မြို့စားမင်း၏ ရုံးခန်းအတွင်း၊ ခရမ်းမြို့တော်။
“မတွေ့ဘူးဆိုတာ ဘာအဓိပ္ပာယ်လဲ... လွန်ခဲ့တဲ့ မိနစ် ၃၀ ကျော်ကတည်းက အဲဒီကို ရောက်နေလောက်ပြီလေ...”
“ စားသောက်ဆိုင်ကို လူတွေလွှတ်လိုက်တော့လဲ…သူတို့ကို မတွေ့ရသလို၊ သတင်းလည်း ဘာမှမကြားရဘူး...”
“သူတို့ အဲဒီကိုမတွေ့ဘူးတဲ့... ဒါပေမဲ့ သူတို့များ ပေါ်လာမလားဆိုပြီး အဲဒီမှာ လူတစ်ယောက်တော့ စောင့်ခိုင်းထားတယ်...”
ရွှေရောင်တိမ်တိုက် ပုံစံများ ပါရှိသော အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ခန့်ညားသော အသွင်အပြင်ရှိ လူလတ်ပိုင်းတစ်ဦးက ပြောလိုက်သည်။
သူ၏ ဆံပင်များမှာ လိမ္မော်နီရောင်ဖြစ်ပြီး ဆံထုံးထုံးထားလေသည်။
“သူတို့ ပေါ်လာရင် ငါ့ကို သေချာပေါက် သတင်းပေးနော်...”
“ဟုတ်ကဲ့ပါ...”
လိမ္မော်နီရောင်ဆံပင်နှင့် လူလတ်ပိုင်းက လက်ထဲရှိ ဆက်သွယ်ရေးအဆောင်ကို ချထားလိုက်ရင်း ပြန်ဖြေလိုက်သည်။
သူက ကုလားထိုင်ပေါ်သို့ ခွေကျသွားကာ ပင်ပန်းနွမ်းနယ်စွာ သက်ပြင်းချလိုက်မိသည်။
“ဘာမှ မဖြစ်ပါစေနဲ့လို့ပဲ မျှော်လင့်ရတာပဲ... တစ်ခုခု ဖြစ်ခဲ့ရင်တောင် သာမန်မြို့စားလေးတစ်ယောက်က ကူညီနိုင်မှာမှ မဟုတ်တာ”
“ ဒီရာထူးကို လက်မခံခဲ့သင့်ဘူး... ခရမ်းမြို့တော်ကပေးတဲ့ ခေါင်းကိုက်စရာတွေထက် မျိုးနွယ်စုရဲ့ ဘိုးဘေးပိုင်နက်မှာ ကျင့်ကြံနေရတာကမှ ပိုကောင်းသေးတယ်...”
လိမ္မော်နီရောင်ဆံပင်နှင့် လူက နားထင်ကို နှိပ်နယ်ရင်း ထပ်မံသက်ပြင်းချလိုက်ပြန်သည်။
သူ၏ မျက်လုံးများ မှိတ်လိုက်မည် အပြုတွင် တံခါးက ကြမ်းတမ်းစွာပွင့်လာခဲ့သည်။
“ငါ့ကိုဘယ်သူမှ မနှောင့်ယှက်နဲ့လို့ ပြောထားတယ်မလား...”
ဒသမအဆင့် အမြုတေဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦး၏ ဖိအားကို ထုတ်ဖော်ရင်း သူက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
“ဟင်း... မြို့စားမင်း ဖြစ်လာပြီးကတည်းက ဟူလေးက ပိုပြီး ရဲတင်းလာပုံပဲ... သူ့ကို အရင်က စောင့်ရှောက်ပေးခဲ့တဲ့ လူတွေကိုတောင် ဂရုမစိုက်တော့ဘူး...”
“မင်း ဒီလိုဖြစ်လာမယ်မှန်းသာသိရင်... အဲဒီတုန်းက အဲဒီအမှောင်တံစဉ်းပုစဉ်းရင်ကွဲကို မင်းသဘောကျသလို လုပ်ခိုင်းလိုက်ဖို့ ကောင်းတယ်...”
အသက်ကြီးရွယ်အိုအမျိုးသမီး တစ်ဦးနှင့်အတူ အခန်းထဲသို့ ဝင်လာသော အဘိုးအိုတစ်ဦးက ပြောလိုက်သည်။
အဘိုးအိုက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ သူတို့အပေါ် ကျရောက်လာသော ဖိအားများမှာ လေညင်းတစ်ခုကဲ့သို့ ပျောက်ကွယ်သွားလေသည်။
အဘိုးကြီးအဘွားကြီးစုံတွဲကို မြင်လိုက်ရချိန်တွင် လိမ္မော်နီရောင်ဆံပင်နှင့် လူမှာ ထိုင်ခုံမှ အလျင်အမြန် ထရပ်လိုက်ပြီး သူတို့ထံသို့ သွားကာ ခါးညွှတ်၍ နှိမ့်ချစွာ အရိုအသေပေးလိုက်သည်။
“တူတော်သွမ့်ဟူက ဦးလေးဝမ်စစ်ယီနဲ့ ဒေါ်လေးဝမ်ဟွေ့ယင်တို့ကို ဂါရဝပြုပါတယ်...” သွမ့်ဟူက အနည်းငယ်တုန်ယင်စွာဖြင့် နှုတ်ဆက်လိုက်သည်။
သူ့ရှေ့ရှိ ထိုဇနီးမောင်နှံက အသက်ကြီးပုံ ပေါက်နေသော်လည်း ကလိုဗာတိုင်းပြည်၏ တပ်သားများအတွက်တော့ အိပ်မက်ဆိုးများ၏ အရင်းအမြစ်တစ်ခု ဖြစ်ခဲ့သည်။
ဝမ်စစ်ယီသည် ကလိုဗာတိုင်းပြည်၏ ကာကွယ်ရေး အစီအရင်များကို ထိုးဖောက်ဖျက်ဆီးပစ်နိုင်သော လှံတစ်လက် ဖြစ်ပြီး၊ သူ၏ဇနီးဖြစ်သူ ဝမ်ဟွေ့ယင်မှာမူ ရန်သူများ လုံးဝမျှော်လင့်မထားချိန်တွင် သူတို့၏ အရေးကြီးသော နေရာများကို ထိုးနှက်တတ်သည့် အမှောင်ထဲမှ ဓားတစ်လက် ဖြစ်သည်။
သူတို့ နှစ်ဦးပေါင်းစည်းလိုက်သောအခါ ကလိုဗာတိုင်းပြည်၏ တပ်ဖွဲ့များအပေါ် အဆုံးမရှိသော ဝမ်းနည်းပူဆွေးမှုများကို ဖြစ်ပေါ်စေခဲ့သည်။
သို့သော် သူတို့၏ အထင်ရှားဆုံးနှင့် နာမည်အကြီးဆုံး လုပ်ရပ်မှာ နန်းတော်အဆင့်သို့ ခြေတစ်လှမ်းဝက် လှမ်းထားပြီးဖြစ်သော ကလိုဗာတိုင်းပြည်မှ တက်သစ်စလူငယ်ဗိုလ်ချုပ် တစ်ဦးကို အတူတကွ ပူးပေါင်းသတ်ဖြတ်ခဲ့ခြင်းပင် ဖြစ်သည်။
ထိုလူငယ် ဗိုလ်ချုပ်သည် တိုက်ပွဲအတွင်း ရုတ်တရက် အလင်းပွင့်သွားသဖြင့် ထိုရရှိလာသော အခွင့်အရေးကို လက်လွတ်မခံလိုသဖြင့် စခန်းအတွင်းတွင်ပင် တံခါးပိတ်ကျင့်ကြံရန် ဆုံးဖြတ်ခဲ့သည်။
သူသည် အမြုတေဖွဲ့စည်းခြင်း အထွတ်အထိပ် အဆင့်မှ နန်းတော်အဆင့်သို့ ခြေတစ်လှမ်းဝက် လှမ်းနိုင်ခဲ့ပြီး ကျင့်ကြံခြင်းကို အောင်မြင်စွာ တိုးတက်စေနိုင်ခဲ့သည်။
သို့သော် သူ၏ အဆင့်ကို တည်ငြိမ်အောင် မလုပ်နိုင်မီမှာပင် ထိုဇနီးမောင်နှံ၏ ခြုံခိုတိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။
တိုက်ပွဲမှာ ပြင်းထန်ပြီး လျင်မြန်လှသည်။
ထိုဇနီးမောင်နှံက ဗိုလ်ချုပ်ကို အငိုက်ဖမ်း၍ အားအနည်းဆုံး အချိန်တွင် တိုက်ခိုက်ခဲ့သော်လည်း၊ သူတို့နှစ်ဦးလုံး ပြင်းထန်သော ဒဏ်ရာများနှင့်သာ တိုက်ပွဲမှ ထွက်ခွာနိုင်ခဲ့သည်။
သို့သော် နန်းတော်အဆင့်သို့ ရောက်ရှိရန် အလားအလာ အလွန်ကောင်းသော လူငယ်ပါရမီရှင်တစ်ဦးကိုတော့ သတ်ဖြတ်နိုင်ခဲ့သည်။
အကယ်၍ ထိုအနာဂတ်သာ အမှန်တကယ် ဖြစ်လာခဲ့မည်ဆိုလျှင် မေပယ်နီအင်ပါယာနှင့် ကလိုဗာတိုင်းပြည်တို့ကြား ထိန်းသိမ်းထားသော ပျက်စီးလွယ်သည့်မျှခြေမှာ ကလိုဗာတိုင်းပြည်ဘက်သို့ ယိမ်းယိုင်သွားပေလိမ့်မည်။
အောင်မြင်သော လုပ်ကြံသတ်ဖြတ်မှုက မေပယ်နီအင်ပါယာအတွက် အရေးပါသော အောင်ပွဲတစ်ခု ဖြစ်လာခဲ့သည်။
၎င်းက ထိုဇနီးမောင်နှံအတွက် အင်ပါယာအတွင်း ကြီးမားသော အကျိုးဆောင်မှတ်များ ရရှိစေခဲ့သော်လည်း ကလိုဗာတိုင်းပြည်ဘက်တွင်တော့ အခြေအနေက ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။
ထိုသေဆုံးမှု သတင်းကို ကြားလိုက်ရချိန်တွင် သူတို့မှာ အလွန် ဒေါသထွက်သွားကြသဖြင့် သူတို့၏ နန်းတော်အဆင့် ကျင့်ကြံသူများအားလုံး နယ်စပ်ရှိတိုက်ပွဲအတွင်းသို့ ဝင်ရောက်လာကြသည်။
၎င်းက မေပယ်နီအင်ပါယာကိုလည်း သူတို့၏ နန်းတော်အဆင့် ကျင့်ကြံသူများကို စေလွှတ်ရန် တွန်းအားပေးလိုက်သလို ဖြစ်သွားသဖြင့်၊ ကီလိုမီတာ ၅,၀၀၀ ကျယ်ဝန်းသော သွေးချောင်းစီးတိုက်ပွဲကြီး ဖြစ်ပွားခဲ့ပြီး အရှိန်လျော့သွားမည့် အရိပ်အယောင်မပြဘဲ သုံးလတိုင်တိုင် ကြာမြင့်ခဲ့သည်။
တိုက်ပွဲကာလ ငါးလသို့ ရောက်ရှိချိန်တွင်မှသာ ရပ်တန့်မည့် အရိပ်အယောင်များ ပြသလာခဲ့သည်။
အဘယ်ကြောင့်ဆိုသော် နှစ်ဖက်စလုံးတွင် သေဆုံး ဒဏ်ရာရမှုများ အလွန်များပြားလာသဖြင့် အခြားရန်သူများ ဝင်ရောက်အမြတ်ထုတ်နိုင်မည့် အခွင့်အရေးတစ်ခု ဖန်တီးပေးသလို ဖြစ်လာသောကြောင့်ပင်။
ယာယီ အပစ်အခတ် ရပ်စဲရေး စာချုပ်တစ်ခု ပြုလုပ်ခဲ့ရသည်။ သို့သော် ထိုသို့ ပြုလုပ်ခဲ့သည့်တိုင်အောင် ငကလိုဗာတိုင်းပြည်က ထိုဇနီးမောင်နှံအပေါ် ထားရှိသော အမုန်းတရားများမှာ လျော့ကျမသွားခဲ့ပေ။
သူတို့ နှစ်ဦး၏ ခေါင်းအတွက် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၅၀,၀၀၀၊ အနိမ့်ဆုံး စံကိုက် ဧကရာဇ်အဆင့် ရတနာ တစ်ခုနှင့်အတူ သူတို့၏ ကလိုဗာဥယျာဉ်တွင် ကျင့်ကြံခွင့် အခွင့်အရေးတို့ ပါဝင်သော ကြီးမားလှသည့် ဆုကြေးငွေတစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။
ထိုကမ်းလှမ်းချက်များထဲမှ မည်သည့်အရာမဆို အမြုတေဖွဲ့စည်းခြင်းအဆင့်နှင့် နန်းတော်အစောပိုင်းအဆင့် ကျွမ်းကျင်သူများကို ရူးသွပ်သွားစေနိုင်သည်။
အထူးသဖြင့် ကလိုဗာဥယျာဉ်ဆိုလျှင် နန်းတော်အလယ်အလတ်အဆင့် ကျင့်ကြံသူအချို့ကိုပင် ဆွဲဆောင်နိုင်စွမ်း ရှိသည်။
ထိုဥယျာဉ်သည် မီး၊ သစ်သား၊ ရေ၊ သတ္တုနှင့် မြေကြီး ဟူသော ဒြပ်စင်ငါးပါးကို ကိုယ်စားပြုသည့် မတူညီသော ကလိုဗာပင်ငါးမျိုးဖြင့် ဖန်တီးထားသော သဘာဝအစီအရင်တစ်ခုရှိသည့် ကောင်းချီးပေးခံထားရသော နယ်မြေတစ်ခု ဖြစ်သည်။
ထိုကလိုဗာပင်များ ပေါင်းစပ်ကာ သဘာဝအစီအရင်အဖြစ် ဖန်တီးပေးပြီး၊ ထိုနေရာတွင် ကျင့်ကြံသူ မည်သူ့ကိုမဆို ထိုဒြပ်စင်များထဲမှ မည်သည့်အရာကိုမဆို ပိုမို နက်ရှိုင်းစွာ နားလည်သဘောပေါက်နိုင်ရန် ကူညီပေးသည်။
ထိုနေရာတွင် ကျင့်ကြံခြင်းမှ ရရှိမည့် အကျိုးအမြတ်များမှာ သူတို့၏ နားလည်သဘောပေါက်နိုင်စွမ်း၊ ထိုဒြပ်စင်များနှင့် ကိုက်ညီမှုနှင့် သူတို့၏ ကျင့်စဉ်သဘောသဘာဝ အပေါ်တွင် မူတည်သည်။
သမိုင်းကြောင်း ပိုတိုသော်လည်း မေပယ်နီအင်ပါယာကို ယှဉ်ပြိုင်နိုင်သည့် အဆင့်အထိ သူတို့၏ ရုတ်တရက် တိုးတက်လာမှု နောက်ကွယ်မှ အကြောင်းအရင်းမှာ ထိုဥယျာဉ် ပေါ်ထွက်လာခြင်းပင် ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်း ၁၀,၀၀၀ အထိ သူတို့သည် အခြား အဆင့် ၄ တိုင်းပြည် တစ်ခုမျှသာ ဖြစ်သော်လည်း၊ မေပယ်နီအင်ပါယာကို ခြိမ်းခြောက်နိုင်သည့် အဆင့်အထိ တဖြည်းဖြည်း ကြီးထွားလာခဲ့သည်။
သူတို့၏ နန်းတော်အဆင့် ကျင့်ကြံသူအရေအတွက်မှာ မေပယ်နီအင်ပါယာ၏ လေးဦးနှင့် ယှဉ်လျှင် ငါးဦးအထိ တိုးလာခဲ့သည်။
သို့သော် သူတို့တွင် အရေအတွက် ပိုများနေသော်လည်း မေပယ်နီအင်ပါယာမှ နန်းတော်အဆင့် ကျင့်ကြံသူများ အားလုံးမှာ အတွေ့အကြုံရင့် ကျွမ်းကျင်သူများ ဖြစ်ကြပြီး၊ အားအနည်းဆုံး သူပင်လျှင် ဒုတိယအဆင့် နန်းတော်အဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်သည်။
ကလိုဗာတိုင်းပြည်မှ ကျင့်ကြံသူများမှာမူ ပထမအဆင့် သို့မဟုတ် ဒုတိယအဆင့်တွင်သာ ရှိကြသေးသည်။
သို့သော် နှစ်ပေါင်း ၁၀,၀၀၀ အတွင်း နန်းတော်အဆင့် ကျင့်ကြံသူ အရေအတွက် တိုးလာခြင်းက ကလိုဗာဥယျာဉ်၏ ကြီးမားလှသော တန်ဖိုးကို သက်သေပြနေသည်။
ထိုအရာကိုပါ ဆုကြေးငွေစာရင်းတွင် ထည့်သွင်းလိုက်သဖြင့်၊ ထိုဇနီးမောင်နှံ၏ ခေါင်းကို လိုချင်သော ကျင့်ကြံသူများ အားလုံး နေရာအနှံ့မှ ထွက်ပေါ်လာကြသည်။
သူတို့၏ ဘေးကင်းလုံခြုံရေးအတွက် ရှေ့တန်းမှ ခေါ်ထုတ်လာခဲ့ပြီး၊ သူတို့၏ မည်သူမည်ဝါဖြစ်ကြောင်းကို ပြောင်းလဲပေးရန် အရင်းအမြစ်များစွာ အသုံးပြုခဲ့ရသည်။
သူတို့၏ မည်သူမည်ဝါဖြစ်ကြောင်း အသစ်များက သူတို့ကို ခရမ်းမြို့တော်တွင် စားသောက်ဆိုင် အတူတူ ဖွင့်ထားသော ဇနီးမောင်နှံ အဖြစ်သို့ ရောက်ရှိသွားစေခဲ့သည်။
ဤနေရာတွင် အချိန်အတော်ကြာ နေထိုင်ခဲ့ကြသော်လည်း၊ သူတစ်ပါး အာရုံစိုက်ခံရမည်ကို ရှောင်ရှားရန်အတွက် တစ်ယောက်နှင့် တစ်ယောက် ဘယ်တော့မှ အဆက်အသွယ် မလုပ်ခဲ့ကြပေ။
မြို့စားမင်းသွမ့်ဟူက သူ၏ထံမှ ဘာတွေ လိုချင်နေကြသနည်း ဆိုသည်ကို မစဉ်းစားဘဲ မနေနိုင်တော့ပေ။
အစောပိုင်း အမြုတေဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦးအဖြစ် သူတို့ လက်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့စဉ်က မှတ်ဉာဏ်များက သူ့ရှေ့ရှိ ထိုဇနီးမောင်နှံကို ကြည့်နေစဉ် သူ၏ မျက်လုံးများထဲတွင် ဖြတ်ပြေးသွားခဲ့သည်။
သူတို့က အဘိုးဝမ်နှင့် အဘွားဝမ်တို့ပင် ဖြစ်သည်။
…
“ဟူလေး... မကြာသေးခင်က ဒီမြို့ထဲမှာ ရာဇဝတ်မှုတွေ အရမ်းများလာတယ်လို့ မခံစားရဘူးလား...”
“ငါ အကြိုက်ဆုံး ဖောက်သည်နှစ်ယောက်ဆိုရင် အဲဒီ အဖွဲ့အစည်းတွေထဲက တစ်ခုရဲ့ အဆက်မပြတ် နှောင့်ယှက်တာကို ခံနေရတယ်၊ သူတို့ကိုယ်သူတို့ မြွေပွေးနက်ဂိုဏ်းလို့ ခေါ်တယ် ထင်တယ်...”
“စတုတ္ထအဆင့် အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ရှိတဲ့ တတိယတန်းစား အဖွဲ့အစည်းလေး တစ်ခုပါ...”
“မြို့စောင့်တပ်တွေအတွက် အဲဒါကို ဖြေရှင်းဖို့ သိပ်မခက်လောက်ဘူး မဟုတ်လား...”
“ငါတို့ကို ကူညီပေးဖို့ တူတော်လေး ဒီမှာ ရှိနေရက်နဲ့၊ ငါတို့လို အိုကြီးအိုမတွေက ကိုယ်တိုင် ဝင်ပါပြီး ဖြေရှင်းရမယ်ဆိုရင် သိပ်မကောင်းဘူး ထင်တယ်နော်...”
အဘိုးဝမ်က မျက်လုံးများကို ကျဉ်းမြောင်းကာ ခြိမ်းခြောက်သည့် လေသံဖြင့် ပြောလိုက်သည်။
“စီစဉ်လိုက်ပါ့မယ် ဦးလေး... သွမ့်ချန်ယင်ကို ကိုယ်တိုင် သွားရှင်းခိုင်းလိုက်ပါ့မယ်...” မြို့စားမင်းက စိုးရိမ်တကြီး ပြန်ဖြေလိုက်သည်။
“မြွေပွေးနက်ဂိုဏ်း တစ်ခုတည်း မကဘူး... တခြားမြေအောက်အဖွဲ့အစည်းတွေကိုပါ အမြစ်ပြတ် ချေမှုန်းပြီး သေသေချာချာ ရှင်းလင်းပစ်ဖို့ လိုမယ်”
“အဲဒီအထဲက တစ်ခုမှာ သွေးမိစ္ဆာကျင့်ကြံသူတစ်ယောက်ကို အခုလေးတင် ဖမ်းမိသွားလို့...”
ယန်ချင်း၏ ခြေရင်းတွင် ဒူးထောက်နေသော သွေးမိစ္ဆာကျင့်ကြံသူကို သတိရသွားရင်း အဘွားဝမ်က လေးနက်စွာ ပြောလိုက်သည်။
“ဗျာ… သူ ဘယ်မှာလဲ...”
မြို့စားမင်းက အရေးတကြီး မေးလိုက်သည်။ သွေးမိစ္ဆာကျင့်ကြံသူ တစ်ဦးဆိုသည်မှာ လမ်းလျှောက်နေသော ကပ်ဘေးတစ်ခု ဖြစ်ပြီး၊ အထူးသဖြင့် ခရမ်းမြို့တော်ကဲ့သို့ လူဦးရေ ထူထပ်သော မြို့ကြီးတွင် ပို၍ပင် ဆိုးရွားလှသည်။
“အဖွဲ့အစည်းက လူတစ်ယောက်က သူ့ကို ဖမ်းသွားပြီ... ဒါနဲ့ စကားမစပ်၊ ငါတို့ မိုမျိုးနွယ်စု ဌာနခွဲကို သွားတိုက်ခိုက်မလို့...”
“သူတို့ရဲ့ မျိုးဆက်တစ်ယောက်က သွေးမိစ္ဆာကျင့်ကြံသူ ပုန်းနေတဲ့ မြွေပွေးနက်ဂိုဏ်းနဲ့ ပတ်သက်နေတယ်...”
“သူတို့က သွေးမိစ္ဆာကျင့်ကြံသူတွေနဲ့ ပူးပေါင်းလောက်တဲ့အထိ မိုက်မဲမယ်လို့ မထင်ပေမဲ့... ဘယ်အရာမှ ပေါ့ဆလို့ မရဘူးလေ”
“အထူးသဖြင့် ထီးနန်းကို လိုချင်နေတဲ့ သူတို့ရဲ့ ဖုံးကွယ်မထားတဲ့ ရည်မှန်းချက်တွေ ရှိနေတော့ ပိုဆိုးတာပေါ့...”
“ဒါကြောင့် မင်း ကြိုတင်ပြင်ဆင်နိုင်ဖို့နဲ့ ဧကရာဇ်ကိုလည်း သတင်းပို့နိုင်အောင်လို့ ကြိုလာပြောတာ...”
“ မင်းက ဒီလိုကိစ္စတွေမှာ အမြဲတမ်းတော်ခဲ့တာပဲလေ...” ဖြူဖျော့သွားသော မြို့စားမင်းကို ကြည့်ကာ ရယ်မောရင်း အဘိုးဝမ်က ပြောလိုက်သည်။
ယခုလေးတင် ကြားလိုက်ရသမျှ အရာအားလုံးကို စဉ်းစားနိုင်ရန်အတွက် မြို့စားမင်းက ထိုင်ခုံကို အားပြုပြီး ထိုင်ချလိုက်မည် အပြုတွင်၊ သရဲတစ္ဆေ တစ်ကောင်ကို မြင်လိုက်ရသည့်အလား ပို၍ပင် ဖြူဖျော့နေသော မျက်နှာဖြင့် အရာရှိတစ်ဦး သူ၏ ရုံးခန်းထဲသို့ အပြေးအလွှား ဝင်လာခဲ့သည်။
ထိုအရာရှိ၏ မျက်နှာကို ထိုမျှအထိ ဖြစ်သွားစေသော သတင်းမှာ မည်သည့် သတင်းဖြစ်မည်နည်းဟု ကြောက်ရွံ့နေရင်း မြို့စားမင်း၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အမူအရာတစ်ခု ပေါ်လာသည်။
အခြေအနေများက ရှိရင်းစွဲနှင့်ပင် ဆိုးရွားနေပြီဖြစ်ပြီး နောက်ထပ်သတင်းဆိုးများကို ခံနိုင်ရည် ရှိပါဦးမလား ဆိုသည်ကို သူ မသေချာတော့ပေ။
“မြို့စားမင်း... ပြဿနာ တက်နေပြီ၊ ပြို့စောင့်တပ်မှူးက လမ်းပေါ်မှာ လေလွင့်နေတဲ့ မှူးမတ်မျိုးနွယ်စုတွေက မျိုးဆက်တွေအားလုံးကို ဖမ်းပြီး မြေအောက်အကျဉ်းထောင်ထဲ ထည့်လိုက်ပြီတဲ့...”
“အဲဒီ မျိုးနွယ်စုတွေနဲ့ မြို့စောင့်တပ်တွေကြားမှာ ထိပ်တိုက်တွေ့တော့မယ့် အခြေအနေ ဖြစ်နေပြီ”
“မြို့စောင့်တပ်တွေက သူတို့ရဲ့ သက်တော်စောင့်တချို့ကိုတောင် ဒဏ်ရာရအောင် လုပ်လိုက်ပြီ... နောက်ဆုတ်မယ့်ပုံလည်း မပေါ်ဘူး၊ တိုက်ပွဲ ဖြစ်လာဖို့ကိုတောင် မျှော်လင့်နေပုံရတယ်...”
“မြို့စားမင်းဟူ၊ အခြေအနေတွေ ပိုမဆိုးသွားခင် အမြန် သွားဖြေရှင်းမှ ရမယ်...” အရာရှိက အရိုအသေပေးရင်း ပြောလိုက်သည်
။
အရာရှိ ပြောသည်ကို ကြားလိုက်ရချိန်တွင် မြို့စားမင်းမှာ အေးခဲသွားလေသည်။
စက္ကန့်အနည်းငယ် အကြာတွင် သူက စကားအချို့ကို ရေရွတ်ရင်း အရူးတစ်ယောက်လို အော်ဟစ် ရယ်မောလာတော့သည်။
“ဧကရာဇ်နဲ့ ရွှေဝါးရုံစံအိမ်က သံတမန် ပျောက်ဆုံးနေတယ်... မြို့ထဲမှာ သွေးမိစ္ဆာကျင့်ကြံသူ ရှိနေတယ်... မိုမျိုးနွယ်စုကို ဖျက်ဆီးမယ်...”
“အဖွဲ့အစည်းက အဖွဲ့ဝင်တစ်ယောက် မြို့ထဲ ရောက်နေတယ်... မြေအောက် အဖွဲ့အစည်းတွေကို ရင်ဆိုင်ရမယ်...”
“ပြီးတော့ မြို့စောင့်တပ်တွေက တခြား မှူးမတ်မျိုးနွယ်စုတွေနဲ့ စစ်ဖြစ်တော့မယ်တဲ့လား...”
“ဟားဟား တော်ပြီ... ဟားဟား… တော်ပြီ၊ ငါ ဆက်မလုပ်တော့ဘူး... ဟင့်အင်း… ဟင့်အင်း… ဟင့်အင်း...ငါမြို့စားမင်းမလုပ်ချင်တော့ဘူး”
“နောက်ထပ် ဘာလာဦးမလဲ... မြို့တော်ကြီး မီးလောင်ပြာကျသွားပြီး ခရမ်းမြို့တော်က မြို့တော်အသစ် ဖြစ်လာတော့မလား... ဟင့်အင်း၊ ဟင့်အင်း... ငါ ဒီကနေ ထွက်သွားမှ ဖြစ်မယ်...”
မြို့စားမင်းမှာ အရူးတစ်ယောက်လို ဖြစ်သွားပြီးနောက် စက္ကန့်အနည်းငယ် အကြာတွင် သွေးများအန်ကာ သတိလစ်မေ့မြောသွားသဖြင့် ဝမ်ဇနီးမောင်နှံနှင့် အရာရှိမှာ ဆွံ့အမှင်သက်သွားကြသည်။
“ငါတို့ လာတာ အချိန်အခါ မသင့်ဘူး ထင်တယ်...”
သတိလစ်နေသော မြို့စားမင်းကို ကြည့်ကာ သနားနေသည့် မျက်လုံးများဖြင့် အဘွားဝမ်က ပြောလိုက်သည်။
***