏ်းကို ဖိနှိပ်ချေမှုန်းလိုက်သည့်သတင်းကြောင့် နေရာအနှံ့မှ ပြည်သူများမှာ ပုလော့မင်းဆက်၏ နိုင်ငံသားများ ဖြစ်ရခြင်းကို ပို၍ပင် ဂုဏ်ယူဝင့်ကြွားနေကြလေပြီ။
ထို့ကြောင့် လုပုနှင့် ပုလော့မင်းဆက်မှ စစ်သူကြီးများက စစ်သားစုဆောင်းကြောင်း ကြေညာလိုက်သည်နှင့် တစ်ပြိုင်နက် မရေမတွက်နိုင်သော လူများက လာရောက် စာရင်းပေးသွင်းခဲ့ကြသည်။
အချိန်တိုတိုအတွင်းမှာပင် မင်းဆက်ကြီးသည် လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိသွားပြီဟု ဆိုနိုင်ပေသည်။
ကိစ္စရပ်များစွာအတွက် ချင်ယိကိုယ်တိုင် ဝင်ရောက်စွက်ဖက်ရန် မလိုအပ်တော့ချေ။
ကျုံးကျိုးနှင့် ပေ့ကျိုးကဲ့သို့သော အခြားသော ပြည်နယ်ကြီးများမှ အထက်တန်းလွှာအင်အားစုများက လာရောက်လည်ပတ်ခြင်း သို့မဟုတ် ခိုလှုံခြင်းများပြုလုပ်လာလျှင်ပင် ကျန်းလျန်နှင့်အခြားသူများကသာ သွားရောက် ကိုင်တွယ်ဖြေရှင်းကြသည်။
သူတော်စင်တစ်ပိုင်းအဆင့် ကျငိ့ကြံသူများ ရှိသော အထက်တန်းလွှာမိသားစုကြီးများမှ ခေါင်းဆောင်များ လာရောက်မှသာလျှင် ချင်ယိက အချိန်ပေး၍ တစ်ကြိမ်ခန့် တွေ့ဆုံပေးလေသည်။
ခိုလှုံရန် ရောက်လာကြသူများကိုမူ ချင်ယိက သခင်နှင့်ကျွန်စာချုပ်တစ်ခုကို ပစ်ပေးလိုက်ပြီး လက်မှတ်ထိုးပြီးမှသာ အသုံးပြုလေသည်။
လက်မှတ်မထိုးလျှင် ထွက်သွားလိုက်ရုံပင်။
ဤမိသားစုကြီးများ၏မျှော်လင့်ချက်ထဲတွင် ယခုမှ စတင်အင်အားကြီးမားလာသော ပုလော့မင်းဆက်အနေဖြင့် သူတို့၏မိသားစုအင်အားများ အကူအညီ လိုအပ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြပုံရသည်။
သို့သော် တကယ်တမ်းတွင် သူတို့ အတွေးလွန်းနေကြောင်းကို အမှန်တရားက ပြောပြနေခဲ့သည်။
ပုလော့မင်းဆက်တစ်ခုလုံးကို ကြည့်မည်ဆိုလျှင် ကျင့်ကြံသူများကြားတွင် သိသာထင်ရှားသော အင်အား ကွာဟချက်တစ်ခု ရှိနေသည်မှာ အမှန်ပင်ဖြစ်၏။
အစွမ်းအထက်ဆုံးသူ ဖြစ်သော ဟာဂိုရိုမို၏ကျင့်ကြံခြင်းအဆင့်သည် ရှေးဟောင်းသူတော်စင် ပုဂ္ဂိုလ်ကြီး တစ်ပါးနှင့် နှိုင်းယှဉ်နိုင်ပေသည်။
သို့သော် ဟာဂိုရိုမို၏အောက်တွင်မူ ကျောက်ယွင်နှင့် ထိုက်ရှန်းတောင်နတ်ဘုရားတို့မှလွဲ၍ သူတော်စင်အဆင့်များမဆိုထားနှင့် သူတော်စင်တစ်ပိုင်းအဆင့် တစ်ဦးမျှပင် မရှိချေ။
ထို့ကြောင့် သူတော်စင်တစ်ပိုင်းအဆင့်မိသားစုများစွာ၏အမြင်တွင် သူတို့ဝင်ရောက်လာခြင်းကို ပုလော့မင်းဆက်က လှိုက်လှဲစွာ းကြိုဆိုသင့်သည်ဟု ထင်မှတ်နေခဲ့ကြခြင်း ဖြစ်သည်။
သို့သော် ချင်ယိ၏လက်ထဲရှိ နံရံနှင့် ဝင်တိုက်မိသွားလိမ့်မည်ဟု သူတို့ တွေးပင် မတွေးဖူးခဲ့ကြချေ။
အမှန်စင်စစ် ချင်ယိ ဘာကြောင့် ဤသို့လုပ်ဆောင်ရသနည်းဆိုသည်ကို နားလည်ရန် လွယ်ကူလှပေသည်။
ဤသူတော်စင်တစ်ပိုင်းအဆင့်မိသားစုများ ဝင်ရောက်လာခြင်းက ပုလော့မင်းဆက်၏အင်အား ကွာဟချက်ကို ဖြည့်ဆည်းပေးနိုင်ကောင်း ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သော်လည်း ထည့်သွင်းစဉ်းစားရမည့် အချက်တစ်ခု ရှိနေခဲ့သည်။ ၎င်းမှာ ဤသူတော်စင်တစ်ပိုင်းအဆင့် မိသားစုများ၏သစ္စာရှိမှု အတိုင်းအတာပင် ဖြစ်သည်။
ဤသူတော်စင်တစ်ပိုင်းအဆင့်မိသားစုများသည် အမြဲတမ်းမာနကြီးပြီး စည်းကမ်းမလိုက်နာကြသည်မှာ ကြာမြင့်နေခဲ့ပြီဖြစ်သည်။ ပုလော့မင်းဆက်သို့ ဝင်ရောက်လာခြင်းမှာလည်း နှစ်တစ်ထောင်အကြာမှ ကပ်ဘေးကြီးကြောင့် အတင်းအကျပ် တွန်းအားပေးခံရ၍သာ ဖြစ်သည်။
ထို့ကြောင့် သူတို့ကို အရမ်းကာရော လက်ခံလိုက်ခြင်းက ပုလော့မင်းဆက်အတွက် အကျိုးထက် အပြစ်က ပိုများနိုင်ပေသည်။
ဤကိစ္စနှင့် ပတ်သက်၍ ချင်ယိ၏တန်ပြန်တုံ့ပြန်မှုမှာ သခင်နှင့်ကျွန်စာချုပ်ချုပ်ဆိုရန်ပင် ဖြစ်သည်။
သခင်နှင့်ကျွန်စာချုပ်ကို လက်မှတ်မထိုးပါက ပုလော့မင်းဆက်သို့ ဝင်ရောက်ရန် တွေးပင် မတွေးနှင့်။
ထို့ကြောင့် အချို့သော သူတော်စင်တစ်ပိုင်းအဆင့် မိသားစုများမှလွဲ၍ သူတော်စင်တစ်ပိုင်းအဆင့် အင်အားစုအများစုမှာ သခင်နှင့်ကျွန်စာချုပ်ကို လက်မှတ်ထိုးရန် မရွေးချယ်ခဲ့ကြချေ။
ချင်ယိခန့်မှန်းထားသကဲ့သို့ပင် ဤသူတော်စင်တစ်ပိုင်းအဆင့် အထက်တန်းလွှာ းမိသားစုများသည် နှစ်တစ်ထောင်အကြာမှ ကပ်ဘေးကြီးကို ရှောင်ရှားရန်အတွက်သာ ပုလော့မင်းဆက်သို့ ဝင်ရောက်လာခြင်း ဖြစ်ပြီး ပုလော့မင်းဆက်ထဲသို့ အမှန်တကယ် ဝင်ရောက်လိုခြင်း မရှိကြချေ။
ကပ်ဘေးကြီးပြီးဆုံးသွားပြီးနောက်တွင် ပုလော့မင်းဆက်မှ ပြန်လည်ခွဲထွက်ရန်ပင် အစီအစဉ်ဆွဲထားကြသေးသည်။
ဤသူတော်စင်တစ်ပိုင်းအဆင့် မိသားစုများ၏ အကြံအစည်များကို သိရှိသောအခါ ချင်ယိက ပြုံးရုံသာ ပြုံးလိုက်ပြီး ဆက်လက်ဂရုမစိုက်တော့ချေ။
ရိုးရိုးသားသား ပြောရလျှင် ချင်ယိသည် ဤသူတော်စင်တစ်ပိုင်းမိသားစုများ၏ နောက်ခံအင်အားကို တကယ်တမ်း အလေးမထားခဲ့ချေ။
မရေမတွက်နိုင်သော ပါရမီရှင်များ ရှိနေသည်ဖြစ်ရာ အင်အားကွာဟချက်ဆိုသည်မှာ မကြာမီအချိန်အတွင်း ဖြည့်ဆည်းသွားနိုင်မည်ဟု သူ ယုံကြည်ပေသည်။ ဤတပိုင်းသူတော်စင်မိသားစုများ၏ ပါဝင်လာမှု လုံးဝမလိုအပ်ချေ။
ဤသတင်းများ ပျံ့နှံ့သွားသည်နှင့်အမျှ ပုလော့မင်းဆက်သို့ ဝင်ရောက်လိုသော အချို့သော မိသားစုများမှာလည်း တွေဝေသွားကြရသည်။