“စောစောက ပြောခဲ့တဲ့ စည်းမျဉ်းတွေက အဖွဲ့အစည်းရဲ့အလယ်မှာ စားသောက်ဆိုင်တစ်ဆိုင် လာဖွင့်ဖို့အတွက်ပဲ အကျုံးဝင်တာပါ...”
“ပြန်လည်သုံးသပ်မှုက မျှော်လင့်ထားသလို ဖြစ်မလာခဲ့ရင် ရွေးချယ်စရာ တခြားနည်းလမ်းတချို့ ရှိပါသေးတယ်”
“တစ်ခုကတော့ အဖွဲ့အစည်းအတွင်းမှာရှိတဲ့ ဖွင့်ထားပြီးသား စားသောက်ဆိုင် တစ်ခုခုမှာ အလုပ်ဝင်လုပ်ဖို့ပါပဲ...”
“ခင်ဗျားတို့ရဲ့ ကျွမ်းကျင်မှုတွေနဲ့ဆိုရင် အလုပ်ဝင်ရဖို့ သိပ်ခက်ခဲမှာ မဟုတ်ပါဘူး၊ ဆန္ဒရှိရင် အကြံပြုချက် နည်းနည်းပါးပါး ပေးလို့ ရပါတယ်...”
“နောက်တစ်ခုကတော့ ဒီမောင်နှမနှစ်ယောက်ရဲ့ တရားဝင်အုပ်ထိန်းသူအဖြစ် နေဖို့ပါပဲ...”
“သူတို့ ဝင်ခွင့်စာမေးပွဲကို အောင်မြင်သွားတဲ့အခါ အဖွဲ့အစည်း အတွင်းမှာ နေရာချထားပေးခံရလိမ့်မယ်”
“ပြီးတော့ သူတို့မှာ မိသားစုဝင်တွေ ရှိရင် ခေါ်လာခွင့်လည်း ရှိတယ်၊ သွေးသားတော်စပ်တဲ့ ဆွေမျိုးတွေမှရယ်လို့ ကန့်သတ်မထားဘူး...”
“ခင်ဗျားတို့ရဲ့ အပြန်အလှန် ဆက်ဆံရေးကို ကြည့်ရသလောက်... တစ်ယောက်အပေါ်တစ်ယောက် ထားရှိတဲ့ သံယောဇဉ်တွေက အစစ်အမှန်ဖြစ်တယ်ဆိုတာ မြင်နိုင်ပါတယ်”
“ဒါကြောင့် ကျုပ်ကိုယ်တိုင်အာမခံပေးဖို့ ဆန္ဒရှိပါတယ်...အဲဒါဆိုရင် ခင်ဗျားတို့ကို သူတို့နဲ့အတူတူ နေရာချထားပေးဖို့ လုံလောက်ပါပြီ...”
“အဖွဲ့အစည်းထဲမှာ ကျောင်းသားတွေနဲ့ အဖွဲ့အစည်းဝန်ထမ်းတွေရဲ့ မိသားစုတွေကို နေရာချထားပေးတဲ့ နေရာတစ်ခု ရှိတယ်..”
“အဲဒီနေရာကို အပန်းဖြေတောင်ကြားလို့ ခေါ်တယ်၊ အဓိကအားဖြင့် အိပ်ဖို့ သွားတဲ့ နေရာတစ်ခု ဖြစ်ပေမဲ့ အဲဒီနေရာက တဖြည်းဖြည်းနဲ့ ကိုယ်ပိုင်မြို့လေး တစ်မြို့လို ဖြစ်လာတာ...”
“အဖွဲ့အစည်းဝန်ထမ်းတွေရဲ့ မိသားစုတွေက အဲဒီမှာ စီးပွားရေးလုပ်ငန်းပေါင်းစုံ လာဖွင့်ကြတယ်”
“ဆန္ဒရှိရင် အဲဒီမှာ ကိုယ်ပိုင်စားသောက်ဆိုင် ဖွင့်လို့ရတယ်... ပြီးတော့ လုပ်ငန်းစဉ်ကလည်း ပိုရိုးရှင်းပြီး အချိန်လည်း ပိုတိုတယ်လေ...”
“ဒီရှင်းပြချက်တွေက ခင်ဗျားတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို သက်သာသွားစေမယ်လို့ မျှော်လင့်ပါတယ်...” ယန်ချင်းက ရှင်းပြလိုက်သည်။
“ကျေးဇူးအများကြီး တင်ပါတယ် သခင်လေးယန်ချင်း...”
အဘိုးဝမ်ရော အဘွားဝမ်ကပါ လက်နှစ်ဖက်ကို ယှက်ကာ ကျေးဇူးတင်စကား ဆိုလိုက်ကြသည်။
အဘိုးကြီးအဘွားကြီးစုံတွဲက သူတို့၏ အုပ်ထိန်းသူများအဖြစ် နေနိုင်သည်ဆိုသော အကြံပြုချက်ကြောင့် ကျိုးရီနှင့် ကျိုးလီချင်တို့မှာ သိသိသာသာ စိတ်လှုပ်ရှားသွားကြသည်။
အဘယ်ကြောင့်ဆိုသော် သူတို့၏ စိတ်ထဲတွင် ထိုဇနီးမောင်နှံကို မိသားစုဝင်များအဖြစ် သတ်မှတ်ထားပြီး ဖြစ်သောကြောင့်ပင်။
သို့သော် စိတ်လှုပ်ရှားနေသည့်တိုင်အောင် အတတ်နိုင်ဆုံး ထိန်းချုပ်ထားနိုင်လောက်အောင်တော့ သတိရှိကြသည်။
သူတို့၏ အပြုအမူများက ထိုဇနီးမောင်နှံ သဘောတူလာစေရန် ဖိအားပေးသလို ဖြစ်သွားမည်ကို မလိုလားကြပေ။
မိမိတစ်သက်လုံး နေထိုင်လာခဲ့သော နေရာကို စွန့်ခွာရခြင်းမှာ မလွယ်ကူကြောင်းကို သူတို့ ကောင်းကောင်း နားလည်ထားသည်။
သူတို့၏ အိမ်ဟောင်းနှင့် ပတ်သက်၍ အဖြစ်ဆိုးများ ရှိခဲ့သော်လည်း တစ်ခါတရံ လွမ်းဆွတ်မိတတ်သေးသည်။
ထို့ကြောင့် အင်ပါယာအပေါ် အစစ်အမှန် ချစ်မြတ်နိုးပုံရပြီး အသက်အရွယ်ကြီးရင့်သော ထိုဇနီးမောင်နှံအတွက်မူ သူတို့ထက် အဆပေါင်းထောင်နှင့်ချီ၍ ပိုမိုခက်ခဲမည်ကို ခန့်မှန်းကြည့်နိုင်သည်။
စိတ်လှုပ်ရှားမှုများကို အတတ်နိုင်ဆုံး ထိန်းချုပ်ရန် ကြိုးစားရင်း ဆူးပေါ် ထိုင်နေရသလို ဂဏာမငြိမ် ဖြစ်နေသော မောင်နှမနှစ်ဦးကို ကြည့်ကာ အဘိုးဝမ်ရော အဘွားဝမ်ပါ ရယ်မောလိုက်ကြသည်။
နောက်ဆုံးတွင် အဘိုးဝမ်က မောင်နှမနှစ်ဦးကို နူးညံ့သိမ်မွေ့သော အကြည့်ဖြင့် ကြည့်ကာ ပြုံးရင်းပြောလိုက်သည်။
“ဆုံးဖြတ်ချက်တစ်ခု ချပြီးတာနဲ့ သေချာပေါက် အကြောင်းကြားပါ့မယ်...”
ယန်ချင်းက ပြုံးရင်း လက်ယှက်ကာ ကျေးဇူးတင်ကြောင်း ပြန်လည်တုံ့ပြန်လိုက်သည်။
သူတို့ ဆုံးဖြတ်ချက် မချရသေးသည့်ပုံ ပေါက်နေသော်လည်း၊ ဇနီးမောင်နှံက မောင်နှမနှစ်ဦးကို ကြည့်နေသော အကြည့်များအရ ဆုံးဖြတ်ချက် ချပြီးသွားပြီဖြစ်ကြောင်း သိသာနေသည်။
လွန်ခဲ့သော မိနစ်အနည်းငယ်က တိုက်ခိုက်ခဲ့သော လိမ္မော်နီရောင်ဆံပင်နှင့် လူ၏ ပုံရိပ်ကို ဖန်တီးပြရင်း ယန်ချင်းက ရုတ်တရက် မေးလိုက်သည်။
“ဒါနဲ့ စကားမစပ်... ဒီလူဘယ်သူလဲဆိုတာ သိလား...”
ထိုဇနီးမောင်နှံ၏ အဆက်အသွယ်များနှင့် အင်ပါယာ၏ နန်းတော်အဆင့် ကျွမ်းကျင်သူတစ်ဦးနှင့် ရင်းနှီးကြောင်း ဝန်ခံထားမှုတို့အရ၊ ထိုလူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို သိနိုင်မည်ဟု ယန်ချင်း ခန့်မှန်းမိသည်။
သို့သော် သူတို့ ပတ်သက်နေသော ထိုနန်းတော်အဆင့် ကျင့်ကြံသူသည် သူအသေအကြေ ရိုက်နှက်ထားသော လူသာ ဖြစ်နေမည်ဆိုလျှင် အခြေအနေများမှာ အနည်းငယ် အနေရခက်သွားနိုင်ကြောင်းတော့ တွေးမိသည်။
ရိုသေလေးစားသော လေသံဖြင့် အဘိုးဝမ်က ဖြေလိုက်သည်။
“အဲဒါ ဧကရာဇ်သွမ့်ဟိုလေ... ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာ ကတည်းက ထီးနန်းကို စွန့်လွှတ်ခဲ့တာ”
“လက်ရှိဧကရာဇ်က သူ့မြေးလေ... သူကအင်ပါယာရဲ့ နန်းတော်အဆင့် ကျွမ်းကျင်သူတွေထဲက အသက်အငယ်ဆုံးတစ်ယောက် ဖြစ်တယ်...”
လိမ္မော်နီရောင်ဆံပင်နှင့် လူ၏ ပုံရိပ်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ထိုဇနီးမောင်နှံသည် အလိုအလျောက်ပင် ဦးညွှတ်လုမတတ် ဖြစ်သွားသည်ကို ယန်ချင်းသတိပြုမိလိုက်သည်။
ယန်ချင်းက မေးလိုက်သည်။ “အုပ်ချုပ်သူတစ်ယောက်အနေနဲ့ဆိုရင် သူက ဘယ်လိုလူစားမျိုးလဲ...”
“သူ့ရဲ့ အုပ်ချုပ်မှုကာလက အရင်နဲ့ နောက်ဧကရာဇ်တွေနဲ့ ယှဉ်ရင် တိုတောင်းပေမဲ့... တကယ်တမ်းကျတော့ တိုင်းပြည်အတည်ငြိမ်ဆုံးနဲ့ အငြိမ်းချမ်းဆုံးပါပဲ...”
“မှူးမတ်တွေကနေစပြီး ပြည်သူတွေအထိ အားလုံးက သူ့ကို လေးစားကြတယ်၊ သူ့ရဲ့ တည်ရှိမှုလေး တစ်ခုတည်းနဲ့တင်...”
“ရပ်တော့... သူက ဒီမှာ ရှိမနေဘူး၊ ပြီးတော့ ကျွန်တော်က ပြည်သူတွေ သူ့အပေါ် ဘယ်လိုထင်လဲဆိုတာကို စုံစမ်းဖို့ လာတဲ့ သူ့မိတ်ဆွေလည်း မဟုတ်ဘူး...”
“လူတစ်ယောက်အနေနဲ့ရော၊ အုပ်ချုပ်သူ တစ်ယောက်အနေနဲ့ပါ သူ့အပေါ် ခင်ဗျားတို့ရဲ့ အမြင်ကိုပဲ သိချင်တာ...”
အင်ပါယာကို ပြည်သူများ သို့မဟုတ် နိုင်ငံခြားသံတမန်များနှင့် မိတ်ဆက်ပေးနေသည့် နန်းတွင်းကြေညာသူ တစ်ဦးကဲ့သို့ ချီးမွမ်းခန်းများ အဆုံးမရှိ ဖွင့်နေတော့မည့် အဘိုးဝမ်ကို ယန်ချင်းက အလျင်အမြန် တားလိုက်သည်။
ယန်ချင်းထံမှ ပုံသဏ္ဌာန်မဲ့ ဖိအားတစ်ခု ထွက်ပေါ်လာသည်ကို ခံစားလိုက်ရချိန်တွင် အဘိုးဝမ်မှာ တွန့်ဆုတ်သွားလေသည်။
ခြောက်ကပ်ကပ် ရယ်မောရင်း အဘိုးဝမ်က ပြောလိုက်သည်။ “ဆောရီးပါ... အဲဒါက အလိုအလျောက် ဖြစ်သွားတာပါ...”
အဘွားဝမ်က ခင်ပွန်းဖြစ်သူ၏ အပြုအမူကို သက်ပြင်းချရင်း ဝင်ပြောရန် ဆုံးဖြတ်လိုက်သည်။
တောင့်တနေသော အကြည့်များဖြင့် အဘွားဝမ်က ပြောလိုက်သည်။
“အမှန်တိုင်း ပြောရရင် သူက အထူးချွန်ဆုံး ဧကရာဇ်တော့ မဟုတ်ဘူး... ဒါပေမဲ့ သာမန်လောက်လည်း မဟုတ်ပြန်ဘူး”
“သူအုပ်ချုပ်နေတဲ့ အချိန်တုန်းက အရာအားလုံးက ပုံမှန်အတိုင်းပဲ... ကြီးကြီးမားမား လှိုင်းတံပိုးတွေ၊ အံ့ဩစရာတွေ သိပ်မရှိခဲ့ဘူး...”
“သူက အခြေအနေတွေအပေါ် မူတည်ပြီး လိုက်လျောညီထွေ နေတတ်တဲ့သူမျိုးပဲ”
“ပြီးတော့ ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းနည်းလမ်းတွေနဲ့ ပတ်သက်လာရင်လည်း ဘာမှ တွန့်ဆုတ်နေတာမျိုး မရှိဘူး...”
“ငါ့အမြင်မှာတော့... သူက အဲဒီနေရာကို ဘယ်တုန်းကမှ မလိုချင်ခဲ့ဘဲ သူ့အပေါ် အတင်းအဓမ္မ ပုံချခံလိုက်ရသလို အမြဲခံစားရတယ်”
“ဒါကြောင့် သင့်တော်တဲ့ အရိုက်အရာဆက်ခံမယ့်သူ ပေါ်လာတဲ့အခါ ထီးနန်းကို မြန်မြန် စွန့်လွှတ်ခဲ့တာ...”
“ဧကရာဇ် တစ်ယောက်အနေနဲ့ သိပ်မထင်ရှားပေမဲ့... ကျင့်ကြံသူ တစ်ယောက်အနေနဲ့ ဆိုရင်တော့ တခြားစီပဲ”
“သူ့ရဲ့ ပါရမီက သွမ့်မျိုးနွယ်စုမှာတောင် အချိန်အတော်ကြာ မတွေ့ခဲ့ရတဲ့ အရာမျိုးပဲ...”
“အနှစ် ၂၀၀၀ မပြည့်ခင်မှာတင် နန်းတော်အဆင့် ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာခဲ့တယ်လေ၊ အဲဒါက အင်ပါယာသမိုင်းမှာ မှတ်တမ်းတင်ထားတဲ့ အမြန်ဆုံး နှုန်းတွေထဲက တစ်ခုပဲ...”
“သူ ရှိနေလို့ အဆင့် ၂ အင်ပါယာ တစ်ခု ဖြစ်လာဖို့ မျှော်လင့်ချက်တွေ ရှိနိုင်တယ်...”
အဘိုးအို၏ ပုံရိပ်ကို ဖန်တီးပြရင်း ယန်ချင်းက မေးလိုက်သည်။
“သူကကော ဘယ်လိုလဲ...”
အဘွားဝမ်က ပြန်ဖြေလိုက်သည်။ “အဲဒါက ခရမ်းမြို့တော်မှာရှိတဲ့ ရွှေဝါးရုံစံအိမ် ဌာနခွဲရဲ့ ဌာနခွဲမှူးလေ...”
“သူက ဧကရာဇ်သွမ့်ဟိုနဲ့ သွေးသောက်ညီအစ်ကိုတွေလို့ ကောလာဟလ ထွက်နေကြတယ်”
ယန်ချင်း မေးမြန်းနေသော ထိုလူနှစ်ဦးနှင့် ပတ်သက်၍ တစ်ခုခု ဖြစ်နေသလားဟု အဘိုးဝမ်က စပ်စုချင်စိတ်ကို မထိန်းနိုင်ဘဲ မေးလိုက်သည်။
“မေးတာကို စိတ်မရှိဘူးဆိုရင်... သခင်လေးယန်ချင်းက သူတို့အကြောင်း ဘာလို့ မေးရတာလဲဆိုတာ သိချင်လို့ပါ...”
ယန်ချင်းက သူတို့၏ ဧကရာဇ်ဟောင်းကို အသေအကြေ ရိုက်နှက်ထားပြီး ယခုအခါ မြေအောက်အကျဉ်းထောင် တစ်ခုခုတွင် စစ်ဆေးမေးမြန်းခံနေရကြောင်းကို မပြောပြရန် ရွေးချယ်ရင်း ပေါ့ပေါ့ပါးပါး ရှင်းပြလိုက်သည်။
“ဘာမှ ထူးထူးခြားခြားတော့ မဟုတ်ပါဘူး... လာရာလမ်းမှာ သူတို့နဲ့ ဆုံခဲ့လို့ပါ၊ သူတို့ နာမည်တွေကိုတောင် မသိလိုက်ရခင် လမ်းခွဲခဲ့ကြတာလေ...”
ဝမ်ဇနီးမောင်နှံက ပေါ့ပေါ့တန်တန်ရှင်းပြချက်ကို သံသယ မဝင်ကြသော်လည်း ကျိုးမောင်နှမအတွက်မူ ခြားနားလေသည်။
ကျိုးရီနှင့် ကျိုးလီချင်တို့ နှစ်ယောက်လုံး၏ မျက်နှာပေါ်တွင် တွေးတောနေသော အမူအရာများ အချိန်အတော်ကြာ ပေါ်လွင်နေပြီးနောက်၊ ရုတ်တရက် ကျိုးရီက အော်ဟစ်လုမတတ် ထိုင်ခုံမှ ထရပ်လိုက်သော်လည်း ကျိုးလီချင်က သူမ၏ လက်များဖြင့် သူ၏ ပါးစပ်ကို အလျင်အမြန် ပိတ်လိုက်သည်။
“တိတ်တိတ်နေ ကျိုးရီ... ကောင်းတယ် လီချင်၊ နှစ်ယောက်လုံး ပုံမှန်အတိုင်းပဲနေကြ... ဘာမှ မပြောနဲ့...”
ယန်ချင်း၏ အသံက သူတို့နှစ်ယောက်လုံး၏ စိတ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။
သူတို့က အလိုအလျောက်ပင် မော့ကြည့်လိုက်ပြီးနောက် အာရုံစိုက်မှုက အခြား တစ်နေရာရာတွင် ရှိနေသလို ဟန်ဆောင်ရန် ကြိုးစားလိုက်ကြသည်။
ကျိုးရီက ယန်ချင်း၏ ဆံပင်များ အစိမ်းရောင်ဖြစ်နေသည်ကို အခုမှ သတိထားမိကြောင်းနှင့် သူ့မှာလည်း အဲဒီလို ဆံပင်မျိုး ရှိချင်ကြောင်း ယုတ္တိမတန်သော ဆင်ခြေတစ်ခုကိုပင် ပေးလိုက်သေးသည်။
သူတို့ နှစ်ယောက်လုံးကို တာအိုအရိုအသေ ပေးရင်း ယန်ချင်းက နှုတ်ဆက်လိုက်သည်။
“ဧည့်ဝတ်ကျေပွန်တဲ့အတွက် နှစ်ယောက်လုံးကို ကျေးဇူးတင်ပါတယ်... အစားအသောက်တွေလည်း အရမ်းကောင်းပါတယ်”
“နောက်လည်း ပြန်ဆုံဖို့ မျှော်လင့်ပါတယ်... အကူအညီ လိုအပ်ရင် အဖွဲ့အစည်း ဌာနခွဲတစ်ခုခုမှာ ကျွန်တော့် နာမည်ကိုသာ ပြောလိုက်ပါ”
“ချက်ချင်း လာခဲ့ပါ့မယ်... ဂရုစိုက်သွားကြဦးနော်... အဘိုးဝမ်၊ အဘွားဝမ်...”
မေးခွန်းများကို ရှောင်လွှဲနိုင်မည့်အစား ယုံနိုင်စရာမရှိသော ဆင်ခြေများကို ကျိုးရီ ထပ်မပေးခင် အလျင်အမြန် နှုတ်ဆက်ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။
ယန်ချင်းက နောင်တရစွာဖြင့် တွေးလိုက်သည်။
“ဒီလို ဟန်ဆောင်မှုမျိုးနဲ့ သတင်းအချက်အလက်ပွဲစား လုပ်ချင်နေသေးတယ်ပေါ့...”
***