ယန်ချင်းက သူ့အတွက်ရော ကျိုးမောင်နှမအတွက်ပါ ကျသင့်ငွေများကို ရှင်းပေးလိုက်သည်။
ဝမ်လင်မယားက ပိုက်ဆံပေးစရာ မလိုကြောင်း အတင်းငြင်းဆန်ကြသော်လည်း၊ အစားအသောက်ဖိုးက သိပ်မများလှသလို လုပ်အားဆိုသည်မှာ အမြဲတမ်းအသိအမှတ်ပြု ခံရသင့်သောကြောင့် ယန်ချင်းက အတင်းပင်ရှင်းပေးလိုက်သည်။
အစားအသောက်များက အလွန်အရသာရှိသဖြင့် သူ၏ ကျေးဇူးတင်မှုကို မပြသဘဲ မနေနိုင်ခဲ့ပေ။
အကဲဖြတ်ရေးခရီးစဉ်အတွင်း သူ၏ စားဝတ်နေရေးအတွက် ရရှိထားသော ရက်တွက်ကြေးများစွာ ပါလာသဖြင့် သူ၏လက်ထဲတွင် ငွေကြေးအလျှံပယ်ရှိနေသည်။
ဝမ်လင်မယားနှင့် ကျိုးမောင်နှမတို့ နှုတ်ဆက်စကားပြောရန် အချိန်ရစေရန်အတွက် အယ်လီကို သွားခေါ်မည်ဆိုသော ဆင်ခြေဖြင့် ယန်ချင်းက မိနစ်အနည်းငယ်ခန့် ထွက်သွားပေးလိုက်သည်။
ထိုဇနီးမောင်နှံက သူတို့နှင့်အတူ အဖွဲ့အစည်းသို့ လိုက်လာမည့် အလားအလာများနေသော်လည်း၊ အခြေအနေများ ပြောင်းလဲသွားနိုင်သလို အစီအစဉ်များလည်း ပျက်ယွင်းသွားနိုင်သည်။
ထို့ကြောင့် တစ်ခုခု ဖြစ်လာခဲ့လျှင်တောင် ပြောချင်သည်များကို ပြောမသွားလိုက်ရခြင်းမျိုး မဖြစ်ရလေအောင် ယခုကတည်းက ကြိုတင်နှုတ်ဆက်ထားကြသည်က ပိုကောင်းပေလိမ့်မည်။
…..
ဆယ်မိနစ်အကြာ...
ကျိုးရီက လက်ပြနှုတ်ဆက်ရင်း တိုးတိုးလေးပြောလိုက်သည်။
“သွားပါပြီ အဘိုးနဲ့ အဘွား... ကျွန်တော်တို့ကို စောင့်ရှောက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်...”
မျက်ရည်များ ဝဲတက်လာရင်း ကျိုးလီချင်က သူတို့နှစ်ယောက်လုံးကို သွားရောက် ဖက်တွယ်လိုက်သည်။
သူမက ညင်သာစွာ ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်...”
၎င်းမှာ သူမ၏ပါးစပ်မှ ထွက်လာနိုင်သော တစ်ခုတည်းသော စကားလုံး ဖြစ်ပုံရသည်။
စကားတစ်ခွန်းတည်း ဖြစ်သော်လည်း ထိုနေရာရှိ လူအားလုံးက ထိုစကားလုံးနောက်ကွယ်ရှိ ခံစားချက်၏အတိမ်အနက်ကို ခံစားသိရှိနိုင်ကြသည်။
အဘွားဝမ်က သူတို့ သတိထားရမည့် အရာများကို အဆုံးမရှိသော စာရင်းရှည်ကြီး တစ်ခုဖြင့် ဆက်တိုက်ပြောနေတော့သည်။
“ဘေးကင်းကင်း သွားကြနော် သခင်လေးယန်ချင်း... ရီလေး၊ လီချင်လေး ထမင်းကိုမှန်မှန်စားနော်၊ အဘွားတို့ ပေးလိုက်တဲ့ ဆေးပင်တွေကို သုံးဖို့ မမေ့နဲ့... နွေးနွေးထွေးထွေးနေ၊ ပြဿနာမရှာနဲ့...”
အဘိုးဝမ်သာ အတင်းအဓမ္မ ဆွဲမခေါ်သွားခဲ့လျှင် တစ်သက်လုံးဆက်ပြောနေမည့်ပုံ ပေါက်နေသည်။
နှုတ်ဆက်နေစဉ်အတွင်း တောင့်ခံထားသည့် ကျိုးရီမှာ မျက်ရည်များ စတင်ကျဆင်းလာခဲ့ပြီး ၎င်းကပင် ကျိုးလီချင်၏ မျက်လုံးများထဲရှိ မျက်ရည်ဆည်ကြီးကို ကျိုးပေါက်သွားစေကာ လက်ပြနှုတ်ဆက်ရင်း ရှိုက်ငိုတော့သည်။
သူတို့၏ လက်များကို ဆွဲကိုင်ကာ စားသောက်ဆိုင်အထက် ကောင်းကင်ယံ တိမ်တိုက်များကြားတွင် ပုန်းကွယ်နေသော အယ်လီနှင့် သွားတွေ့ရန် ပျံတက်သွားရင်း ယန်ချင်းက ညင်သာစွာ ပြောလိုက်သည်။
“သွားကြရအောင်...”
သူက သယ်လာမည့်အစား သတိလစ်အောင် ရိုက်နှက်ထားသော သွေးမိစ္ဆာကျင့်ကြံသူကိုလည်း တစ်ပါတည်း ဆွဲခေါ်လာခဲ့သည်။
အယ်လီကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် ကျိုးရီနှင့် ကျိုးလီချင်တို့ နှစ်ယောက်လုံး မျက်လုံးများ ပြူးကျယ်သွားကြသည်။
သူမတွင် ခမ်းနားထည်ဝါသောအသွင်အပြင် ရွှေရောင်နှင့် အဖြူရောင်ရောယှက်နေသော အမွေးအတောင်များရှိပြီး၊ သူမ၏ အတောင်ပံတစ်ဖက်က ဝမ်စားသောက်ဆိုင် တစ်ခုလုံးကို ဖုံးအုပ်နိုင်ရုံသာမက နေရာပင် ပိုနေသေးလောက်အောင် အလွန်ကြီးမားလှသည်။
သူမ၏အကျင့်ဆိုးများကို ဖယ်ထားလိုက်လျှင်ပင် အယ်လီ၏ မူလအသွင်အပြင်က မြင်သူတိုင်းကို စွဲမက်သွားစေနိုင်ကြောင်း ယန်ချင်းပင် ဝန်ခံရပေမည်။
သူမ၏ အကျင့်ဆိုးများ စတင်ပြသလာချိန်မှသာ ထိုစွဲမက်ဖွယ်ကောင်းသော အသွင်အပြင်က ပျောက်ကွယ်သွားခြင်း ဖြစ်သည်။
ထို့အပြင် ထိုအကျင့်ဆိုးများထဲမှ တစ်ခုက မောင်နှမနှစ်ဦး ရောက်လာသည်နှင့် တစ်ပြိုင်နက် စတင်အလုပ်လုပ်လာခဲ့လေပြီ။
သူမက သူတို့နှစ်ယောက်လုံးကို ခြောက်လှန့်ရန် သူမ၏ ကြောက်မက်ဖွယ်ကောင်းသော ဖိအားအနည်းငယ်ကို ထုတ်လွှတ်လိုက်သော်လည်း၊ သူမ မျှော်လင့်ထားသည့် ကြောက်လန့်တကြား အမူအရာများကို မတွေ့ရပေ။
ဖိအားကို အဆင့်အနည်းငယ် ထပ်တင်လိုက်သော်လည်း မည်သည့် တုံ့ပြန်မှုမျှ မရှိသေးပေ။
‘ဘာတွေ ဖြစ်နေတာလဲ... နှာခေါင်းပေါက်လောက်တောင် မရှိတဲ့ ကလေးနှစ်ယောက်က ဒီလောက်ဖိအားကို ဘယ်လိုများ လဲမကျသွားဘဲ ခံနိုင်ရည် ရှိနေရတာလဲ...’
‘ဟိုပုစဉ်းလေးပေါက်လေး ဆိုရင်တောင် အခုလောက်ဆို သွက်ချာပါဒ လိုက်နေလောက်ပြီ’ ဟု မေးခွန်းထုတ်နေသည့်အလား နားမလည်နိုင်စွာဖြင့် သူမ၏ ခေါင်းကို စောင်းငဲ့ကြည့်လိုက်သည်။
“မင်း ရူးကြောင်ကြောင် လုပ်နေတာတွေ ရပ်လို့ရမလား...”
ဖိအားထပ်တင်ရန် ပြင်နေသော သူမကို ယန်ချင်း၏ အသံက ရပ်တန့်သွားစေသည်။
တင်းကျပ်စွာ ဆုပ်ကိုင်ထားသော သူ၏ လက်သီးကို မြင်လိုက်ရချိန်တွင် မောင်နှမနှစ်ဦးကို ‘ကြိုဆို’ ရန် စီစဉ်ထားသမျှ အရာအားလုံးကို အလျင်အမြန် ဘေးဖယ်ထားလိုက်လေသည်။
အယ်လီသည် လူသစ်များနှင့် တွေ့တိုင်း ဤသို့ အမြဲလုပ်လေ့ရှိသဖြင့် ယန်ချင်းက ဖြစ်လာမည်ကို ကြိုတင်မျှော်လင့်ထားပြီး ဖြစ်သည်။
အခြေအနေကို မှားယွင်းစွာ အကဲဖြတ်မိသဖြင့် အကြိမ်အနည်းငယ်ခန့် ခံခဲ့ရဖူးသော်လည်း၊ လက်သီးမည်မျှပင် အကျွေးခံရစေကာမူ ဤအကျင့်ကိုတော့ ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ယန်ချင်းက မောင်နှမနှစ်ဦးထံသို့ ဦးတည်လာသော ဖိအားများ အားလုံးကို ပျောက်ကွယ်သွားစေမည့် ပုံသဏ္ဌာန်မဲ့ အတားအဆီးတစ်ခုဖြင့် ကာကွယ်ပေးထား၍သာ တော်တော့သည်။
သို့မဟုတ်ပါက အယ်လီထုတ်လွှတ်လိုက်သော ဖိအားများအရ သူတို့ အခုလောက်ဆိုလျှင် သတိလစ်နေလောက်ပြီ ဖြစ်သည်။
“ငါတို့ ပြန်ရောက်ရင် သားရဲခန်းမမှာ သူ့ကို သေချာပေါက် ပညာရေးသင်တန်း ပြန်တက်ခိုင်းပြီး လော့မိန်လီကို စောင့်ကြည့်ခိုင်းထားမှပဲ...”
ယန်ချင်းက တွေးလိုက်ရင်း ကျိုးမောင်နှမနှင့်အတူ အယ်လီ၏ ကျောပေါ်သို့ ဆင်းသက်လိုက်သည်။
အယ်လီ၏ အမွေးအတောင်များကို ပွတ်သပ်ရင်း ကျိုးလီချင်က တီးတိုး ရေရွတ်လိုက်သည်။
“အရမ်း နူးညံ့တာပဲ...”
ကျိုးရီမှာမူ အမွေးအနည်းငယ်ကိုပင် နုတ်ယူချင်နေသည့်အလား အငမ်းမရ အကြည့်များဖြင့် ကြည့်နေလေသည်။
ယန်ချင်းက ကျိုးရီ၏ ကြောက်ရွံ့မှုကင်းမဲ့သော အတွေးများကို ကြည့်ကာ ခေါင်းခါယမ်းရင်း ရယ်မောလိုက်သည်။
တိမ်တိုက်များကဲ့သို့ နူးညံ့လှသော ထိုအမွေးအတောင်များထဲမှ တစ်ခုတည်းကပင် ကြေးဝါခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူမဆိုထားနှင့်... အမြုတေဖွဲ့စည်းခြင်း အစောပိုင်းအဆင့် ကျွမ်းကျင်သူတစ်ဦးကိုပင် အလွယ်တကူ ပိုင်းဖြတ်နိုင်စွမ်း ရှိသည်။
ယန်ချင်းက ပြောလိုက်သည်။
“ငါတို့ အစိမ်းရောင်ထင်းရှူးခရိုင်ဆီ သွားကြမယ်...”
သူတို့၏ ခရီးစဉ်နှင့် အကဲဖြတ်ရေးစခန်းများ၏ ပုံရိပ်ကို အယ်လီထံ ကြိုတင်ပေးပို့ထားပြီး ဖြစ်သဖြင့် ထပ်မံပြသနေရန် မလိုအပ်တော့ပေ။
နေရာကို ပြောလိုက်ရုံဖြင့် သူမက ထိုနေရာသို့ အရောက်ပို့ဆောင်ပေးနိုင်မည် ဖြစ်သည်။
အတောင်ပံတစ်ချက် ခတ်လိုက်ရုံဖြင့် ဝမ်စားသောက်ဆိုင်နှင့် မီတာရာပေါင်းများစွာ ကွာဝေးသော နေရာသို့ ရောက်ရှိသွားလေပြီ။
ကျိုးရီနှင့် ကျိုးလီချင်တို့မှာ သုံးနှစ်တိုင်တိုင် နေထိုင်လာခဲ့သော မြို့တော်ကို လွမ်းဆွတ်ဖွယ်ရာ နှုတ်ဆက်ခွင့်ပင် မရလိုက်ပေ။
အယ်လီ မည်မျှမြန်ဆန်စွာ ပျံသန်းနေသည်ကို ကြည့်ကာ စိတ်လှုပ်ရှား အံ့ဩနေကြသည်။
အယ်လီ၏ အလွန်မြန်ဆန်သည့် အရှိန်ကြောင့် ဖြစ်ပေါ်လာသော လေပြင်းများကို ကာကွယ်ရန် ယန်ချင်းက ရေကဲ့သို့ ပါးလွှာသော အတားအဆီးတစ်ခုဖြင့် သူတို့ကို ဖုံးလွှမ်းပေးထားသည်။
ထိုအတားအဆီးက သူတို့ကို အယ်လီ၏ ကျောပေါ်တွင် မြဲမြံစွာ ရှိနေစေရန်လည်း အထောက်အကူ ပြုသည်။
မိနစ်အနည်းငယ် အတွင်းမှာပင် ခရမ်းမြို့တော်မှာ အနောက်ဘက်တွင် အစက်အပြောက်လေး တစ်ခုအဖြစ်သာ ကျန်ရစ်တော့သည်။
ကျိုးမောင်နှမထံမှ စိတ်လှုပ်ရှား အံ့ဩနေသော အသံများကို ကြားရချိန်တွင် အယ်လီက အစွမ်းပြသည့်အနေဖြင့် လေထဲတွင် လှည့်ကွက် အနည်းငယ်ပင် လုပ်ပြလိုက်သေးသည်။
ယန်ချင်းက ဝင်မနှောင့်ယှက်ဘဲ နှစ်ဖက်စလုံးကို သူတို့၏ အချိန်လေးများကို ပျော်ရွှင်စွာဖြတ်သန်းခွင့် ပေးထားလိုက်သည်။
….
မြေနွယ်စားသောက်ဆိုင်…
ကြမ်းပြင်ပေါ်တွင် ခွေကျကာ သွေးများအန်နေသော လူလတ်ပိုင်းတစ်ဦးကို ကျုံးချွမ်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“မင်းရဲ့အချိုးတွေကို မပြင်ဘူးဆိုရင် တစ်နေ့ ဒီနေရာကို ဘေးဒုက္ခတွေ ဖိတ်ခေါ်လာလိမ့်မယ်လို့ ငါပြောထားသားပဲ... မင်းဘာလုပ်ခဲ့လဲဆိုတာ သိရဲ့လား”
ထိုလူ၏ ရင်ဘတ်တွင် ဧရာမခြေသည်းကြီးဖြင့် ကုတ်ခြစ်ခံထားရသကဲ့သို့ လေးလက်မခန့် နက်ရှိုင်းသော ပြတ်ရှဒဏ်ရာတစ်ခု ရှိနေသည်။
ကျုံးချွမ်ကို ကြောက်လန့်တကြား ကြည့်နေရင်း သွေးထွက်နေသည်ကို တားဆီးရန်ပင် စိတ်ကူးမရှိပုံမပေါ်ပေ။
လက်ရှိကျုံးချွမ်သည် တရားရုံးခန်းမဆောင်တွင် တွေ့ခဲ့ရသော ဖော်ရွေပြီး နူးညံ့သိမ်မွေ့သော အသွင်အပြင်ရှိသည့် ကျုံးချွမ်နှင့် လုံးဝကွာခြားနေသည်။
သူ၏ ခန္ဓာကိုယ်မှာ ပိုမိုအရပ်ရှည်ကာ တုတ်ခိုင်လာပြီး၊ ရှုပ်ပွနေသော ဆံပင်ရှည်များနှင့် ရွှေဝါရောင်မျက်လုံးသူငယ်အိမ်များ ရှိသည်။
သူ၏လက်များမှာ သွေးများ ရွှဲနစ်နေသော ရွှေရောင် ခြေသည်းများ ပါရှိသည့် ဝက်ဝံ ခြေဝါးများကဲ့သို့ ဖြစ်နေသည်။
မျက်လုံးများထဲတွင် သိပ်သည်းလှသော လူသတ်ချင်စိတ်များ လင်းလက်နေပြီး ရက်စက်ကြမ်းကြုတ်ကာ သွေးဆာနေသည့် သားရဲကြီးတစ်ကောင်နှင့် တူနေလေသည်။
***