“ဒါဆို သခင်လေးယန်ချင်းက အဖွဲ့အစည်းကပေါ့... အဖွဲ့အစည်းလိုမျိုး ကြီးကျယ်ခမ်းနားတဲ့ နေရာမျိုးကမှ သခင်လေးယန်ချင်းလို နဂါးငယ်လေးတစ်ကောင်နဲ့ ထိုက်တန်တာပါ...”
အဘိုးဝမ်က တစ်စက္ကန့်လေးပင် မတုံ့ဆိုင်းဘဲ ပြောလိုက်သည်။
ကိတ်မုန့်ကို အငမ်းမရ စားနေသော ကျိုးရီမှာ သီးသွားသဖြင့် ချောင်းများ ဆိုးလာလေသည်။
သူက အဘိုးဝမ်ကို မယုံနိုင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
“အဘိုးဝမ်က စကားပြော ဒီလောက်ကောင်းမှန်း မသိခဲ့ဘူး... နှစ်ပေါင်းများစွာ လေ့ကျင့်လာခဲ့တာတောင် အဘိုးဝမ်က ငါ့ထက် ပိုပြီး သဘာဝကျကျ ပြောတတ်နေတယ်”
“ကြည့်စမ်း... မျက်နှာလေး တစ်ချက်တောင် မပျက်ဘူး...”
ကျိုးရီက ဖော်နင်းတာအိုတွင် အတူတူလျှောက်လှမ်းနေသော တာအိုရောင်းရင်းတစ်ဦးအပေါ် လေးစားမှုများ လင်းလက်နေသည့် မျက်လုံးများဖြင့်ကြည့်ရင်း တွေးလိုက်သည်။
သို့သော် အဘိုးဝမ်နှင့် ယှဉ်လိုက်လျှင် သူက အပျံသင်ကာစ ငှက်ပေါက်စလေး တစ်ကောင်သာ ရှိသေးပြီး၊ အဘိုးဝမ်ကတော့ ထိုလမ်းပေါ်တွင် ရာစုနှစ်ပေါင်းများစွာ လျှောက်လှမ်းလာခဲ့ပြီး လမ်းစဥ်အတွက် အကျိုးပြုမှု အချို့ကိုပင် ပြုလုပ်ထားနိုင်သည့် အတွေ့အကြုံရင့် ဆရာကြီးတစ်ဦးနှင့် တူနေသည်။
သူ့ရှေ့တွင် မြင်တွေ့နေရသော ဖိနပ်ယက်ကျွမ်းကျင်ပညာရှင်ကြီးနှင့် ဖောက်သည်များကို ယောက်ချိုဇွန်းဖြင့် ရိုက်နှက်ကာ တစ်ခါတရံ အော်ဟစ်ဆဲဆိုတတ်သည့် ဒေါသကြီးသော အဘိုးဝမ်တို့ကို ဆက်စပ်တွေးကြည့်ရန် ခက်ခဲနေဆဲပင်။
သူ၏ အံ့ဩလေးစားနေသော အကြည့်များက ယန်ချင်းဘက်သို့ လှည့်သွားချိန်တွင်၊ ဟန်ဆောင်နှိမ့်ချလျှက် တည်ငြိမ်မှု အလွှာပါးပါးလေးတစ်ခုဖြင့် ဖုံးအုပ်ထားသော ယန်ချင်း၏ ဝင့်ကြွားနေသည့် အမူအရာကို မြင်လိုက်ရသဖြင့် ပျက်စီးသွားလေသည်။
ကျွတ်...
စိတ်ထဲတွင်တော့ အားကျမနာလို ဖြစ်နေသော်လည်း ကျိုးရီက မထီမဲ့မြင်ဟန်ဖြင့် တောက်ခေါက်လိုက်သည်။
ယန်ချင်းက ၎င်းကို သတိပြုမိသွားသည့်အလား၊ သူသည် အဖွဲ့အစည်း၏ သာမန်အစေခံတစ်ဦးမျှသာ ဖြစ်ကြောင်းနှင့် သူ၏ အောင်မြင်မှုအနည်းငယ်မှာ ပြောပလောက်စရာ မရှိကြောင်းစသည့် စကားလုံးအနည်းငယ်ကို ပစ်လွှတ်လိုက်ရာ၊ အဘိုးဝမ်ထံမှသာမက အဘွားဝမ်ထံမှပါ မြှောက်ပင့်စကားများကို ထပ်မံ ရရှိသွားလေသည်။
ယန်ချင်းက ဇနီးမောင်နှံထံသို့ အကြည့်မလွှဲမီ ကျိုးရီဘက်သို့ ဝင့်ကြွားသော အကြည့်တစ်ချက် ပေးလိုက်သည်။
“နည်းနည်းလေးတောင် မမိုက်ပါဘူး... ဟမ့်...”
ကျိုးရီက ခေါင်းလှည့်ကာ အောက်ဘက်ရှိ လမ်းမများကို ငေးကြည့်ရန် ဆုံးဖြတ်လိုက်ရင်း မနာလိုစွာဖြင့် တီးတိုးရေရွတ်လိုက်သည်။
“အစ်ကိုကြီးယန်ချင်းက တကယ့်ကို ထူးဆန်းတဲ့လူပဲ... နန်းတော်အဆင့် ကျွမ်းကျင်သူတစ်ယောက်ရဲ့ အရှိန်အဝါမျိုး နည်းနည်းလေးတောင် မရှိဘူး...”
ကျိုးလီချင်က ကျိုးရီနှင့် ယန်ချင်းတို့ကြားရှိ လျှို့ဝှက်တိုက်ပွဲလေးကို ကြည့်ကာ တခစ်ခစ် ရယ်မောရင်း တွေးလိုက်သည်။
…..
ကျိုးရီ၏ အစ်ကိုကြီးအဖြစ် သူ၏အဆင့်အတန်းကို ခိုင်မာအောင် လုပ်ပြီးနောက် ယန်ချင်းက မေးလိုက်သည်။
“ဘယ်လိုလဲ... အဖွဲ့အစည်းမှာ စားသောက်ဆိုင် ဖွင့်ဖို့ ဆန္ဒရှိလား...”
ရုတ်တရက် ကမ်းလှမ်းမှုကြောင့် အဘိုးဝမ်က အနည်းငယ် တွန့်ဆုတ်သွားပုံဖြင့် ပြန်ဖြေလိုက်သည်။
“ဒါက...”
စားသောက်ဆိုင် ပိုင်ရှင်များအဖြစ် အနားယူချင်နေကြသော်လည်း၊ သူတို့တစ်သက်လုံး နေထိုင်လာခဲ့သော နေရာကို ပစ်ထားခဲ့ပြီး ထွက်ခွာသွားရန်အတွက်မူ ခက်ခဲနေဆဲပင်။
ထို့အပြင် ပုံမှန်ဖောက်သည်များကိုလည်း ထည့်တွက်ရဦးမည် ဖြစ်သည်။
သူတို့သည် စားသောက်ဆိုင် ကျင့်ဝတ်များနှင့် ပတ်သက်လာလျှင် အသိအမြင် ကင်းမဲ့ကာ ဆူညံတတ်သော လူစုဖြစ်သော်လည်း ဝမ်စားသောက်ဆိုင်၏ အိမ်လို နွေးထွေးသောလေထုကို ဖန်တီးပေးသည့် အကြောင်းရင်းများထဲမှ တစ်ခု ဖြစ်သည်။
ထို့ကြောင့် သူတို့ကို ဒီအတိုင်း ပစ်ထားခဲ့မည်ဆိုလျှင် သစ္စာဖောက်သလို ခံစားရမည်ဟု အဘိုးဝမ် ထင်နေမိသည်။
ထို့နောက် မောင်နှမနှစ်ဦးကို ကြည့်လိုက်ရာ အခြား အကျပ်အတည်းတစ်ခု ထပ်မံ ဝင်ရောက်လာပြန်သည်။
ခရမ်းမြို့တော်တွင် နေထိုင်ခြင်းနှင့် ယှဉ်လျှင် ပိုမိုဘေးကင်းသော အဖွဲ့အစည်းသို့ ပြောင်းရွှေ့မည်ဆိုလျှင်တောင်မှ သူတို့သည် သူစိမ်းနေရာတစ်ခုတွင် အသစ်ကနေ ပြန်စရမည် ဖြစ်သည်။
သူတို့သည် ရင့်ကျက်သော အမူအရာများ ရှိသော်လည်း ကလေးငယ်များသာ ဖြစ်သေးပြီး၊ ထိုနေရာတွင် တစ်ယောက်တည်း ဖြစ်နေကြပေမည်။
ကျိုးရီက “အဆင်ပြေပါတယ်”ဟု ပြောခဲ့သော်လည်း၊ မိမိ၏ ဖုံးကွယ်မှုကို ထိန်းသိမ်းရန်အတွက် သူတို့ကို မစောင့်ရှောက်နိုင်ခဲ့သည့်အပေါ် အပြစ်ရှိသလို ခံစားနေရဆဲပင်။
အဘွားဝမ်က မေးလိုက်သည်။
“သခင်လေးယန်ချင်း... ကျွန်မတို့ကို စဉ်းစားဖို့အချိန် ပေးလို့ရမလား”
“အတူတူလိုက်ခဲ့ဖို့ သဘောတူရင်တောင် ချက်ချင်းကြီးတော့ မလုပ်နိုင်ဘူး...”
“ဖောက်သည်တွေကိုလည်း အသိပေးဖို့ လိုသေးသလို၊ အထက်လူကြီးကိုလည်း ထွက်တော့မယ့်အကြောင်း အကြောင်းကြားပြီး ကိစ္စတချို့ကို ရှင်းလင်းဖို့ လိုသေးတယ်...”
“ဒီကိစ္စတွေ အားလုံးက အချိန်ယူရလိမ့်မယ်... အနည်းဆုံး သုံးလကနေ လေးလလောက်အထိတော့ ကြာနိုင်တယ်”
“ဆုံးဖြတ်ချက်တစ်ခု ချပြီးသွားရင် သခင်လေးယန်ချင်းဆီ ဆက်သွယ်လို့ရမယ့် နည်းလမ်းများ ရှိမလား...”
“သူမက အဘိုးဝမ်လိုမျိုး နည်းနည်း တွန့်ဆုတ်နေပေမဲ့၊ ပြောင်းရွှေ့ဖို့ ကိစ္စကို ပိုပြီး လက်ခံနိုင်ပုံ ပေါ်တယ်... အင်း... အခွင့်အရေး ရှိနိုင်တယ်...”
ယန်ချင်းက ရွှေလင်းယုန်တံဆိပ်ပြားကို ထုတ်ယူရင်း ဝမ်းသာအားရ တွေးလိုက်သည်။
“ဘာပဲ ဆုံးဖြတ်ဆုံးဖြတ် လွင်ပြင်ဝါခရိုင်မှာရှိတဲ့ ကျွန်တော်တို့ရဲ့ ဌာနခွဲကနေတစ်ဆင့် အကြောင်းကြားလို့ ရပါတယ်... သူတို့ကတစ်ဆင့် ကျွန်တော့်ဆီ သတင်းပို့ပေးပါလိမ့်မယ်...”
“တကယ်လို့ အဖွဲ့အစည်းဆီ ပြောင်းဖို့ဆုံးဖြတ်လိုက်ရင်... ဒါက လွင်ပြင်ဝါခရိုင်ဌာနခွဲက လူတစ်ယောက်ယောက်ကို ပြရမယ့် ထောက်ခံစာပါ”
“အဲဒါဆိုရင် သူတို့က ပင်မဌာနချုပ်ဆီကို သွားဖို့ သယ်ယူပို့ဆောင်ရေး အစီအစဉ်တွေ လုပ်ပေးလိမ့်မယ်...”
“ခရီးက တော်တော်ဝေးတော့ ကိုယ့်ဘာသာလာတာထက် သူတို့ အကူအညီနဲ့ လာတာက ပိုပြီးဘေးကင်းပါတယ်...”
“ခွင့်ပြုချက်နဲ့ ပြောင်းရွှေ့နေထိုင်ရေး ကိစ္စတွေကို တာဝန်ယူပေးမယ့် အဖွဲ့အစည်းက တာဝန်ရှိသူတွေကို ပြသနိုင်ဖို့ ဒီစာကို ခင်ဗျားတို့ဆီ ပြန်ပေးပါလိမ့်မယ်...”
“ပြန်လည်သုံးသပ်ဖို့ အချိန်တစ်ခုတော့ ယူရလိမ့်မယ်... ဒါပေမဲ့ သုံးသပ်ရေး လုပ်ငန်းစဉ် ပြီးဆုံးတဲ့အထိ စောင့်ဆိုင်းနေစဉ်အတွင်း အဖွဲ့အစည်းက ခင်ဗျားတို့ နေထိုင်ဖို့ နေရာတစ်ခု စီစဉ်ပေးပါလိမ့်မယ်...”
ယန်ချင်းက ယခုလေးတင် ရေးသားထားသော စာလိပ်ပေါ်သို့ သူ၏ ရွှေလင်းယုန်တံဆိပ်ပြားဖြင့် တံဆိပ်တုံး ထုလိုက်ရင်း စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။
တံဆိပ်ပြားမှ ရွှေရောင်လင်းယုန်ငှက်၏ ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး စာလိပ်ထဲသို့ နစ်ဝင်သွားလေသည်။
မောင်နှမနှစ်ယောက်လုံးမှာ တံဆိပ်ပြားနှင့် အသက်ဝင်လွန်းနေသည့် လင်းယုန်ငှက်ပုံရိပ်ကို ငေးကြည့်ရင်း အံ့ဩတကြီး အာမေဍိတ်သံများ ထွက်ပေါ်လာကြသည်။
ယန်ချင်းက ခင်ပွန်းဖြစ်သူနည်းတူ မျက်နှာပေါ်တွင် ရှုပ်ထွေးနေသော အမူအရာများ ရှိနေသည့် အဘွားဝမ်ထံသို့ စာလိပ်ကို ကမ်းပေးလိုက်သည်။
တစ်ခုခုကို စိတ်အနှောင့်အယှက် ဖြစ်နေပုံရသော်လည်း မေးရန်အနည်းငယ် တွန့်ဆုတ်နေပုံရသည်။
သူတို့၏ အတွေးများကို ခန့်မှန်းရန် ယန်ချင်းအတွက် သိပ်ခက်ခဲလှသည် မဟုတ်ပေ။
“အဖွဲ့အစည်းမှာ စားသောက်ဆိုင် ဖွင့်ဖို့ဆိုတာက ခက်ခဲတဲ့လုပ်ငန်းစဉ် တစ်ခုပဲ”
“ကျွန်တော့်ရဲ့ ထောက်ခံစာက အထောက်အကူ ဖြစ်ပေမဲ့... အကဲဖြတ်ရေး လုပ်ငန်းစဉ်တွေနဲ့ လိုအပ်တဲ့ စစ်ဆေးမှုတွေကိုတော့ ကျော်ခွသွားလို့ မရဘူး...”
ယန်ချင်း၏ စကားများက သူတို့ကို ပို၍ပင် မျက်မှောင်ကြုတ်သွားစေသည်။
အဖွဲ့အစည်းသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်လိုက်ပါက ထိုနေရာတွင် စားသောက်ဆိုင်ဖွင့်ခွင့် ရမည်ဟု သူတို့ အလိုလို ထင်မှတ်ထားခဲ့ကြသည်။
သို့သော် ယခုတော့ အာမခံချက်ပင် ရှိပုံမရပေ။
သူတို့၏ စိုးရိမ်ပူပန်မှုမှာ ငြင်းပယ်ခံရပါက ဘာလုပ်ရမည်နည်း ဆိုသည်ကို ဖြစ်သည်။
ထိုနေရာတွင် ရည်ရွယ်ချက်မဲ့စွာ ဆက်နေမည်လား သို့မဟုတ် အခြားတစ်နေရာရာတွင် အသစ်ကနေ ပြန်စရန် မိမိတို့ ယခုလေးတင် စွန့်ခွာလာခဲ့သော နေရာသို့ ရှက်ရွံ့စွာ ပြန်လာမည်လား။
အထူးသဖြင့် ပြောင်းရွှေ့ခြင်းအားဖြင့် သူတို့ စတေးလိုက်ရမည့် အရာများကို ထည့်တွက်မည်ဆိုလျှင်၊ ဤရွေးချယ်မှုများထဲမှ မည်သည့်အရာကမျှ သူတို့အတွက် မကောင်းပေ။
***