ထျန်ဖုန်းသည် ဖျင်ကျန်းမြို့သူမြို့သားများ၏ စိတ်လှုပ်ရှားမှုများကို အာရုံခံမိသော်လည်း ၎င်းတို့ကို လျစ်လျူရှုထားလိုက်လေသည်။ ပထမဦးစွာ သူသည် အပြင်ထွက်၍ အဝတ်အစားအချို့ ဝယ်ယူခဲ့ သည်။ အဘယ်ကြောင့်ဆိုသော် သူ သေဆုံးတိုင်း အဝတ်အစားတစ်စုံမှာ ပျက်စီးသွားတတ်သောကြောင့် ဖြစ်၏။ ထို့ပြင် ရေတိုင်ကီအကြီးကြီး အချို့ကိုလည်း ဝယ်ယူခဲ့လေသည်။ သို့မှသာ နောက်တစ်ကြိမ်တွင် စနစ်က သူ့ကို ဒုက္ခပေးမည်မဟုတ်တော့ချေ။
နောက်တစ်နေ့တွင် ကျောက်မိသားစု အိမ်တော်သို့ သူ ရောက်ရှိလာခဲ့လေ၏။ ကျောက်အိမ်တော်သည် ခမ်းနားထည်ဝါလှပြီး ဟုန်မိသားစု၏ အိမ်တော်နှင့်ပင် ယှဉ်နိုင်လောက်သည်။
သို့သော် ကျောက်မိသားစုတွင် စည်းကမ်းများ ပိုမိုတင်းကြပ်ပုံရပြီး ဟုန်မိသားစုကဲ့သို့ ကြွားဝါခြင်းမရှိ ဘဲ ပိုမိုခန့်ညားထည်ဝါသော ပုံစံရှိသည်။ တံခါးစောင့်များပင်လျှင် ဟုန်မိသားစု၏ အစောင့်များကဲ့သို့ မောက်မာခြင်း မရှိကြချေ။ ထျန်ဖုန်း တံခါးဝတွင် ရပ်နေသည်ကို မြင်သော်လည်း သူတို့က ချက်ချင်း နှင်ထုတ်ခြင်း မပြုခဲ့ကြပေ။
အမှန်စင်စစ် သူတို့ နှင်မထုတ်ရဲခြင်းမှာ ထျန်ဖုန်း၏ ထူးခြားသော အရှိန်အဝါကြောင့်လည်း ဖြစ်နိုင်ပေ လိမ့်မည်။ ထျန်ဖုန်းက အစောင့်နှစ်ဦးကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်လေသည်။
“ကျောက်မိသားစု ခေါင်းဆောင်ကို ထျန်စစ်ဖုန်း လာတွေ့တယ်လို့ အကြောင်းကြားပေးပါ…။”
တံခါးတစ်ဖက်တစ်ချက်စီတွင် ရှိနေသော အစောင့်နှစ်ဦးမှာ ထျန်ဖုန်းက ဘာမှမလုပ်ဘဲ ရပ်နေသည်မှာ ထူးဆန်းသည်ဟု ထင်နေခဲ့ခြင်းဖြစ်သည်။ အကယ်၍ ထျန်ဖုန်းက အကြာကြီး ဆက်ရပ်နေပါက သူတို့က နှင်ထုတ်ရန် ကြံစည်နေခဲ့ကြသည်ပင်။ သို့သော် ထျန်စစ်ဖုန်း ဟူသော အမည်ကို ကြားလိုက်ရချိန်မှာ တော့ လူတိုင်း မှင်တက်သွားကြလေတော့သည်။
ယခုရက်ပိုင်းအတွင်း ဖျင်ကျန်းမြို့တွင် ထျန်ညီအစ်ကိုများအကြောင်းကို မသိသူ မရှိချေ။ သူတို့သည် ရန်မစသင့်သော လူစားမျိုးများဖြစ်ကြောင်း ကျောက်မိသားစုကလည်း ကောင်းကောင်း သိထားသည်။
“သခင်လေးထျန် ဖြစ်နေတာကိုး။ ဧည့်ခန်းမှာ ခဏလောက် ထိုင်စောင့်ပေးပါ၊ ကျွန်တော် သခင်ကြီးဆီ အမြန်သွားအကြောင်းကြားလိုက်ပါ့မယ်….။”
အစောင့်တစ်ဦးက ရိုသေစွာ ဦးညွှတ်လိုက်ပြီးနောက် အိမ်တော်အတွင်းသို့ အပြေးဝင်သွားတော့သည်။ သူသည် ထျန်ဖုန်းဆိုသည်မှာ မည်သူမည်ဝါဖြစ်ကြောင်းကိုပင် အတည်မပြုရဲတော့ချေ။
“ဒီဘက်က ကြွပါ သခင်လေး…။”
အခြားအစောင့်တစ်ဦးက ရှေ့မှဦးဆောင်ကာ ထျန်ဖုန်းကို ဧည့်ခန်းသို့ ခေါ်ဆောင်သွားလေသည်။
အိမ်တော်အတွင်းရှိ ခန်းမဆောင်တွင် ကျောက်တုန်းရှန့်သည် မျက်မှောင်ကြုတ်ကာ တစ်စုံတစ်ခုကို လေးလေးနက်နက် စဉ်းစားနေခဲ့သည်။
“သခင်ကြီး... သခင်ကြီး…။”
အတွေးစပြတ်သွားသဖြင့် ကျောက်တုန်းရှန့်က ဝင်လာသူကို ကြည့်ကာ စိတ်မရှည်စွာ မေးလိုက်သည်။
“ဘာတွေ ဒီလောက် အလောတကြီးဖြစ်နေရတာလဲ…။”
“သခင်ကြီး... ထျန်... ထျန်စစ်ဖုန်း ရောက်နေပါတယ်….။”
အစောင့်က မောဟိုက်သံဖြင့် လုပြောလိုက်လေသည်။
“ဘာ… ထျန်စစ်ဖုန်း ဟုတ်လား…။”
ထိုအမည်ကို ကြားသည်နှင့် ကျောက်တုန်းရှန့်သည် ထိုင်နေရာမှ ဝုန်းခနဲ ထရပ်လိုက်သည်။
“မြန်မြန်... မြန်မြန် ဖိတ်ခေါ်လိုက်စမ်း၊ မဟုတ်သေးပါဘူး... ငါကိုယ်တိုင် ထွက်ကြိုမယ်….။”
“စိတ်မပူပါနဲ့ သခင်ကြီး၊ သူ အခု ဧည့်ခန်းထဲမှာ ရောက်နေပါပြီ…။”
ကျောက်တုန်းရှန့်က အစောင့်ကို ကျေနပ်စွာ ခေါင်းငြိမ့်ပြလိုက်သည်။
*တံခါးစောင့်ဆိုတာ ဒီလို အမြင်ရှိမှ ဖြစ်မှာ၊ အမြင်မရှိတဲ့ တံခါးစောင့်က ပြဿနာပဲ ရှာတတ်တာ* ဟု သူ တွေးလိုက်မိသည်။
သူသည် ဧည့်ခန်းဆီသို့ ခပ်သွက်သွက် လျှောက်သွားလေတော့သည်။
ထျန်ဖုန်းက ဧည့်ခန်းအတွင်းရှိ ပန်းချီကားများကို ကြည့်နေစဉ် လူတစ်ဦး ဝင်လာသည်ကို တွေ့လိုက်ရ သည်။ ကျောက်တုန်းရှန့်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေသော အရပ်ရှည်ရှည် လူငယ်ကို ကြည့်လိုက်လေသည်။
ထိုလူငယ်၏ မျက်ခုံးများမှာ ဓားသွားကဲ့သို့ ထက်မြက်ကာ မျက်လုံးများမှာ တောက်ပနေပြီး ထူးခြား သော အရှိန်အဝါရှိသည်ကို သတိပြုမိလိုက်သည်။ ရန်သူ၏ စွမ်းအားကို အာရုံခံကြည့်သော အခါတွင်မူ အတိုင်းအဆမရှိ နက်နဲလှသည်ကို တွေ့ရသဖြင့် သူ ပို၍ပင် သတိထား လိုက်လေသည်။
“ကျွန်တော်က လက်ရှိ ကျောက်မိသားစုခေါင်းဆောင် ကျောက်တုန်းရှန့်ပါ။ ခင်ဗျားက သခင်လေး ထျန်စစ်ဖုန်းလား…။”
ကျောက်တုန်းရှန့်က လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ ဂါရဝပြုလိုက်ပြီး ရိုကျိုးစွာ ပြောလိုက်လေသည်။
“ကျွန်တော် အဝေးအထိ ထွက်မကြိုနိုင်ခဲ့တာကို ခွင့်လွှတ်ပေးပါဦး…။”
ထျန်ဖုန်းကလည်း မောက်မာခြင်းမရှိဘဲ ပြန်လည်ဂါရဝပြုကာ ပြောလိုက်လေသည်။
“တွေ့ရတာ ဝမ်းသာပါတယ် ကျောက်မိသားစုခေါင်းဆောင်။ ကျွန်တော်က ထျန်စစ်ဖုန်းပါ။ မဖိတ်ခေါ်ဘဲ လာခဲ့မိတာ အားနာပါတယ်…။”
ထျန်ဖုန်းမှာ စကားပြောရ အဆင်ပြေသူမှန်း သိလိုက်ရသဖြင့် ကျောက်တုန်းရှန့် စိတ်သက်သာရာရ သွားခဲ့လေသည်။
“ထိုင်ပါဦး သခင်လေး…။”
နှစ်ဦးသား အတူတူ ထိုင်လိုက်ကြပြီးနောက် အစေခံများက လက်ဖက်ရည် လာရောက် တည်ခင်းပေးကြ သည်။ ထျန်ဖုန်းက ကျောက်တုန်းရှန့်ကို ကြည့်ကာ သူသည် ရက်စက်ယုတ်မာသူတစ်ဦး မဟုတ်ကြောင်း သုံးသပ်လိုက်၏။
ထို့ပြင် သူ မလာခင်က ကျောက်မိသားစုအကြောင်း စုံစမ်းခဲ့ရာတွင်လည်း ကျောက်မိသားစု၌ စည်းကမ်း တင်းကြပ်သဖြင့် လူအများကို နှိပ်စက်ခြင်းမျိုး မရှိကြောင်း သိခဲ့ရသည်။ ထို့ကြောင့်သာ သူ ယနေ့ ကျောက်မိသားစုထံသို့ လာခဲ့ခြင်း ဖြစ်သည်။
ခဏအကြာတွင် ကျောက်တုန်းရှန့်က တွန့်ဆုတ်စွာဖြင့် စကားစလိုက်သည်။
“သခင်လေးထျန်... ကျွန်တော် မေးသင့်၊ မမေးသင့် မသိတဲ့ ကိစ္စတစ်ခုကို မေးခွင့်ပြုပါဦး…။”
“ဟုန်မိသားစု ကိစ္စက ကျွန်တော့်လက်ချက်လားလို့ မေးချင်တာမလား…။”
“မှန်ပါတယ်... ဒါက မြို့ထဲမှာရှိတဲ့ လူတိုင်း သိချင်နေကြတဲ့ မေးခွန်းပါပဲ…။”
“ဟုတ်ပါတယ်... အဲဒါ ကျွန်တော့်လက်ချက်ပါ။ ဟုန်မိသားစုကြောင့် ကျွန်တော့် ညီအစ်ကိုတွေ သေခဲ့ ရသလို ဟုန်မိသားစုကလည်း မကောင်းမှုတွေ အများကြီး လုပ်ထားတာကြောင့် သူတို့ သေသင့်ပါ တယ်လေ…။”
ကျောက်တုန်းရှန့်၏ မျက်ခုံးများ ပင့်တက်သွားသည်။ သူ ခန့်မှန်းထားသော်လည်း အမှန်တရားကို ကိုယ်တိုင်ကြားလိုက်ရချိန်တွင် အနည်းငယ် တုန်လှုပ်သွားမိသည်။
ဖျင်ကျန်းမြို့တွင် အစွမ်းထက် လှသော ဟုန်မိသားစုမှာ ဤမျှ ငယ်ရွယ်သော လူငယ်လေးတစ်ဦး၏ လက်ထဲတွင် တစ်ညတည်းနှင့် ပျက်စီးသွားခဲ့ရသည် မဟုတ်ပါလား။
ကျောက်တုန်းရှန့်က ထရပ်ကာ ထျန်ဖုန်းကို ဦးညွှတ်လိုက်လေသည်။
“ဖျင်ကျန်းမြို့အတွက် အန္တရာယ်ကောင်တွေကို ဖယ်ရှားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်လေး…။ ဖျင်ကျန်းမြို့သူမြို့သားတွေအားလုံး သခင်လေးကို ကျေးဇူးတင်နေကြမှာပါ…။”
ထျန်ဖုန်းက ခေါင်းယမ်းကာ နှိမ့်ချစွာ ပြောလိုက်လေသည်။
“အားနာစရာ မလိုပါဘူး။ ဟုန်မိသားစုက ကျွန်တော့်ကိုလည်း ရန်စခဲ့တာဆိုတော့ ကျွန်တော် လုပ်သင့် တာ လုပ်ခဲ့တာပါ…။”
ကျောက်တုန်းရှန့်က ပြန်ထိုင်လိုက်ရင်း စိုးရိမ်သော မျက်နှာဖြင့် ပြောလိုက်သည်။
“ဒါပေမဲ့ သခင်လေးက ဟုန်မိသားစုကို သုတ်သင်လိုက်ပြီဆိုတော့ ဟုန်လင်းက သခင်လေးကို အလွတ် ပေးမှာ မဟုတ်ဘူး။ သူမက ပါရမီ အရမ်းမြင့်သလို မြစိမ်းတောင်တန်းဂိုဏ်းမှာလည်း မျက်နှာပန်းလှ တယ်လို့ ကြားမိတယ်…။”
ထျန်ဖုန်းက လက်ကာပြကာ အေးအေးဆေးဆေး ပြောလိုက်သည်။
“ကိစ္စမရှိပါဘူး၊ ဘာမှ မဖြစ်နိုင်ပါဘူး…။”
သူသည် သေခြင်းတရားဖြင့် အရာအားလုံးကို ဖြေရှင်းနိုင်သူဖြစ်ရာ ဟုန်လင်း လာရောက်ရန်စမည်ကို ပို၍ပင် လိုလားနေသေးသည်ပင်မဟုတ်ပါလား။
ထျန်ဖုန်းက ထိုအကြောင်းကို ဆက်မပြောလိုတော့သဖြင့် ကျောက်တုန်းရှန့်လည်း လိမ်မာပါးနပ်စွာဖြင့် စကားစဖြတ်လိုက်သည်။
“ဒါနဲ့... သခင်လေးထျန် ဒီနေ့ ကျွန်တော့်ဆီကို ဘာကိစ္စများ ရှိလို့ ကြွလာတာပါလဲ…။”
ကျောက်တုန်းရှန့်က မဝံ့မရဲ မေးလိုက်လေသည်။
“အမှန်အတိုင်း ပြောရရင် ကျွန်တော်နဲ့ ကျွန်တော့်ညီအစ်ကိုတွေက မြို့ပြင်မှာပဲ ကျင့်ကြံနေထိုင်ခဲ့ တာဆိုတော့ ဒီဒေသရဲ့ ယဉ်ကျေးမှုနဲ့ ပထဝီအနေအထားတွေကို သိပ်မသိဘူး…။”
ထျန်ဖုန်းက လက်ဖက်ရည်တစ်ငုံ သောက်လိုက်ပြီးမှ ဖြည်းဖြည်းချင်း ဆက်ပြောလိုက်လေသည်။
“ဖျင်ကျန်းမြို့က ကျွန်တော့်ကျင့်ကြံခြင်းအတွက် မသင့်တော်တော့ဘူး။ ကျွန်တော်က ပိုဝေးတဲ့နေရာကို သွားပြီး အခွင့်အလမ်းတွေ ရှာဖို့ စဉ်းစားနေတာ။ ဒါပေမဲ့ ကျွန်တော့်မှာ ဘာသတင်းအချက်အလက်မှ မရှိဘူး။ ဒါကြောင့် ကျောက်မိသားစုခေါင်းဆောင်ဆီကနေ လမ်းညွှန်ချက် အချို့ကို တောင်းခံချင်လို့ပါ”
ဖျင်ကျန်းမြို့မှာ သူ ဆက်နေရန် မသင့်တော်တော့ချေ။ အစွမ်းထက်သူများ၊ အရင်းအမြစ်များနှင့် ပြဿနာရှာရန် အခွင့်အရေးများမှာ ဤမြို့တွင် မရှိတော့ပေ။ ထျန်ဖုန်းသည် ဤကမ္ဘာသို့ ရောက်ရှိ လာသည်မှာ မကြာသေးသဖြင့် ပြင်ပလောကအကြောင်းကို လုံးဝမသိချေ။ ယွမ်လီ၏ သိုလှောင်အိတ် ထဲတွင်လည်း မြေပုံ မပါရှိခဲ့ပေ။
ကျောက်မိသားစုမှာ အခြေခံအုတ်မြစ် အခိုင်မာဆုံးဖြစ်ပြီး စကားပြောရ အဆင်ပြေဆုံးဖြစ်သည်ဟု ကြားထားသဖြင့် ထျန်ဖုန်း ယနေ့ လာခဲ့ခြင်း ဖြစ်လေသည်။
***