သုံးရက်အတွင်းမှာပင် ဖျင်ကျန်းမြို့မှာ ကမောက်ကမများ ဖြစ်ကုန်ခဲ့လေသည်။ ထျန်ဖုန်းသည်လည်း ဆက်လက် စောင့်ဆိုင်းမနေလိုတော့သလို ဟုန်မိသားစုက ပြည်သူများကို ထပ်မံနှိပ်စက်နေမည် ကိုလည်း အလို မရှိတော့ချေ။
သူသည် ထိုင်နေရာမှ ထရပ်ကာ သူ၏ နှင်းခဲဓားကို ဆွဲထုတ်လိုက်သည်။ ဟုန်လင်း၏ အခန်းအတွင်းမှ သူထွက်လာချိန်တွင် အပြင်ဘက်ကောင်းကင်၌ ကြယ်များ စုံလင်စွာ တောက်ပနေပြီဖြစ်သည်။ သူသည် မိမိ၏ အရှိန်အဝါကို ထုတ်မပြဘဲ ဖုံးကွယ်ထားခဲ့သည်။ သို့မှသာ ဟုန်မိသားစု၏ အဓိကလူများ ထွက်ပြေးလွတ်မြောက်ခြင်း မရှိမည်ဖြစ်သည်။
သူသည် ဟုန်ကျန့်လင်၏ အဆောင်သို့ တိတ်တဆိတ် ချဉ်းကပ်သွားခဲ့သည်။
“ရွှပ်... ”
ဓားရောင်တစ်ချက် လက်ခနဲဖြစ်သွားပြီးနောက် အစောင့်နှစ်ဦး၏ ဦးခေါင်းများ မြေပေါ်သို့ လွင့်စင်သွား တော့သည်။ ထျန်ဖုန်းသည် အပေါက်ဝရှိ အစောင့်များကို အသာအယာ သုတ်သင်ပြီးနောက် အဆောင် တံခါးကို ဓားဖြင့် တစ်ချက်တည်း ခုတ်ချ၍ ဖွင့်လိုက်လေသည်။
“ဘယ်သူလဲ…။”
အတွင်းမှ အော်မေးလိုက်သံတစ်သံ ထွက်ပေါ်လာပြီးနောက် အဝတ်အစားများ ကမန်းကတန်း ဝတ်ဆင် နေသည့် အသံများကို ကြားလိုက်ရသည်။
“ဟုန်ကျန့်လင်... မင်း ငါ့ညီအစ်ကိုတွေကို သတ်ခဲ့တယ်၊ ဒီနေ့ဟာ မင်းတို့ ဟုန်မိသားစု တစ်စုလုံး အမြစ်ပြတ်ရမယ့်နေ့ပဲ…။”
ကိုယ်ဖျောက်နည်းစနစ်ကို ရုပ်သိမ်းလိုက်ရာ ထျန်ဖုန်း၏ ပုံရိပ်မှာ ဟုန်ကျန့်လင်၏ မျက်စိရှေ့တွင် ပေါ်လာတော့သည်။ သူ၏ လေသံမှာ အေးစက်လှပေ၏။
“မင်း... မင်းက ထျန်စစ်ဖုန်းလား….။”
ဟုန်ကျန့်လင်၏ မျက်နှာမှာ သရဲကို မြင်လိုက်ရသကဲ့သို့ ထိတ်လန့်သွားလေသည်။ ရန်သူက သန်းခေါင် ယံအချိန်တွင် သူ့ကို လာရောက်နှုတ်ဆက်မည်ဟု သူ မထင်ထားခဲ့ချေ။
“ရှင်က ဒီကို လာရဲသေးတယ်ပေါ့…. မြစိမ်းတောင်တန်းဂိုဏ်းကို မကြောက်ဘူးလား…။”
အောက်ခံအဝတ်အစားများသာ ဝတ်ဆင်ထားသော ဟုန်လင်းရှီးက အသံကျယ်ကျယ်ဖြင့် အော်ဟစ် လိုက်လေသည်။ ထျန်စစ်ဖုန်းက တကယ်ပင် သူမတို့အိမ်အထိ လာရဲလိမ့်မည်ဟု သူမ မထင်မှတ် ထားခဲ့ချေ။
“မြစိမ်းတောင်တန်းဂိုဏ်းက အရာအားလုံးကို ထိန်းချုပ်ထားနိုင်တယ်လို့ မင်းတို့ တကယ်ထင်နေတာ လား…။ ငါက ဟုန်လင်းကို သတ်ရင်တောင် မြစိမ်းတောင်တန်းဂိုဏ်းက ငါ့ကို ဒုက္ခပေးဖို့ အားစိုက်မှာ မဟုတ်ဘူး….။”
ထျန်ဖုန်းမှာ ဟုန်မိသားစု၏ မောက်မာမှုအပေါ် စိတ်ပျက်မိသည်။ သူတို့သမီး မြစိမ်းတောင်တန်းဂိုဏ်းထဲ ရောက်သွားရုံနှင့် လောကကြီးတွင် သူတို့ကို ဘယ်သူမှ မထိရဲတော့ဟု ထင်နေကြသည်ပင်။
ထျန်ဖုန်းက နှာခေါင်းရှုံ့လိုက်ပြီး ဆက်ပြောလိုက်သည်။
“ဒါ့အပြင်... ငါက မြစိမ်းတောင်တန်းဂိုဏ်းကို ကြောက်မယ်လို့ မင်းတို့ ထင်နေတာလား….။”
“မောက်မာလိုက်တာ…။ မင်းက ဘာမို့လို့လဲ... နားမလည်တဲ့ ကလေးသာသာကောင်ကများ…။”
“ရယ်စရာပဲ... မင်း မြစိမ်းတောင်တန်းဂိုဏ်း ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ မသိသေးဘူး ထင်တယ်…။”
ဟုန်ကျန့်လင် ဇနီးမောင်နှံက လှောင်ပြုံးပြုံးလိုက်ကြသည်။ သူတို့ သိထားသမျှတွင် မြစိမ်းတောင်တန်း ဂိုဏ်း၌ အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများစွာ ရှိသည့်အပြင် ပို၍ အစွမ်းထက် သော ရွှေအမြုတေအဆင့် ဘိုးဘေးပင် ရှိသေးသည်ဟု ကြားထားခြင်းကြောင့် ဖြစ်သည်။
ထျန်ဖုန်းသည် စကားများများ မပြောတော့ဘဲ မိုးတိမ်ခြေလှမ်းကို အသုံးပြုကာ ဟုန်ကျန့်လင်ထံသို့ လျင်မြန်စွာ ချဉ်းကပ်လိုက်၏။ လေးမှ လွှတ်လိုက်သော မြားတစ်စင်းကဲ့သို့ သူသည် ဓားကို မြှောက်ကာ ခုတ်ချလိုက်လေတော့သည်။ ဟုန်ကျန့်လင်သည်လည်း ကြိုတင်ပြင်ဆင်ထားသဖြင့် သူ၏ဓားဖြင့် ပြန်လည် ခုခံလိုက်လေသည်။
“ချွင်….”
“ဝေါ့... ”
ဓားတစ်ချက် ထိရုံမျှဖြင့် ဟုန်ကျန့်လင် သွေးအန်သွားတော့သည်။
“ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ…။”
ဟုန်ကျန့်လင် တုန်လှုပ်သွားသည်။ ရန်သူ၏ ဓားတစ်ချက်ကိုပင် သူ ခုခံနိုင်ခဲ့ခြင်း မရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ ထျန်ဖုန်း၏ အကြည့်မှာ အေးစက်နေသည်။ ဓားရောင် တစ်ချက် လက်သွားပြီး နောက် ဟုန်ကျန့်လင်၏ လည်ပင်းမှာ ထုတ်ချင်းပေါက် ထိုးဖောက်ခံလိုက်ရပြီ ဖြစ်၏။
“ဒါတွေအားလုံးက မင်းမှာ ရတနာလို တန်ဖိုးထားရတဲ့ သားတစ်ယောက် ရှိခဲ့လို့ပဲလို့ မှတ်လိုက်ပါ…။”
ဟုန်ကျန့်လင်မှာ စကားမပြောနိုင်တော့ဘဲ သွေးများ ပန်းထွက်နေသည့် လည်ပင်းကို အုပ်ကိုင်ထားရင်း နာကျည်းမှု၊ ဇဝေဇဝါ ဖြစ်မှုများဖြင့် ကြည့်နေရှာသည်။ မိမိသမီးက မြစိမ်းတောင်တန်းဂိုဏ်း၏ တပည့် ဖြစ်နေသည် မဟုတ်ပါလား။ မကြာမီမှာပင် သူမက အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်ကို ရောက်တော့မည် မဟုတ်ပါလား။
*ဒီကောင်က ငါ့သမီးကို မကြောက်ဘူးလား….။ မြစိမ်းတောင်တန်းဂိုဏ်းကို မကြောက်ဘူးလား…*
“တစ်ပါးသူကို အားကိုးနေတာထက် ကိုယ့်ဘာသာ အစွမ်းထက်တာက ပိုကောင်းပါတယ်။ မင်းကတော့ မင်းသမီးကိုပဲ အားကိုးနေတာကိုး…။”
ထျန်ဖုန်းက သေလူဖြစ်သွားသော ဟုန်ကျန့်လင်ကို ကြည့်ကာ လှောင်ရယ်လိုက်သည်။
“အရှင်... အရှင်...”
ဟုန်လင်းရှီးသည် နောက်ဆုံးတွင် ထိတ်လန့်တုန်လှုပ်သွားတော့သည်။ ရှေ့မှ လူငယ်မှာ သူမကို တကယ် သတ်ရန် လာခြင်းဖြစ်ကြောင်း သူမ သိသွားပြီဖြစ်သည်။ သူမသည် ဒူးထောက်ကာ ထျန်ဖုန်းကို အသနား ခံလေတော့သည်။
“ကျွန်မကို ချမ်းသာပေးပါ၊ ကျွန်မကို မသတ်ပါနဲ့... ကျွန်မ ရှင်ခိုင်းတာ အကုန်လုပ်ပါ့မယ်...။”
ဟုန်လင်းရှီးမှာ အဝတ်အစား နည်းပါးစွာ ဝတ်ဆင်ထားပြီး ကလေးနှစ်ယောက် မိခင်ဖြစ်သော်လည်း သူမ၏အလှပမှာတော့ ဆွဲဆောင်မှုရှိနေဆဲပင် ဖြစ်သည်။
“မင်း သေလိုက်တာ ပိုကောင်းမယ်…။”
ထျန်ဖုန်း၏ မျက်လုံးများမှာ တည်ငြိမ်နေပြီး ဓားတစ်ချက် ဝှေ့ယမ်းကာ သူမ၏ ခေါင်းကို ဖြတ်ပစ် လိုက်လေ၏။ ဟုန်လင်းရှီး၏ ခေါင်းပြတ်ကြီးမှာ မျက်လုံးအပြူးသားဖြင့် သေဆုံးသွားခဲ့လေတော့ သည်။
ထိုအချိန်တွင် အပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရရာ ဟုန်မိသားစု၏ အစောင့်များ ရောက်ရှိ လာခြင်း ဖြစ်ပေလိမ့်မည်။ ဤတစ်ကြိမ်တွင် ထျန်ဖုန်းမှာ ထွက်မပြေးတော့ချေ။ သူသည် သွေးများ စိုရွှဲနေသော ဓားကို ကိုင်ကာ အပြင်သို့ တစ်လှမ်းခြင်းလှမ်း၍ ထွက်လာခဲ့လေသည်။
အပြင်ဘက်တွင် လူ (၃၀) ကျော် ရောက်ရှိနေပြီဖြစ်ပြီး အဝေးမှလည်း လူများ ထပ်မံလာနေကြသည်။ သို့သော် ထိုသူများအနက် ကျင့်ကြံသူ အနည်းငယ်သာ ပါဝင်ပြီး ကျန်သူများမှာ ထျန်ဖုန်း၏ မျက်စိ ထဲတွင် သာမန်လူများနှင့် မခြားချေ။
“သူ့ကို သတ်ကြ…။”
“သူ တစ်ယောက်တည်းပါ၊ မကြောက်ကြနဲ့…။”
သူတို့သည် ဟုန်ကျန့်လင် သေဆုံးသွားပြီဖြစ်ကြောင်း မသိကြသေးသဖြင့် မောက်မာနေကြဆဲ ဖြစ်သည်။
“လူယုတ်မာတွေ အကုန်လုံးပဲ…။”
ထျန်ဖုန်းက သူတို့ကို လွှတ်ပေးရန် အစီအစဉ် မရှိချေ။
သူသည် လူအုပ်အတွင်းသို့ တိုးဝင်သွားပြီး ညာလက်က ဓားဖြင့် ခုတ်ကာ ဘယ်လက်ကမူ မီးလုံးများနှင့် လေဟုန်ခွင်းဓားသွားများကို ရံဖန်ရံခါ ပစ်လွှတ်လိုက်သည်။ သူသည် လူအုပ်အတွင်း လျင်မြန်စွာ လှုပ်ရှားနေပြီး တိုက်ကွက်တိုင်းမှာ သေစေနိုင်သော တိုက်ကွက်များ ဖြစ်လေသည်။ ခဏအကြာတွင် လူ (၃၀) ကျော်မှာ မြေပေါ်တွင် အလောင်းချင်း ထပ်သွားခဲ့လေတော့သည်။
“အခုတော့ ကျန်တဲ့လူတွေကို ရှင်းရမယ့် အချိန်ပဲ…။”
ထျန်ဖုန်းသည် အလောင်းပုံကြီးကို အေးစက်စွာ ကြည့်လိုက်ပြီးနောက် အဝေးသို့ လှည့်ထွက်သွားခဲ့လေ သည်။ သူ့တွင် ပိုအရေးကြီးသော လုပ်စရာ ကိစ္စများ ရှိသေးသည်။ သူ သွားမည့်နေရာမှာ ဟုန်ကျန့်ချင်း (ဟုန်မိသားစု၏ ဒုတိယသခင်) ရှိရာသို့ ဖြစ်လေသည်။
ဟုန်ကျန့်ချင်းသည် အဝေးမှ တိုက်ခိုက်နေသံများကို ကြားနေရသဖြင့် ဇဝေဇဝါ ဖြစ်နေကာ သွားရမည် လား၊ ထွက်ပြေးရမည်လားဟု စဉ်းစားမရဖြစ်နေခဲ့သည်။
“ဟုန်မိသားစုရဲ့ ဒုတိယသခင်... မင်းက ဒီမှာ သေဖို့ စောင့်နေတာလား…။”
သူ တွေဝေနေစဉ်မှာပင် အေးစက်သော အသံတစ်သံ နားထဲသို့ ရောက်လာပြီး အေးစက်သော မျက်လုံး တစ်စုံက သူ့ကို စိုက်ကြည့်နေသည်ကို မြင်လိုက်ရ၏။
“ထျန်အာဖုန်းလား… မဟုတ်ဘူး... ထျန်စစ်ဖုန်းလား…။”
ဟုန်ကျန့်ချင်း၏ မျက်နှာတွင် ကြောက်ရွံ့မှုများ ပေါ်လာလေသည်။
“ငါ့အစ်ကိုကြီး ဘယ်မှာလဲ…။”
“သေပြီ…။”
ထျန်ဖုန်းက ပြတ်သားစွာပင် ဖြေလိုက်လေသည်။
“သေပြီ ဟုတ်လား…။”
ဟုန်ကျန့်ချင်း မယုံနိုင် ဖြစ်နေသည်။
*ငါ့အစ်ကိုကြီး သေသွားပြီတဲ့လား…။*
“သွား... သူ့နောက်ကို လိုက်သွားလိုက်တော့…။”
ထျန်ဖုန်းက ဓားကို အလျားလိုက် ဝှေ့ယမ်းလိုက်ရာ ဟုန်ကျန့်ချင်းက ပြန်လည် ခုခံရန် ကြိုးစားခဲ့ပါ သော်လည်း သူနှင့် သူ၏ဓားမှာ နှစ်ပိုင်းကျိုးကာ မြေပြင်ပေါ်သို့ လဲကျသွားလေတော့သည်။
ထျန်ဖုန်းသည် ဟုန်ကျန့်ချင်းကို ကြည့်ပင်မကြည့်တော့ဘဲ မိုးတိမ်ခြေလှမ်းကို ထပ်မံ အသုံးပြုကာ ဟုန်ထော့ ရှိရာသို့ ဦးတည်လိုက်၏။ ယခုအခါ ဟုန်မိသားစု အိမ်တော်မှာ မီးလျှံများဖြင့် ပြည့်နှက်ကာ ကမောက်ကမ ဖြစ်နေပြီ ဖြစ်၏။
ဟုန်ထော့၏ အဆောင်နောက်ဘက်တွင် လူအချို့မှာ တိတ်တဆိတ် ထွက်ပြေးရန် ကြိုးစားနေကြသည်။
“သခင်လေး... မြန်မြန်သွားရအောင်…။”
“သခင်ကြီးနဲ့ သခင်မကြီးတို့ အသတ်ခံလိုက်ရပြီ။ သခင်လေးကတော့ ဟုန်မိသားစုရဲ့ မျိုးဆက်ကို ဆက်ခံဖို့အတွက် အသက်ရှင်ရမယ်…။”
အစေခံအိုကြီးက မျက်ရည်များဖြင့် ဟုန်ထော့ကို မှာကြားနေသည်။ ထိုစကားကို ကြားသောအခါ ဟုန်ထော့မှာ ဒေါသတကြီးဖြင့် အစေခံကို ကန်ထုတ်ကာ အော်ဟစ်လိုက်သည်။
“မင်းအမေကိုပဲ မျိုးဆက်ဆက်ခံခိုင်းလိုက်…။”
သူသည် မိန်းမစိုး ဖြစ်နေပြီ မဟုတ်ပါလား။ မျိုးဆက်ဆက်ခံခြင်းအကြောင်း ပြောနေသည်မှာ သူ့ကို လှောင်ပြောင်နေခြင်း မဟုတ်ပါလား။
အစေခံမှာ စကားမှားသွားမှန်း သိသဖြင့် ဘာမှထပ်မပြောရဲဘဲ ဟုန်ထော့ကိုသာ တွဲခေါ်ကာ ရှေ့ဆက် သွားနေခဲ့သည်။
“ပြေးတာ နှေးလှချေလား…။ မင်း ငါ့ကို ခွေးနဲ့ ရှုးတိုက်တုန်းကတော့ ငါ တော်တော် မြန်မြန် ပြေးခဲ့ ရတာကွ…။”
ထျန်ဖုန်းသည် အမှောင်ထဲမှ ခုန်ဆင်းလာပြီး သူတို့၏ လမ်းကို ပိတ်ထားလိုက်လေသည်။
“ထျန်အာဖုန်းလား… မဟုတ်ဘူး... ထျန်စစ်ဖုန်းလား။”
ဟုန်ထော့၏ ဦးနှောက်မှာ ဇဝေဇဝါ ဖြစ်နေသည်။ ဒီ လေးမြွှာပူးတွေက တကယ်ကို တစ်ထေရာတည်း တူလွန်းနေသည်။
“နေဦး... အဲဒီနေ့က ငါ ခွေးနဲ့ ရှုးတိုက်လွှတ်တာ ထျန်ဖုန်း မဟုတ်ဘူးလား…။”
ဟုန်ထော့ ကြောင်အသွားသည်။
“မှန်တယ်... ငါက မင်း ခွေးနဲ့ ရှုးတိုက်လွှတ်ခဲ့တဲ့ ထျန်ဖုန်းပဲ။ ထျန်အာဖုန်း၊ ထျန်ဆန်းဖုန်း၊ ထျန်စစ်ဖုန်း ဆိုတာတွေအားလုံးက ငါတစ်ယောက်တည်းပဲ…။”
ထျန်ဖုန်းက အေးစက်စွာ ပြောလိုက်ပြီး လက်ဝှေ့ယမ်းကာ ဟုန်ထော့၏ အစေခံအားလုံးကို သတ်ပစ် လိုက်သည်။ ဟုန်ထော့မှာ ထိတ်လန့်သွားပြီး မယုံနိုင်သကဲ့သို့ ကြည့်နေတော့သည်။
“မဖြစ်နိုင်ဘူး…. ထျန်ဖုန်းက သေသွားပြီ၊ ထျန်အာဖုန်းကလည်း ဘိုးဘွားသင်္ချိုင်းကို တိုက်ပြီး သေသွား ပြီ၊ ထျန်ဆန်းဖုန်းလည်း ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပြီး သေပြီလေ။ မင်းက သူတို့ ဘယ်လိုဖြစ်နိုင် မှာလဲ…။”
“မင်းက ငါ့ကို အသက်နဲ့လဲပြီး ပြဿနာရှာမယ့် ငတုံးလို့ ထင်နေတာလား…။ ဒါတွေအားလုံးက အတု တွေပဲကွ ကလေးလေးရဲ့…။”
ထျန်ဖုန်းက လှောင်ပြောင်လိုက်သည်။
“မဖြစ်နိုင်ဘူး... မင်းက ဒီလောက် အစွမ်းထက်နေရင် အစတုန်းက ငါနှိပ်စက်တာကို ဘာလို့ ခံနေမှာလဲ။”
“အဲဒါအတွက် မင်းကို ကျေးဇူးတင်ရမယ်။ မင်းခွေးနဲ့ ရှုးတိုက်လွှတ်ခံရတဲ့အချိန်မှာ ငါက မြစိမ်းတောင် တန်းဂိုဏ်းက ဘိုးဘေးတွေထက်တောင် ပိုအစွမ်းထက်တဲ့ အင်မော်တယ်သခင်တစ်ယောက်နဲ့ တွေ့ခဲ့ တာ။ သူက ငါ့ကို ဆေးလုံးတွေနဲ့ အဆောင်တွေ ပေးခဲ့လို့ ငါက နှစ်လအတွင်းမှာပဲ ချီစွမ်းအင်သန့်စင်ခြင်း အဆင့် (၈) ကို ရောက်လာခဲ့တာ…။”
ထျန်ဖုန်းက ဟုန်ထော့ကို လှောင်ပြောင်သော အကြည့်ဖြင့် ကြည့်ကာ
“ဒါကြောင့် ငါက မြစိမ်းတောင်တန်းဂိုဏ်းကို မကြောက်တာ၊ ဟုန်လင်းကို ရန်စရဲတာ၊ ယွမ်လီကို အရှက် ခွဲရဲတာ၊ မင်းတို့ မိသားစု တစ်စုလုံးကို သုတ်သင်ရဲတာပေါ့။ ဒါတွေအားလုံးက မင်းကြောင့်ပဲ…။”
“ကျေးဇူးတင်ပါတယ်... သခင်လေးဟုန်…။”
ထျန်ဖုန်း၏ စကားများကို နားထောင်ပြီးနောက် ဟုန်ထော့၏ မျက်နှာမှာ ပို၍ပင် မည်းမှောင်သွားသည်။ ဤသည်မှာ ဖြစ်နိုင်ခြေအရှိဆုံး အမှန်တရားဟု သူ ယူဆလိုက်မိသည်။ ရုတ်တရက် သူသည် အလွန် အမင်း ဒေါသထွက်ကာ နာကျင်သွားခဲ့ရလေသည်။
အဘယ်ကြောင့်ဆိုသော် ရန်သူ၏ အခွင့်အရေးများမှာ သူ ဖန်တီးပေးခဲ့ခြင်း ဖြစ်နေသောကြောင့် ဖြစ်သည်။ သူသာ မနှိပ်စက်ခဲ့ပါက ရန်သူသည် ယနေ့ကဲ့သို့ အစွမ်းထက်လာမည် မဟုတ်သလို၊ ဟုန်မိသားစုလည်း ပျက်စီးမည် မဟုတ်ချေ။
“ဟားဟားဟား... ကံကြမ္မာက တကယ် ရက်စက်တာပဲ…။”
ဟုန်ထော့မှာ သွေးတစ်ချက် အန်ထုတ်လိုက်ပြီးနောက် မြေပေါ်သို့ ဖြည်းညင်းစွာ လဲကျသွားတော့သည်။ သူ၏ အသက်ရှူသံမှာ အားနည်းသွားပြီး နာကျည်းမှုများဖြင့် မျက်လုံးအပြူးသားဖြင့် သေဆုံးသွား တော့သည်။
သူသည် အမှန်တကယ်ပင် ဒေါသထွက်လွန်း၍ သေသွားခြင်း ဖြစ်လေ၏။
***