“ရှင် အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာပဲ…၊ မဟုတ်ကဟုတ်ကတွေ လိမ်ညာပြောနေတာ။ လူပုံ အလယ်မှာ ကျွန်မ ဒါကို သက်သေမပြနိုင်ဘူးဆိုတာ သိနေလို့ ရှင် တမင်သက်သက် ပြောနေတာ မလား…။”
သူမတွင် မည်သည့်သက်သေမှ မပြနိုင်သည်ကို သိရှိသွားသောအခါ ဟုန်လင်းက ထိုပြဿနာကို ထျန်ဖုန်းထံသို့ လွှဲချလိုက်ပြီး အော်ဟစ်လိုက်လေတော့သည်။
“ကျွန်မဟာကို အတုလို့ ရှင်က ပြောနေမှတော့ သက်သေထုတ်ပြလေ….။”
“ဟုတ်တယ်….မင်းဘက်က ပြောတဲ့စကား သက်သက်နဲ့တင် ငါတို့က ယုံရမှာလား…။”
ထျန်ဖုန်း၏ မျက်နှာမှာ တွေဝေသွားပြီး မည်သို့အတည်ပြုရမည်ကို မသိတော့သကဲ့သို့ ဖြစ်သွားသည်။
ထိုအချိန်တွင် ယွမ်လီကလည်း ထျန်ဖုန်းကို ကြည့်ကာ သူ၏သိုလှောင်အိတ်ကို ပြန်လည်လုယူရန် အခွင့် အရေးကို ချောင်းနေလေသည်။
“ဒါဆို ငါ့သိုလှောင်အိတ်ကို ခိုးသွားတာ မင်းပေါ့လေ….။”
ယွမ်လီ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ လျှံထွက်နေသည်။ ယခုအချိန် တွင် သူသည် သိုလှောင်အိတ်ကိုသာ အာရုံစိုက်ထားတော့သည်။
“မင်း စကားကိုတော့ ကြိုက်သလို လျှောက်ပြောလို့မရဘူး။ ဒီမှာ လူတွေအများကြီးရှိနေတာ ငါ့ကို မဟုတ်မတရား စွပ်စွဲလို့မရဘူး…။”
ထျန်ဖုန်းသည် မတရားစွပ်စွဲခံလိုက်ရသကဲ့သို့ ပြန်လည်တုံ့ပြန်လိုက်သည်။
“မင်းက ထျန်ဆန်းဖုန်း ဖြစ်နေမှတော့ ငါ့အိတ်ကို ခိုးတာ မင်းပဲနေမှာပေါ့….။”
ယွမ်လီက ချက်ချင်းပင် ဝန်ခံလာရန် ဖိအားပေးလိုက်သည်။
“ဟားဟားဟား... ကောင်းပြီလေ။ ငါ ထျန်ဆန်းဖုန်းက ဖြောင့်မတ်တဲ့သူတစ်ယောက်ပါ။ ဒီကိစ္စကို ဒီနေ့ပဲ အပြတ်ရှင်းကြတာပေါ့။ ပြောစမ်း... ငါ ဘယ်နေရာမှာ ခိုးတာလဲ၊ ဘယ်လိုခိုးတာလဲ၊ ဘယ်အချိန်၊ ဘယ်နေရာမှာလဲ….။”
ထျန်ဖုန်း၏ မျက်လုံးများမှာ နီမြန်းနေပြီး မဟုတ်မတရား စွပ်စွဲခံရသဖြင့် နာကျည်းဝမ်းနည်းနေပုံ ပေါ် နေလေသည်။
“ဒါကတော့...”
ယွမ်လီ တစ်ခဏမျှ စကားအမ်းသွားသည်။ ယီချွန်း ပြည့်တန်ဆာခန်းမ မှာ ပျောက်သွားတာပါဟု လူပုံ အလယ်တွင် သူ မည်သို့ပြောထွက်ပါမည်နည်း။
“တော်စမ်း…။ ရှင် ပြောတာမှန်တယ်ဆိုရင် သက်သေပြလေ။ ရှင်က အဓိပ္ပာယ်မရှိတာတွေ လျှောက် ပြောနေတာပဲ၊ မဟုတ်ရင် ရှင် ဘာလို့ စကားလမ်းကြောင်း လွှဲနေမှာလဲ…။”
ဟုန်လင်းကတော့ ထျန်ဖုန်းကို အလွယ်တကူ လွှတ်ပေးရန် အစီအစဉ်မရှိဘဲ ခွင့်မလွှတ်နိုင်အောင် ဖြစ် နေသည်။ ထျန်ဖုန်း စကားလမ်းကြောင်း လွှဲလိုက်သည်ကို မြင်သောအခါ သူ ကြောက်သွားပြီဟု သူမ ထင်မှတ်လိုက်ပြီး အခွင့်ကောင်းယူကာ ဖိအားပေးလိုက်သည်။ ဤကိစ္စကို အမြန်ဆုံး မဖြေရှင်းနိုင်ပါက ကောလာဟလများမှာ ပိုမိုဆိုးရွားလာတော့မည် ဖြစ်သည်။
“ဟုတ်တယ်... ထျန်ဆန်းဖုန်းက အလကားလျှောက်ပြောနေတာ ထင်တယ်….။”
“မှန်တယ်... မဟုတ်ရင် သူ ဘာလို့ စကားလမ်းကြောင်း လွှဲစရာအကြောင်းရှိလဲ…။”
“ဟင်း... အဲဒီနှာဘူးကောင်၊ နတ်မိမယ်လင်းကို အမြတ်ထုတ်ရုံတင်မကဘူး၊ ဂုဏ်သိက္ခာကိုပါ ဖျက်ဆီးဖို့ ကြိုးစားနေတာပဲ…။”
ပတ်ဝန်းကျင်မှ လူများစွာသည်လည်း ထိုနေရာသို့ စုပြုံရောက်ရှိလာကြပြီး ထျန်ဆန်းဖုန်းကို ဝိုင်းဝန်း မေးခွန်းထုတ်လာကြလေသည်။ သူတို့သည် ဟုန်လင်းဘက်မှ ရပ်တည်ပေးနေခြင်း မဟုတ်ဘဲ ထျန်ဖုန်း က သူမကို ထိတွေ့နိုင်ခဲ့ခြင်းအပေါ် မနာလိုဖြစ်နေကြခြင်းသာ ဖြစ်လေသည်။
ထျန်ဖုန်းက လူအုပ်ကြီးကို ကြည့်ကာ မျက်နှာတစ်ခုလုံး ဖြူလျော့သွားပြီး မျက်ရည်များပင် ဝဲတက်လာ ခဲ့လေသည်။
သူက ရှိုက်သံလေးဖြင့် မျက်ရည်ခံထိုးသည့်ဟန်ဖြင့် ပြောလိုက်လေသည်။
“ငါ မလိမ်ပါဘူး…၊ ပြီးတော့ သူ့သိုလှောင်အိတ်ကိုလည်း ငါမခိုးဘူး။ ငါ ထျန်ဆန်းဖုန်းက ဖြောင့်မတ်တဲ့ သူပါ။ ငါ့သိက္ခာက ငါ့အသက်ထက်တောင် အရေးကြီးသေးတယ်….။”
ထိုစကားကြောင့် ပရိသတ်အချို့က သနားသွားကြသော်လည်း အချို့ကမူ သူသည် ကျဉ်းထဲကျပ်ထဲ ရောက်မှ ဇွတ်ငြင်းနေခြင်းဟု ထင်မြင်ကြလေသည်။
“ဟူး... လူငယ်ဆိုတာ မှားတတ်တာပဲ။ တောင်းပန်လိုက်ရင် ပြီးသွားမှာကို။ နတ်မိမယ်လင်းက သဘော ထားကြီးတဲ့သူဆိုတော့ မင်းကို ခွင့်လွှတ်ပေးမှာပါ…။”
“ရမ္မက်စိတ်ဆိုတာ နှစ်ဖက်သွားဓားပဲ။ မင်း လမ်းမှားမရောက်ခင် နတ်မိမယ်လင်းကို အမြန်ဆုံး တောင်းပန်လိုက်တာ ကောင်းပါတယ်…။”
ဟုန်လင်းသည် စိတ်အခြေအနေ ကောင်းသွားပြီး သူမ၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ပေါ်လာ ခဲ့လေသည်။
*ဟားဟား... ထျန်ညီအစ်ကိုတွေက လူယုတ်မာတွေ၊ ရင်ဆိုင်ရခက်တယ်လို့ လူတိုင်းပြောနေကြတာ၊ အခုကြည့်တော့လည်း ဘာမှမဟုတ်ပါလား…။*
သို့သော် သူမ ငုံ့ကြည့်လိုက်မိချိန်တွင် အပြုံးများ တန့်သွားသည်။ ဘာပဲဖြစ်ဖြစ် သူမ အမြတ်ထုတ်ခံလိုက်ရသည်မှာ အမှန်ပင်။ နောက်မှ ထိုကောင်၏ လက်များကို ဖြတ်ပစ်မည်ဟု သူမ ကျိန်းဝါးထားလိုက်သည်။
“ခင်ဗျားတို့အားလုံး ကျုပ်ကို မယုံကြဘူးပေါ့လေ…။”
ထျန်ဖုန်း၏ မျက်နှာမှာ သေလူကဲ့သို့ ဖြူလျော့နေသည်။
ခဏအကြာတွင် သူက အံကို ကြိတ်ကာ ပြောလိုက်သည်။
“ငါ မလိမ်ဘူးဆိုတာ သက်သေပြဖို့ နည်းလမ်းတစ်ခု ရှိပါတယ်…။”
“ဟင်း... ရှင်က ကျွန်မကို ပူးပေါင်းပေးစေချင်တာလား….။” ဟုန်လင်းက နှာခေါင်းရှုံ့လိုက်သည်။
“မဟုတ်ဘူး၊ မင်း အဲဒီမှာ ငြိမ်ငြိမ်လေး ရပ်နေရုံပဲ….။”
ထျန်ဖုန်း၏ မျက်နှာက ပြန်လည်တည်ငြိမ်သွားသည်။ သူက ပတ်ဝန်းကျင်ကို လွမ်းမောစွာ ကြည့်လိုက် ပြီး ဝမ်းနည်းခြင်းကြီးစွာဖြင့် ပြောလိုက်လေသည်။
“ငါ ခံစားခဲ့ရတဲ့ အရှက်ခွဲမှုတွေကို ငါ့ဘာသာ ဆေးကြောပြီး ငါ မလိမ်ခဲ့ဘူးဆိုတာ သက်သေပြမယ်။ ငါ ထျန်ဆန်းဖုန်းက တကယ်တော့လူသားတစ်ယောက်ပါပဲ…။”
သူ ဘာကို ဆိုလိုသနည်းဟု လူတိုင်းက နားမလည်နိုင်ဘဲ ကြည့်နေကြသည်။
“ငါ သေသွားပြီဆိုရင်တော့ ဘယ်သူမှ ဒါကို သံသယရှိတော့မှာ မဟုတ်ဘူးမလား….။”
ထျန်ဖုန်း၏ ထိုစကားတစ်ခွန်းသည် မိုးကြိုးပစ်လိုက်သကဲ့သို့ လူတိုင်းကို အံ့အားသင့်သွားစေသည်။
“ဘာ….။”
“အဲဒီလောက်အထိ လုပ်ဖို့ မလိုပါဘူးကွာ…။”
“မောင်ရင်... မင်းက ငယ်ပါသေးတယ်…။”
ဟုန်လင်းနှင့် အခြားသူများကမူ တည်ငြိမ်နေဆဲပင်။ ထျန်ဆန်းဖုန်းကဲ့သို့ လူစားမျိုးက ကိုယ့်ကိုယ်ကိုယ် သတ်သေလိမ့်မည်ဟု သူတို့ မယုံကြည်ကြချေ။ သူသည် အခြားသူများ တားမြစ်လာစေရန် ဟန်ဆောင် နေခြင်းသာဖြစ်သည်ဟု သူတို့ တွေးနေကြသည်။
“ငါ့ကို လာမဖျောင်းဖျကြနဲ့၊ ငါ ဆုံးဖြတ်ပြီးပြီ…။”
ထျန်ဖုန်းသည် လက်ဝှေ့ယမ်းကာ စင်မြင့်အလယ်တွင် တင်ပျဉ်ခွေ ထိုင်ချလိုက်သည်။ သူက လက်ဟန် သင်္ကေတ အချို့ကို ဖော်ဆောင်လိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို မီးတောက်နည်းစနစ်ဖြင့် လွှမ်းခြုံလိုက် လေတော့သည်။
ချက်ချင်းပင် သူ၏ အဝတ်အစားများ မီးလောင်ကျွမ်းသွားပြီး အသားကင်နံ့များပင် ထွက်ပေါ်လာခဲ့လေ သည်။
ဟုန်လင်းနှင့် အခြားသူများမှာ တုန်လှုပ်သွားခဲ့ကြလေတော့သည်။
*တကယ်ပဲ အသက်နဲ့လဲပြီး လုပ်မှရမှာလား…*
နောက်တစ်စက္ကန့်တွင် ထျန်ဖုန်း၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ဖောင်းကားလာခဲ့လေသည်။
“သူ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲတော့မယ်…။”
“သတိထားကြ…။”
“ဝုန်း….”
စင်မြင့်အလယ်တွင် ဗုံးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ ဖြစ်သွားပြီး မီးလောင်နေသော အဝတ်စများနှင့် အသားစများ လေထဲသို့ လွင့်စင်သွားကာ ဘာမှမကျန်တော့ချေ။
ထို့နောက်တွင် ကောင်းကင်နှင့် မြေကြီးတစ်ပြင်လုံး ပဲ့တင်ထပ်သွားသော နာကျင်စရာ အသံတစ်ခု ထွက်ပေါ်လာလေသည် ။
“ငါ ထျန်ဆန်းဖုန်းဟာ တစ်သက်လုံး ဖြောင့်ဖြောင့်မတ်မတ် နေလာခဲ့တာ၊ ဘယ်တုန်းကမှ မလိမ်ခဲ့ဘူး။ ဟုန်လင်းရဲ့ ဟာတွေက အတုတွေပဲ၊ ပြီးတော့ ယွမ်လီရဲ့ သိုလှောင်အိတ်ကိုလည်း ငါမခိုးဘူး…။ ဟုန်မိသားစုက ငါ့အစ်ကိုကြီးကို သတ်တယ်၊ ငါ့အစ်ကိုလတ်ကို သေအောင်လုပ်တယ်၊ အခုတော့ ငါ့ကို ပါ သေအောင် တွန်းပို့လိုက်ပြီ။ ငါ့ရဲ့ စတုတ္ထမြောက်ညီက မင်းတို့ကို အလွတ်ပေးမှာ မဟုတ်ဘူး…။”
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားလေသည်။ ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်နေ ခဲ့သည်။ လူတိုင်းသည် စင်မြင့်ပေါ်တွင် ပေါက်ကွဲသွားသော ကျင်းကြီးကို ကြည့်ကာ ဆွံ့အနေကြသည်။
“ထျန်ဆန်းဖုန်း ပြောတာ မှန်ပုံရတယ်။ သူက အသက်နဲ့လဲပြီး သက်သေပြသွားတာပဲ…။”
“ဟုတ်တယ်... ဘယ်လောက်တောင် ရိုးသားတဲ့ ကလေးလေးလဲ….။”
“နှမြောစရာပဲ... ငါ သူ့ကို ယုံပေးခဲ့သင့်တာ။ ဒါတွေအားလုံး ရှင့်ကြောင့်...။”
အမျိုးသမီးတစ်ဦးက ဘေးမှလူကို ဒေါသတကြီး ကြည့်ကာ ပြောလိုက်သည်။
“ဒါ... ဒါကတော့...”
ထိုလူသည်လည်း စကားမပြောနိုင်ဘဲ ရှက်ရွံ့စွာ ခေါင်းငုံ့သွားတော့သည်။
ဟုန်မိသားစု၏ အရှိန်အဝါနှင့် ဟုန်လင်း၏ စွမ်းအားကြောင့် လူအများက အပြင်ပန်းတွင် ဘာမှမပြောရဲ သော်လည်း စိတ်ထဲတွင် မှတ်ထားလိုက်ကြပြီ ဖြစ်သည်။ ဟုန်လင်းရဲ့ဟာတွေက အတုကြီးများ ဆိုသည်မှာ ယခုအခါ ငြင်းမရသော အချက်ဖြစ်သွားလေပြီ။
“သွားပါပြီ...။”
ဟုန်လင်း၏ မျက်နှာမှာ ဖြူလျော့သွားပြီး ခြေထောက်များ မခိုင်တော့ဘဲ မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။ သူမ၏ ဂုဏ်သိက္ခာမှာ လုံးဝပျက်စီးသွားပြီဖြစ်ကြောင်း သူမ သိလိုက်သည်။ လူပုံ အလယ်တွင် အမှန်အတိုင်း ထုတ်ပြနိုင်မှသာ အရှက်ကွဲခြင်းမှ လွတ်မည်ဖြစ်သော်လည်း ၎င်းမှာ မည်သို့ မျှ မဖြစ်နိုင်သော ကိစ္စပင်ဖြစ်သည်။
ယွမ်လီက သူမကို ရွံရှာသော အကြည့်ဖြင့် ကြည့်လိုက်သည်။ သူသည် ဟုန်လင်း၏ အရည်အချင်းနှင့် ခန္ဓာကိုယ်အလှကြောင့် သူမနောက်သို့ လိုက်ခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုမူ မည်သည့်အရာက အစစ်၊ မည်သည့်အရာက အတုမှန်း မသိတော့ချေ။ ထျန်ဆန်းဖုန်းက အသက်နှင့်လဲပြီး ပြောသွားသည်ဖြစ်ရာ သူသည် ထျန်ဆန်းဖုန်း စကားကို ပို၍ယုံကြည်မိနေသည်။
*ဟုန်လင်းက တကယ့် နိမိတ်မကောင်းတဲ့ မိန်းမပဲ။ ငါ သူ့နောက်လိုက်ပြီး ဖျင်ကျန်းမြို့ကို လာခဲ့မိလို့ အရှက်လည်းကွဲ၊ သိုလှောင်အိတ်နဲ့ လှေပျံပါ အခိုးခံလိုက်ရတယ်။ အခုမှ သူမဟာကြီးက အတုမှန်း ငါသိတော့တယ်…။*
‘တောက်….။’
ထိုနေရာရှိ မည်သူမျှ ထျန်ဖုန်း သေဆုံးသွားခြင်းအပေါ် မပျော်နိုင်ကြချေ။ ဟုန်ကျန့်လင်သည် ထျန်အာဖုန်းက သူတို့ဘိုးဘွားသင်္ချိုင်းကို ဝင်တိုက်စဉ်က ခံစားချက်မျိုးကို ပြန်လည်ခံစားလိုက်ရသည်။ ရန်သူကို လက်စားချေလိုက်ရသော်လည်း သူ အောင်ပွဲခံလိုစိတ် မရှိချေ။
“ထျန်ဆန်းဖုန်းရဲ့ အရိုးပြာတွေကို စုပြီး ခွေးကျွေးလိုက်စမ်း….။”
ဟုန်ကျန့်လင်က ဘေးမှအစေခံကို အားနည်းစွာ ပြောလိုက်လေသည်။
“သခင်ကြီး... ထျန်ဆန်းဖုန်းက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်လိုက်တာဆိုတော့ အရိုးပြာတောင် မကျန် တော့ပါဘူး…။”
ဟုန်ကျန့်လင်က ကောင်းကင်ကို ကြည့်ကာ မှိုင်တွေသွားသည်။
*အကယ်၍ ထျန်စစ်ဖုန်း (ထျန်လေးဖုန်း) နှင့် ထပ်တွေ့ရင် ငါ ဘာလုပ်ရမလဲ….။*
*အမြွှာဆိုတာက တစ်မျိုး၊ အခုဟာက လေးမြွှာပူးကြီး။ ဘယ်သူကများ ဒီလောက်အထိ မွေးထား ရတာလဲ…။ သူတို့အားလုံးကသာ ဒီကောင်တွေလို ကိုယ်ကျင့်တရား မရှိကြဘူးဆိုရင်... *
…………
ဖျင်ကျန်းမြို့ ပြင်ရှိ တိတ်ဆိတ်သော ဂူတစ်ခုအတွင်းတွင် အရိပ်တစ်ခုသည် တဖြည်းဖြည်း ပုံပေါ် လာခဲ့သည်။ ထျန်ဖုန်းသည် လေထဲမှ ပေါ်လာပြီး သူ၏ အဝတ်အစားများကို ကျွမ်းကျင်စွာ ဝတ်ဆင် လိုက်လေသည်။
သူသည် စင်ပေါ်သို့ မတက်မီကပင် သိုလှောင်အိတ်ကို စနစ်သိုလှောင်ခန်းထဲသို့ ထည့်ထားခဲ့ပြီး ဓားကို လည်း ငှားရမ်းခဲ့ခြင်းပင်ဖြစ်သည်။
“စနစ်... ငါ့ဆုလာဘ်ကောဘယ်မှာလဲ….။ မင်းကို အမြဲတမ်း မေးနေရတာပဲ….။”
[ဂုဏ်ယူပါတယ် ပိုင်ရှင်... ပိုင်ရှင်က သေလမ်းရှာရာမှာ အောင်မြင်ခဲ့ပါတယ်။ ပိုင်ရှင်ရဲ့ သေဆုံးမှုက တကယ့်ကို ပြောင်မြောက်လှပြီး ဟုန်လင်းရဲ့ သိက္ခာမှာလည်း တစ်သက်စာ အမည်းစက် ထင်ကျန် သွားစေခဲ့ပါပြီ။ ဆုလာဘ် - တိုက်ပွဲဝင်အမှတ် (၃၅၀) ရရှိပါတယ်။]
“မဆိုးပါဘူး…။”
ထျန်ဖုန်း အလွန်ကျေနပ်သွားသည်။ မည်သို့ပင်ဖြစ်စေ သူသည် ဟုန်လင်းကို မဟုတ်မတရား စွပ်စွဲခဲ့ ခြင်းသာ ဖြစ်၏။ အကယ်၍ သူမက မျက်နှာပြောင်တိုက်ရဲလျှင် ပြဿနာမရှိနိုင်သော်လည်း ယခုအခြေ အနေတွင်မူ သူမအတွက် အလွန်ခက်ခဲသွားပြီဖြစ်သည်။
သူ၏ လက်ကျန်အမှတ်များကို စစ်ဆေးလိုက်လေသည်။
[တိုက်ပွဲဝင်အမှတ်: (၁၁၀၀)။]
[အပြေးဒင်္ဂါးများ: (၇၀၀)။]
ဘာဝယ်ယူရမည်မှန်း မသိသေးသဖြင့် သိမ်းဆည်းထားရန်သာ ဆုံးဖြတ်လိုက်သည်။ ထျန်ဖုန်းသည် အမှတ်တရ ဓာတ်ပုံတစ်ပုံ ရိုက်ယူလိုက်ပြီးနောက် ရုပ်ဖျက်ကာ ဖျင်ကျန်းမြို့သို့ ပြန်လှည့်လာခဲ့သည်။ ဖျင်ကျန်းမြို့၏ တုံ့ပြန်မှုကို သူ မြင်ချင်သေးသည်။ အထူးသဖြင့် ဟုန်လင်း၏ တုံ့ပြန်မှုကိုပေါ့။
*သူမက လူပုံအလယ်မှာ အစစ်ဖြစ်ကြောင်း သက်သေပြရဲပါ့မလား…။*
အမြန်သွားမှဖြစ်ချေမည်၊ မဟုတ်လျှင် ကြည့်ရတော့မည် မဟုတ်ပေ။ နဂိုက ခံစားချက်ကို ပြန်တွေးမိ ရင်း ထျန်ဖုန်းသည် ထိုနေ့ တစ်နေ့လုံး လက်မဆေးရန် ဆုံးဖြတ်လိုက်လေတော့သည်။
*အော်... ပြီးတော့ ယွမ်လီလည်း ရှိသေးတာပဲ၊ သူ ဒီတစ်ခါ သူ့အိတ်ကို ဘယ်မှာ သွားရှာဦးမလဲ မသိဘူး။ မြစိမ်းတောင်တန်းဂိုဏ်းက လူလေးယောက်မှာ နှစ်ယောက်ကတော့ တော်တော်လေးကို သနားစရာ ကောင်း နေပြီ….။*
ဤသည်ကို တွေးမိတိုင်း ထျန်ဖုန်း ရယ်ချင်စိတ်ကို မနည်းအောင့်ထားရလေသည်။
သူတို့ ဘာအမှားတွေများ လုပ်မိခဲ့လို့ပါလဲ….။ ဖျင်ကျန်းမြို့ကို တက်ကြွစွာနဲ့ လာခဲ့ကြသော်လည်း အခု တော့ အကြီး အကျယ် ရှုံးနိမ့်သွားရလေ၏….။
***