ဟုန်ထော့၏ အလောင်းကို ကြည့်ရင်း ထျန်ဖုန်း၏ စိတ်ထဲတွင် နည်းနည်းတော့ ဝမ်းနည်းသွားမိလေ သည်။ အကယ်၍သာ စနစ်မရှိခဲ့ပါက သူသည် ဟုန်ထော့၏ လက်ထဲတွင် သေဆုံးသွားခဲ့ရပေလိမ့်မည်။ ထိုသို့ဆိုလျှင် ဟုန်ထော့အနေဖြင့်လည်း သူ သတ်လိုက်သော သူတောင်းစားလေး တစ်ယောက် အကြောင်းကို မှတ်မိနေတော့မည် မဟုတ်ချေ။
ထျန်ဖုန်းသည် ထိုနေရာတွင် ကြာရှည်မနေတော့ဘဲ ဟုန်မိသားစု၏ အဓိကခေါင်းဆောင်များကို သုတ်သင်ပြီးနောက် အိမ်တော်အတွင်းရှိ ကျန်ရှိနေသော အစောင့်များကိုလည်း ဆက်လက်ရှင်းလင်း လေတော့သည်။ ထိုအစောင့်များသည်လည်း ဟုန်မိသားစု၏ ယုတ်မာမှုများတွင် ပါဝင်ကူညီခဲ့သူများ ဖြစ်ရာ သူတို့ကို သုတ်သင်ခြင်းသည် မကောင်းမှုကို နှိမ်နင်းပြီး ကောင်းမှုကို ချီးမြှောက်ခြင်းပင်ဖြစ် လေသည်။
“ပြေးကြဟေ့…။”
“ဒီကောင်က မိစ္ဆာပဲ…။”
အစောင့်များသည် ထျန်ဖုန်း၏ လက်ချက်ကြောင့် အထိနာကာ ထွက်ပြေးကြတော့သည်။ သူတို့၏ သခင်များ အသတ်ခံလိုက်ရပြီဖြစ်ရာ သူတို့တွင် ခုခံလိုစိတ် မရှိတော့ဘဲ အသက်လုကာ ထွက်ပြေး ကြလေတော့သည်။
ထျန်ဖုန်းက သူတို့ကို လိုက်မဖမ်းတော့ချေ။ အဘယ်ကြောင့်ဆိုသော် ဟုန်မိသားစု၏ ရန်သူဟောင်း များက ထိုအစောင့်များကို အလွတ်ပေးမည် မဟုတ်သလို၊ ကျန်ရှိနေသော ဟုန်မိသားစုဝင်များကိုလည်း ‘ရေနစ်သူကို ဝါးကူထိုး’ သကဲ့သို့ ချေမှုန်းကြမည်မှာ အသေအချာပင်။
ထျန်ဖုန်းသည် ဟုန်အိမ်တော်အတွင်းရှိ ရတနာများကို ရှာဖွေလေတော့သည်။ အဓိကအားဖြင့် ကျင့်စဉ် များ၊ တိုက်ကွက်များနှင့် ရှားပါးသော ပစ္စည်းများကို ရှာဖွေခြင်း ဖြစ်သည်။ သို့သော် ကံမကောင်းစွာဖြင့် သူ ရှာတွေ့သမျှမှာ အဆင့်နိမ့်သော ချီကျင့်စဉ်များနှင့် လက်စွဲစာအုပ်အချို့သာ ဖြစ်သည်။ ထျန်ဖုန်းက ၎င်းတို့ကို တစ်ချက်မျှကြည့်ကာ သိမ်းဆည်းလိုက်သည်။
‘စားဖို့လည်း အသုံးမဝင်၊ လွှင့်ပစ်ဖို့လည်း နှမြောစရာ’ ဟူသော ပစ္စည်းမျိုး များပင်ဖြစ်လေသည်။ နောက်ဆုံးတွင် သူသည် ရွှေငွေလက်ဝတ်ရတနာ အချို့ကိုသာ ယူဆောင်ကာ ဟုန်အိမ်တော်မှ ထွက်ခွာ ရန် ပြင်ဆင်လိုက်၏။ လမ်းတလျှောက်တွင် ဆုံသမျှ အစောင့်များကိုလည်း သူ၏ ဓားချက်တစ်ချက် တည်းဖြင့် အသက်ခြွေယူခဲ့သည်ပင်။
ထျန်ဖုန်းသည် အစေခံများကိုမူ ဘာမှမလုပ်ခဲ့ချေ။ ကမောက်ကမ ဖြစ်နေချိန်တွင် အစေခံများက တန်ဖိုး ရှိသော ပစ္စည်းများကို ခိုးယူနေကြသည်ကိုလည်း သူ မတားမြစ်ခဲ့ပေ။ သူတို့အနေဖြင့် ဟုန်အိမ်တော်မှ အသက်ရှင်လျက် ထွက်သွားနိုင်ပြီး ချမ်းသာကြွယ်ဝစွာ နေနိုင်ခြင်း ရှိ၊ မရှိမှာ သူတို့၏ ကံကြမ္မာသာ ဖြစ်ပေလိမ့်မည်။
ထျန်ဖုန်းက ဟုန်မိသားစုထံမှ တိတ်တဆိတ် ထွက်ခွာသွားချိန်တွင် ဖျင်ကျန်းမြို့တစ်မြို့လုံးမှာ ဆူညံ ပွက်လောရိုက်သွားလေတော့သည်။
“ဟုန်မိသားစု အမြစ်ပြတ် သုတ်သင်ခံလိုက်ရပြီတဲ့…။”
ဤသတင်းမှာ အလွန်ပင် တုန်လှုပ်ဖွယ်ရာ ကောင်းလှသည်။ ဟုန်မိသားစုသည် ဖျင်ကျန်းမြို့တွင် အကြောက်ရဆုံး အင်အားစု ဖြစ်သည် မဟုတ်ပါလား။ လူအများအပြားသည် ဟုန်အိမ်တော်မှ ထွက်ပေါ်လာသော မီးတောက်များကို မြင်တွေ့ခဲ့ကြသည်။
ထိုမီးမှာ ဆူပူသောင်းကျန်းနေစဉ်အတွင်း တစ်စုံတစ်ဦးက ဆီမီးခွက်ကို တိုက်မိရာမှ စတင်လောင်ကျွမ်း ခြင်း ဖြစ်ပေလိမ့်မည်။ အချို့မှာလည်း ဟုန်အိမ်တော်အတွင်းမှ လူအုပ်ကြီး ကြောက်လန့်တကြား ပြေးထွက်လာသည်ကို မြင်တွေ့ခဲ့ကြရလေသည်။
အနားမှလူတစ်ဦးက ထွက်ပြေးလာသူတစ်ဦးကို ဖမ်းဆီးကာ ဘာဖြစ်သနည်းဟု မေးမြန်းကြည့်ရာ ဟုန်မိသားစု၏ အဓိကလူအားလုံး သေဆုံးကုန်ပြီဖြစ်ကြောင်းနှင့် လူသတ်သမားမှာလည်း ဆက်လက် သုတ်သင်နေကြောင်း သိလိုက်ရသည်။
ထိုသတင်းမှာ တောမီးကဲ့သို့ ပြန့်နှံ့သွားလေသည်။ ဖျင်ကျန်းမြို့မှာ မကြီးမားလှသဖြင့် မိသားစုကြီးများ မှာ သတင်းကို ချက်ချင်း ရရှိကြလေသည်။
မကြာမီမှာပင် ဖျင်ကျန်းမြို့ရှိ အင်အားစုအသီးသီးမှာ ဟုန်အိမ်တော်ရှေ့တွင် စုရုံးရောက်ရှိလာကြသည်။ ကျောက်မိသားစု၊ မုမိသားစု၊ လီမိသားစု စသည်ဖြင့်ပေါ့။
မုတ်ဆိတ်ရှည်နှင့် တည်ကြည်သော မျက်နှာရှိသည့် ကျောက်မိသားစုခေါင်းဆောင်က ရှေးဦးစွာ ညည်းတွားလိုက်သည်။
“အစွမ်းထက်လှတဲ့ ဟုန်မိသားစုက တစ်ညတည်းနဲ့ အမြစ်ပြတ် သုတ်သင်ခံလိုက်ရလိမ့်မယ်လို့ ငါ မထင်ထားခဲ့မိဘူး…။”
မုမိသားစုခေါင်းဆောင်ကလည်း ခေါင်းငြိမ့်ကာ ထောက်ခံလိုက်လေသည်။
“ဟုတ်တယ်... လွန်ခဲ့တဲ့ လအနည်းငယ်ကပဲ သူတို့က အရမ်းအစွမ်းထက်နေခဲ့တာ။ ဖျင်ကျန်းမြို့မှာ ဟုန်မိသားစုကို ဘယ်သူမှ မရိုသေဘဲ မနေရဲခဲ့ဘူးလေ…။”
ဟုန်မိသားစု ပျက်စီးသွားခြင်းမှာ ကောင်းသောကိစ္စဖြစ်သော်လည်း မြေနိမ့်ရာ လှံစိုက် ခံရခြင်းအပေါ် အားလုံးက စိတ်မကောင်းသလို ဖြစ်နေခဲ့ကြသည်။
“နတ်မိမယ်လင်းက လက်စားချေဦးမှာလား…။”
လီမိသားစုခေါင်းဆောင်က မေးမြန်းလိုက်သည်။
ကျောက်မိသားစုခေါင်းဆောင် ကျောက်တုန်းရှန့်က ပြုံးကာပြောလိုက်လေသည်။
“အဲဒါက အင်မော်တယ်တွေရဲ့ တိုက်ပွဲပဲ၊ ငါတို့နဲ့ ဘာမှမဆိုင်ဘူး…။”
“ဒါ ထျန်စစ်ဖုန်းရဲ့ လက်ချက်ပဲ ဖြစ်ရမယ်၊ ဟုတ်တယ်မလား…။”
“သေချာတာပေါ့။ ဟုန်မိသားစုက သူ့အစ်ကို သုံးယောက်လုံးကို သတ်ခဲ့တာလေ၊ ထျန်စစ်ဖုန်းက လက်စားချေတာ သဘာဝကျပါတယ်…။”
ခဏကြာ ဆွေးနွေးပြီးနောက် သူတို့သည် မီးကို အရင်ငြှိမ်းသတ်ရန် ဆုံးဖြတ်လိုက်ကြသည်။ အဘယ် ကြောင့်ဆိုသော် အတွင်းရှိ တန်ဖိုးရှိသော ပစ္စည်းများ မပျက်စီးစေလိုသောကြောင့် ဖြစ်သည်။ မီးငြှိမ်း သတ်ပြီးနောက်တွင် ဟုန်မိသားစုဝင်များ၏ အလောင်းများကို ရှာတွေ့ခဲ့ကြလေသည်။
“ဟုန်ကျန့်လင် ဇနီးမောင်နှံနဲ့ ဟုန်ကျန့်ချင်းတို့အားလုံးက ဓားတစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရတာပဲ။ ထူးဆန်းတာက ဟုန်ထော့ကတော့ ဒေါသထွက်လွန်းလို့ သေသွားပုံရတယ်…။”
အခြားသူများက ဟုန်ထော့၏ သေဆုံးမှု အကြောင်းရင်းကို ဂရုမစိုက်ကြချေ။ သူ သေသွားခြင်းမှာ အကောင်းဆုံးပင် ဖြစ်သည်မဟုတ်ပါလား။
“ဟုန်ကျန့်ချင်းရဲ့ ဇနီးနဲ့ သားကိုတော့ မတွေ့ဘူး၊ သူတို့ ထွက်ပြေးသွားတာ ဖြစ်ရမယ်…။”
ဘယ်သူကမှ ထုတ်မပြောကြသော်လည်း ထိုမိသားစုကြီးများသည် သူတို့ကို လိုက်လံသုတ်သင်ရန် တိတ်တဆိတ် လူလွှတ်ကြမည်မှာ အသေအချာပင်။ ဟုန်လင်း ပြန်လာပြီး လက်စားချေမည်ကို စိုးရိမ် သဖြင့် အစဖျောက်ရန် ကြိုးစားကြမည် ဖြစ်သည်။
“သခင်လေးထျန်ကိုကော ရှာတွေ့ပြီလား….။”
ကျောက်တုန်းရှန့်က မေးလိုက်သည်။
“အင်မော်တယ်သခင်ရဲ့ အရိပ်အယောင်တောင် မတွေ့ရတော့ပါဘူး…။”
“ထားလိုက်ပါတော့လေ... အင်မော်တယ်သခင်ကတော့ လာချင်တဲ့အချိန်လာပြီး သွားချင်တဲ့အချိန် သွားမှာပဲလေ…။”
ကျောက်တုန်းရှန့်က ဆက်ပြောလိုက်သည်။
“ဟုန်မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကိုတော့ ခဏလောက် စောင့်ကြည့်ကြဦးစို့။ အခြေအနေက မသေချာ သေးဘူး။ ဟုန်ကျန့်ချင်းရဲ့သားက အသက်ရှင်နေသေးတယ်၊ နတ်မိမယ်လင်း ဘယ်တော့ ပြန်လာမလဲ ဆိုတာလည်း မသိဘူး၊ အင်မော်တယ်သခင်ထျန်က ဘာဆက်လုပ်မလဲဆိုတာလည်း ငါတို့ မသိသေး ဘူးလေ…။”
မိသားစုခေါင်းဆောင်အားလုံးက ခေါင်းငြိမ့် ထောက်ခံလိုက်ကြသည်။ ဘာပဲဖြစ်ဖြစ် သူတို့အားလုံးသည် ဟုန်လင်းကိုကော ထျန်စစ်ဖုန်းကိုပါ မစော်ကားရဲကြချေ။
…………
သူတို့ ဆွေးနွေးနေကြစဉ်မှာပင် ထျန်ဖုန်းသည် တည်းခိုခန်းတစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်၏။ သူသည် ချမ်းသာသူဖြစ်သဖြင့် အဆင့်မြင့်အခန်းကိုသာ ငှားရမ်းလိုက်သည်။ သို့သော် ဟုန်လင်း၏ အခန်း လောက်တော့ သန့်ရှင်းမှု မရှိသဖြင့် ထျန်ဖုန်းက အနည်းငယ် လွမ်းဆွတ်နေမိသည်။
“စနစ်... ငါ့ဆုလာဘ်ကော…။ မင်းကို အမြဲတမ်း သတိပေးနေရတယ်…။”
[ဘာဆုလာဘ်လဲ…။ ဘယ်ကနေ ဆုလာဘ် ရမှာလဲ။]
စနစ်က စိတ်မရှည်စွာဖြင့် ပြန်ဖြေလေသည်။
“ဒါ... ငါ...”
ထျန်ဖုန်းက အချိန်အတန်အကြာ စဉ်းစားလိုက်မှ သူ ဘာဆုလာဘ်မှ ရစရာ အကြောင်းမရှိသည်ကို သတိပြုမိသွားသည်။ သူ သေလည်း မသေခဲ့သလို၊ မိုက်ရူးရဲဆန်တာလည်း ဘာမှမလုပ်ခဲ့ဘဲ ထွက် လည်း မပြေးခဲ့ရသည် မဟုတ်ပါလား။ ဟုန်ထော့ကို ဒေါသထွက်အောင်လုပ်ပြီး သေစေခဲ့သော်လည်း ဟုန်ထော့မှာ ကျင့်ကြံသူ မဟုတ်သဖြင့် ဆုလာဘ် မရခဲ့ခြင်း ဖြစ်သည်။
ထျန်ဖုန်းမှာ စကားမပြောနိုင်တော့ဘဲ ဘာမှလုပ်စရာ မရှိသဖြင့် တင်ပျဉ်ခွေကာ ကျင့်ကြံနေလိုက်တော့ သည်။
နောက်တစ်နေ့တွင် ဖျင်ကျန်းမြို့တစ်မြို့လုံး ဟုန်မိသားစု အမြစ်ပြတ်သွားပြီဖြစ်ကြောင်း သိရှိသွားကြ သည်။ ဟုန်ကျန့်ချင်း၏ ဇနီးနှင့် သားကိုလည်း မြို့ပြင်တွင် သေဆုံးလျက် ရှာတွေ့ခဲ့ကြပြီး ငတ်သေခြင်း ဖြစ်သည်ဟု ဆိုကြသော်လည်း အမှန်တရားကိုမူ လူတိုင်း ခန့်မှန်းနိုင်ကြသည်။
ဟုန်မိသားစုကို သုတ်သင်လိုက်ခြင်းက ဖျင်ကျန်းမြို့ကို အကြီးအကျယ် တုန်လှုပ်စေခဲ့သည်။ မြို့သူ မြို့သားများသည် ဟုန်မိသားစု၏ နှိပ်စက်မှုကို အချိန်အတော်ကြာ ခံစားခဲ့ရသူများ ဖြစ်သည်။ အချို့က ဝမ်းသာလွန်း၍ ငိုကြွေးကြပြီး အချို့ကမူ ကခုန်၍အောင်ပွဲခံကြလေသည်။
“ဟားဟား... ကောင်းလိုက်တာ…။”
တစ်စုံတစ်ဦးက ဝိုင်ကို အားရပါးရ သောက်လိုက်ပြီးနောက် ပန်းကန်လုံးကို စားပွဲပေါ်သို့ အားဖြင့် ချလိုက်သည်။
“သေသွားတာ ကောင်းတယ်…။ ငါ့ရဲ့ ညီမလေးခမျာ ဟုန်ထော့ကြောင့် ဘဝပျက်ပြီး မြစ်ထဲခုန်ချ သေခဲ့ ရတာ။ ငါ့အဖေက သွားတိုင်ပင်တော့လည်း ဟုန်ထော့ရဲ့ အမေက ငါ့အဖေရဲ့ ခြေထောက်နှစ်ဖက်လုံးကို ရိုက်ကျိုးပစ်ခဲ့တာလေ…။”
လူတစ်ဦးက ရှိုက်ကြီးတငင် ငိုကြွေးရင်း ပြောလိုက်လေသည်။
“ဟားဟားဟား... ငါ့မှာ အရင်က စီးပွားရေးတွေ ရှိခဲ့ပေမဲ့ ဟုန်မိသားစုကို ပြစ်မှားမိလို့ ဟုန်ကျန့်လင်က ငါ့ပိုင်ဆိုင်မှုတွေ အကုန်လုယူပြီး ငါ့မိသားစု တစ်စုလုံးကို သတ်ခဲ့တာ…။”
“ဟုန်မိသားစုက သေသင့်တာ ကြာပါပြီ၊ သူတို့က တကယ့်ကို ယုတ်မာလွန်းတယ်…။”
ဖျင်ကျန်းမြို့တွင် လူအများအပြားသည် ဝမ်းသာအားရ ငိုကြွေးရင်း သူတို့၏ ဆိုးရွားသော အတိတ်များ ကို ပြန်လည်ပြောပြနေကြသည်။ အရင်ကဆိုလျှင် ဟုန်မိသားစု၏ လက်စားချေမှုကို ကြောက်သဖြင့် သူတို့ မပြောရဲခဲ့ကြချေ။ သို့သော် ယခုမူ ဟုန်မိသားစု တစ်စုလုံး သေဆုံးသွားပြီဖြစ်ရာ သူတို့ မကြောက် တော့ပေ။
ဟုန်လင်း တစ်ယောက်သာ ကျန်တော့သော်လည်း သူမသည် ဂိုဏ်းတွင် ကျင့်ကြံနေသူဖြစ်ပြီး ဘယ်တော့မှ ပြန်လာမည် မဟုတ်ဟု သူတို့ ယူဆထားကြသည်ပင်။
“ကျေးဇူးတင်ပါတယ် ထျန်စစ်ဖုန်း…။”
“ထျန်မိသားစု ညီအစ်ကိုတွေက တကယ့်ကို ပြောင်မြောက်လှပါတယ်…။”
“တကယ့် သူရဲကောင်းတွေပါပဲ…။ သူ အသက်ရှည်ကျန်းမာပါစေလို့ ဆုတောင်းပေးပါတယ်…။”
ဖျင်ကျန်းမြို့ရှိ ဆင်းရဲသား အများအပြားသည် ထျန်ဖုန်းရှိရာသို့ ဦးတည်ကာ ကျေးဇူးတင်လွန်းသဖြင့် ဒူးထောက် ဂါရဝပြုနေကြလေတော့သည်။
***