ယန်ချင်း အာရုံခံမိသလောက်ဆိုလျှင် သူမသည် အခြေတည်အဆင့်၏ ပထမအဆင့်အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ပြီး အဆင့်မှာလည်း တည်ငြိမ်နေသည်။
ထိုသို့အကြမ်းဖျင်း စစ်ဆေးကြည့်ရုံဖြင့် သူမ၏ အစစ်အမှန်အသက် ဖြစ်ကြောင်း ယန်ချင်း သိနိုင်ပေသည်။ သူမ၏ အသက်မှာ ၃၇ နှစ်ခန့်သာ ရှိသေးသည်။
အခြားအဆင့်မြင့်အဖွဲ့အစည်းများနှင့် ယှဉ်လျှင် အသက် ၃၇ နှစ်အရွယ် အခြေတည်အဆင့် အစောပိုင်းကျင့်ကြံသူတစ်ဦးမှာ သိပ်ပြီး ပြောပလောက်စရာ မရှိသော်လည်း၊ သေမင်းနှင့် နီးကပ်နေပြီဖြစ်သော အသက်အရွယ် ကြီးရင့်သည့် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများသာ ရှိသော မုရုံမျိုးနွယ်စုကဲ့သို့ သေးငယ်သည့် မိသားစုတစ်ခုအတွက် ၎င်းမှာ အလွန်ကြီးမားသောအရာတစ်ခု ဖြစ်သည်။
ချီသန့်စင်ခြင်းအဆင့် နှောင်းပိုင်းသို့ တက်လှမ်းနိုင်သူများသည် များသောအားဖြင့် အသက် ၂၀၀ မှ ၃၀၀ ကြား နေထိုင်ရလေ့ရှိပြီး၊ ယန်ချင်း အာရုံခံမိသလောက်ဆိုလျှင် ယခုရောက်ရှိနေသော အကြီးအကဲအများစုမှာ အသက် ၂၅၀ ဝန်းကျင်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
မျိုးနွယ်စုခေါင်းဆောင် မုရုံကျဲတစ်ယောက်သာလျှင် အသက် ၁၅၀ ခန့်သာရှိသည်။
ထိုအမျိုးသမီးကို ဖယ်လိုက်လျှင် သူတို့သည် ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံးဖြစ်နိုင်သော်လည်း၊ သူတို့၏ အသက်အရွယ်အရ အခြေတည်အဆင့်သို့ ရောက်ရှိရန် မျှော်လင့်ချက်မှာ လုံးဝမရှိသလောက်ပင် ဖြစ်သည်။
အသက်စွမ်းအင် လျော့ကျလာခြင်းက ချီစွမ်းအင်အပေါ် သူတို့၏ အာရုံခံနိုင်စွမ်းနှင့် အတွင်းစွမ်းအင်များကို အလွန်အမင်း ကျဆင်းသွားစေသဖြင့်၊ အခြေတည်အဆင့်သို့ သွားမည့် သူတို့၏ကျင့်ကြံခြင်းလမ်းစဉ်ကို ဖြတ်တောက်လိုက်ခြင်းပင် ဖြစ်သည်။
ထို့အပြင် တိုက်ဆိုင်မှု တစ်ခုခုကြောင့် အဆင့်တက်ရန် ကြိုးစားနိုင်သည့် အခြေအနေသို့ ရောက်ရှိသွားသူများပင်လျှင်၊ ထိုလုပ်ငန်းစဉ်အတွက် လိုအပ်သောစွမ်းအင်နှင့် အာရုံစူးစိုက်မှုတို့ကြောင့် လုပ်ငန်းစဉ်အတွင်း သေဆုံးသွားနိုင်ခြေ အန္တရာယ်နှင့် ရင်ဆိုင်ရပေသည်။
သို့သော် ဤမျှငယ်ရွယ်သော အခြေတည်အဆင့် အဖွဲ့ဝင်တစ်ဦး ရှိနေခြင်းက သူတို့ကို အဆင့်မကျသွားနိုင်ဘဲ အနည်းဆုံး နှစ်ပေါင်း ၁,၀၀၀ခန့် အဆင့် ၅ မျိုးနွယ်စု တစ်ခုအဖြစ် ဆက်လက်ရှင်သန်နိုင်ရန် အာမခံပေးနိုင်ပေသည်။
နှစ်ပေါင်း ၁,၀၀၀ အတွင်း အရာအားလုံး ပြောင်းလဲသွားနိုင်သည်။
အထူးသဖြင့် အဖွဲ့အစည်းတွင် အဖွဲ့ဝင်တစ်ဦးစီက သုံးနှစ်တာ လေ့ကျင့်ရေးကာလကို ရရှိသဖြင့်၊ သုံးနှစ်လျှင်တစ်ကြိမ် သူတို့၏ အဖွဲ့ဝင်တစ်ဦးကို အဖွဲ့အစည်းတွင် လေ့ကျင့်ခွင့်ပေးမည့် ခွဲတမ်းတစ်နေရာ ရရှိထားခြင်းကြောင့် ပို၍ပင် ပြောင်းလဲနိုင်ပေသည်။
ဆိုလိုသည်မှာ နှစ်ပေါင်း ၁,၀၀၀ အတွင်း သူတို့၏ မျိုးနွယ်စုဝင် ၃၀၀ ခန့်ကို အဖွဲ့အစည်းတွင် လေ့ကျင့်ခွင့် ရစေမည်ဖြစ်ပြီး၊ ၎င်းက သူတို့၏ဖွဲ့စည်းပုံကို အရည်အသွေးပိုင်းအရ ပြောင်းလဲသွားစေမည် ဖြစ်သည်။
ထို့အပြင် ထိုအဖွဲ့ဝင် ၃၀၀ ထဲမှ အခြားသောအခြေတည်အဆင့် အဖွဲ့ဝင်များကိုလည်း မွေးထုတ်ပေးနိုင်ခြေလဲရှိသေးသည်။
သို့သော် ဤအရာအားလုံးက သူ၏ရှေ့ရှိ အမျိုးသမီးမှာ အခြေတည်အဆင့်တွင်သာ ထာဝရရှိနေမည်ဆိုသော ယူဆချက်အပေါ်တွင်သာ အခြေခံထားခြင်း ဖြစ်သည်။
အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ တက်လှမ်းရန်မှာ မလွယ်ကူသလို၊ အထူးသဖြင့် ထိုအဆင့်မှစ၍ မိုးကြိုးကပ်ဘေးများ ပေါ်ထွက်လာလေ့ ရှိသော်လည်း၊ သူမ၏ အသက်အရွယ်ကိုထည့်တွက်ကြည့်လျှင် အဆင့်တက်နိုင်ခြေက ပိုမိုမြင့်မားသည်ဟု ယန်ချင်းက တွေးလိုက်သည်။
အဆင့်တစ်ဆင့်စီတိုင်းတွင် သူမ၏ ကျင့်ကြံခြင်း အခြေခံအုတ်မြစ်ကို အချိန်ယူကာ ခိုင်မာအောင် တည်ဆောက်သွားသရွေ့ ရွှေအမြုတေအဆင့်သို့ တက်လှမ်းရန်မှာ မဖြစ်နိူင်သော အိမ်မက်မဟုတ်ပေ။
အဖွဲ့အစည်းမှ အများစုဆိုလျှင် ထိုအဆင့်ကို အိပ်ရင်းနှင့်ပင် ကျော်ဖြတ်သွားတတ်ကြပြီး၊ နန်းတော်အဆင့်သို့ တက်လှမ်းချိန်ရောက်မှသာ အနည်းငယ် လေးလေးနက်နက် ထားတတ်ကြသည်။
ယန်ချင်းက စိတ်ထဲမှ တွေးလိုက်သည်။
“သူမကို အဟန့်အတား ဖြစ်စေနိုင်တဲ့ တစ်ခုတည်းသောအရာက သူမရဲ့ ကျင့်စဉ်ပဲ... ဒါပေမဲ့ သူမသာ အဖွဲ့အစည်းကိုလာဖို့ ခွဲတမ်းရတဲ့သူ ဖြစ်လာရင် လိမ္မော်ရောင်အဆင့်ကျင့်စဉ် တစ်ခုကို အခမဲ့လေ့ကျင့်ခွင့် ရမှာဖြစ်ပြီး၊ သူမရဲ့ ပါရမီအပေါ် မူတည်ပြီး ပိုမြင့်တဲ့ အဆင့်ကိုတောင် ရနိုင်သေးတယ်...”
သူမ၏ မျိုးနွယ်စုဝင်များကို မျှဝေခွင့် တားမြစ်ခံရမည် ဖြစ်သော်လည်း၊ လေ့ကျင့်ရေး ပြီးဆုံးသွားသည့်တိုင်အောင် ထိုကျင့်စဉ်ကို ဆက်လက်အသုံးပြုခွင့် ရရှိမည် ဖြစ်သည်။
ထို့အပြင်မုရုံမျိုးနွယ်စုကသာ တန်ကြေးတစ်ခုကို ပေးချေနိုင်မည်ဆိုလျှင် ထိုကျင့်စဉ်ကို ကန့်သတ်ချက်မရှိ အသုံးပြုခွင့်ကိုပင် ဝယ်ယူနိုင်ပေလိမ့်မည်။
အဖွဲ့အစည်းတွင် လိမ္မော်ရောင်အဆင့်ကျင့်စဉ်များ ပြတ်လပ်နေခြင်း မရှိသဖြင့်၊ အပေးအယူကို ထည့်တွက်ကြည့်လျှင် ထိုအရာများကို ရောင်းချရန် မည်သည့်တွန့်ဆုတ်မှုမျှ မရှိပေ။
လိမ္မော်ရောင်အဆင့် ကျင့်စဉ်တစ်ခုမျှဖြင့် ထိုအဖွဲ့အစည်းများနှင့် ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်နိုင်မည် ဖြစ်သည်။
အသစ်ပေါ်ထွက်လာသော အဆင့် ၄ နှင့် အဆင့် ၃ အဖွဲ့အစည်း အနည်းငယ်မှာ ထိုအခွင့်အရေး တစ်ခုတည်းမှနေ၍ ကြီးထွားလာခဲ့ကြခြင်း ဖြစ်သည်။
ယန်ချင်းက စိတ်ထဲမှ ရယ်မောရင်း တွေးလိုက်သည်။
“နောက်တစ်ခေါက် ငါဒီကိုလာရင် အဆင့် ၄ ရာထူးတိုးဖို့အတွက် ဖြစ်ကောင်းဖြစ်နိုင်တယ်... အဲဒီအခါကျရင် တောင်ပိုင်းတိုက်ကြီးရဲ့ ချိန်ခွင်လျှာက ပိုပြီးရှုပ်ထွေးလာတော့မှာပဲ...”
….
အတွေးများကို ပြန်လည် သိမ်းဆည်းလိုက်ပြီးနောက် ယန်ချင်းက မေးလိုက်သည်။
“မျိုးနွယ်စုခေါင်းဆောင်မုရုံကျဲ... အကဲဖြတ်မှုကို ဘယ်နေရာမှာ လုပ်ချင်လဲ...”
သူလိုအပ်သည့် အရာအားလုံးကို သူ၏ဧကရာဇ်အာရုံဖြင့် အတည်ပြုပြီးဖြစ်ကာ ယခု သူပြုလုပ်မည့် အကဲဖြတ်မှုမှာ အမည်ခံသက်သက်သာ ဖြစ်ပေသည်။
မုရုံကျဲက သူ၏လေသံထဲရှိ စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ရန် ကြိုးစားရင်း တည်ငြိမ်စွာ ပြောလိုက်သည်။
“မျိုးနွယ်စု စုဝေးရာခန်းမဆောင်ထဲမှာ လုပ်ကြတာပေါ့...”
သူ၏ အနောက်ရှိ အကြီးအကဲများမှာ တုန်ယင်နေကြပြီ ဖြစ်ပြီး၊ ဘေးတွင် ငေးကြည့်နေခဲ့ကြသော အခြားမျိုးနွယ်စုဝင်များမှာလည်း အကဲဖြတ်မှုဟူသော စကားလုံးကို ကြားလိုက်ရချိန်တွင် မျက်နှာများ လင်းလက်သွားကြသည်။
အချို့ဆိုလျှင် သူတို့၏ သူငယ်ချင်းများကို သွားခေါ်ရန်ပင် ပြေးထွက်သွားကြလေသည်။
ယန်ချင်းက ခေါင်းညိတ်ရင်း ပြန်ဖြေလိုက်သည်။
“ကောင်းပါပြီ...”
မုရုံကျဲက လက်နှစ်ဖက်ကို ယှက်ကာ တောင်းဆိုသည့်ဟန်ဖြင့် တွန့်ဆုတ်စွာ မေးလိုက်သည်။
“တမန်တော်ယန်ချင်း... ကျန်တဲ့မျိုးနွယ်စုဝင်တွေပါ ကြည့်လို့ ရမလား၊ မျိုးနွယ်စုခန်းမဆောင်က တော်တော်လေး ကျယ်ဝန်းပြီး ရောက်လာမယ့် အဖွဲ့ဝင်တွေကလည်း အယောက်တစ်ရာလောက်ပဲ ရှိမှာမို့လို့ပါ...”
“ဒါက အရမ်းကို ကြီးကျယ်တဲ့ အခမ်းအနားတစ်ခုဖြစ်ပြီး၊ လူငယ်လေးတွေလည်း စိတ်အားထက်သန်မှု ရသွားအောင်လို့ သူတို့ကိုပါ ရှိနေစေချင်လို့ပါ...”
“ကျွန်တော်တို့အတွက်တော့ နောက်ကျသွားပြီ ဆိုပေမဲ့ သူတို့အတွက်တော့...”
ယန်ချင်းက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
“ကျွန်တော်ကတော့ ကိစ္စမရှိပါဘူး... သူတို့ကို ခေါ်လာခဲ့လို့ ရပါတယ်၊ အယောက်တစ်ရာတည်း ဖြစ်စရာ မလိုပါဘူး...”
“ခန်းမဆောင်ထဲ ဆံ့သလောက် အကုန်ခေါ်လာခဲ့လို့ ရတယ်၊ ဒါက ခင်ဗျားတို့ အားလုံးအတွက် အောင်ပွဲခံရမယ့် အချိန်ပဲလေ...”
“ အားလုံး ကိုယ်တိုင်မြင်တွေ့သင့်ပါတယ်၊ ပြီးတော့ အကဲဖြတ်ရေးလုပ်ငန်းစဉ်ကလည်း အချိန်သိပ်မကြာပါဘူး...”
သူ၏ တုံ့ပြန်မှုကြောင့် နေရာအနှံ့အပြားမှ ခိုးနားထောင်နေခဲ့ကြသော လူငယ်မျိုးနွယ်စုဝင်များထံမှ တခဲနက် အော်ဟစ်အားပေးသံကြီး ထွက်ပေါ်လာခဲ့သည်။
အကြီးအကဲများက မျက်စောင်းထိုး ကြည့်လိုက်ချိန်တွင်မှသာ သူတို့ ငြိမ်ကျသွားကြလေသည်။
ကျိုးရီနှင့် ကျိုးလီချင်တို့ နှစ်ယောက်လုံးမှာ ထိုလေထုနှင့် စိတ်ခံစားမှုများကြောင့် အံ့အားသင့်သွားကြသည်။
သူတို့၏ အသက်အရွယ်နှင့် ယခင်စတင်ရာ အမှတ်များအရ၊ ဤအခိုက်အတန့်သည် မုရုံမျိုးနွယ်စု အတွက် မည်မျှအရေးကြီးပြီး ဘဝကို ပြောင်းလဲစေနိုင်သနည်း ဆိုသည်ကို သူတို့ နားမလည်နိုင်ကြသေးပေ။
သူတို့အတွက်တော့ ၎င်းမှာ သာမန်အသိအမှတ်ပြုမှု တစ်ခုမျှသာ ဖြစ်နိုင်သော်လည်း၊ မုရုံမျိုးနွယ်စု အတွက်မူ ၎င်းသည် မရေမတွက်နိုင်သော မျိုးဆက်များစွာ၏ မျှော်လင့်ချက်များ ပြည့်ဝသွားခြင်း ဖြစ်သည်။
နှစ်ထောင်ပေါင်းများစွာ ကြာပြီးနောက် သူတို့သည် အဆင့် ၃ မျိုးနွယ်စု တစ်ခုအဖြစ်သို့ ပြောင်းလဲသွားနိုင်သည့် အထူး အရာတစ်ခုခု ဖြစ်ပေါ်လာနိုင်သော ခရီးစဉ်သစ် တစ်ခု၏ အစလည်း ဖြစ်ကာ၊ ထိုခရီးစဉ်အတွက် အဓိကတွန်းအားမှာ ယနေ့ ဖြစ်ပေါ်နေသော အကဲဖြတ်မှုပင် ဖြစ်သည်။
…
မိနစ်အနည်းငယ် အကြာတွင် သူတို့သည် မျိုးနွယ်စုခန်းမဆောင် အတွင်းသို့ ရောက်ရှိသွားကြသည်။
၎င်းမှာ အမိုးခုံးပုံစံ ရှေးဟောင်းအသွင်အပြင် ရှိပြီး၊ စိတ်ကိုတည်ငြိမ်စေသော နံ့သာတိုင် အနည်းငယ်ကို ထွန်းညှိထားသည်။
၎င်း၏ အရွယ်အစားအရ လူတစ်ထောင်ခန့်ကို အလွယ်တကူ ဝင်ဆံ့နိုင်သည်။
ခန်းမဆောင်အတွင်းတွင် ကျင့်ကြံရေးဖျာများကို သပ်ရပ်စွာ ခင်းကျင်းထားပြီး၊ ခန်းမဆောင်၏ မြောက်ဘက်တွင် အနည်းငယ်မြင့်သော စင်မြင့်တစ်ခု ရှိသည်။
ထိုစင်မြင့်တွင် ခန်းမဆောင်တစ်ခုလုံး၌ လျှို့ဝှက်ဆန်းကြယ်မှု အရိပ်အယောင်တစ်ခု ရှိနေသည်။
ယန်ချင်း၊ ကျိုးမောင်နှမ၊ အကြီးအကဲများနှင့် ထိုအမျိုးသမီးငယ်တို့ အားလုံး စင်မြင့်ပေါ်သို့ တက်သွားကြပြီး၊ အခြားစီနီယာအဖွဲ့ဝင်များက ဆူပူအုံကြွမှုများ မဖြစ်စေရန် အခြားအဖွဲ့ဝင်များ ဝင်ရောက်လာမှုကို စည်းကမ်းတကျ ဖြစ်အောင် ထိန်းသိမ်းပေးရန် သွားလိုက်ကြသည်။
မိနစ်အနည်းငယ်အကြာတွင် ခန်းမဆောင်တစ်ခုလုံး လူများ ပြည့်နှက်သွားသော်လည်း ကျပ်သိပ်နေသည်ဟု မခံစားရပေ။ .
လူကြီးလူငယ်အားလုံးက စင်မြင့်ဆီသို့ စိတ်လှုပ်ရှားစွာဖြင့် စိုက်ကြည့်နေကြပြီး၊ အခိုက်အတန့်တစ်ခုကို လွတ်သွားမည် စိုးသဖြင့် မျက်တောင်ပင် မခတ်ရဲကြပေ။
ချန်ရစ်ခံခဲ့ရသော အဖွဲ့ဝင်တစ်ဦးတစ်ယောက်မျှ မရှိပေ။
မုရုံမျိုးနွယ်စုမှာ ကြီးမားသောမျိုးနွယ်စုတစ်ခု မဟုတ်သဖြင့်၊ လူတစ်ထောင်ဆံ့သော ခန်းမဆောင်ကြီးက လူတိုင်းအတွက် အံဝင်ခွင်ကျ ဖြစ်နေပြီး အခြားသူများအတွက် နေရာအနည်းငယ်ပင် ပိုနေသေးသည်။
ယန်ချင်း ရောက်ရှိလာမည့် နေ့ရက်ကိုသာ သူတို့ သိခဲ့မည်ဆိုလျှင် အောင်ပွဲခံရန် သူတို့နှင့် ဆက်ဆံရေးကောင်းမွန်သော အခြားအဖွဲ့အစည်း အနည်းငယ်ကို ဖိတ်ကြားထားမည် ဖြစ်သော်လည်း၊ ယန်ချင်း၏ ရုတ်တရက် အလည်အပတ်ခရီးကြောင့် မျိုးနွယ်စုဝင်များသာလျှင် တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
သူ၏ဝတ်ရုံသည် ခမ်းနားထည်ဝါသော အပြာရင့်ရောင်တရားသူကြီးဝတ်စုံအဖြစ်သို့ ပြောင်းလဲသွားချိန်တွင် ယန်ချင်းက ညင်သာစွာ ပြောလိုက်သည်။
“စကြရအောင်...”
***