"တာအိုရောင်းရင်း ချန်ယွင်... ခဏလောက် စောင့်ပါဦး…။"
အလောင်းများကို စစ်ဆေးနေသော ထျန်ဖုန်းက လှည့်ကြည့်ကာ ပြောလိုက်သည်။
"ခဏလေးပဲ စောင့်ပါ၊ ကျွန်တော် ဒီအလောင်းတွေကို စစ်ဆေးပြီးရင် မေးစရာလေး ရှိလို့ပါ…။"
ချန်ယွင်က အသာအယာ ခေါင်းငြိမ့်ပြပြီး သူပြောသည့်အတိုင်းပင် ရပ်စောင့်နေလိုက်သည်။ မည်သို့ပင် ဆိုစေကာမူ ရှေ့မှလူငယ်မှာ သူမ၏အသက်ကို ကယ်တင်ပေးခဲ့သူ မဟုတ်ပါလား။
ထျန်ဖုန်းသည် ရတနာများကို ခဏချင်းအတွင်း သိမ်းဆည်းလိုက်လေသည်။ ဓားကြီးတစ်လက်နှင့် ဓားရှည်တစ်လက်။ နှစ်လက်လုံးက တန်ဖိုးကြီးလှသည့် ရတနာများတော့ မဟုတ်ချေ။ ထို့ပြင် အဆင့်နိမ့် စိတ်စိတ်ဝိညာဉ်ကျောက်တုံး (၃၀) ကျော်ကိုလည်း ရှာတွေ့ခဲ့လေသည်။
ယခင်က ယွမ်လီထံမှ ရထားသည် နှင့် ပေါင်းလိုက်လျှင် ယခုအခါ သူ၏ လက်ထဲ၌ စိတ်စိတ်ဝိညာဉ် ကျောက်တုံး (၆၀)၊ (၇၀) ခန့် ရှိနေခဲ့ပြီပင်ဖြစ်သည်။
ထို့ပြင် အသုံးမဝင်သော လက်စွဲစာအုပ် အချို့နှင့် အထွေထွေ ပစ္စည်းအချို့ကိုလည်းရှိခဲ့လေသည်။
"တကယ့် ဆင်းရဲသားတွေပဲ…။"
ထျန်ဖုန်းက တိုးတိုးလေး ကျိန်ဆဲလိုက်သည်။ ဪ... နောက်ဆုံး ကျန်နေတာကတော့ သိုလှောင်အိတ် တစ်အိတ်ပဲပေါ့။
ချန်ယွင်ကမူ ထိုသိုလှောင်အိတ်ကို လိုချင်တပ်မက်သော အကြည့်ဖြင့် စိုက်ကြည့်နေလေသည်။ သူမ တွင် ဤကဲ့သို့သော ရတနာမျိုး တစ်ခါမှ မရှိခဲ့ဖူးချေ။ ထျန်ဖုန်းက သူမ၏ အကြည့်ကို မြင်သော်လည်း ဘာမှမပြောခဲ့ပေ။ သူက သူမ၏အသက်ကို ကယ်ပေးထားပြီးသားဖြစ်ရာ ဘာကြောင့် ပိုပေးရဦး မည်နည်း။
*ငါက မိန်းမနောက်ပိုး လုပ်တတ်တဲ့ ငကြောင် မဟုတ်ဘူးဟ* ဟု သူ စိတ်ထဲမှ တွေးလိုက်သည်။
"အစ်မချန်... ဒီအနီးအနားမှာ ကျင့်ကြံသူတွေ စုဝေးတတ်တဲ့နေရာ ရှိလားလို့ ကျွန်တော် မေးချင်လို့ပါ..။"
ဤကမ္ဘာအကြောင်းကို နားလည်ရန် အကောင်းဆုံးနည်းလမ်းမှာ ကျင့်ကြံသူများ နေထိုင်ရာနေရာကို ရှာဖွေခြင်းပင် ဖြစ်သည်။
"ရှေ့နားမှာ ဈေးမြို့တော်တစ်ခု ရှိပါတယ်။ အဲဒီမှာ လေလွင့်ကျင့်ကြံသူတွေ အနားယူတာ၊ ကုန်သွယ်တာ တွေ လုပ်ကြတာပေါ့။ ဒီကနေသွားရင် နေ့တစ်ဝက်စာလောက်ပဲ ကြာလိမ့်မယ်။ အစ်ကိုထျန်က အဲဒီမြို့ ကို သွားမလို့လား…။"
"ဟုတ်တယ်... သွားဖို့ လိုအပ်နေလို့ပါ…။"
"ဒါဆိုရင်... ကျွန်မကော လိုက်ခဲ့လို့ ရမလားဟင်…။"
ချန်ယွင်က မျှော်လင့်ချက်အပြည့်ဖြင့် ထျန်ဖုန်းကို ကြည့်လိုက်လေသည်။
"ကျွန်မလည်း ဆေးလုံးသန့်စင်ပေးမယ့်သူကို ရှာဖို့ အဲဒီဈေးကို သွားမလို့ပါပဲ…။"
"ရပါတယ်... ကိစ္စမရှိပါဘူး…။"
လမ်းပြမည့်သူ ရှိနေသည်ဖြစ်ရာ ထျန်ဖုန်းက ငြင်းဆန်ရန် အကြောင်းမရှိချေ။
"ကျေးဇူးအများကြီး တင်ပါတယ် ရှင်…။"
ချန်ယွင်က ရိုသေစွာ ဦးညွှတ်လိုက်လေသည်။ သူမတွင် အခြားရည်ရွယ်ချက် မရှိချေ။ အဓိကမှာ သူမ သည် အဆင့် (၈) သာ ရှိသေးပြီး လက်ထဲတွင် ငွေသစ်ရွက်မြက် ရှိနေသဖြင့် မတော်တဆမှုများ ဖြစ်လာ မည်ကို စိုးရိမ်နေခြင်းပင် ဖြစ်၏။ အစွမ်းထက်သူတစ်ဦးနှင့် အတူသွားရခြင်းက ပို၍ ဘေးကင်း နိုင်သည် မဟုတ်ပါလား။
"ရပါတယ်... အားနာစရာ မလိုပါဘူး…။"
ထျန်ဖုန်းက လက်ဝှေ့ယမ်းလိုက်ပြီး သူ၏ လှေပျံကို ထုတ်လိုက်ကာ ရှေးဦးစွာ တက်လိုက်သည်။
"တက်ခဲ့လေ…။"
လေထဲတွင် ပျံဝဲနေသော လှေကို ကြည့်ကာ ချန်ယွင်မှာ ခေတ္တမျှ မှင်တက်သွားတော့သည်။ လှေပျံကို ပိုင်ဆိုင်ထားသူမှာ သာမန်လူ မဟုတ်သည်မှာ အသေအချာပင်။ ဤကဲ့သို့သော ရတနာမျိုးကို အခြေခံ အုတ်မြစ် တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူများသာ ပိုင်ဆိုင်လေ့ရှိသည်ပင်။
ချီစွမ်းအင်သန့်စင်ခြင်း အဆင့်မှာပင် ဤမျှ စွမ်းဆောင်နိုင်သူမှာ အလွန်ရှားပါးလှပြီး သူ၏ နောက်ခံမှာ လည်း သေချာပေါက် ကြီးမားပေလိမ့်မည်။
"ကျွန်မ ကရှင့်အတွက် ရယ်စရာ ဖြစ်သွားရင် ခွင့်လွှတ်ပါရှင်…။"
ချန်ယွင်က မျက်နှာနီမြန်းသွားကာ လှေပေါ်သို့ အမြန် ခုန်တက်လိုက်လေသည်။
"ရပါတယ်…။"
ထျန်ဖုန်းက လက်ဟန်သင်္ကေတဖော်ဆောင်လိုက်ရာ လှေပျံမှာ လေဟုန်ကိုခွင်း၍ ချန်ယွင် ညွှန်ပြသော အရပ်ဆီသို့ တဟုန်ထိုး ဦးတည်သွားတော့သည်။ လမ်းတလျှောက်တွင် သူတို့နှစ်ဦးမှာ စကားပြောရင်း ခင်မင်သွားကြလေတော့သည်။
ချန်ယွင်သည် မိဘမဲ့တစ်ဦး ဖြစ်လေ၏။ သူမကို အဆင့် (၆) ရှိသော တာအိုဘုန်းကြီးအိုတစ်ပါးက ကောက်ယူမွေးစားခဲ့ခြင်း ဖြစ်လေသည်။ လွန်ခဲ့သော နှစ်အနည်းငယ်က ထိုဘုန်းကြီး ပျံလွန်တော်မူ သွားပြီးနောက် သူမသည် အတွေ့အကြုံရှာရန် လောကကြီးထဲသို့ ထွက်လာခဲ့ခြင်း ဖြစ်သည်။
ချန်ယွင်၏ ပါရမီမှာ သိပ်မကောင်းလှဘဲ ရောနှောစိတ်ဝိညာဉ်အမြစ် ရှိသူဖြစ်သည်။ ထို့ပြင် သူမ၏ ဆရာကြောင့် မည်သည့်ဂိုဏ်းကိုမှ မဝင်ခဲ့ဘဲ နှစ်ပေါင်းများစွာ ကျင့်ကြံလာခဲ့သော်လည်း ယခုမှ အဆင့် (၈) သို့သာ ရောက်ရှိသေးခြင်း ဖြစ်လေသည်။
ထျန်ဖုန်းနှင့် စကားပြောရာမှ သူမသည်လည်း သူ၏အကြောင်းအရင်း အချို့ကို သိခဲ့ရသည်။ သူမ၏ အမြင်တွင် ထျန်ဖုန်းသည်လည်း အားကိုးရာမဲ့ တစ်ကိုယ်တည်းသမားဖြစ်ပြီး မိမိဘာသာ ကျင့်ကြံကာ အဆင့် (၉) သို့ ရောက်ရှိလာသူဟု နားလည်လိုက်သည်။ နှစ်ဦးလုံးမှာ ဘဝတူများပင် ဖြစ်သည်။
ချန်ယွင်က တစ်စုံတစ်ခုကို ပြောရန် တွန့်ဆုတ်နေသည်ကို မြင်သောအခါ ထျန်ဖုန်းက မေးလိုက်သည်။
"ဘာဖြစ်လို့လဲ…။"
"ဘာ... ဘာမှမဟုတ်ပါဘူး ရှင်…။"
ထျန်ဖုန်းက ခေတ္တစဉ်းစားလိုက်ပြီးနောက် တစ်စုံတစ်ခုကို နားလည်သွားခဲ့လေသည်။ သူက သိုလှောင် အိတ်ကို ထုတ်လိုက်ပြီး မေးလိုက်၏။
"ဒါကို လိုချင်လို့လား….။"
ထျန်ဖုန်း၏ လေသံမှာ တည်ငြိမ်နေသော်လည်း စိတ်ထဲတွင်မူ ဆုံးဖြတ်ထားပြီးသားဖြစ်လေသည်။
* အလကား အတင်းတောင်းရင်တော့ လမ်းတစ်ဝက်မှာ ကန်ချပစ်မယ်…။*
သိုလှောင်အိတ်၏ တန်ဖိုးကို သူအတိအကျ မသိသော်လည်း ဈေးမပေါသည်မှာ သေချာသည်။ သူတို့က အမှတ်မထင် ဆုံတွေ့ခဲ့သူများသာဖြစ်လေသည် အဘယ်ကြောင့် အလကား ပေးရမည်နည်း။
"ဟင့်အင်း... ကျွန်မက ဝယ်ချင်လို့ပါ။ ဒါပေမဲ့ အခုလောလောဆယ် ကျွန်မဆီမှာ စိတ်ဝိညာဉ် ကျောက်တုံး လုံလုံလောက်လောက် မရှိသေးလို့ပါ….။"
ချန်ယွင်က ထျန်ဖုန်း အထင်လွဲမည်စိုးသဖြင့် ပျာပျာသလဲ ပြောရှာလေသည်။
"ဪ... ဒါဆိုရင် ဒီအိတ်အတွက် မင်းက ဘယ်လောက် ပေးချင်လို့လဲ….။"
ထျန်ဖုန်းက သိုလှောင်အိတ်၏ တန်ဖိုးကို သိချင်သဖြင့် မေးလိုက်လေသည်။
"ဈေးမှာဆိုရင် သိုလှောင်အိတ်ကို စိတ်စိတ်ဝိညာဉ်ကျောက်တုံး (၅၀) နဲ့ ရောင်းကြတယ်။ တကယ် တမ်းရောင်းရင် (၄၅) တုံးလောက်တော့ ရတတ်ပါတယ်။ ဒါပေမဲ့ ကျွန်မဆီမှာ အခု စိတ်ဝိညာဉ် ကျောက်တုံး (၄၀) ပဲ ရှိတာပါ။ အရေးပေါ်သုံးဖို့ (၅) တုံး ချန်ထားရဦးမှာမို့ (၃၅) တုံးရယ် တခြား ဆေးဖက်ဝင်အပင်တွေ ဒါမှမဟုတ် ဆေးလုံးတွေနဲ့ရယ် လဲလို့ရမလားဟင်…။"
ချန်ယွင်၏ မျက်နှာမှာ အလွန်အားနာနေပုံရလေသည်။ ဤသည်မှာ သူမ စုဆောင်းထားသမျှ အားလုံးပင် ဖြစ်သည်။
"ဪ... နားလည်ပြီ…။"
ထျန်ဖုန်း စိတ်အေးသွားသည်။ သူ၏ ပထမဆုံး သူငယ်ချင်းက အမြတ်ထုတ်တတ်သူ မဟုတ်သဖြင့် သူ ကျေနပ်သွားမိသည်။
"ဒါဆိုရင် မင်းဆီက (၃၅) တုံးပဲ ယူမယ် ကျန်တာတွေ မလိုတော့ဘူး…။"
ထျန်ဖုန်းသည် ထိုစိတ်ဝိညာဉ်ကျောက်တုံး ဆယ်တုံးခန့်ကို ဂရုမစိုက်ချေ။ ဘာပဲဖြစ်ဖြစ် ဈေးမှာ သွားရောင်းဖို့ဆိုသည်ကလည်း အချိန်ကုန်သည် မဟုတ်ပါလား။
စနစ်ရှိနေသည့် သူ့အတွက် စိတ်ဝိညာဉ်ကျောက်တုံး အနည်းငယ်အတွက် အချိန်ဖြုန်းနေရခြင်းက အဓိပ္ပာယ်မရှိချေ။ သူသည် သိုလှောင်အိတ်ကို ချန်ယွင်ထံသို့ လှမ်းပစ်ပေးလိုလေသည်။
"ဒါက... ရှင်..."
ချန်ယွင်က ငြင်းဆန်ချင်သော်လည်း မငြင်းနိုင်ဘဲ ဖြစ်နေခဲ့သည်။
"ရပါတယ်... ယူထားလိုက်ပါ…။"
"ဟုတ်ကဲ့... ကျေးဇူးအများကြီး တင်ပါတယ် အစ်ကိုထျန်…။"
ချန်ယွင်က ထျန်ဖုန်းကို ကျေးဇူးတင်စွာ ကြည့်လိုက်သည်။ ထျန်ဖုန်းမှာ လှေပျံပင် ပိုင်ဆိုင်ထားသည်ဖြစ် ရာ စိတ်ဝိညာဉ်ကျောက်တုံး အနည်းငယ်ကို ဂရုစိုက်မည် မဟုတ်ဟု သူမ တွေးလိုက်မိသည်။ သူမသည် သူမ၏ အိတ်ထဲမှ စိတ်ဝိညာဉ်ကျောက်တုံး (၃၅) တုံးကို ထျန်ဖုန်းထံ ပေးအပ်လိုက်လေသည်။ ထို့နောက် သိုလှောင်အိတ်ကို ကိုင်ကာ ကလေးတစ်ယောက်ကဲ့သို့ ပျော်ရွှင်စွာ ဆော့ကစားနေတော့သည်။
ထျန်ဖုန်းက ပြုံးပြီး ခေါင်းကို ဖြေးညင်းစွာခါယမ်းလိုက်လေသည်။ သူမကို အနှောင့်အယှက် မပေးလို သဖြင့် လှေကိုသာ တည်ငြိမ်စွာ မောင်းနှင်နေလိုက်တော့သည်။
…………
"ဈေးမြို့တော်က ဟောဟိုရှေ့မှာပဲ။ အဲဒီမြို့ကို အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ တစ်ဦးက တည်ထောင်ခဲ့တာဆိုတော့ ဘယ်အဆင့် (၉) ကျင့်ကြံသူမှ အဲဒီမှာ ပြဿနာမရှာရဲကြဘူး…။"
ဟု ချန်ယွင်က ရှင်းပြလေသည်။
*အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့် မပြောနဲ့၊ အခြေတည်စိတ်ဝိညာဉ် အဆင့် ကျင့်ကြံသူ တောင် ငါ့ကို ရန်စရင် ပြဿနာတက်သွားလိမ့်မယ်….။* ဟု ထျန်ဖုန်းက စိတ်ထဲမှ ကြုံးဝါးလိုက်သည်။
"အစ်ကိုထျန်... ကျွန်မတို့ လမ်းလျှောက်သွားကြရအောင်။ လှေပျံက လူသတိထားမိလွန်းတယ်…။"
တခြားကျင့်ကြံသူများက ဤလှေကို လိုချင်တပ်မက်ပြီး လုယူမည်ကို သူမ စိုးရိမ်နေခြင်း ဖြစ်သည်။
"ဈေးထဲမှာ လုယက်လို့ ရလို့လား…။"
"ဈေးထဲမှာတော့ မရဘူးပေါ့။ ဒါပေမဲ့ ဒီလို ရတနာမျိုး ပိုင်ဆိုင်ထားတာက အန္တရာယ်တစ်ခုလိုပဲ။ ဈေးက နေ ထွက်သွားရင် ဓားပြတွေရဲ့ ချောင်းမြောင်းတိုက်ခိုက်တာ ခံရနိုင်တယ်…။"
"ဒီဈေးကို တည်ထောင်ခဲ့တဲ့ ကျင့်ကြံသူကော ဒီလှေကို လိုချင်မှာလား…။"
ထျန်ဖုန်းက မေးလိုက်သည်။ အကယ်၍ ထိုကျင့်ကြံသူကပါ လုယူမည်ဆိုလျှင် သူ၏ နည်းဗျူဟာကို ပြောင်းလဲရမည် မဟုတ်ပါလား။
ချန်ယွင်က ခေါင်းယမ်းကာ ဖြေလိုက်လေသည်။
"မဖြစ်နိုင်ပါဘူး။ အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူတိုင်းမှာ လှေပျံ ရှိကြပါတယ်။ အလွန် ရက်စက်ယုတ်မာတဲ့ ကျင့်ကြံသူမျိုးမှသာ လုယူမှာပါ။ ဒီဈေးက လူတွေကတော့ သူတို့ရဲ့ ဂုဏ်သိက္ခာကို အထိခိုက်ခံပြီး ဒီလိုလုပ်ရပ်မျိုးကို လုပ်မှာ မဟုတ်ဘူး….။"
"ဒါဆိုရင်တော့ ကောင်းတာပေါ့…။"
"ဪ... ဒါနဲ့ မင်း ဒီနေရာမှာပဲ ဆင်းလိုက်တော့…။"
ထျန်ဖုန်းက တစ်စုံတစ်ခုကို သတိရသွားပြီး ပြောလိုက်သည်။
"ငါကတော့ လုယူခံရမှာကို မကြောက်ဘူး၊ ဒါပေမဲ့ သူတို့က မင်းကိုပါ ဒုက္ခပေးမှာ စိုးလို့ပါ…။"
ပိုင်ဆိုင်မှုတွေ အလုခံရလျင်တောင် ထျန်ဖုန်းက ဝမ်းသာနေဦးမည်ဖြစ်၏။ လုတဲ့သူကိုတောင် ကူညီ ပေးလိုက်ပေဦးမည်။ အဆိုးဆုံးဖြစ်လျင် သူ သေရုံသာ ရှိသည် မဟုတ်ပါလား။
သို့ပေမဲ့ ချန်ယွင်က သူနှင့် ခင်မင်နေသည်ကို ရန်သူက သိသွားပါက သူမပါ အန္တရာယ်ရှိနိုင်သည်ကို သူ စိုးရိမ်မိခြင်းပင်ဖြစ်သည်။
သူမကို အမြဲတမ်း ကယ်တင်ပေးနေရခြင်းမှာလည်း သူ့အတွက် အလုပ်ရှုပ်စရာ ဖြစ်ရသည်မဟုတ်ပါ လား။ ထို့ကြောင့် အခုကတည်းက လမ်းခွဲလိုက်ခြင်းက အကောင်းဆုံးပင် ဖြစ်လေတော့သည်။
***