အစိမ်းရောင်ထင်းရှူးခရိုင်အထက် ကောင်းကင်ယံ
“အယ်လီ... သူ့ကို သေချာကြည့်ထားနော်၊ မစားပစ်နဲ့... ပေါက်ကရလည်း လျောက်မလုပ်နဲ့နော်”
“အကဲဖြတ်မှုတွေကို အချိန်မီပြီးအောင်လုပ်ဖို့ရယ်... မင်းကို စောင့်ကြည့်ဖို့ရယ် နှစ်ခုလုံးကို တစ်ပြိုင်နက်တည်း ငါအာရုံမစိုက်နိုင်ဘူး...”
ယန်ချင်းက အယ်လီအပေါ်သို့ လေးလံသော ဖိအားတစ်ခု ထုတ်လွှတ်ရင်း ပြောလိုက်သည်။
အယ်လီက ကျိုးနွံစွာ ခေါင်းငုံ့ရင်း အော်မြည်လိုက်သည်။
သူပြောချင်သည့် အဓိပ္ပာယ်ကို သူမနားလည်သွားပြီဟု ယန်ချင်းကျေနပ်သွားမှ ဖိအားကို ရုပ်သိမ်းလိုက်သည်။
သတိလစ်နေသော သွေးမိစ္ဆာကျင့်ကြံသူကို အယ်လီ၏ ကျောပေါ်တွင် ချန်ထားခဲ့ပြီးနောက်၊ သူက ကျိုးရီနှင့် ကျိုးလီချင်တို့ကို ခေါ်ကာ အောက်ဘက်သို့ ညင်သာစွာ ခုန်ဆင်းလာခဲ့သည်။
အစိမ်းရောင်ထင်းရှူးခရိုင်အတွင်းသို့ ရောက်ရှိရန် နာရီဝက်နီးပါးခန့် အချိန်ယူလိုက်ရသည်။
လွင်ပြင်ဝါခရိုင်ကဲ့သို့ပင် နယ်စပ်ခရိုင်တစ်ခု ဖြစ်သဖြင့် ခရမ်းမြို့တော်နှင့် ဝေးကွာသည်။
ကွာခြားချက်မှာ အစိမ်းရောင်ထင်းရှူးခရိုင်သည် အဆင့် ၄ တိုင်းပြည် တစ်ခုဖြစ်သော အပြာရောင်သမင်တိုင်းပြည်နှင့် နယ်နိမိတ်ချင်း ထိစပ်နေခြင်း ဖြစ်သည်။
အယ်လီအဝေးသို့ ရောက်ရှိနေစဉ် တိုက်ခိုက်ခံရချိန်က ကြုံတွေ့ခဲ့ရသော ပြဿနာမျိုးများကို ရှောင်ရှားရန်၊ သူအကဲဖြတ်မှု လုပ်ဆောင်မည့် နေရာအထက် တိုက်ရိုက်ပျံသန်းနေစေရန် ယန်ချင်းက ဆုံးဖြတ်လိုက်သည်။
ဤနည်းအားဖြင့် တစ်ခုခုဖြစ်လာခဲ့လျှင်ပင် သူမသည် သူ၏ နန်းတော်အဆင့် အာရုံခံနိုင်စွမ်း အကွာအဝေးအတွင်းတွင် ရှိနေမည်ဖြစ်သဖြင့်၊ ပြဿနာ မကြီးထွားလာခင် သူ ကြိုတင်သိရှိနိုင်မည် ဖြစ်သည်။
မလိုအပ်သော အာရုံစိုက်ခံရမှုများနှင့် ပြဿနာများကို ရှောင်ရှားနိုင်ရန်အတွက် သူမကို ဖုံးကွယ်ထားရန်လည်း မှာကြားခဲ့သေးသည်။
ယန်ချင်းက လေယာဉ်စီးရသကဲ့သို့ ပျံသန်းခဲ့ရသဖြင့် စိတ်လှုပ်ရှားနေဆဲဖြစ်သော ကျိုးမောင်နှမနှင့်အတူ ညင်သာစွာ ဆင်းသက်နိုင်ရန် သူ၏ ကျင့်ကြံခြင်း စွမ်းအင်ကို အသုံးပြုလိုက်သည်။
“အရမ်း မိုက်တာပဲဗျာ…”
ကျိုးရီက စိတ်အားထက်သန်စွာ ပြောလိုက်ပြီးနောက်၊ အယ်လီပျံသန်းလာစဉ်က လုပ်ပြခဲ့သော လှည့်ကွက်အမျိုးမျိုး အကြောင်းကို ညမဖြစ်သူနှင့်အတူ အဆုံးမရှိ ဆက်တိုက်ပြောဆိုနေတော့သည်။
ယန်ချင်းက သူတို့ကို လွတ်လပ်စွာပြောဆိုခွင့် ပေးထားလိုက်ပြီး၊ ကောင်းကင်မှ ဆင်းသက်လာစဉ်က အသုံးပြုခဲ့သော ဖုံးကွယ်ခြင်း ကျင့်စဉ်ကို ရုပ်သိမ်းလိုက်သည်။
သူက အကဲဖြတ်ရေးစခန်းနှင့် မီတာအနည်းငယ်မျှသာ ကွာဝေးသော လူသူကင်းမဲ့သည့် သစ်တောတစ်ခုအတွင်း ဆင်းသက်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
အယ်လီ၏ အမြင့်ဆုံးပျံသန်းနိုင်သည့် အရှိန်နှင့် ပတ်သက်၍ အကြိတ်အနယ် ဆွေးနွေးနေကြဆဲဖြစ်သော မောင်နှမနှစ်ဦးကို ယန်ချင်းက ခေါ်လိုက်သည်။
“သွားကြရအောင်...”
မီးခိုးရောင်သစ်သားတံခါးကြီး တစ်ခုရှေ့သို့ ရောက်ရှိရန် ဆယ်မိနစ်ပင် မကြာလိုက်ပေ။
တံခါးဝတွင် ချီသန့်စင်ခြင်းအစောပိုင်းအဆင့်၌ ရှိသော တုတ်ခိုင်သည့် လူကြီးနှစ်ဦးက ကင်းစောင့်နေလျက်ရှိသည်။
ယန်ချင်းနှင့် ကျိုးမောင်နှမတို့ကို မြင်လိုက်ရချိန်တွင် သူတို့၏ အမူအရာများမှာ သတိထားသည့်ပုံ ပေါက်သွားသော်လည်း၊ မောင်နှမနှစ်ဦး၏ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံခြင်းကို အာရုံခံမိချိန်တွင်တော့ ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားသည်။
သူတို့က ယန်ချင်း၏ ကျင့်ကြံခြင်းကို မမြင်နိုင်သော်လည်း၊ သူ့ကို ကျင့်ကြံရန် ပါရမီမရှိသော သာမန်လူတစ်ယောက်ဟုသာ ထင်မှတ်လိုက်ကြသည်။
တံခါးနှင့် ခြေလှမ်းအနည်းငယ်အကွာသို့ ရောက်ရှိချိန်တွင် ယန်ချင်းက သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။
“မင်္ဂလာပါ... ကျွန်တော့် နာမည်က ယန်ချင်းပါ၊ မျိုးနွယ်စုခေါင်းဆောင်နဲ့ ချိန်းထားတာ ရှိလို့ပါ...”
“အဖွဲ့အစည်းက လူတစ်ယောက် မျိုးနွယ်စုရဲ့ အကဲဖြတ်မှုအတွက် ရောက်နေပြီလို့ သူ့ကို သွားပြောပေးလို့ ရမလား...”
အဖွဲ့အစည်းဟူသော အမည်ကို ကြားလိုက်ရချိန်တွင် ကင်းစောင့်နှစ်ဦးမှာ မှင်သက်သွားကြလေသည်။
သူတို့ ယခုလေးတင် ကြားလိုက်ရသည်ကို နားလည် သဘောပေါက်ရန် စက္ကန့်အနည်းငယ် အချိန်ယူလိုက်ရပြီးနောက်၊ အံ့အားသင့်သော အကြည့်များမှတစ်ဆင့် ကြောက်ရွံ့မှုနှင့် စိုးရိမ်ပူပန်မှုများအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားကာ တိတ်ဆိတ်မှုတစ်ခုက လွှမ်းမိုးသွားလေသည်။
ထိုတိတ်ဆိတ်မှုက အချိန်အတော်ကြာသွားသဖြင့် နောက်ဆုံးတွင် သူတို့ထဲမှ တစ်ယောက်က တုံ့ပြန်ရန် သတိရသွားလေသည်။
“ဟုတ်... ဟုတ်ကဲ့ပါ၊ အကဲဖြတ်မှုရှိမယ်ဆိုတာ မျိုးနွယ်စုခေါင်းဆောင်က ကျွန်တော်တို့ကို အသိပေးထားပါတယ်... ဒီဘက်ကို ကြွပါစီနီယာ...”
ကင်းစောင့်တစ်ဦးက ယန်ချင်းကို တံခါးအတွင်းသို့ ဖိတ်ခေါ်ရင်း သူ့ခြေထောက်နှင့်သူ ခလုတ်တိုက်မိမတတ် ဖြစ်သွားကာ စိုးရိမ်တကြီး ပြောလိုက်သည်။
ယန်ချင်းက တွေးလိုက်သည်။
“ငါဘယ်သူလဲဆိုတာကို အရင်အတည်ပြုဖို့ မလိုဘူးလား...”
သူ၏ အဖော်ဖြစ်သူမှာလည်း အခြေအနေ သိပ်မကောင်းလှပေ။
ယန်ချင်းနှင့် အဖွဲ့က သူ့နောက်တွင် ရှိနေသဖြင့် နောက်သို့လှည့်ကြည့်ရန်ပင် ကြောက်ရွံ့နေကာ အရှေ့ကိုသာ တည့်တည့်ကြည့်၍ တောင့်တောင့်ကြီး လျှောက်သွားနေလေသည်။
ဟီးဟီး…
ကျိုးလီချင်က အစ်ကိုဖြစ်သူ၏ ပါးစပ်ကို အလျင်အမြန် ပိတ်လိုက်ရင်း တိုးတိုးလေး သတိပေးလိုက်သည်။
“ကျိုးရီ... မရီနဲ့...”
“ငါမနေနိုင်တော့လို့ပါ... ဟိုမှာ ကြည့်ပါဦး...”
လမ်းက ကွေ့ကောက်နေသော်လည်း ဖြောင့်တန်းစွာ ဆက်လျှောက်နေသဖြင့် ခြံစည်းရိုး ချုံပုတ်များထဲသို့ ဝင်တိုက်မိမတတ် ဖြစ်သွားသော တောင့်တောင့်ကြီးလျှောက်နေသည့် ကင်းစောင့်ကို လက်ညှိုးထိုးပြရင်း ကျိုးရီက ပြောလိုက်သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရချိန်တွင် ကျိုးလီချင်မှာ ရယ်ချင်စိတ်ကို မနည်းထိန်းချုပ်လိုက်ရသော်လည်း နောက်ဆုံးတွင်တော့ အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့သည်။
ထိုအဖြစ်အပျက်ကို မြင်သောအခါ ယန်ချင်းက ခေါင်းခါယမ်းလိုက်သည်။ ၎င်းမှာ သူ၏ အတွေ့အကြုံသစ်တစ်ခုတော့ မဟုတ်ပေ။
အနည်းဆုံးတော့ ထိုကင်းစောင့်များ သတိလစ်မသွားသတိလစ်မသွား၊ ငုတ်တုတ်မေ့မသွားသည်ကပင် ကံကောင်းသည်ဟု ဆိုရမည်။
တစ်ခါကဆိုလျှင် သူအကဲဖြတ်နေသော အဖွဲ့အစည်းမှ ကျင့်ကြံသူတစ်ဦးသည် အဖွဲ့အစည်းမှ လူတစ်ယောက်လာမည်ကို ကြိုတင်အသိပေးထားသည့်တိုင်အောင်၊ အလွန်အမင်း ထိတ်လန့်သွားသဖြင့် သူ၏ နာမည်နှင့် သူဘယ်ရောက်နေသလဲ ဆိုတာကိုပင် မေ့သွားခဲ့ဖူးသည်။
အဆင့်မရှိသော အဖွဲ့အစည်းများအတွက်၊ အဆင့်တိုးမြှင့်ခံရရန် လိုအပ်ချက်များကို နောက်ဆုံးတွင် ပြည့်မီသွားခြင်းသည် သူတို့၏ လက်ရှိအဆင့်အတန်း မည်သို့ပင် ရှိစေကာမူ အလွန်ကြီးမားလှသော အတွေ့အကြုံတစ်ခု ဖြစ်သည်။
ထိုခံစားချက်က အကဲဖြတ်သည့်နေ့တွင် ပိုမိုပြင်းထန်လာပြီး၊ အကယ်၍ သူတို့သည် အကဲဖြတ်သူနှင့် တိုက်ရိုက်ဆက်ဆံရသူ ဖြစ်နေပါက ပို၍ပင် ဆိုးရွားလေသည်။
တစ်ခါတရံတွင် ထိုအရာက သူတို့အတွက် ခံနိုင်ရည်ထက် ပိုမိုကျော်လွန်သွားတတ်သည်။
ယန်ချင်းအတွက်တော့ ၎င်းမှာ လုပ်ငန်းခွင်ရှိ သာမန်နေ့တစ်နေ့သာ ဖြစ်သည်။
သို့သော် ယနေ့ သူအကဲဖြတ်မည့် မျိုးနွယ်စုကဲ့သို့ အဆင့်မရှိသော အဖွဲ့အစည်းများအတွက်မူ ၎င်းမှာ ကမ္ဘာကြီးကို တုန်လှုပ်စေနိုင်လောက်သော ကံကောင်းသည့် တွေ့ဆုံမှု တစ်ခုနှင့် တူညီသည့် သမိုင်းဝင်အခိုက်အတန့်တစ်ခု ဖြစ်သည်။
အောင်မြင်စွာ အကဲဖြတ်ခံရပြီးနောက်၊ သူတို့သည် တောင်ပိုင်းတိုက်ကြီးတွင် မည်မျှပင်သေးငယ်သည်ဟု ထင်ရစေကာမူ နောက်ဆုံးတွင် တရားဝင်အဆင့်အတန်းတစ်ခုကို ရရှိသွားပြီဟု သတ်မှတ်နိုင်ပြီး၊ ထိုအဖွဲ့အစည်းများအတွက်မူ ၎င်းမှာ ဧရာမခြေလှမ်းကြီးတစ်ခုပင် ဖြစ်သည်။
….
မိနစ်အနည်းငယ်ခန့် လျှောက်လာပြီးနောက် အဆောက်အအုံ အချို့ စတင် ပေါ်ထွက်လာသည်။
၎င်းတို့ အားလုံးကို မြေကြီးအဆင့် ပစ္စည်းများဖြင့် တည်ဆောက်ထားပြီး၊ မြေကြီးအဆင့် ပစ္စည်းများထဲမှာပင် အနိမ့်ဆုံးအဆင့်တွင် ရှိသည်။
သို့သော် အရည်အသွေးနိမ့်ပစ္စည်းများကို အသုံးပြုထားသော်လည်း အဆောက်အအုံများ၏ လက်ရာမှာ ကောင်းမွန်ပြီး သေသေချာချာ ထိန်းသိမ်းထားသည်။
ယန်ချင်းက ဧည့်သည်များ တည်းခိုရန် အသုံးပြုလေ့ရှိသည့် ရိုးရှင်းသော ခြံဝင်းငယ် အချို့ကိုပင် တွေ့လိုက်ရသေးသည်။
အဆောက်အအုံအားလုံးကို ဝိညာဉ်သစ်သားများဖြင့် တည်ဆောက်ထားသည်ကို သတိပြုမိသွားရင်း ယန်ချင်းက တွေးလိုက်သည်။
“အဆင့်မရှိတဲ့ မျိုးနွယ်စုတစ်ခု အနေနဲ့ဆိုရင် သူတို့အခြေအနေက မဆိုးဘူးလို့ ပြောလို့ရတယ်...”
အနိမ့်ဆုံးမြေကြီးအဆင့် သစ်သား ဖြစ်သော်လည်း၊ ဤနေရာမှာ အဆင့်မရှိသောမျိုးနွယ်စုတစ်ခု ဖြစ်သည်ကို ထည့်တွက်မည်ဆိုလျှင် ၎င်းမှာ ချီးကျူးစရာ တစ်ခုပင် ဖြစ်သည်။
သူ အကဲဖြတ်ရမည့် မျိုးနွယ်စုကို မုရုံမျိုးနွယ်စုဟု ခေါ်သည်။
လွန်ခဲ့သောခြောက်လက သူတို့၏ အဖွဲ့ဝင်တစ်ဦး အခြေတည်အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီးနောက် အဖွဲ့အစည်းထံတွင် အကဲဖြတ်ရန် လျှောက်ထားခဲ့ခြင်း ဖြစ်သည်။
လူအင်အားပြဿနာနှင့် အကဲဖြတ်ရန် လျှောက်ထားသော အဆင့်မရှိသည့် အဖွဲ့အစည်းများမှာ အလွန်များပြားလွန်းလှသည်။
အဆင့် ၅ အကဲဖြတ်မှုများကို အဆင့်မြင့်ပင်မတရားရုံး တရားသူကြီးများကသာ ကိုင်တွယ်နိုင်သဖြင့် အမြဲလိုလို အမှုများ စုပုံနေတတ်သည်။
အဆင့်မြင့်ပင်မတရားရုံး တရားသူကြီးတစ်ဦး ဖြစ်လာရန် ခရမ်းရောင် သို့မဟုတ် ရွှေရောင်အမြုတေရှိရန် လိုအပ်သဖြင့်၊ သူတို့၏ အရေအတွက်မှာ အမြဲတမ်းနည်းပါးနေတတ်သည်။
မုရုံမျိုးနွယ်စုသည် သူတို့၏အဖွဲ့ဝင် အဆင့်တက်သွားသည်နှင့် တစ်ပြိုင်နက် လွန်ခဲ့သော ခြောက်လကတည်းက အကဲဖြတ်ရန် လျှောက်ထားခဲ့သော်လည်း၊ သူတို့၏ အလှည့်ရောက်လာရန် ခြောက်လတိတိ စောင့်ဆိုင်းခဲ့ရသည်။
သူတို့၏ စောင့်ဆိုင်းရသည့်အချိန်မှာ ကြာသည်ဟု မဆိုသာပေ။
အဘယ်ကြောင့်ဆိုသော် တရားသူကြီးများက သူတို့၏ ကိုယ်ပိုင်အမှုများကိုလည်း ကိုင်တွယ်ရပြီး၊ အမှုများ အလွန်များပြားလာသောအခါ အကဲဖြတ်ခြင်း လုပ်ငန်းများကို ဦးစားပေးအဆင့် လျှော့ချရလေ့ရှိသဖြင့် တစ်ခါတရံ တစ်နှစ်အထိပင် ကြာမြင့်တတ်သောကြောင့် ဖြစ်သည်။
သို့သော် အဖွဲ့အစည်းက ထိုမျှများပြားလှသော အရေအတွက်များကို ကိုင်တွယ်ဖြေရှင်းရန်နှင့် စောင့်ဆိုင်းချိန်ကို လျှော့ချရန် အစီအစဥ်အချို့ကို ဖန်တီးခဲ့သည်။
ထိုနည်းလမ်းများထဲမှ တစ်ခုမှာ တရားသူကြီးများက သတ်မှတ်ထားသော နယ်မြေတစ်ခုအတွင်း အနိမ့်ဆုံးအကဲဖြတ်မှု အရေအတွက်တစ်ခုကို လုပ်ဆောင်ရမည့် နယ်မြေအလိုက် အကဲဖြတ်ခြင်းပုံစံ ဖြစ်သည်။
ယန်ချင်း၏ အခြေအနေတွင် သူ၏ သတ်မှတ်ထားသော နယ်မြေအတွင်း အနည်းဆုံးအကဲဖြတ်မှု ၁,၄၀၀ ကို ပြုလုပ်ရန် ဖြစ်သည်။
ထို ၁,၄၀၀ စာရင်းတွင် ပါဝင်မည့် အဖွဲ့အစည်းများကို ရွေးချယ်ခွင့်မှာ သူ၏ သဘောဆန္ဒအပေါ်တွင်သာ မူတည်သည်။
အဘယ်ကြောင့်ဆိုသော် သူသည် သူ၏နယ်မြေအတွင်းရှိ အဆင့်မရှိသော အဖွဲ့အစည်း အနည်းဆုံး ၅,၀၀၀ ပါဝင်သည့် စာရင်းရှည်ကြီးထဲမှ ထို ၁,၄၀၀ ကို ရွေးချယ်ရမည် ဖြစ်သောကြောင့်ပင်။
မုရုံမျိုးနွယ်စုသည် သူရွေးချယ်လိုက်သော အဖွဲ့အစည်း ၁,၄၀၀ စာရင်းတွင် ပါဝင်သွားသဖြင့် ကံကောင်းသည်ဟု ဆိုရမည်။
သို့မဟုတ်ပါက သူတို့သည် ယန်ချင်း၏ စာရင်းတွင် မပါဝင်ခဲ့သော အခြားအဖွဲ့အစည်း ၃,၅၉၉ ခုနှင့်အတူ ဆက်လက် စောင့်ဆိုင်းနေရပေလိမ့်မည်။
သို့သော် ကံဆိုးလွန်းသော အဆင့်မရှိသည့် အဖွဲ့အစည်းများ နစ်နာမှုမရှိစေရန်အတွက်၊ အဆင့်မရှိသော အဖွဲ့အစည်းအားလုံးသည် လျှောက်ထားသည့် အချိန်မှစ၍ အများဆုံး ၁၅ လသာ စောင့်ဆိုင်းရမည့် စည်းမျဉ်းတစ်ခု ရှိသည်။
ဆယ့်ငါးမိနစ်ခန့် လျှောက်လာပြီးနောက် သူတို့သည် မုရုံမျိုးနွယ်စု၏ အလယ်ဗဟိုသို့ ရောက်ရှိလာကြသည်။
ခလုတ်တိုက်နေသော ကင်းစောင့်က အသက်လုပြေးနေရသကဲ့သို့ အပြေးအလွှား ထွက်သွားရင်း ပြောလိုက်သည်။
“မျိုးနွယ်စုခေါင်းဆောင်နဲ့ တခြားအကြီးအကဲတွေကို သွားခေါ်လိုက်ပါဦးမယ်... ဒီမှာ ခဏလောက် စောင့်ပေးပါ...”
တောင့်တောင့်ကြီးလမ်းလျှောက်နေသော သူ၏အဖော်ကို ယန်ချင်းတို့နှင့်အတူ ချန်ထားရစ်ခဲ့လေသည်။
ယန်ချင်း သေချာ မမြင်လိုက်သော်လည်း၊ အခြားကင်းစောင့် အပြေးအလွှား ထွက်သွားသည်ကို ကြည့်နေသော ကင်းစောင့်၏ မျက်လုံးများထဲတွင် မနာလိုဖြစ်နေသော အကြည့်တစ်ခု ဖြတ်ပြေးသွားသည်ကို မြင်လိုက်ရသည်။
ယန်ချင်းက သူ့ဘာသာသူ ရယ်မောရင်း စိတ်ထဲမှ တွေးလိုက်သည်။
“ငါက အဲဒီလောက်တောင် ကြောက်ဖို့ကောင်းနေလို့လား...”
လမ်းတစ်လျှောက်တွင် သူတို့ကို ခေတ္တမျှ ကြည့်သွားကြသော အခြားမျိုးနွယ်စုဝင်များနှင့် ဆုံတွေ့ခဲ့သည်။
သို့သော် ရယ်စရာကောင်းသည်မှာ လမ်းလျှောက်လာစဉ်အတွင်း သူတို့ဘက်သို့ ကြည့်သွားသူများမှာ ယန်ချင်းနှင့် ကျိုးမောင်နှမတို့ကို ကြည့်ခြင်း မဟုတ်ဘဲ၊ ထိုကင်းစောင့်နှစ်ဦး၏ ထူးဆန်းသော အပြုအမူများကြောင့် စပ်စုချင်စိတ်ဖြင့် ကြည့်သွားကြခြင်းသာ ဖြစ်သည်။
သို့သော် သူတို့ အားလုံးကြည့်ရုံသာ ကြည့်ပြီး အနားသို့ ချဉ်းကပ်မလာကြပေ။
လမ်းလျှောက်လာစဉ်အတွင်း မုရုံမျိုးနွယ်စု၏ ပျမ်းမျှကျင့်ကြံခြင်းအဆင့်မှာ ချီသန့်စင်ခြင်း အစောပိုင်းအဆင့်တွင် ရှိကြောင်း ယန်ချင်း သတိပြုမိလိုက်သည်။
အလယ်အလတ်အဆင့်တွင် ရှိသူ အနည်းငယ်သာရှိသော်လည်း၊ အများစုမှာ သက်ကြီးရွယ်အိုများသာ ဖြစ်ကြသည်။
သူ၏ နန်းတော်အဆင့် အာရုံခံနိုင်စွမ်းဖြင့် အကြမ်းဖျင်း စစ်ဆေးကြည့်ချက်အရ သူတို့မှာ အသက်ခြောက်ဆယ်နှောင်းပိုင်းများတွင် ရှိကြပြီး၊ အသက်လေးနှစ်မှ ဆယ့်ငါးနှစ် ကြားရှိ လူငယ်မျိုးဆက်များမှာ အများအားဖြင့် ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်တွင်သာ ရှိကြကာ အနည်းငယ်သာလျှင် ချီသန့်စင်ခြင်း အစောပိုင်း အဆင့်တွင် ရှိကြသည်။
သို့သော် ထိုအုပ်စု၏ အရေအတွက်မှာ ဆယ်ယောက်ပင် မပြည့်ပေ။
ယန်ချင်းက သူတို့ထဲမှ ခုနစ်ယောက်ကို အာရုံခံမိပြီး၊ သူတို့သည် ပတ်ဝန်းကျင်ရှိ အခြားမျိုးနွယ်စုဝင်များ၏ ကြည်ညိုလေးစားမှုကို ခံနေရပုံရသည်။
သူ မြင်တွေ့နေရသော ကွာဟချက်ကြီးကြောင့် ယန်ချင်းမှာ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။
ခရမ်းမြို့တော်မှ သာမန်လူတစ်ယောက်ကပင် ဤနေရာတွင် ပါရမီရှင်တစ်ဦးအဖြစ် သတ်မှတ်ခံရပေလိမ့်မည်။
ဤကွာဟချက် အဆင့်အတန်းကြောင့်ပင် အဆင့်မရှိသေးသောအဖွဲ့အစည်းများက အဆင့်တစ်ခုရရှိရန် အစွမ်းကုန် ကြိုးစားကြခြင်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် အဆင့်တစ်ခု ရရှိသွားသည်နှင့် သူတို့၏ အဖွဲ့ဝင်များထဲမှ တစ်ဦးကို အဖွဲ့အစည်းတွင် လေ့ကျင့်ခွင့် ရရှိစေရန် အခွင့်အရေး ရရှိမည်ဖြစ်ပြီး၊ ထိုမှတစ်ဆင့် သူတို့၏ကံကြမ္မာကို ပြောင်းလဲနိုင်မည့် အခွင့်အရေး တစ်ရပ်ကို ရရှိနိုင်သောကြောင့်ပင်။
သို့မဟုတ်ပါက အထူးအခြေအနေများ မရှိလျှင်၊ ဤကဲ့သို့ ရက်စက်ကြမ်းကြုတ်သော ကမ္ဘာကြီးတွင် ရှင်သန်ရပ်တည်နိုင်ရန် မဆိုထားနှင့်... သူတို့၏ အခြေအနေများကို တိုးတက်လာစေရန်ပင် မဖြစ်နိုင်ပေ။
***