ထိုညမှာပင် ဟုန်လင်းနှင့် ထျန်ဆန်းဖုန်းတို့၏ သတင်းမှာ ဖျင်ကျန်းမြို့တစ်ခွင် မီးဟုန်းဟုန်းတောက် သကဲ့သို့ ပျံ့နှံ့သွားတော့သည်။ အမှန်စင်စစ် ဤသတင်းမှာ အလွန်တုန်လှုပ်ဖွယ်ရာ ကောင်းလှသည် မဟုတ်ပါလား။ နတ်မိမယ်လင်းဟာများမှာ တကယ်ပင် အတုကြီးများ ဖြစ်နေသည်တဲ့လား။
စားသောက်ဆိုင်အတွင်းတွင်လည်း စကားပြောသံများ၊ ဝေဖန်သံများဖြင့် ဆူညံပွက်လောရိုက်နေ လေသည်။
“မင်း ကြားပြီးပြီလား….။ နတ်မိမယ်လင်း အကြောင်းလေ…။”
“လူတစ်ယောက်ရဲ့ မျက်နှာကိုသာ မြင်နိုင်ပေမဲ့ စိတ်ကိုတော့ မသိနိုင်ဘူးဆိုတာ ဒါကို ပြောတာပဲ…။”
“လောကကြီးကတော့ ပျက်စီးနေပြီ၊ လူတွေရဲ့ စိတ်ထားကလည်း အရင်လို မဟုတ်တော့ဘူး…။”
“ဒီသတင်းက အတုများလား…. တစ်ယောက်ယောက်က နတ်မိမယ်လင်းကို တမင်သက်သက် နာမည် ဖျက်နေတာ မဟုတ်ဘူးလား…။”
ထိုအချိန်တွင် အမှန်တရားကို မသိသေးသော လူတစ်ဦးက သံသယဖြင့် မေးခွန်းထုတ်လိုက်လေသည်။
မမျှော်လင့်ဘဲ သူ၏စကားကြောင့် ဘေးပတ်ဝန်းကျင်ရှိ လူအများမှာ ဒေါသထွက်သွားကြပြီး သူ့ကို လူအန္တတစ်ယောက်ကဲ့သို့ ဝိုင်းကြည့်နေကြလေသည်။
“ငတုံးလေး... ဒါက ထျန်ဆန်းဖုန်းက သူ့အသက်နဲ့လဲပြီး ဖော်ထုတ်ခဲ့တဲ့ လျှို့ဝှက်ချက်ကွ…။”
“ပါးစပ်ပိတ်ထားစမ်း... မသိဘဲနဲ့ လျှောက်မပြောနဲ့…။ ထျန်ဆန်းဖုန်းရဲ့ စကားကို မင်းက သံသယဝင်ရဲ တယ်ပေါ့လေ…။”
“သခင်လေးထျန်က ငါတို့လို ယောကျ်ားသားတွေအတွက် အမှန်တရားကို အသက်နဲ့လဲပြီး ရှာပေးခဲ့တာ။ မင်းက ဘာမို့လို့ သခင်လေးထျန်ကို စော်ကားရတာလဲ…။”
“ဟူး... ထျန်အာဖုန်းကော ထျန်ဆန်းဖုန်းကောက တကယ့်ကို ရှားပါးတဲ့ သူရဲကောင်းတွေပဲ….။”
တစ်စုံတစ်ဦးက ထျန်အာဖုန်း၏ လုပ်ရပ်များကို ပြန်လည်အမှတ်ရရင်း အာမေဍိတ်သံပြုလိုက်သည်။
“ဟုတ်တယ်... တစ်မိသားစုလုံးက သူရဲကောင်းတွေပဲ…။ သူတို့မှာ နောက်ထပ် ညီအစ်ကိုတစ်ယောက် ကျန်သေးတယ်လို့ ကြားတယ်….။”
“ထျန်စစ်ဖုန်း က ဘယ်လိုလူမျိုးများ ဖြစ်မလဲဆိုတာ ငါ တကယ် သိချင်မိတယ်….။”
ထိုအချိန်တွင် သူတို့ ပြောနေကြသော ထျန်စစ်ဖုန်း မှာမူ အခြားစားပွဲတစ်ခုတွင် ထိုင်နေရင်း ပါးစပ်ကို လက်ဖြင့်ပိတ်ကာ ရယ်ချင်စိတ်ကို မနည်းအောင့်ထားနေရလေသည်။
ထျန်ဖုန်းက အားရပါးရ ရယ်မောနေနိုင်သော်လည်း ဟုန်လင်းနှင့် ယွမ်လီတို့မှာမူ ငိုချင်စိတ် ပေါက်နေ ကြပြီ ဖြစ်သည်။ ဟုန်လင်းသည်လည်း အပြင်တွင် ပျံ့နှံ့နေသော ကောလာဟလများကို ကြားသိရသည်။ သူမသည် မြို့ထဲရှိ လူအားလုံးကို သတ်ပစ်လိုက်ချင်သော်လည်း ချင်းရှောင်းမင်းဆက်၏ နယ်မြေဖြစ် နေသောကြောင့် မသတ်ရဲချေ။
ချင်းရှောင်းမင်းဆက်သည် သာမန်လူသားများ၏ အုပ်ချုပ်မှုအောက်တွင် ရှိသော်လည်း ဂိုဏ်းကြီးများ နှင့် စာချုပ်ချုပ်ဆိုထားသောကြောင့် ကျင့်ကြံသူများသည် သာမန်လူများကို အကြောင်းမဲ့ သတ်ဖြတ် ခြင်း မပြုနိုင်ချေ။ သတ်ဖြတ်မိပါက ဂိုဏ်းပေါင်းစုံ၏ တိုက်ခိုက်မှုကို ခံရပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ဂိုဏ်းများ၏ တပည့်အများစုမှာ သာမန်လူသားလောကမှ လာခြင်းဖြစ်သော ကြောင့် လူသားများ နည်းပါးသွားပါက ဂိုဏ်းများအတွက် ပါရမီရှင်များလည်း နည်းပါးသွားမည် ဖြစ်သည်။
ထို့ကြောင့် သာမန်လူများကို သတ်ဖြတ်ခြင်းသည် ဂိုဏ်းတစ်ခု၏ အခြေခံအုတ်မြစ်ကို ဖျက်ဆီးခြင်းပင် ဖြစ်သည်။ ဟုန်လင်းကဲ့သို့ ချီစွမ်းအင်သန့်စင်ခြင်း အဆင့် (၈) သာရှိသော ကျင့်ကြံသူ မဆိုထားနှင့်၊ သူမ ၏ ဆရာကိုယ်တိုင်ပင်လျှင် အကြောင်းမဲ့ လူအများအပြားကို မသတ်ရဲချေ။
ပြဿနာကို ဖြေရှင်းရန် နည်းလမ်းမရှိသဖြင့် ဟုန်လင်းမှာ ပို၍ပင် ဒေါသထွက်လာသည်။ သူမသည် ဂိုဏ်းတူမောင်နှမများကို ခေါ်လာပြီး ဒေါသဖြေရန် ကြံစည်ခဲ့သော်လည်း ယခုမူ သူမနှင့် စီနီယာအစ်ကို ယွမ်လီတို့ပါ အကြီးအကျယ် အရှက်ကွဲခဲ့ရသည်။ စီနီယာအစ်ကို ယွမ်လီမှာလည်း သူမနှင့် ခပ်ကွာကွာ နေကာ ညတိုင်း ဂျူနီယာညီလေး ဝူနှင့်အတူ အပြင်တွင်သာ အချိန်ဖြုန်းနေတော့လေသည်။
“ဒါတွေအားလုံးက အသုံးမကျတဲ့ ဟုန်ထော့ကြောင့်ပဲ။ သူသာ ပြဿနာမရှာခဲ့ရင် ဒါတွေ ဖြစ်လာမှာ မဟုတ်ဘူး…။”
ဟုန်လင်းသည် ဟုန်ထော့၏ အခန်းဘက်သို့ ဒေါသတကြီး လျှောက်သွားစဉ် အတွင်းမှ ဟုန်ထော့၏ မောက်မာသော ရယ်သံကို ကြားလိုက်ရသည်။
“ဟားဟားဟား... အဲဒီမိန်းမစုတ်က နောက်ဆုံးတော့ ထိုက်တန်တဲ့ အကျိုးပေးကို ခံလိုက်ရပြီပေါ့….။”
“တကယ် ရယ်တယ်..။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ဘာလို့ ဒီလောက် မြန်မြန် ကြီးလာတာလဲလို့ ငါ စဉ်းစားနေတာ။ တစ်ယောက်ယောက်က နေ့တိုင်း နှိပ်နယ်ပေးနေရင်တောင် အဲဒီလောက် မကြီးနိုင် ဘူးလေ…။”
“အခုမှပဲ ငါ နားလည်တော့တယ်…။”
“ထျန်မိသားစု ညီအစ်ကိုတွေကို သွားရှုပ်ရဲတယ်ပေါ့လေ…။ အဲဒီလူယုတ်မာတွေက မင်းတို့ ရှုပ်ချင်တိုင်း ရှုပ်လို့ရတဲ့ လူစားမျိုးတွေ မဟုတ်ဘူးကွ....။”
ဟုန်လင်း၏ မျက်နှာမှာ ပို၍ပင် မည်းမှောင်သွားသည်။ ဟုန်ထော့က သူကိုယ်တိုင် အရင်စခဲ့သည်ကို မေ့နေပုံရသည်။ သူမသည် ဟုန်ထော့ကြောင့်သာ ဤကိစ္စတွင် ပါဝင်ပတ်သက်ခဲ့ရခြင်း မဟုတ်ပါလား။
“ဒုန်း…”
သူမက တံခါးကို ကန်ဖွင့်လိုက်ရာ ဟုန်ထော့၏ ရယ်သံမှာ ရုတ်ချည်း ရပ်တန့်သွားသည်။ သူသည် ထျန်ညီအစ်ကိုများ ရောက်လာပြီဟု ထင်မှတ်ကာ ကြောက်လန့်သွားသော်လည်း ဝင်လာသူမှာ ဟုန်လင်း ဖြစ်နေသဖြင့် စိတ်အေးသွားခဲ့ရသည်။
*အော်... အတုနဲ့ မိန်းမကြီးကိုး….* ဟု သူက စိတ်ထဲမှ ကျိန်ဆဲလိုက်သေးသည်။
“နင်...”
ဟုန်လင်းသည် သူ့ကို သတ်ပစ်ချင်နေသည်မှာ ကြာပြီဖြစ်သော်လည်း မောင်အရင်းကို သတ်သည် ဟူသော နာမည်ဆိုးကို မယူချင်သဖြင့် စိတ်ကိုထိန်းထားလိုက်ရသည်။
“နင်သာ ထျန်မိသားစုကို သွားမရန်စခဲ့ရင် ဒီလိုတွေ ဖြစ်လာပါ့မလား…။ နင်ကတော့ အမြဲတမ်း ပြဿနာပဲရှာနေတာပဲ…။”
ဟုန်လင်းက လက်ကို ဝှေ့ယမ်းလိုက်ရာ ဟုန်ထော့မှာ အေးစက်သော အငွေ့အသက်ကြောင့် တုန်ရင်သွား လေသည်။
ဟုန်လင်းသည် ထျန်ဆန်းဖုန်း မသေခင် ပြောသွားသော စကားကို ပြန်လည် အမှတ်ရမိသွားသည်။
*ထျန်မိသားစုတွင် နောက်ထပ် ညီတစ်ယောက် ကျန်သေးသည်တဲ့…။*
ထျန်အာဖုန်း ပြောခဲ့သည့်အတိုင်းဆိုလျှင် ညီအစ်ကိုများထဲတွင် နောက်မှမွေးသူက ပါရမီ ပိုမြင့်သည်ဟု ဆိုကြလေသည်။ ထို့ကြောင့် ထျန်စစ်ဖုန်းမှာ ချီစွမ်းအင်သန့်စင်ခြင်း အဆင့် (၉) သို့မဟုတ် အနည်းဆုံး အဆင့် (၈) တွင် ရှိနေပေလိမ့်မည်။
အကယ်၍ သူမသာ ဟုန်မိသားစုမှ ထွက်ခွာသွားပါက ထျန်စစ်ဖုန်းက ဟုန်မိသားစုကို တစ်ယောက် တည်းနှင့် အမှုန့်ချေပစ်နိုင်ပေသည်။ ထိုအချိန်တွင် ဟုန်လင်းသည် လေးလေးနက်နက် စဉ်းစားလိုက်မိ သည်။ သူမသည် မိဘများအပေါ် သံယောဇဉ် အနည်းငယ် ရှိသော်လည်း ငယ်စဉ်က သူမကို နှိပ်စက် ခဲ့ကြသည်ကို ပြန်မြင်ယောင်နေမိသည်။
သူမသည် အသက် (၁၂) နှစ်အရွယ်တွင် ဟုန်မိသားစုကို စွန့်ခွာခဲ့ကာ မြစိမ်းတောင်တန်းဂိုဏ်းသို့ ဝင်ရောက်ခဲ့သူ ဖြစ်သဖြင့် မိသားစုအပေါ် ချစ်ခြင်းမေတ္တာလည်း သိပ်မကျန်တော့ချေ။ ထို့ပြင် ကျင့်ကြံ ခြင်းလမ်းစဉ်သို့ လျှောက်လှမ်းခြင်းသည် လောကီအနှောင်အဖွဲ့အားလုံးကို ဖြတ်တောက်ခြင်းပင် ဖြစ် သည်။ သူမသည် ထျန်ညီအစ်ကိုများ၏ ယုတ်မာမှုများကို ကိုယ်တိုင်တွေ့ကြုံခဲ့ရသဖြင့် ထျန်စစ်ဖုန်းကို ရင်ဆိုင်ရန် သတ္တိမရှိတော့ချေ။
“ထားလိုက်ပါတော့လေ... အရာရာဟာ ဖြစ်သင့်သလို ဖြစ်လာမှာပါ….။”
သူမသည် အလွန်ပင် ပင်ပန်းနေပြီဖြစ်ရာ ဟုန်မိသားစု၏ ကိစ္စများတွင် ထပ်မံ မပါဝင်ချင်တော့ချေ။ ဟုန်မိသားစု၏ ကံကြမ္မာကို သူတို့ဘာသာ ရင်ဆိုင်စေတော့မည်။ သူမအနေဖြင့် ကျင့်ကြံခြင်းအပေါ် မှာသာ အာရုံစိုက်ချင်တော့သည်။
ဟုန်လင်းသည် ဟုန်ထော့ကို ဒေါသဖြေပြီးနောက် ထွက်လာခဲ့သည်။ သေလူတစ်ယောက်နှင့် စကားများ နေရန် မလိုအပ်ဟု သူမ ယူဆလိုက်သည်။
ယွမ်လီမှာမူ နာကျင်မှုနှင့် ပျော်ရွှင်မှုတို့ကို တစ်လှည့်စီ ခံစားနေရပြီး ဂျူနီယာညီလေး ဝူ၏ ဆွဲခေါ်မှု ကြောင့် ပြည့်တန်ဆာခန်းမတွင် အချိန်ဖြုန်းနေရသည်။ ပျော်ပါးနေရင်းနှင့်လည်း သူ၏ သိုလှောင်အိတ် ဘယ်ရောက်သွားသနည်းဟု သူ စဉ်းစားနေမိသည်။
*တောက်….။ ထျန်ဆန်းဖုန်းက သေသွားပြီဆိုတော့ ငါ့အိတ်ကို ဘယ်သူ ခိုးသွားတာလဲကွာ။ ဟုန်ထော့ ကလည်း အဲဒီညကလူက ထျန်ဆန်းဖုန်းပါလို့ ဘာလို့ ပြောတာလဲ… သူ မှားသွားတာလား..။*
ယွမ်လီ၏ ခေါင်းမှာ ပေါက်ကွဲမတတ် ဖြစ်နေသည်။
*အာ... တကယ် စိတ်ရှုပ်ဖို့ ကောင်းတာပဲ! လေးမြွှာပူးဆိုတာမျိုး မရှိနိုင်ပါဘူး။ ငါတော့ သူတို့ကို ခွဲတောင် မခွဲနိုင်တော့ဘူး…။*
ယွမ်လီသည် အတွေးများကို ရပ်တန့်လိုက်ကာ နောက်ထပ် ဘာဆက်လုပ်ရမည်ကို စဉ်းစားလိုက်သည်။
*ထျန်ဆန်းဖုန်းက သေသွားပြီဆိုတော့ ထျန်စစ်ဖုန်းက သေချာပေါက် ပေါ်လာဦးမှာပဲ။ ဒါပေမဲ့ ဘယ် တော့ ပေါ်လာမလဲဆိုတာ မသိဘူး။ ထျန်စစ်ဖုန်းရဲ့ စွမ်းအားက ထျန်ဆန်းဖုန်းထက်တောင် ပိုမြင့်နိုင် တယ်…*
“ငါ ဒီမှာ ဆက်မနေနိုင်တော့ဘူး။ ဂိုဏ်းကို ပြန်ပြီး အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့် ရောက် အောင် ကျင့်ကြံတာကမှ ပိုကောင်းဦးမယ်….*
*ထျန်ဆန်းဖုန်း သေတာက ငါနဲ့လည်း ပတ်သက်နေတာဆိုတော့ ငါ အမြန် ထွက်ပြေးမှ ဖြစ်မယ်။ ဒီလို ကိုယ်ကျင့်တရားမရှိတဲ့ လူယုတ်မာတွေနဲ့ ရင်ဆိုင်ရတာ အရမ်း စိတ်ပျက်ဖို့ ကောင်းတယ်…*
ယွမ်လီသည် ထျန်ဖုန်း၏ အမည်ကို ကြားရုံနှင့်ပင် ကြောက်လန့်တုန်လှုပ်နေမိပြီ ဖြစ်သည်။
…………
နောက်တစ်နေ့ မနက်တွင် ဟုန်လင်းနှင့် ယွမ်လီတို့နှစ်ဦးလုံး ဖျင်ကျန်းမြို့မှ ထွက်ခွာရန် ဆုံးဖြတ်လိုက် ကြလေသည်။ နှစ်ဦးလုံး၏ သဘောထားမှာ ထပ်တူကျနေခဲ့၏။ ဤနေရာတွင် ဆက်နေပါက အကျိုး အမြတ်မရှိရုံသာမက ဘယ်အချိန်တွင် ပေါ်လာမည်မှန်းမသိသော ထျန်စစ်ဖုန်းကိုပါ ရင်ဆိုင်ရမည် မဟုတ်ပါလား။
ဂျူနီယာညီမလေးမှာလည်း ဆက်မနေရဲတော့ချေ။ မနေ့ညက သူမသည် ဟုန်လင်းထံသို့ သွားကာ သူမ ကိုလည်း ကြီးထွားလာအောင် ကူညီပေးနိုင်မလားဟု မေးမြန်းခဲ့ရာ ဟုန်လင်းမှာ ဒေါသထွက်လွန်း၍ သွေးအန်လုနီးပါး ဖြစ်ခဲ့ရသည်။
ဟုန်လင်းသည် သူမဟာများမှာ အစစ်ဖြစ်ကြောင်း ဂျူနီယာညီမလေးကို ထုတ်ပြလိုက်ရာ ညီမလေးမှာ အံ့အားသင့်သွားပြီးနောက် စီနီယာအစ်မ၏ နာမည်ကို သွားရောက် ရှင်းလင်းပေးမည်ဟု ဆိုသည်။ သို့သော် ဟုန်လင်းက ရှင်းပြလိုက်မှသာ သူမက လက်လျှော့သွားတော့သည်။
ယခုအခါ ဟုန်လင်းသည် အမှန်တရားကို သိသော်လည်း ကမ္ဘာကြီး၏ နားလည်မှုလွဲမှားခြင်းကိုသာ ငြိမ်ခံနေရတော့သည်။ သူမ ပို၍ ဇဝေဇဝါ ဖြစ်မိသည်မှာ ထျန်ဆန်းဖုန်းသည် အမှန်တရားကို သိနေပါ လျက်နှင့် ဘာကြောင့် အသက်နဲ့လဲပြီး သူမကို နာမည်ဖျက်ခဲ့ရသနည်းဟူသော အချက်ပင်။
သူမသည် ပေါ်မလာသေးသော ထျန်စစ်ဖုန်းကို ပို၍ပင် ကြောက်လန့်လာမိသည်။ ခရီးသွား (၄)ယောက် အနက် ဂျူနီယာညီလေး ဝူ တစ်ယောက်သာ မပြန်ချင်ဘဲ ဖြစ်နေသည်။
“ဟူး... ဂိုဏ်းကို ပြန်ရောက်ရင် ဒီလို ပျော်စရာမျိုးကို ဘယ်တော့မှ ထပ်တွေ့ရပါ့ဦးမလဲ…။”
သို့သော် ကျန်သုံးယောက်လုံး ပြန်ကြမည်ဖြစ်ရာ သူလည်း ဆက်မနေရဲတော့ချေ။ ထျန်ညီအစ်ကိုများမှာ ကိုယ်ကျင့်တရား လုံးဝမရှိသော အရူးများ ဖြစ်ကြသည်။ စီနီယာအစ်မနှင့် စီနီယာအစ်ကိုတို့ ဒုက္ခရောက် ခဲ့ရသည်ကို သူ မြင်တွေ့ခဲ့ရသည် မဟုတ်ပါလား။ သူ၏ စွမ်းအားလေးနှင့် ထျန်စစ်ဖုန်းကို ရင်ဆိုင်မိပါက ဘယ်လိုမှ လွယ်ကူမည် မဟုတ်ချေ။
***