နှစ်ရက်ခန့် ကြာပြီးနောက်...
ထျန်ဖုန်းသည် ဝယ်ယူရန် လိုအပ်သည်များကို ဝယ်ယူပြီး ယူဆောင်သင့်သည်များကိုလည်း ယူဆောင် ပြီးနောက် ဖျင်ကျန်းမြို့ပြင်သို့ ရောက်ရှိလာခဲ့လေသည်။ သူ၏ လက်ဖဝါးခန့်သာရှိသော စိမ်းနုရောင် လှေငယ်လေးမှာ လေထဲတွင် ဝုန်းခနဲ ကြီးလာခဲ့ပြီး ဆယ်ပေခန့်အထိ ရှည်လျားသွားကာ သူ၏ ခြေရင်း တွင် ပျံဝဲနေတော့သည်။
“တကယ့်ကို ထူးဆန်းတဲ့ ကမ္ဘာပဲ၊ သိပ္ပံနည်းကျ လုံးဝမရှိဘူး။ နယူတန်သာ ဒီမှာရှိရင် သူလည်း ဒါကို ဘယ်လိုမှ ရှင်းပြနိုင်မှာ မဟုတ်ဘူး…။”
ထျန်ဖုန်းသည် ဤလှေပျံကို အသုံးပြုပုံကို အတန်ကြာ လေ့လာခဲ့ဖူးသော်လည်း ဖျင်ကျန်းမြို့ တွင် ယွမ်လီ ရှိနေသေးသဖြင့် ယခင်က အသုံးမပြုခဲ့ချေ။ ယခုမူ သူသည် လှေပေါ်သို့ တက်လိုက်ပြီး မြောက်ဘက်အရပ်ဆီသို့ တုန်တုန်ချည့်ချည့်ဖြင့် ခရီးစတင်ခဲ့တော့သည်။
လေထဲသို့ ရောက်ရှိချိန်တွင် သူသည် တဖြည်းဖြည်း ဝေးကွာကျန်ရစ်ခဲ့သော ဖျင်ကျန်းမြို့ကို လှည့်ကြည့် လိုက်မိ၏။ ဤခွဲခွာခြင်းမှာ ထာဝရအတွက် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
နောက်ရက်အနည်းငယ်အတွင်း ထျန်ဖုန်းသည် အချိန်အများစုကို ကျင့်ကြံခြင်းဖြင့်သာ ကုန်ဆုံးစေပြီး ခရီးသွားချိန်ကို လျှော့ချထားခဲ့လေသည်။ သို့သော်လည်း လှေပျံ ရှိနေသဖြင့် သူသည် ဆူးယုံခရိုင်ကို ကျော်လွန်ကာ တော်တော်ဝေးဝေးသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်လေ၏။
နောက်ဆုံးတွင် ယနေ့၌ သူ ကျင့်ကြံနေသော ဂူအတွင်းမှ အစွမ်းထက်သော အငွေ့အသက်တစ်ခု ထွက် ပေါ်လာပြီးနောက် ပြန်လည် တည်ငြိမ်သွားတော့သည်။ ထျန်ဖုန်းသည် ချီစွမ်းအင်သန့်စင်ခြင်း အဆင့် (၉) သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်လေသည်။
“နောက်တစ်ဆင့်ကတော့ ချီစွမ်းအင်သန့်စင်ခြင်း အဆင့် (၉) ကို အထွတ်အထိပ်ရောက်အောင် လုပ်ပြီး အခြေခံတည်ဆောက်ခြင်း ဆေးလုံး ကို သုံးပြီး အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့် ကို တက်ဖို့ ပဲ။ ကံကောင်းတာက စနစ်ဆိုင်မှာ ဒီဆေးလုံးတွေ ဝယ်လို့ရနေတာပဲ၊ ငါ အပင်ပန်းခံ ရှာစရာမလိုတော့ ဘူး…။”
ထျန်ဖုန်း မျက်လုံးဖွင့်ကြည့်လိုက်ရာ သူ၏ မျက်ဝန်းအတွင်းမှ အလင်းတန်းတစ်ခု လက်ခနဲ ပေါ်လာပြီး ပျောက်ကွယ်သွားသည်။ အခြေခံတည်ဆောက်ခြင်း ဆေးလုံးမပါဘဲ အဆင့်တက်၍ မရခြင်းမဟုတ် သော်လည်း မိမိဘာသာ အဆင့်တက်ရန်မှာ ပါရမီနှင့် အချိန်သည် အလွန်လိုအပ်သည်ပင်။ ထို့ကြောင့် ဆေးလုံးအသုံးပြုခြင်းက ပို၍ အဆင်ပြေလှသည်။
“ကဲ... အခုတော့ ခရီးကို အရှိန်မြှင့်လို့ ရပြီ။ ကျင့်ကြံခြင်းလောကကြီးကို ငါ တကယ် မြင်ချင်လှပြီ…။”
ထျန်ဖုန်းသည် အနာဂတ်အတွက် ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်မိသည်။ ဤကမ္ဘာကြီးက ဘယ်လိုပုံစံ ရှိမလဲ၊ အစွမ်းထက်တဲ့ ကျင့်ကြံသူတွေကော ဘယ်လောက်တောင် များမလဲ၊ နတ်မိမယ် တွေ၊ ပါရမီရှင်တွေနဲ့သာ သူနှင့် တွေ့ဆုံခဲ့လျှင် ဘယ်လို ပြဿနာတွေ ဖြစ်လာဦးမလဲ။ ထျန်ဖုန်း၏ မျက်လုံးများထဲတွင် ထူးဆန်းသော အလင်းတစ်ခု ပေါ်လာပြီး သူ၏ စိတ်ထဲတွင် ယုတ်မာသော အကြံအစည်ပေါင်းများစွာ ပေါ်ပေါက်လာတော့သည်။
အဆင့် (၉) သို့ ရောက်ရှိသွားသဖြင့် သူ၏ လှေမောင်းနှင်နှုန်းမှာလည်း ပိုမိုမြန်ဆန်လာခဲ့သည်။ ရက် အနည်းငယ်အကြာတွင် သူသည် လှေကို ကျွမ်းကျင်စွာ မောင်းနှင်နိုင်ခဲ့ပြီ ဖြစ်လေ၏။
…………
ထျန်ဖုန်း ခရီးသွားနေစဉ်မှာပင် ဖျင်ကျန်းမြို့တွင် သူ၏ လုပ်ရပ်များမှာ ပိုမို လူပြောများလာခဲ့လေသည်။ ထျန်ညီအစ်ကို လေးယောက်နှင့် ဟုန်မိသားစုတို့၏ အရှုပ်တော်ပုံ၊ ယွမ်လီ၏ လရောင်အောက်မှ ငှက် လျှောက်ပြမှုတို့မှာ အလွန်ပင် ဟိုးဟိုးကျော်နေတော့သည်။
“သာမန်လူတစ်ယောက်ဖြစ်တဲ့ ထျန်ဖုန်းကြောင့် အင်အားကြီးတဲ့ ဟုန်မိသားစုကြီး အမြစ်ပြတ်သွား လိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ…။”
“ဒါပေမဲ့ ပြောရဦးမယ်... ထျန်ညီအစ်ကိုတွေကတော့ တကယ်ကို ယုတ်မာလွန်းတယ်…။”
“ဟားဟား... အစ်ကိုကလည်း၊ ဟုန်မိသားစုလို လူယုတ်မာတွေကို နှိမ်နင်းတာက ဘာလို့ ကိုယ်ကျင့် တရား မရှိတာ ဖြစ်ရမှာလဲ…။”
“ဒါပေမဲ့ တစ်ခုတော့ ရှိတယ်... အမြွှာညီအစ်ကိုတွေ ဒါမှမဟုတ် ညီအစ်ကို အများကြီးရှိတဲ့သူတွေ ကိုတော့ သွားမရန်စတာ အကောင်းဆုံးပဲ…။”
ထိုအချိန်မှစ၍ ဖျင်ကျန်းမြို့တွင် ထူးဆန်းသော အလေ့အထတစ်ခု ပေါ်လာသည်။ ၎င်းမှာ ညီအစ်ကို အများကြီးရှိသော မိသားစုများကို ဘယ်သူမှ မရန်စရဲကြခြင်းပင်။ တစ်ယောက်နှင့်တစ်ယောက် ပြဿနာတက်လျှင် ဤသို့ မေးမြန်းလေ့ရှိကြသည်။
“မင်းမှာ ညီအစ်ကို ရှိလား…။ ညီ ဘယ်နှစ်ယောက် ရှိလဲ…။”
အကယ်၍ တစ်ဖက်လူတွင် ညီအစ်ကို မရှိလျှင် ပြဿနာရှာမည်ဖြစ်ပြီး၊ ညီအစ်ကို ရှိနေပါက ထိုသူ သည် စိတ်ကို လျှော့လိုက်ရလေတော့သည်။
“ငါ့မှာလည်း အမေတူ အဖေတူ ညီလေး လေးယောက် ရှိတယ်….။”
“အို... အစ်ကို... ခုနက ကျွန်တော့် စကားသံ နည်းနည်း မာသွားရင် ခွင့်လွှတ်ပါဗျာ…။”
တောအုပ်တစ်ခုအတွင်းရှိ စမ်းချောင်းလေးတစ်ခု၏ဘေးတွင်...
“အင်း... မွှေးနေတာပဲ..။”
ထျန်ဖုန်းသည် စမ်းချောင်းဘေးတွင် ထိုင်ကာ ရွှေအိုရောင်သန်းပြီး ကြွပ်ရွနေသော ယုန်ကင်တစ်ပိုင်းကို ဖဲ့ယူလိုက်လေ၏။ သူသည် ဘေးမှ မီးပုံကို ငြှိမ်းသတ်လိုက်ပြီးနောက် အရသာရှိသော အစားအစာကို စတင်သုံးဆောင်လေတော့သည်။
“ဟင်….”
ရုတ်တရက် သူ သတိထားမိလိုက်သည်။ အဝေးမှ တိုက်ခိုက်သံများကို သဲ့သဲ့ကြားနေရပြီး မီးတောက် အလင်းတန်းများကိုလည်း တစ်ခါတစ်ရံ မြင်နေရသည်။ သို့သော် ထျန်ဖုန်းသည် ဝင်ပါရန် အစီအစဉ် မရှိသဖြင့် မကြားချင်ယောင်ဆောင်ကာ အစားကိုသာ ဆက်စားနေလိုက်သည်။
“ငွေသစ်ရွက်မြက်ကို အခုချက်ချင်းပေးစမ်း၊ ဒါဆို မင်းအသက်ကို ငါ ချမ်းသာပေးမယ်…။”
အဝေးမှ အသံများ ကြားနေရသော်လည်း ထျန်ဖုန်းမှာ မလှုပ်မယှက် ရှိနေဆဲပင်။
“အိပ်မက်မက်မနေနဲ့…။ ဒါကို ဖျက်ဆီးပစ်လိုက်ရင် ပစ်လိုက်မယ် နင့်ကိုတော့ လုံးဝ မပေးနိုင်ဘူး…။”
နူးညံ့သိမ်မွေ့သော အမျိုးသမီးတစ်ဦး၏ အသံ ထျန်ဖုန်း၏ နားထဲသို့ ဝင်ရောက်လာခဲ့သည်။
“မင်းက သေလမ်းရှာနေမှတော့ ငါတို့ကို အပြစ်မတင်နဲ့တော့…။”
ခက်ထန်သော အသံကြီးတစ်သံက ထပ်မံထွက်ပေါ်လာပြန်သည်။
မှော်အတတ်များ၏ ပေါက်ကွဲသံများနှင့်အတူ ထိုလူများမှာ ထျန်ဖုန်းရှိရာအရပ်သို့ တဖြည်းဖြည်း နီးကပ် လာခဲ့သည်။ ထျန်ဖုန်းသည် သူ၏ ကျင့်ကြံခြင်းအဆင့်ကို ချီစွမ်းအင်သန့်စင်ခြင်း အဆင့် (၇) ခန့်တွင်သာ ရှိနေသကဲ့သို့ ဖုံးကွယ်ထားလိုက်ပြီး ထိုလူများ ဘာလုပ်မည်ကို စောင့်ကြည့်နေလိုက်သည်။
“ရှူး... ”
အမျိုးသမီးတစ်ဦးသည် သစ်ကိုင်းတစ်ခုပေါ်သို့ ခုန်တက်လာလေ၏။ သူမသည် အသက် (၂၆)၊( ၂၇) ခန့်ရှိပြီး သာမန်ရုပ်ရည်သာ ရှိသည်။ ပြင်းထန်သော လှုပ်ရှားမှုကြောင့် သူမ၏ မျက်နှာမှာ နီမြန်းနေပြီး ရင်ဘတ် မှာလည်း အသက်ရှူ မြန်နေသဖြင့် နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။
သူမသည် ထျန်ဖုန်းကို မြင်လိုက်ရချိန်တွင် အံ့ဩသွားပုံရလေသည်။ သူမက အားနာသော မျက်နှာဖြင့် သတိပေးလိုက်သည်။
“ရှင်... ကျွန်မ ဒီမှာ လူရှိနေမှန်း မသိခဲ့ဘူး။ ရှင် အမြန် ထွက်ပြေးတော့၊ ရှင့်နောက်မှာ မျက်တောင်တစ် ချက်မခတ်ဘဲ လူသတ်တတ်တဲ့ အနက်ရောင်တောင်ထွဋ်ညီနောင်တွေ လိုက်လာနေပြီ….။”
သူမသည် ထျန်ဖုန်း၏ တုံ့ပြန်မှုကို မစောင့်တော့ဘဲ အဝေးသို့ ဆက်လက် ထွက်ပြေးသွာလေတော့သည်။ ထျန်ဖုန်းကမူ မလှုပ်မယှက်ဘဲ စားလက်စကိုသာ ဆက်စားနေခဲ့လေသည်။
“ဟေ့ကောင်…။ အဲဒီမိန်းမကို တားထားစမ်း…။”
“သူ လွတ်သွားရင် မင်းကို ငါ သတ်ပစ်မယ်…။”
အနက်ရောင်တောင်ထွဋ်ညီနောင် နှစ်ဦး ရောက်ရှိလာပြီး ထျန်ဖုန်းကို မြင်သောအခါ သူသည် အဆင့် (၇) သာ ရှိသည်ဟု ယူဆကာ ချက်ချင်း ခြိမ်းခြောက်လိုက်ကြသည်။
ထျန်ဖုန်းက ထိုညီအစ်ကိုနှစ်ဦးကို မော့ကြည့်လိုက်သည်။ တစ်ဦးမှာ မုတ်ဆိတ်ဗလပွနှင့် ကြံ့ခိုင်သော ကိုယ်ခန္ဓာရှိပြီး အခြားတစ်ဦးမှာမူ ပိန်လှီကာ နှာဘူးရုပ် ပေါက်နေသည်။ ထျန်ဖုန်းက ဘာမှမလုပ်ဘဲ ထိုင် နေသည်ကို မြင်သောအခါ ပိန်လှီသောလူက ဒေါသထွက်ကာ မီးလုံးကြီးတစ်လုံးဖြင့် ပစ်ပေါက်လိုက် လေသည်။
“မင်းက ဆွံ့အလို့လား၊ နားမကြားလို့လား …ဟမ်.. ဟေ့ကောင်…။”
ထျန်ဖုန်းသည် မီးလုံးကို အသာအယာ ရှောင်လိုက်ပြီး သူ၏ မျက်နှာမှာ အေးစက်သွားလေသည်။
“ခြင်္သေ့အိပ်နေတာကို ခွေးက လာကလိနေတာပဲ…။”
“သူများ ထမင်းစားနေတာကို လာနှောင့်ယှက်တာက အသက်နဲ့လဲရမယ့် ကိစ္စဆိုတာ မင်းတို့ သိလား..။ မင်းတို့ကတော့ သေလမ်းရှာနေကြပြီပဲ…။”
*ငါက ဘာပြဿနာမှ မရှာဘဲ ငြိမ်ငြိမ်လေး နေနေတာကိုတောင် လာရန်စရဲကြတယ်ပေါ့လေ…။*
ထျန်ဖုန်းသည် လက်ကို ဝှေ့ယမ်းကာ လေဟုန်ခွင်းဓားသွားနှစ်စင်းကို ပစ်လွှတ်လိုက်လေသည်။
“ရွှစ်… ”
“အနက်ရောင်တောင်ထွဋ်ညီနောင် ဟုတ်လား…။ မင်းတို့က လေနဲ့ ကစားတာ ဝါသနာပါပုံရတယ်…။”
“မျက်တောင်မခတ်ဘဲ လူသတ်တတ်တယ်ဆိုတော့... မင်းတို့ ဘယ်တော့မှ မျက်တောင် ထပ်မခတ်နိုင် အောင် ငါ လုပ်ပေးရမှာပေါ့…။”
***