“သူမက ခရမ်းပန်း ကုန်သည် မဟာမိတ်အဖွဲ့ရဲ့ ဥက္ကဋ္ဌဆိုတာ တကယ်ပါပဲ။ ငါ သူမကို အထင်သေးမိသွားတာပဲ။”
ကျူးကောက ကျီတိကို အမြင်သစ်ဖြင့် ကြည့်လိုက်သည်။
ထိုစဉ်က ကျူးကောက သူ၏အဖွဲ့သားများကို ဦးဆောင်ကာ ဒူးလေးများကို အတင်းအဓမ္မ သိမ်းယူခဲ့သည်။ သို့သော် သူက ခိုင်လုံသော အကြောင်းပြချက်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့စွာ လုပ်ဆောင်ခဲ့ခြင်း မဟုတ်ပေ။ စခန်း ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာရာတွင် ဒူးလေးများက ထိခိုက်သေဆုံးမှုကို လျှော့ချပေးနိုင်မည် ဖြစ်သောကြောင့်ပင်။
သို့သော် ကျန်းကျင်းက မြေပုံကို ထုတ်ပြလိုက်သောအခါ ပြဿနာပေါ်လာတော့သည်။
အကြောင်းမှာ ကျူးကော နှင့် သူ၏အဖွဲ့သားများက ကျန်းကျင်း၏ မြေပုံကြောင့် အကျိုးအမြတ် ရရှိနေသောကြောင့် ဖြစ်သည်။ ကျူးကောတို့အဖွဲ့၏ စူးစမ်းရှာဖွေမှု ရလဒ်များအားလုံးမှာ ကျန်းကျင်း၏ မြေပုံထဲတွင် အပြည့်အဝ ပါဝင်နေပြီးသား ဖြစ်နေသည်။
ထို့ထက်ပို၍ မြေပုံထွက်ပေါ်လာချိန်တွင် ဓားသုံးလက်၏ ကြေးစားစစ်သည်များ၏ နှလုံးသားများကိုပါ ပြင်းထန်စွာ တုန်လှုပ်သွားစေခဲ့ပြီး ထိုမြေပုံက သူတို့၏ ဂုဏ်သိက္ခာနှင့် စိတ်အားထက်သန်မှုကို ရိုက်ချိုးလိုက်သည့် တိုက်ခိုက်မှုတစ်ခု ဖြစ်ခဲ့သည်။
ထိုအချိန်မှစ၍ ကြေးစားစစ်သည်များက ကျန်းကျင်း၏ ရာထူးအဆင့်အတန်း၏ အရေးပါမှုကို လုံးဝ နားလည်သဘောပေါက်သွားကြပြီး ကျန်းကျင်းအပေါ် ကယောင်ကတမ်း ပြောဆိုမှုများ သို့မဟုတ် အထင်အမြင်သေးမှုများ မရှိတော့ပေ။
သူတို့အားလုံး အချက်တစ်ချက်ကို သဘောပေါက်သွားကြသည်။ ကျန်းကျင်းက သူ၏ မျိုးနွယ်စု အင်အား အကူအညီမပါဘဲ ဤကျွန်းပေါ်တွင် ဒုက္ခရောက်နေရသော်လည်း သူ့တွင် ကျောထောက်နောက်ခံ ရှိနေဆဲဖြစ်သည်။
ထိုကျောထောက်နောက်ခံမှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကြီးမားကျယ်ပြန့်လှသည်။ နတ်ဘုရားကျောင်း နိုက်စ် သူရဲကောင်းများက သက်ရှိထင်ရှား နတ်ဘုရားတစ်ပါးဖြစ်သော ဧကရာဇ် ရှန်းမင်ကို ယုံကြည်ကိုးကွယ်ကြပြီး ထိုဧကရာဇ်က အင်အားအကြီးမားဆုံး သက်ရှိနတ်ဘုရားပင် ဖြစ်နိုင်ပေသည်။
ကျူးကောတို့အဖွဲ့က ကြီးမားသော တန်ဖိုးတစ်ခုကို ရင်းနှီးမြှုပ်နှံခဲ့ပြီး အစွမ်းကုန် ကြိုးစားခဲ့ကြသည်။ နေ့စဉ် စောစောထွက် နောက်ကျမှ ပြန်လာကာ လူနှစ်ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့သော်လည်း နောက်ဆုံးတွင်မူ ကျန်းကျင်း၏ ဆုတောင်းမှုလောက်ပင် အရာမရောက်ခဲ့ပေ။
ဤရေခဲတမျှ အေးစက်လှသော အမှန်တရားက ယခုအခါ ပေါ်လွင် ထင်ရှားနေပြီး သူတို့၏ အဆင့်အတန်းများကြားရှိ ကြီးမားလှသော ကွာဟချက်ကို လူတိုင်းအား ထပ်မံ သတိပေးလိုက်ခြင်းပင် ဖြစ်သည်။
ဤသင်ခန်းစာကို ရပြီးနောက် ကျူးကောတို့အဖွဲ့က ကျန်းကျင်းကို သူတို့၏ စိတ်အာရုံထဲတွင် အမြဲထည့်ထားကြသည်။ ကျန်းကျင်းက ထိုနေရာတွင် ရပ်နေရုံမျှဖြင့်ပင် သူ့ထံမှ ဖိအားများကို ခံစားရစေသည်။
သူတို့ထဲမှ အများအပြားမှာ မသိမသာပင် အသက်ရှူသံများကို နှေးကွေးသွားစေခဲ့သည်။
“နတ်ဘုရားကျောင်း နိုက်စ် သူရဲကောင်း ...။ ”
အတော်ကြာသည်အထိ ကျူးကော၏ အကြည့်များမှာ ကျန်းကျင်းထံတွင် နစ်မြောနေပြီး သူ၏အသံမှာ အနည်းငယ် အက်ကွဲနေပုံရကာ ပြောလိုက်သည်။
“ဒီလိုဆိုရင်တော့ မင်းရဲ့ ဂုဏ်သိက္ခာကိုပဲ ငါ ယုံကြည်ရတော့မှာပေါ့။”
“သေချာတာပေါ့။ ကျူးကော...။ ပိုင်ကျန်း မျိုးနွယ်စုရဲ့ ဂုဏ်ကျက်သရေနဲ့ ကျွန်တော့်ရဲ့ နိုက်စ်သူရဲကောင်း အမည်နာမကို တည်ပြီး ဒါဟာ တရားမျှတမှုရှိတယ်လို့ ကျွန်တော် အာမခံပါတယ်။ ”
ကျန်းကျင်း၏ စကားများမှာ တဲ့တိုးဆန်ပြီး ခွန်အားပါလှသည်။
“လူကြီးမင်းတို့အနေနဲ့ ကျွန်တော့်ကို ယုံကြည်ပေးဖို့ တောင်းဆိုချင်ပါတယ်။ ကျွန်တော်တို့က တပ်ဖွဲ့တစ်ခု မဟုတ်သလို ကြေးစားတပ်ဖွဲ့တစ်ခုလည်း မဟုတ်ပါဘူး။ ဒီစနစ်က ကျွန်တော်တို့ကို ပိုပြီး နီးကပ်စွာ စည်းလုံးသွားစေမှာပါ။ အဖွဲ့တစ်ခုအနေနဲ့ တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်အထိ အထောက်အကူ ပြုနိုင်လဲဆိုတာကို လူတိုင်း နားလည်ပါစေ။ ပြီးတော့ ပံ့ပိုး ကူညီမှုတိုင်းမှာ သူနဲ့ ထိုက်တန်တဲ့ အကျိုးအမြတ်တွေ ရှိသင့်ပါတယ်။ ရင်းနှီးမြှုပ်နှံထားတဲ့ ကျွန်တော်တို့ရဲ့ အဖွဲ့ဝင်တွေထဲက ဘယ်သူ့ကိုမှ အကျိုးအမြတ် မရဘဲ မနေစေရပါဘူး။ သူတို့ ဘယ်သူပဲဖြစ်ဖြစ် ဘယ်လို ရာထူးအဆင့်အတန်းပဲ ရှိရှိ သူတို့ရဲ့ သွေးတွေ အသက်တွေက အချည်းနှီး မဖြစ်စေရဘူး။ ”
ကျူးကော၏ မျက်ဝန်းများမှာ အေးစက်စွာ တလက်လက် တောက်ပသွားပြီး ကျန်းကျင်း၏ စကားများတွင် နက်နဲသော အဓိပ္ပာယ်များ ပါဝင်နေကာ ဖုံးကွယ်ထားသော ဆူးငြောင့်များ ရှိနေသည်ဟု သူ အမြဲတစေ ခံစားမိသည်။
ကျန်ရှိနေသော လူများ၏ အကြည့်များမှာ ရွှေရောင်ဆံပင်နှင့် လူငယ်လေးထံသို့ စူးစိုက်သွားပြီး သူတို့၏ သံသယဖြစ်ဖွယ် အမူအရာများမှာ တဖြည်းဖြည်း လျော့ပါးသွားတော့သည်။
ကျီတိက ဆက်ပြောသည်ပင်။
“လူကြီးမင်းတို့။ ဒီ ပစ္စည်းစာရင်းထဲက အချက်အလက်တွေက အသေထားတာ မဟုတ်ပါဘူး။ တကယ်လို့ ရှင်တို့ဘက်က အကြံဉာဏ်တွေ ရှိတယ်။ ဒါမှမဟုတ် တစ်ခုခုက ယုတ္တိမတန်ဘူးလို့ ထင်ရင် ကျွန်မတို့ သေချာ ပြန်ဆွေးနွေးလို့ ရပါတယ်။ ”
လူတိုင်း၏ မျက်နှာအမူအရာမှာ အနည်းငယ် သက်သာရာရသွားသည်။
ဓားသုံးလက်ကမူ ဂရုမစိုက်သည့်ပုံ ပေါက်နေဆဲပင်။ သူက ကုန်သည်များနှင့် အကြိမ်များစွာ ဆက်ဆံဖူးသည်။ သူ၏ ယခင်အတွေ့အကြုံများက သူ့ကို ပြောပြနေသည်ပင်။
ကုန်သည်များက များသောအားဖြင့် ဆက်သွယ်ပြောဆိုမှု စွမ်းရည် ကောင်းမွန်ကြပြီး သူတို့၏ ငြင်းခုံမှုများက သူတို့ကို အသက်ရှင်သန်စေရန် ကူညီပေးနိုင်ကာ များသောအားဖြင့် ကြေးစားစစ်သည်များသာ အရှုံးပေါ်လေ့ရှိသည် ဟူ၍ ဖြစ်သည်။
သို့သော် ထိုအချိန်တွင် ကျူးကောက သူ့ကို ပစ္စည်းစာရင်း ပေးလိုက်ပြီး မေးလိုက်သည်။
“ဓားသုံးလက်... လဲလှယ်ဖို့ ကောင်းတဲ့ ပစ္စည်း တစ်ခုခု တွေ့လား။”
ကျူးကော၏ စကားများကြောင့် ကျန်းကျင်းနှင့် ကျီတိတို့ စိတ်သက်သာရာ ရသွားကြသည်။
ကျူးကောက ဤစနစ်ကို လက်ခံလိုက်ပြီဖြစ်ရာ ဓားသုံးလက် အနေဖြင့် ဘာမျှ မတတ်နိုင်တော့ပေ။
သူက စာရင်းပါ အချက်အလက်များကို သေချာစွာ ကြည့်လိုက်သည်။ ကြေးစားတပ်မှူး တစ်ယောက်၏ အတွေ့အကြုံအရ စာရင်းထဲတွင် တန်ဖိုးရှိသော အရာများ ရှိနေသည်ကို ချက်ချင်း သိလိုက်ပြီး ပြော၏။
“ကျွန်တော်တို့ ဒူးလေးတွေနဲ့ သံမြားတွေ လိုတယ်။ ဒူးလေးတွေ အားပြင်းလေ၊ ကျွန်တော်တို့လူတွေ ထိခိုက်မှု နည်းလေပဲ။”
“ဒါကတော့ သခင်ကြီး နောက်ထပ် ဘာကို အမဲလိုက်မလဲဆိုတဲ့ အပေါ်မှာလည်း မူတည်တာပေါ့။ ”
“တကယ်လို့ မျောက်မြီး ဝက်ဝံညိုတွေကို ဆက်ပစ်မယ်ဆိုရင်တော့ အားအပြင်းဆုံး ခါးအားသုံး ဒူးလေးတွေကို လဲရလိမ့်မယ်။ ဒါပေမဲ့ လင်းနို့မျောက်တွေ၊ ရှဉ့်ပျံတွေနဲ့ တခြားအကောင်တွေဆိုရင်တော့ လက်အားသုံး ဒူးလေးတွေကို လဲပြီး လူတိုင်း ကိုင်နိုင်သလောက် အများကြီး ကိုင်ထားတာ ပိုကောင်းမယ်။ ”
“အရင်က ကျွန်တော်တို့ရခဲ့တဲ့ ဒူးလေးတွေက အရမ်း ညံ့တယ်။ အများစုက ပျက်စီးသွားပြီ။ ”
ကျူးကောက ခေါင်းညိတ်လိုက်ပြီး ပြော၏။
“ဒါဆိုရင် ခါးအားသုံး ဒူးလေးတွေနဲ့ပဲ လဲလိုက်။”
ဤသည်မှာ သူ မျောက်မြီး ဝက်ဝံညိုများကို ဆက်လက် အမဲလိုက်လိုသေးကြောင်း သွယ်ဝိုက်ပြသလိုက်ခြင်းပင်။
“ကျွန်မတို့ဆီမှာ ခါးအားသုံး ဒူးလေး နှစ်ခုပဲ ရှိတယ်။ ခါးအားသုံး ဒူးလေး အသစ်တစ်ခု လုပ်ဖို့ အနည်းဆုံး သုံးရက် အချိန်ယူရလိမ့်မယ်။”
ကျီတိက သတိပေးလိုက်သည်။
ဓားသုံးလက် မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။ ခါးအားသုံး ဒူးလေး နှစ်ခုတည်းနှင့်တော့ မလုံလောက်ပေ။ ထို့ကြောင့် ဒုတိယ အကောင်းဆုံးဖြစ်သည့် ခြေနင်းဒူးလေးများကိုသာ ရွေးချယ်ရတော့မည်။
သို့သော် သူ ဆက်လက် မေးမြန်းလိုက်သောအခါ ကျီတိက ကျန်းကျင်းတို့အဖွဲ့က ခြေနင်းဒူးလေးများကို လဲလှယ်သွားပြီဖြစ်ကြောင်း ပြောပြခဲ့သည်။
မည်သို့ပင်ဆိုစေ ကျန်းကျင်းတို့က စခန်းသို့ အရင် ပြန်ရောက်ခဲ့သည် မဟုတ်ပါလော။
ဓားသုံးလက် ဒေါသထွက်သွားသော်လည်း ရယ်စရာကောင်းသည်ဟု ထင်လိုက်ကာ ပြောလိုက်သည်။
“မင်းပြောတဲ့သဘောက ငါတို့က လက်အားသုံးဒူးလေးတွေနဲ့ပဲ လဲလို့ရမယ်ပေါ့။ ပွင့်ပွင့်လင်းလင်းပဲ ဆွေးနွေးလိုက်ပါတော့လား။”
ကျီတိက ပြုံးလိုက်ပြီး ပြော၏။
“ဒီပစ္စည်းစာရင်းထဲမှာ မရှိမဖြစ် လိုအပ်တဲ့ ဆေးရည်တွေလည်း အများကြီး ပါသေးတယ်လေ။ အရင်က သခင်လေးကျန်းကျင်း ရှင်တို့ကို ပေးခဲ့တဲ့ ဆေးရည်တွေကိုတောင် ကျွန်မ တွက်မထားရသေးဘူး။”
ထိုသြဇာလွှမ်းမိုးမှုက ဓားသုံးလက်၏ အားနည်းချက်ဖြစ်နေသဖြင့် သူ၏ တုံ့ပြန်စကားများမှာ လည်ချောင်းတွင် တစ်ဆို့သွားပြီး ဘာပြောရမှန်း မသိဖြစ်သွားတော့သည်။
ကျီတိက သိသာထင်ရှားသော နောင်တရသည့်ဟန် ပြလိုက်ပြီး သူမ၏လေသံမှာ ပိုမို ရိုးသားလာသည်။
“လူကြီးမင်းတို့... ကျွန်မတို့ အခု ဘယ်လိုအခြေအနေမှာ ရှိနေလဲဆိုတာ အားလုံးသိကြပါတယ်။ ဒီမှာ ကျွန်မတို့ ခြေချစရာ နေရာလေး နည်းနည်းပဲရှိပြီး လုပ်စရာတွေက ထောင်နဲ့ချီ ရှိနေတယ်။ ကျွန်မတို့ရဲ့ ထောက်ပံ့ရေးပစ္စည်းတွေက အကန့်အသတ်ရှိသလို အလုပ်ရုံ ဒါမှမဟုတ် ကုန်ထုတ်လုပ်ငန်းစဉ်တွေလည်း မရှိပါဘူး။ ဒါကြောင့် ဆေးရည်တွေပဲဖြစ်ဖြစ်၊ ဒူးလေးတွေပဲဖြစ်ဖြစ် ထုတ်လုပ်နိုင်တဲ့ ပမာဏက နည်းပါတယ်။ ”
“ဒီစာရင်းထဲက ပစ္စည်းတွေက ရှားပါးနေတယ်။ ဒီကိစ္စက အချိန်အတန်ကြာ ဆက်ဖြစ်နေဦးမှာက ပုံမှန်ပါပဲ။ ရှင်တို့အားလုံး ဒါကို နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။”
ပတ်ဝန်းကျင်ရှိ လူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အချို့မှာ မသိမသာ ခေါင်းညိတ်ကာ ကျီတိ၏ စကားများကို လက်ခံလိုက်ကြသည်။
ထိုအခါ ကျန်းကျင်းက ကျူးကောကို ကြည့်လိုက်ပြီး ပြော၏။
“တကယ်တော့ ကျူးကော... ခင်ဗျားကို လက်အားသုံးဒူးလေးတွေနဲ့ပဲ လဲလှယ်ဖို့ ကျွန်တော် ပြင်းပြင်းထန်ထန် အကြံပြုချင်သေးတယ်။”
“ဒီနေ့ ကျွန်တော်တို့ လင်းနို့မျောက်အုပ်စု သုံးစုကို ရှင်းလင်းခဲ့တယ်။ သံနက်အဆင့် လင်းနို့မျောက် အများစုက သူတို့အတွက် အခြေအနေမဟန်ဘူးလို့ သိတာနဲ့ ဆုတ်ခွာဖို့ ဦးဆောင်တတ်ကြတာကို ကျွန်တော်တို့ တွေ့ခဲ့ရတယ်။ တခြား ကြေးနီအဆင့်တွေနဲ့ သာမန် လင်းနို့မျောက်တွေကလည်း လိုက်ပြီး ဆုတ်ခွာကြတယ်။ ”
“လင်းနို့မျောက်တွေက သစ်ပင်တွေကြားထဲမှာ အံ့မခန်း အမြန်နှုန်းနဲ့ ပျံသန်းနိုင်တော့ ကျွန်တော်တို့ သူတို့ကို လိုက်မဖမ်းနိုင်ဘူး။ ”
“ပညာရှိကြီး ချန်းရွှမ် ရဲ့ ကောက်ချက်ချမှုအရ လင်းနို့မျောက်တွေက အတူတကွ နေထိုင်ကြတယ်။ ဒီလင်းနို့မျောက်တွေ ထွက်ပြေးသွားတဲ့အခါ သူတို့က သားရဲအုပ်စုသစ် တစ်ခုအဖြစ် ပြန်လည် စုစည်းနိုင်ကြတယ်။ အဲဒီအုပ်စုသစ်က အရင် လင်းနို့မျောက်အုပ်စုဟောင်းက ကောင်တွေ အများစုကို ပြန်သိမ်းသွင်းနိုင်ခြေ ရှိတယ်။”
“ဒါကြောင့် ကျွန်တော်တို့ လင်းနို့မျောက်အုပ်စုတွေကို ရှင်းလင်းလေလေ ကျန်ရစ်ခဲ့တဲ့ လင်းနို့မျောက် အရေအတွက် ပိုများလေလေ ဖြစ်ပြီး အမဲလိုက်ရတာ ပိုပြီး ဒုက္ခရောက်လိမ့်မယ်။ ”
“ကျူးကော... ဒါကတော့ ကျွန်တော့်အမြင်ပါ။ စခန်းပတ်ဝန်းကျင်မှာရှိတဲ့ အကြီးဆုံး လင်းနို့မျောက်အုပ်စုကြီးကို ကျွန်တော်တို့ ပူးပေါင်းပြီး အမြစ်ပြတ် သုတ်သင်လိုက်ကြရအောင်။ ”
ကျူးကောက မြေပုံပေါ်ရှိ အချက်အလက်များကို စဉ်းစားလိုက်သည်။
အကြီးဆုံး လင်းနို့မျောက်အုပ်စုတွင် ငွေအဆင့် လင်းနို့မျောက် ခေါင်းဆောင်တစ်ကောင် ရှိနေသည်။
၎င်းမှာ အမှန်တကယ်ပင် အန္တရာယ်အရှိဆုံး သားရဲအုပ်စု ဖြစ်ပေသည်။
ကျူးကောက ခဏမျှ စဉ်းစားပြီးနောက် သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်သည်။
စာရင်းပါ အချက်အလက်များအရ ငွေအဆင့် မျောက်မြီး ဝက်ဝံညို တစ်ကောင်ကို လက်အားသုံးဒူးလေး အခု ၂၀ ဖြင့် လဲလှယ်နိုင်သည်။ ကျူးကောက သုံးကောင် သတ်ခဲ့သဖြင့် စုစုပေါင်း လက်အားသုံး ဒူးလေး ၆၀ လဲလှယ်နိုင်သည်။
သို့သော် စခန်းထဲတွင် လက်အားသုံး ဒူးလေး ၄၀ သာ ရှိသည်။
ကျူးကောနှင့် ဓားသုံးလက်တို့ အတန်ကြာ တိုင်ပင်ဆွေးနွေးပြီးနောက် သူတို့ လူတိုင်း ဒူးလေးတစ်လက်စီ ရစေရန် လက်အားသုံး ဒူးလေးများ အားလုံးကို ဦးစွာ ရယူလိုက်ကြသည်။ ထို့နောက် ပန်းရောင် လမ်းညွှန်အမှတ်အသား ဆေးရည်၊ လင်းနို့မျောက် နှင်ထုတ်သည့် မီးခိုးဆေးရည်နှင့် အခြားဆေးရည်များကို လဲလှယ်လိုက်ကြသည်။
ဒုတိယနေ့တွင် ကျန်းကျင်း၊ ကျူးကော၊ ဓားသုံးလက်၊ လန်ကျောက်၊ ဟေးကျွမ်း၊ ပိုင်ယာ နှင့် အခြားသူများသည် အကြီးဆုံး ငွေအဆင့် လင်းနို့မျောက်အုပ်စုကို ရှင်းလင်းရန် ထွက်ခွာလာကြသည်။
အရင်ကအတိုင်းပင် မီးခိုးဆေးရည် နည်းဗျူဟာကို အသုံးပြုခဲ့သည်။
လေချွန်မြား တစ်စင်းက လင်းနို့မျောက် အများစုကို ဆွဲဆောင်လိုက်သည်။
ပထမဦးစွာ ပိုင်ယာတို့အဖွဲ့က မြေပြင်တွင် ဆောင့်ကြောင့်ထိုင်လျက် ခြေနင်းဒူးလေးများဖြင့် ပစ်ခတ်ကြသည်။ လင်းနို့မျောက်များ အနီးသို့ ပြေးဝင်လာသည်အထိ စောင့်ဆိုင်းပြီးနောက် ဓားသုံးလက်တို့အဖွဲ့ကလည်း သူတို့၏ လက်အားသုံးဒူးလေးများဖြင့် ပစ်ခတ်ကြတော့သည်။
လင်းနို့မျောက်များ သေဆုံးလေလေ၊ သားရဲအုပ်စု တစ်ခုလုံးက ပို၍ ဒေါသထွက်လာလေလေ ဖြစ်သည်။ ငွေအဆင့် လင်းနို့မျောက် ခေါင်းဆောင်က သံနက်အဆင့် လင်းနို့မျောက် အကောင် ၂၀ ကျော်နှင့်အတူ ကောင်းကင်သို့ လျင်မြန်စွာ တက်လာပြီး ကျန်းကျင်းနှင့် အခြားသူများဆီသို့ ချဉ်းကပ်လာသည်။
ကျန်းကျင်းက ၎င်းတို့ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်။ ငွေအဆင့် လင်းနို့မျောက် ခေါင်းဆောင်မှာ သံနက်အဆင့်များထက် ပိုမိုကြီးမားပြီး ပိုကျယ်ပြန့်သော အတောင်ပံများ ရှိသည်ကို သူ တွေ့လိုက်ရသည်။ တကယ်လို့ မြေပြင်ပေါ်မှာ ဆောင့်ကြောင့်ထိုင် မနေဘူးဆိုလျှင် ထိုအကောင်မှာ ကျန်းကျင်းနီးပါး အရပ်ရှည်မည် ဖြစ်သည်။
“ငါသာ သူ့ကို ပုံစံပြောင်းနိုင်ရင် ငါ့ရဲ့ လင်းနို့မျောက် ပုံစံက ငွေအဆင့်ကို တက်သွားလိမ့်မယ်။”
ကျန်းကျင်း ကိုယ်တိုင် ငွေအဆင့် လင်းနို့မျောက် ခေါင်းဆောင်ကို သတ်ဖြတ်ရန်မှာ အလွန် ပြဿနာများလှသည်။ မည်သို့ပင်ဆိုစေ ထိုလင်းနို့မျောက် ခေါင်းဆောင်၏ ဘေးတွင် လင်းနို့မျောက်များစွာ ဝန်းရံနေသည် မဟုတ်ပါလော။
သို့သော် ယခု လူအားလုံး၏ အင်အားဖြင့် သာမန် လင်းနို့မျောက်များမှာ အကြီးအကျယ် သေကြေပျက်စီးခဲ့ရပြီး ကြေးနီအဆင့် လင်းနို့မျောက် အများအပြားလည်း ဆုံးရှုံးခဲ့ရသည်။
အထူးသဖြင့် လင်းနို့မျောက်များ၏ တိုက်ခိုက်မှုကို ထူထပ်သော မီးခိုးများက နောက်ဆုတ်သွားစေပြီး သူတို့၏ တိုက်ခိုက်ရေး ပုံစံကို ဖျက်ဆီးပစ်လိုက်သည်။
ဤမျှ နီးကပ်သော အကွာအဝေးတွင် ပိုင်ယာတို့အဖွဲ့၏ ပစ်မှတ်ထားနိုင်စွမ်းမှာ များစွာ တိုးတက်လာခဲ့ပြီး လင်းနို့မျောက်အုပ်စု၏ သေဆုံးမှု အရေအတွက်မှာ ချက်ချင်းပင် မြင့်တက်လာတော့သည်။
စစ်ရေးအောင်မြင်မှု အထင်ရှားဆုံးသူမှာ သေချာပေါက် ကျန်းကျင်းပင် ဖြစ်သည်။
သူ၏ လက်တစ်ဖက်စီတွင် အမြန်ပစ် ဒူးလေး တစ်လက်စီ ကိုင်ထားသည်။ အမြန်ပစ် ဒူးလေး တစ်လက်ကို ထိန်းချုပ်ရန် လက်နှစ်ဖက် လိုအပ်သည်။ တစ်ဖက်က ဒူးလေးလက်တံကို ငြိမ်အောင်ထိန်းထားရန် ဖြစ်ပြီး နောက်တစ်ဖက်က ခလုတ်ဆွဲရန် ဖြစ်သည်။ သို့သော် ကျန်းကျင်းက ခလုတ်များကိုသာ ကိုင်ထားသဖြင့် သူ၏ လက်မောင်းများမှာ အဆက်မပြတ် တုန်ခါနေသည်။
အဆက်မပြတ် တုန်ခါနေသော အမြန်ပစ်ဒူးလေးများမှ ပျံထွက်လာသော မြားများမှာ မျဉ်းကျိုးတစ်ကြောင်းနီးပါး ဖြစ်ပေါ်နေသည်။
ထိုမျဉ်းကျိုး သွားရာလမ်းတစ်လျှောက်ရှိ လင်းနို့မျောက်တိုင်း မြေသို့ ပြုတ်ကျသွားရသည်။ ကျန်းကျင်း၏ သတ်ဖြတ်မှု စွမ်းဆောင်ရည်မှာ နံပါတ်တစ် အဖြစ် သတ်မှတ်ခံရရန် အပြည့်အဝ ထိုက်တန်လှသည်။
ကျူးကောပင်လျှင် အံ့အားသင့်သွားပြီး ပိုင်ကျန်း မျိုးနွယ်စု၏ သွေးမျိုးဆက်ကို ရင်ထဲမှ နေ၍ ညည်းတွား ချီးကျူးမိသွားသည်။ သူက မြားပစ်ပညာကို နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့သော်လည်း ကျန်းကျင်းနှင့် ယှဉ်လျှင် အရောင်မှေးမှိန်သွားခဲ့ရသည်။
ငွေအဆင့် လင်းနို့မျောက်အုပ်စုကို ရှင်းလင်းခြင်းမှာ ကျန်းကျင်းအတွက် သူ၏ မြားပစ်စွမ်းရည်များကို ပြသရန် စင်မြင့်တစ်ခု ဖြစ်လာခဲ့သည်။
နောက်ဆုံးတွင် ငွေအဆင့် လင်းနို့မျောက် ခေါင်းဆောင်မှာ ဒေါသတကြီး ရန်စခံလိုက်ရပြီး သံနက်အဆင့် လင်းနို့မျောက်များ အားလုံးကို ဦးဆောင်ကာ အတူတကွ ပျံသန်းလာကြသည်။ သူတို့၏ ပစ်မှတ်မှာ ကျန်းကျင်းပင် ဖြစ်သည်။
ကျန်းကျင်း၏ သံမြားများက ငွေအဆင့် လင်းနို့မျောက်ဆီသို့ ပစ်လွှတ်လိုက်သော်လည်း ထိုအကောင်က အလွယ်တကူ ရှောင်တိမ်းသွားသည်။ ၎င်း၏ ပျော့ပျောင်းမှုမှာ သံနက်အဆင့် လင်းနို့မျောက်ထက် သာလွန်နေပြီး ခရမ်းရောင်သန်းနေသော အနက်ရောင် နတ်ဆိုးတစ်ကောင်နှင့် တူလှသည်။
“ပူးပေါင်းလုပ်ကြ။”
ကျူးကော က ရုတ်တရက် အော်ဟစ်လိုက်သည်။
ငွေအဆင့် လင်းနို့မျောက်က ထူထပ်သော မီးခိုးများထဲသို့ ပြေးဝင်လာသောအခါ နေရာတွင် ရပ်နေသော ကျန်းကျင်းက ရုတ်တရက် နောက်ဆုတ်သွားပြီး ကျူးကောကို ရဲရဲဝံ့ဝံ့ ရှေ့တက်ခွင့် ပေးလိုက်သည်။
ကြီးမားသော အဖြူရောင် တူကြီးက ငွေအဆင့် လင်းနို့မျောက်ဆီသို့ ရက်ရက်စက်စက် လွှဲရိုက်လိုက်ရာ ဘောလုံးတစ်လုံးကို ရိုက်ထုတ်လိုက်သကဲ့သို့ လွင့်ထွက်သွားသည်။
ငွေအဆင့် လင်းနို့မျောက်က စူးရှစွာ အော်ဟစ်ရင်း သစ်ပင်စည်တစ်ခုနှင့် ဝင်တိုက်မိသွားကာ ၎င်း၏ ကျောပြင်က သစ်ပင်ကြီးကို ကျိုးပဲ့သွားစေသည်။
ထိုအကောင်က သွေးတစ်လုပ် အန်ချလိုက်ပြီး ၎င်း၏ မျက်ဝန်းများက ကြောက်ရွံ့မှုကို ဖော်ပြနေသည်။ ထို့နောက် ချက်ချင်းပင် လေထဲသို့ မြင့်မားစွာ ပျံတက်သွားပြီး အောက်သို့ ပြန်မဆင်းလာတော့ပေ။
သံနက်အဆင့် လင်းနို့မျောက်များက သူတို့၏ ခေါင်းဆောင် ထိုသို့ ပြုမူသည်ကို မြင်သောအခါ အချို့မှာ အတူတကွ ပျံတက်သွားကြပြီး အချို့ကမူ တိုက်ခိုက်မှုကို ဆက်လက် ပြုလုပ်နေဆဲဖြစ်ကာ အသင့်ပြင်ထားသော ရှီးဆော၊ လန်ကျောက်၊ ဓားသုံးလက် နှင့် အခြားသူများ၏ လက်ချက်ဖြင့် သေဆုံးသွားကြသည်။
သူတို့ဘက်တွင်လည်း ထိခိုက် ဒဏ်ရာရမှုများ ရှိလာခဲ့သည်။
သံနက်အဆင့် လင်းနို့မျောက်များ၏ များပြားလှသော စွန့်လွှတ် အနစ်နာခံမှုများက ရလဒ်အချို့ကို ဖြစ်ပေါ်စေခဲ့သည်။
သားရဲအုပ်စု၏ ရာခိုင်နှုန်း ရှစ်ဆယ်ခန့် ပျောက်ကွယ်သွားသည်ကို မြင်သောအခါ ငွေအဆင့် လင်းနို့မျောက် ခေါင်းဆောင်သည် ဝမ်းနည်းပူဆွေးစွာ ဟိန်းဟောက်လိုက်သည်။
ထို့နောက် ၎င်းက အသက်ပြင်းပြင်းရှူကာ အသံလှိုင်း တိုက်ခိုက်မှုကို ပြုလုပ်လိုက်သည်။
သံနက်အဆင့် လင်းနို့မျောက် တစ်ဒါဇင်ကျော်ကလည်း ၎င်းနှင့်အတူ အသံလှိုင်းများ ထုတ်လွှတ်ကြသည်။ သံနက်အဆင့် လင်းနို့မျောက် အားလုံး၏ အသံလှိုင်းများကို ပေါင်းစပ်လိုက်လျှင်ပင် ၎င်းတို့၏ စွမ်းအားမှာ ငွေအဆင့် လင်းနို့မျောက်ကို မမီနိုင်ပေ။
အသံလှိုင်း ဖြတ်သန်းသွားသောအခါ လေထုထဲတွင် အလင်းပေါက် ဂယက်တစ်ခု ပေါ်လာသည်။
အသံလှိုင်းက မီးခိုးများကို ကြီးမားစွာ အနှောင့်အယှက်ပေးပြီး လျင်မြန်စွာ ပြန့်ကျဲသွားစေသည်။ ဤအခြေအနေအတိုင်းဆိုလျှင် မီးခိုးများမှာ လျင်မြန်စွာ ရှင်းလင်းသွားပေလိမ့်မည်။
ပိုင်ယာတို့အဖွဲ့မှာ သူတို့၏ နားများကို အတတ်နိုင်ဆုံး ပိတ်ကာ မြေပြင်ပေါ်သို့ လဲကျသွားပြီး ဝမ်းနည်း နာကျင်စွာ အော်ဟစ်နေကြသည်။ သူတို့သည် နားထဲတွင် အဆို့အပိတ်များ ထည့်ထားပြီးသား ဖြစ်သည်။
လန်ကျောက်၊ ရှီးဆော နှင့် အခြားလူအနည်းငယ်တို့၏ ခန္ဓာကိုယ်များမှာ တုန်ယင်သွားပြီး ခိုင်မြဲစွာ မတ်တပ်မရပ်နိုင်တော့ပေ။ မြားမိုးများလည်း ချက်ချင်း ရပ်တန့်သွားသည်။
ကျူးကောနှင့် ကျန်းကျင်းတို့သာ မတ်မတ်ရပ်နိုင်သေးသည်။
ကျန်းကျင်းက တုန်လှုပ်ခြင်းနှင့် မူးဝေခြင်း ခံစားချက်ကို ခုခံကာကွယ်ရင်း အမှုန့်များ ပြန်ဖြည့်ရန် တစ်စုံတစ်ယောက်ကို လျင်မြန်စွာ အမိန့်ပေးလိုက်ပြီး လင်းနို့မျောက်များဆီသို့ သူ၏ ခါးအားသုံးဒူးလေးဖြင့် တရစပ် ပစ်ခတ်နေသည်။
ခါးအားသုံး ဒူးလေးမှာ အလေးဆုံး ဒူးလေးဖြစ်ပြီး လင်းနို့မျောက်များ၏ အသံလှိုင်း ထိန်းသိမ်းမှုကို ပြင်းထန်စွာ နှောင့်ယှက်နိုင်ခဲ့သည်။
သံနက်အဆင့် လင်းနို့မျောက် အများအပြားမှာ ကျန်းကျင်း၏ ပစ်သတ်ခြင်းကို ခံလိုက်ရပြီး နောက်ဆုံးတွင် ငွေအဆင့် လင်းနို့မျောက်ပင်လျှင် ပျံသန်းလာသော မြားတစ်စင်းကြောင့် အနှောင့်အယှက် ဖြစ်သွားကာ ၎င်း၏ အသံလှိုင်းမှာ ထစ်ငေါ့သွားပြီး စစ်မှန်သော စွမ်းအားကို မပြသနိုင်တော့ပေ။
ကျူးကောက ရှေ့တန်းမှ ထွက်ခွာလာပြီး သာမန် လင်းနို့မျောက်အုပ်စုကို အားရပါးရ သတ်ဖြတ်နေလေပြီ။
ကြီးမားသော အဖြူရောင် တူကြီးတွင် ရက်စက်ပြီး အထင်ကြီးလောက်သော စွမ်းအား ရှိသည်။ သံနက်အဆင့် လင်းနို့မျောက်ပင်ဖြစ်ပါစေ ရိုက်မိသည်နှင့် ချက်ချင်း သေဆုံးသွားမည်သာ ဖြစ်သည်။
နောက်ဆုံးတွင် ငွေအဆင့် လင်းနို့မျောက်က ဝမ်းနည်း ပူဆွေးစွာ စူးစူးရှရှ အော်ဟစ်လိုက်ပြီး ၎င်း၏ နေရပ်သို့ သူ့သဘောဆန္ဒအလျောက် ဆုတ်ခွာသွားတော့သည်။ ကျူးကောနှင့် ကျန်းကျင်းတို့၏ ပူးပေါင်းဆောင်ရွက်မှုအောက်တွင် အကြီးဆုံး လင်းနို့မျောက်အုပ်စုမှာ နီးပါးခန့် ပျက်စီးသွားခဲ့သည်။ ကျန်ရှိနေသော သံနက်အဆင့် လင်းနို့မျောက်များလည်း လူစုကွဲကာ ထွက်ပြေးသွားကြပြီး ငွေအဆင့် လင်းနို့မျောက်နောက်သို့ တစ်ကောင်မှ လိုက်မသွားကြပေ။
လက်ရှိနေရာတွင် အနားယူပြီး ပြန်လည် စုစည်းပြီးနောက် လူတိုင်းက စစ်မြေပြင်ကို ရှင်းလင်းကာ အောင်ပွဲခံလျက် ပြန်လာခဲ့ကြသည်။
စခန်းမှာ ပျော်ရွှင် မြူးထူးနေကြပြီး ယခင်က တစ်ခါမှ မမြင်ဖူးလောက်အောင် များပြားလှသော လင်းနို့မျောက် အသေကောင်ပုံကြီးကို အချိန်မီ ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲသဖြင့် ထောင့်တစ်နေရာတွင် ယာယီ ထားရှိလိုက်သည်။
ကျန်းကျင်း၏ အကြံပြုချက်အရ ဖယ်လာအို က စီမံခန့်ခွဲမှုကို တာဝန်ယူခဲ့သည်။ ထို့နောက် လူတိုင်းက သူရဲကောင်းဆန်သော လုပ်ရပ်များကို ဂုဏ်ပြုရန်အတွက် ရိုးရှင်းသော ပွဲငယ်လေးတစ်ခုကို ကျင်းပခဲ့ကြသည်။ အစားအသောက်များ နည်းပါးနေသော်လည်း ဝိုင် အရက်များကြောင့် ပွဲ၏ အငွေ့အသက်မှာ အစမှအဆုံးတိုင် နွေးထွေးနေခဲ့သည်။
လူတိုင်းက ကျန်းကျင်းကို ဝိုင်းရံထားကြပြီး သူ၏ သူရဲကောင်းဆန်မှုနှင့် အမှားအယွင်း မရှိသော မြားပစ်စွမ်းရည်များကို အကြီးအကျယ် ချီးကျူးနေကြသည်။
ကြေးစားတပ်ဖွဲ့ အဖွဲ့ဝင်ဟောင်းများကလည်း သူ့ကို ရိုသေလေးစားစွာဖြင့် ကြည့်နေကြသည်။
ကျန်းကျင်း၏ ဝင်ရောက်စွက်ဖက်မှုကြောင့် ငွေအဆင့် လင်းနို့မျောက် ခေါင်းဆောင် ဆုတ်ခွာသွားရသဖြင့် ဤတိုက်ပွဲတွင် ကျန်းကျင်းက လုံးဝ အရေးပါသော ဇာတ်ကောင်တစ်ယောက် ဖြစ်ခဲ့သည်။
ကျန်းကျင်းမှာ ပွဲ၏ အဓိက ဇာတ်လိုက် ဖြစ်နေပြီး လူတိုင်း၏ အကြည့်များ စူးစိုက်ရာ ဗဟိုချက် ဖြစ်နေသည်။ ကျူးကော၏ ဘေးတွင် ဓားသုံးလက် သာ ရှိပြီး သူတို့နှစ်ယောက်က ထင်ရှားသော နေရာတွင် ထိုင်နေသော်လည်း လူများကို ထောင့်တစ်နေရာတွင် ထိုင်နေသကဲ့သို့ ခံစားရစေသည်။
အပိုင်း ၁၁၄ ပြီး၏။
***