အချိန်သိပ်မကြာခင်မှာပင် ကင်းစောင့်ထွက်သွားသည့် လမ်းကြောင်းဘက်မှ အလျင်စလို လျှောက်လာသော ခြေသံများကို ယန်ချင်းက အာရုံခံမိလိုက်သည်။
ယန်ချင်းက သူ၏ ဧကရာဇ်အာရုံကို ဖြန့်ကြက်ထားပြီး ဖြစ်သဖြင့်၊ လာနေသော အဖွဲ့ဝင်အများစုမှာ ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့်တွင်သာ ရှိကြောင်း သိလိုက်ရသည်။
သို့သော် အများစု၏ အရှိန်အဝါများမှာ သက်တမ်းကုန်ဆုံးလုနီးပါး ဖြစ်နေသူများတွင် တွေ့ရလေ့ရှိသည့် အားနည်းသော အရှိန်အဝါမျိုး ဖြစ်နေသည်။
ယန်ချင်းက စိတ်ထဲမှ ရေရွတ်လိုက်သည်။
“အင်း... ဒါက အခြေတည်အဆင့်အဖွဲ့ဝင်ပေါ့၊ အံ့ဩစရာပဲ...”
စက္ကန့်အနည်းငယ် အကြာတွင် အဘိုးအိုနှင့် အဘွားအို အစုအဝေး တစ်ခုက စိတ်လှုပ်ရှား တက်ကြွနေသော အမူအရာများဖြင့် အစုလိုက်အပြုံလိုက် ထွက်ပေါ်လာကြသည်။
သူတို့၏ ရုတ်တရက် ထွက်ပေါ်လာမှုကြောင့် လမ်းလျှောက်နေကြသော အခြားမျိုးနွယ်စုဝင်များအားလုံးမှာ၊ အကြီးအကဲများက ရတနာတစ်ခုခုကို လိုက်ဖမ်းနေသကဲ့သို့ ပြေးလွှားနေသည်ကို ကြည့်ကာ အံ့အားသင့်စွာဖြင့် ခြေလှမ်းများရပ်တန့်သွားကြသည်။
ထိုအုပ်စု၏ ရှေ့ဆုံးတွင် ပိန်ပါးသောခန္ဓာကိုယ်၊ ဆံပင်ဖြူများနှင့် ရင်ဘတ်အထိ ကျဆင်းနေသော မုတ်ဆိတ်မွေးများရှိသည့် အဘိုးအိုတစ်ဦး ရှိနေသည်။
သူသည် ကျန်အဖွဲ့ဝင်များနှင့် ဆင်တူသော အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။
ရှေ့ဆုံးမှ အဘိုးအိုက ပြောလိုက်သည်။
“ကြိုဆိုဖို့ မရှိနေခဲ့တဲ့ ကျွန်တော်တို့ရဲ့ ရိုင်းစိုင်းမှုတွေကို ခွင့်လွှတ်ပေးပါ... ဒီနေ့ လာမယ်မှန်း ကြိုသိခဲ့ရင် ဧည့်ခံပွဲတစ်ခု ပြင်ဆင်ထားမှာပါ...”
သူတို့အားလုံးက စိတ်လှုပ်ရှားနေသလို အနည်းငယ်လည်း စိုးရိမ်နေပုံရသည်။
အဘယ်ကြောင့်ဆိုသော် သူတို့ကို ပေးထားသော အကဲဖြတ်မည့် နေ့ရက် အချိန်ဇယားအရ နောက်တစ်ပတ်မှသာ ဖြစ်သောကြောင့်ပင်။
အကဲဖြတ်မှုက တစ်ပတ်စောသွားရသည့် တစ်ခုတည်းသော အကြောင်းရင်းမှာ၊ သတ်မှတ်ထားသော တရားသူကြီးနှင့် အချိန်ဇယားအတိုင်း မသွားဘဲ လဲ့ဝေယွမ်က အကဲဖြတ်မှုများကို ယန်ချင်းထံသို့ လွှဲပြောင်းပေးခဲ့စဉ်က ဝင်ရောက် စွက်ဖက်မှုကြောင့်သာ ဖြစ်သည်။
ယန်ချင်းက ယဉ်ကျေးစွာ ပြုံးပြရင်း ပြန်ဖြေလိုက်သည်။
“ရပါတယ်... ကြိုတင် အကြောင်းမကြားဘဲ ရောက်လာတဲ့ ကျွန်တော့်အမှားပါ...”
မုရုံကျဲက လက်နှစ်ဖက်ကို ယှက်ကာ ပြောလိုက်သည်။
“တောင်းပန်ပါတယ်... ကျွန်တော့် နာမည်က မုရုံကျဲပါ၊ မုရုံမျိုးနွယ်စုရဲ့ လက်ရှိခေါင်းဆောင် ဖြစ်ပြီး နောက်က လူတွေကတော့ မျိုးနွယ်စုရဲ့ အကြီးအကဲတွေပါ...”
ယန်ချင်းက မောင်နှမနှစ်ဦးကို ရှေ့သို့ တွန်းပို့ရင်း ပြောလိုက်သည်။
“တွေ့ရတာ ဝမ်းသာပါတယ် မျိုးနွယ်စုခေါင်းဆောင်မုရုံကျဲ... ကျုပ်နာမည်က ယန်ချင်းပါ၊ ဒီနေ့ ခင်ဗျားတို့ မျိုးနွယ်စုရဲ့ အကဲဖြတ်မှုကို တာဝန်ယူရမယ့်သူပါ...”
“သူတို့ကတော့ ကျိုးရီနဲ့ ကျိုးလီချင်တဲ့၊ အတူတူ လိုက်လာတဲ့ သူတွေပါ၊ စိတ်မရှိဘူးလို့ မျှော်လင့်ပါတယ်...”
“ကျိုးရီ၊ ကျိုးလီချင်... မျိုးနွယ်စုခေါင်းဆောင် မုရုံကျဲနဲ့ တခြားသူတွေကို နှုတ်ဆက်လိုက်ကြလေ...”
ကျိုးရီနှင့် ကျိုးလီချင်တို့ နှစ်ယောက်လုံးက လက်နှစ်ဖက်ကို ယှက်၍ တစ်ပြိုင်နက်တည်း ပြောလိုက်ကြသည်။
“ဂါရဝပြုပါတယ် မျိုးနွယ်စုခေါင်းဆောင် မုရုံကျဲ... ကျွန်တော်တို့ရဲ့ နှုတ်ခွန်းဆက်စကားနဲ့ ကြိုတင်ဂုဏ်ပြုစကားကို လက်ခံပေးပါ...”
သူတို့က လက်ယှက်သည်မှစ၍ စကားပြောသည်အထိ အတိအကျ တူညီနေသည်ကို မြင်သောအခါ ယန်ချင်းက တွေးလိုက်သည်။
“လမ်းမှာကတည်းက ကြိုပြီးတိုက်ထားကြတာလား...”
မျိုးနွယ်စုခေါင်းဆောင်မုရုံကျဲက ပြုံး၍ အရိုအသေပေးရင်း ပြောလိုက်သည်။.
“ဟားဟား... သခင်လေးကျိုးရီနဲ့ သခင်မလေးကျိုးလီချင်ပါလား၊ မုရုံမျိုးနွယ်စုကိုယ်စား နွေးထွေးတဲ့ ဆုတောင်းစကားတွေအတွက် ကျေးဇူးတင်ပါတယ်...”
ကျန်ရှိနေသော အဖွဲ့ဝင်များကလည်း မုရုံကျဲ၏ အပြုအမူကို အတုယူကာ တစ်သံတည်း ကျေးဇူးတင်စကား ဆိုလိုက်ကြသည်။
သခင်လေးဟု အခေါ်ခံလိုက်ရသဖြင့် ကျိုးရီက မသိမသာ ရင်ကော့လိုက်ရာ ဘေးပတ်ဝန်းကျင်ရှိ သက်ကြီးရွယ်အိုအုပ်စုထံမှ အပြုံးလေးများ ထွက်ပေါ်လာစေပြီး၊ ယန်ချင်းပင်လျှင် ခေါင်းခါယမ်းရင်း မပြုံးဘဲ မနေနိုင်တော့ပေ။
ကျိုးမောင်နှမနှင့် မုရုံမျိုးနွယ်စုတို့၏ အပြန်အလှန် ဆက်ဆံရေးကို အကဲခတ်ရင်း ယန်ချင်းက တွေးလိုက်သည်။
“ဒီသုံးနှစ်တာ ကာလအတွင်း သူတို့ရဲ့ အတွေ့အကြုံတွေက လုံးဝ အလဟဿတော့ မဖြစ်သွားပါဘူးလေ...”
နှုတ်ဆက်ရာတွင် သူတို့ကို ရှေ့သို့ တွန်းပို့လိုက်ရသည့် အကြောင်းရင်းမှာ၊ အဆင့်နိမ့်မျိုးနွယ်စုတစ်ခုအပေါ် ထားရှိသော သူတို့၏ စိတ်နေစိတ်ထားနှင့် သဘောထားများကို စောင့်ကြည့်ရန် ဖြစ်သည်။
အဖွဲ့အစည်းကို စတင်တည်ထောင်သည့် အချိန်မှစ၍ ယနေ့အထိ၊ သူတို့၏ အခြေခံ လူသစ်စုဆောင်းရေး စည်းမျဉ်းများအနက် တစ်ခုမှာ အဆင့် ၅ မျိုးနွယ်စုများ၊ အဆင့်မရှိသော အဖွဲ့အစည်းများနှင့် လွတ်လပ်သောကျင့်ကြံသူများထံမှသာ လူသစ်စုဆောင်းရန် ဖြစ်သည်။
ထိုစည်းမျဉ်းအတွက် အထူးချွင်းချက်များ ရှိသော်လည်း အဆင့် ၄ နှင့် အထက်အဖွဲ့အစည်းများမှ မည်သူ့ကိုမျှ လက်ခံမည် မဟုတ်ပေ။
ဥပမာအားဖြင့် ကျိုးမောင်နှမကို ကျိုးမျိုးနွယ်စုမှ နှင်ထုတ်လိုက်သကဲ့သို့ မူလအဖွဲ့အစည်းမှ နှင်ထုတ်ခံရသော ကျင့်ကြံသူမျိုး ဆိုလျှင်တော့ ချွင်းချက် ဖြစ်သည်။
ထိုသို့သော အခြေအနေမျိုးတွင် သူတို့၏ အကဲဖြတ်မှုများကို အောင်မြင်ပါက အဖွဲ့အစည်းက လက်ခံမည် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူတို့ကို လွတ်လပ်သောကျင့်ကြံသူများဟု သတ်မှတ်နိုင်သောကြောင့် ဖြစ်သည်။
သို့သော် အဆင့်မြင့်အဖွဲ့အစည်းများတွင် ပါဝင်ခဲ့ဖူးသူများ အနေဖြင့် ဝင်ခွင့်စာမေးပွဲကို အောင်မြင်ပြီး အဖွဲ့အစည်းသို့ ဝင်ခွင့်ရပြီးနောက်တွင်ပင် သူတို့၏ စရိုက်လက္ခဏာများ မည်သို့ ရှိသနည်း ဆိုသည်ကို အနီးကပ် စောင့်ကြည့်ခံရမည် ဖြစ်သည်။
ဤသို့ တောင်းဆိုရခြင်း၏ အကြောင်းရင်းမှာ အဆင့်မြင့် အဖွဲ့အစည်းများတွင် မွေးဖွားလာသူများသည် ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ သူတို့အောက်ရှိ သူများအပေါ် အသိစိတ်ဖြင့်ဖြစ်စေ၊ မသိစိတ်ဖြင့်ဖြစ်စေ ဘက်လိုက်မှု ရှိတတ်သောကြောင့် ဖြစ်သည်။
အခြားနေရာများတွင်ဆိုလျှင် ထိုကဲ့သို့သော စိတ်နေစိတ်ထားများက ပြဿနာ မဟုတ်သော်လည်း၊ အားလုံးအတွက် တရားမျှတမှု၏ မီးရှူးတန်ဆောင် ဖြစ်ရမည့် အဖွဲ့အစည်းအတွင်းတွင်မူ ထိုကဲ့သို့သော အကျင့်စရိုက်မှာ ကြီးမားသောအဟန့်အတားတစ်ခု ဖြစ်ပြီး အဖွဲ့အစည်းအတွင်း ဘက်လိုက်မှုများကို ဖြစ်ပေါ်စေနိုင်သည့် အကြောင်းအရင်းတစ်ခု ဖြစ်သည်။
ယန်ချင်းက ကိုယ်ချင်းစာစိတ်ရှိပြီး သူတို့၏ အကဲခတ်နိုင်စွမ်းကို တန်ဖိုးထားသော်လည်း၊ သူတို့၏စရိုက်လက္ခဏာများနှင့် ပတ်သက်၍မူ စိုးရိမ်နေဆဲပင်။
သူတို့သည် အဆင့် ၂ မျိုးနွယ်စုတွင် မွေးဖွားလာခဲ့ကြပြီး ထိုသို့ အဆင့်မြင့်မျိုးနွယ်စုတစ်ခု၏ ဂုဏ်သိက္ခာများနှင့်အတူ ကြီးပြင်းလာခဲ့ကြသည်။
ခရမ်းမြို့တော်မှစ၍ ယခုအချိန်အထိ၊ သူတို့နှင့် အခြားသူများ၏ အပြန်အလှန် ဆက်ဆံရေးကို အနီးကပ် စောင့်ကြည့်နေခဲ့ပြီး သူ မြင်တွေ့ရသလောက်တော့ ယခုအချိန်အထိ လူများနှင့် ဆက်ဆံရာတွင် မျှော်လင့်ထားတတ်သည့် မထီမဲ့မြင်ပြုမှုမျိုး မရှိခဲ့ပေ။
တစ်ခါတရံတွင် မျက်နှာဖုံး တပ်ထားတတ်သော်လည်း ၎င်းမှာ အခြားအရာများထက် သူတို့၏ မည်သူမည်ဝါဖြစ်ကြောင်းကို ဖုံးကွယ်ရန်အတွက် အကာအကွယ်တစ်ခုမျှသာ ဖြစ်သည်။
ယန်ချင်း၏ အမြင်တွင်တော့ သူတို့ ကိုယ့်ဘာသာ ရှင်သန်ခဲ့ရသော သုံးနှစ်တာကာလက သူတို့အတွင်းရှိ သာလွန်မှုဟူသော ခံစားချက်မှန်သမျှကို ရိုက်ချိုးပစ်ခဲ့ပြီး၊ ဘဝအလွှာပေါင်းစုံ၊ အဆင့်အတန်းပေါင်းစုံမှ လူများနှင့် သက်သောင့်သက်သာ ဆက်ဆံနိုင်သူများအဖြစ် ပြောင်းလဲပေးလိုက်ပုံရသည်။
“အနည်းဆုံးတော့ အခု သူတို့ ဝင်ခွင့်ရဖို့ အလားအလာ ပိုများသွားပြီပေါ့...”
လူအုပ်ကြီး၏ အလယ်တွင် တစ်ယောက်တည်း ရပ်နေသော အမျိုးသမီးတစ်ဦးထံသို့ အကြည့်များ ရောက်ရှိသွားရင်း ယန်ချင်းက တွေးလိုက်သည်။
သူမသည် အသက်သုံးဆယ်နှောင်းပိုင်း အရွယ်ခန့် ရှိပုံရသည်။ သူမလည်း အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်ကို ရိုးရှင်းသောဆံထုံးလေး ထုံးထားသည်။
သူမသည် ရင်သပ်ရှုမောဖွယ် လှပသူတစ်ဦး မဟုတ်သော်လည်း လမ်းပေါ်တွင် ဖြတ်သွားပါက လူတိုင်း သတိပြုမိမည့် သူမျိုးဖြစ်သည်။
သူမတွင် နက်မှောင်သောဆံပင်များ၊ ပန်းနုရောင်အသားအရေနှင့် ဝိုင်းစက်သည့် မျက်လုံးနက်ကြီးများ ရှိသည်။
ယန်ချင်း၏ မျက်လုံးများ သူမထံသို့ ရောက်သွားရသည့် အကြောင်းရင်းမှာ သူမ၏အလှကို သဘောကျ၍ မဟုတ်ဘဲ သူမ ထုတ်လွှတ်နေသော စွမ်းအင် အတက်အကျများကြောင့် ဖြစ်သည်။
သူမသည် သူအကဲဖြတ်ရမည့် အခြေတည်အဆင့်အဖွဲ့ဝင် ဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။
***