“အော်... ဟုတ်လား…”
ကျောက်တုန်းရှန့် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်မိသည်။ သူက လမ်းညွှန်ချက် တောင်းခံရန် သာ လာခဲ့ခြင်း ဖြစ်သည် မဟုတ်ပါလား။
“ဒီဒေသရဲ့ ယဉ်ကျေးမှုနဲ့ ပထဝီအနေအထားကိုတော့ ကျွန်တော် သိသလောက် ရှင်းပြပေးပါ့မယ်…။”
ကျောက်တုန်းရှန့်၏ ရှင်းပြချက်များကြောင့် ထျန်ဖုန်းသည် မိမိရောက်ရှိနေသော နေရာကို နောက်ဆုံး တွင် သိလိုက်ရလေသည်။
လက်ရှိတွင် သူသည် ချင်းရှောင်းမင်းဆက်၏ နယ်ပယ်အတွင်း ရောက်ရှိနေခြင်းပင် ဖြစ်လေသည်။ ချင်းရှောင်းမင်းဆက်သည် သာမန်လူသားများ၏ အုပ်ချုပ်မှုအောက်တွင် ရှိသော်လည်း နန်းတွင်း၌ ကျင့်ကြံသူများလည်း ရှိနေတတ်သည်။
ဖျင်ကျန်းမြို့သည် ချင်းရှောင်းမင်းဆက်အတွင်းရှိ ရှိုးကျောက် ပြည်နယ်၊ ဆူးယုံခရိုင်ထဲတွင် တည်ရှိ လေသည်။ ကျောက်တုန်းရှန့်ကိုယ်တိုင်လည်း အဝေးကြီးသို့ မရောက်ဖူးသဖြင့် ပိုမိုနက်နဲသော အချက်အလက်များကိုမူ မသိရှိချေ။
“မြစိမ်းတောင်တန်းဂိုဏ်းရဲ့ တည်နေရာကိုကော ကျောက်မိသားစုခေါင်းဆောင် သိပါသလား…။”
“ဒါကတော့...”
ကျောက်တုန်းရှန့်က ခေတ္တတွေဝေသွားပြီးမှ ပြန်ဖြေလိုက်လေသည်။
“ကျွန်တော် မြစိမ်းတောင်တန်းဂိုဏ်းကိုတော့ ကိုယ်တိုင်မရောက်ဖူးဘူး။ ဒါပေမဲ့ ဖျင်ကျန်းမြို့ရဲ့ မြောက်ဘက်မှာ ရှိတယ်လို့ ကြားဖူးတယ်။ သာမန်လူတစ်ယောက် လမ်းလျှောက်သွားမယ်ဆိုရင် တစ်လ၊ နှစ်လလောက် ကြာလိမ့်မယ်။ မြစိမ်းတောင်တန်းဂိုဏ်းက ရှိုးကျောက် ပြည်နယ်နဲ့ နောက်ထပ် ပြည်နယ် တစ်ခုရဲ့ နယ်စပ်မှာ တည်ရှိတာပါ…။”
“နားလည်ပါပြီ…၊ ကျေးဇူးတင်ပါတယ်…။”
ထျန်ဖုန်းက ခေါင်းငြိမ့်ကာ ဂါရဝပြုလိုက်လေသည်။ ဟုန်လင်းသည် သတင်းကို ဤမျှမြန်မြန် ရရှိခဲ့ခြင်းမှာ တစ်စုံတစ်ရာသော ဆက်သွယ်ရေးကိရိယာ ရှိသောကြောင့် ဖြစ်ရမည်ဟု သူ တွေးလိုက်မိလေသည်။
“သခင်လေးကလည်း အားနာစရာကြီးဗျာ၊ ဒါလေးက ကူညီရတာ အပန်းမကြီးပါဘူး…။”
ကျောက်တုန်းရှန့်က လက်ခါပြကာ
“ဖျင်ကျန်းမြို့က သခင်လေးတို့လို ပါရမီရှင် လူငယ်တွေ ကျင့်ကြံဖို့ မသင့်တော်တာ အမှန်ပါပဲ။ ဒီမှာက အရင်းအမြစ်တွေ ရှားပါးသလို ဝိညာဉ်စွမ်းအင်ကလည်း အားနည်းတယ်။ ပြင်ပလောကကို ထွက်ပြီး အတွေ့အကြုံရှာတာကမှ သခင်လေးအတွက် ပိုကောင်းတဲ့ အနာဂတ်တွေ ရှိလာမှာပါ….။”
ဟု ပြောကာ သက်ပြင်းချလိုက်လေသည်။
“အနှောင့်အယှက် ပေးမိတဲ့အတွက် အားနာပါတယ်…။”
ထျန်ဖုန်းက ထရပ်လိုက်ပြီး ဟုန်မိသားစုထံမှ ရရှိခဲ့သော ကျင့်စဉ်စာအုပ်အချို့ကို သိုလှောင်ခန်းထဲမှ ထုတ်ယူကာ ကျောက်တုန်းရှန့်ထံ ပေးလိုက်သည်။
“ဒါတွေက ဟုန်အိမ်တော်ကနေ ကျွန်တော် ရခဲ့တာပါ။ ကျွန်တော့်အတွက်တော့ အသုံးမဝင်လို့ ကျောက်မိသားစုခေါင်းဆောင်ကို ပေးခဲ့ပါ့မယ်…။”
“အို... ဒါဆိုရင်တော့ ကျေးဇူးအများကြီး တင်ပါတယ် သခင်လေးထျန်…။”
ကျောက်တုန်းရှန့်က ငြင်းဆန်ချင်သော်လည်း စိတ်ထဲတွင်မူ မငြင်းရဲဘဲ လက်ခံလိုက်ရလေသည်။ ထျန်ဖုန်း ကလည်း သူ့ကို အတင်းအကျပ် မလုပ်ခဲ့ချေ။ ဤကျင့်စဉ်များကို သိမ်းထားခြင်းမှာ သူ့အတွက် နေရာလပ်ဖြုန်းတီးခြင်းသာ ဖြစ်ပေလိမ့်မည်။
“ကိစ္စတွေလည်း ပြီးပြီဆိုတော့ ကျွန်တော် နှုတ်ဆက်ခဲ့ပါတယ်…။”
ထျန်ဖုန်းက ဂါရဝပြုကာ ထွက်ခွာရန် ပြင်ဆင်လိုက်လေသည်။
“သခင်လေး... ခဏလောက် စောင့်ပါဦး…။”
ကျောက်တုန်းရှန့်က အမြန်ခေါ်လိုက်သည်။ ဟုန်မိသားစု၏ ပိုင်ဆိုင်မှုများကို မည်သို့ခွဲဝေမည်ကို မဆွေး နွေးရသေးသည် မဟုတ်ပါလား။
“ကျောက်မိသားစုခေါင်းဆောင်မှာ ပြောစရာ ကျန်သေးလို့လား…။”
“ဒီလိုပါ... ဟုန်မိသားစု ချန်ထားခဲ့တဲ့ ပိုင်ဆိုင်မှုတွေ ရှိနေတယ် မဟုတ်လား။ အဲဒါတွေကို အလကား ပစ်ထားမယ့်အစား သခင်လေးရဲ့ နာမည်နဲ့ လွှဲပြောင်းပေးချင်လို့ပါ။ သခင်လေးကပဲ အဲဒီလုပ်ငန်းတွေကို ဆက်ခံလိုက်ပါလား..။”
ထျန်ဖုန်းက ထိုမြေခွေးအိုကြီးကို စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။ သူ ဖျင်ကျန်းမြို့မှ ထွက်ခွာတော့ မည်ကို သိပါလျက်နှင့် ဤလုပ်ငန်းများကို ပေးနေခြင်းမှာ ဘာများထူးပါမည်နည်း။
“ရပါတယ်... ဟုန်မိသားစုရဲ့ ပိုင်ဆိုင်မှုတွေက ကျွန်တော့်အတွက် အသုံးမဝင်ဘူး။ ကျွန်တော်က သာမန်လူသားလောကမှာ သုံးဖို့အတွက် ရတနာအချို့ကိုပဲ ယူထားတာပါ။ ကျန်တာတွေကိုတော့ ခင်ဗျားတို့ သဘောရှိတာသာ လုပ်ကြပါ…။”
အမှန်စင်စစ် ဟုန်မိသားစု၏ ပိုင်ဆိုင်မှုများသည် သာမန်လူများအတွက်သာ အရေးကြီးခြင်း ဖြစ်သည်။ သူကိုယ်တိုင်မှာမူ ချီစွမ်းအင်သန့်စင်ခြင်းအဆင့် (၈) သို့ ရောက်ရှိနေပြီဖြစ်ပြီး စနစ်၏ အကူအညီဖြင့် မကြာမီ အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့် သို့ ရောက်ရှိတော့မည် ဖြစ်ရာ ထိုအရာများကို စိတ်ဝင်စားခြင်း မရှိတော့ချေ။ ထို့ပြင် ယွမ်လီတို့ပင်လျှင် ဤလုပ်ငန်းများကို ဂရုမစိုက်ဘဲ ထားခဲ့သည် မဟုတ်ပါလား။
“ဒါဆိုရင်... သခင်လေး ခဏလောက် စောင့်နိုင်မလား..။ ကျွန်တော် စားသောက်ဖွယ်ရာတွေ ပြင်ဆင်ခိုင်း လိုက်ပါ့မယ်။ တခြား မိသားစုခေါင်းဆောင်တွေကိုလည်း ဖိတ်ပြီး သခင်လေးအတွက် နှုတ်ဆက်ပွဲလေး လုပ်ပေးချင်လို့ပါ…။”
ထျန်ဖုန်းက ခေါင်းယမ်းကာ
“မလိုပါဘူး၊ ကျွန်တော် အခုပဲ သွားတော့မယ်…။” ဟု ဆိုကာ ထွက်ခွာသွားခဲ့လေတော့သည်။
ကျောက်အိမ်တော်မှ ထွက်လာပြီးနောက် ထျန်ဖုန်းသည် ဖျင်ကျန်းမြို့အတွင်း လျှောက်သွားနေမိသည်။ ဤမြို့သည် ဤကမ္ဘာတွင် သူ၏ ပထမဆုံးသော မှတ်တိုင်ဖြစ်ပြီး နောက်တစ်ကြိမ် ပြန်လာဖြစ်၊ မလာ ဖြစ်ကိုမူ သူကိုယ်တိုင်လည်း မသိချေ။
သူသည် ဖျင်ကျန်းမြို့သို့ ကမ္ဘာကူးပြောင်းလာခဲ့ပြီး ဟုန်ထော့၏ နှိပ်စက်မှုကို ခံခဲ့ရကာ သေလုနီးပါး ဖြစ်ခဲ့ဖူးသည်။ ထိုအချိန်က ဟုန်မိသားစုသည် သူ၏ မျက်စိထဲတွင် အင်အားကြီးမားလှသော ဘီလူးကြီး တစ်ကောင်ကဲ့သို့ပင်။ ကံကောင်းထောက်မစွာဖြင့် သူသည် စနစ်နှင့် တွေ့ဆုံခဲ့ရသည်မဟုတ်ပါလား။
ထို့နောက်တွင် သူသည် ပြဿနာများစွာကို ဖန်တီးခဲ့ပြီး ယခုမူ ဟုန်မိသားစု တစ်စုလုံးကိုပင် သုတ်သင် နိုင်ခဲ့ပြီ ဖြစ်သည်။ ယခုအခါ သူသည် ချီစွမ်းအင်သန့်စင်ခြင်းအဆင့် (၈) သို့ ရောက်ရှိနေပြီဖြစ်ရာ နောက် ထပ် ရက်အနည်းငယ်အတွင်း အဆင့် (၉) သို့ ရောက်ရှိပေလိမ့်မည်။
မြို့၏ လမ်းမများကို ကြည့်ရင်း ဟုန်ကျန့်ချင်းက သူ့နောက်သို့ လိုက်လံဖမ်းဆီးခဲ့ပုံ၊ ယွမ်လီက လရောင် အောက်တွင် ငှက်လျှောက်ပြခဲ့ပုံနှင့် ဟုန်လင်း၏ အတု သတင်းများမှာ သူ၏ စိတ်ထဲတွင် ရုပ်ရှင်တစ်ကားကဲ့သို့ ပြန်လည် မြင်ယောင်လာကာ အလိုအလျောက် ပြုံးမိသွားခဲ့လေသည်။
မြို့ထဲတွင် အသက်ရှင်ရပ်တည်ရန် ရုန်းကန်နေကြသော ပြည်သူများကို ကြည့်ကာ ထျန်ဖုန်း သက်ပြင်းချ လိုက်မိသည်။ အကယ်၍ သူသာ စနစ်နှင့် မတွေ့ခဲ့ပါက၊ ဟုန်ထော့နှင့် မတွေ့ခဲ့လျှင်တောင် ယခုအချိန် တွင် သူသည်လည်း ဤမြို့၏ တစ်နေရာရာတွင် တောင်းရမ်းစားသောက်နေရပေလိမ့်မည်။
“စနစ်... မင်း ငါ့ကို ဘာလို့ ရွေးချယ်ခဲ့တာလဲ…။”
အကြာကြီး စဉ်းစားပြီးနောက် ထျန်ဖုန်းထံတွင် မည်သည့် ကောင်းကွက်မှ ရှာမတွေ့သဖြင့် စနစ်က လေးနက်စွာ ပြန်ဖြေလိုက်လေသည်။
[ဖြစ်နိုင်တာကတော့... ပိုင်ရှင်က ကိုယ်ကျင့်တရားလည်းမရှိ၊ အရှက်လည်းမရှိလို့ နေမှာပေါ့…။]
“တော်လိုက်တော့…။”
***