“ဟူး...”
ချားလ်စ်က လက်ထဲက ရတနာကို စိုက်ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိ၏။
ဉာဏ်ရည်နဲ့ ခန္ဓာကိုယ် အရွယ်အစားကို လဲလှယ်ရတဲ့ ရတနာက ကောင်းသလား ဆိုးသလားဆိုတာ ဝေခွဲရ ခက်လှပေသည်။ အကယ်၍ အသုံးပြုသူမှာ အခြေခံ စဉ်းစားဆင်ခြင်နိုင်စွမ်းတောင် မရှိတော့ဘူးဆိုရင် နတ်ဘုရား ဟာကျူလီရဲ့ ခွန်အားမျိုး ရှိနေပါစေဦးတော့ ဘာမှ အသုံးဝင်မှာ မဟုတ်ပေ။
ဒါ့အပြင် ခန္ဓာကိုယ်ကသာ ကြီးမားလာမယ်ဆိုရင် သူ အခုပိုင်ဆိုင်ထားတဲ့ တခြား ရတနာ သုံးခုကို အသုံးပြုနိုင်တော့မှာ မဟုတ်သလို သူရဲကောင်းတစ်ယောက်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကလည်း ကျဆင်းသွားနိုင်ပေသည်။
ချားလ်စ်က ဤရတနာရဲ့ အသုံးဝင်ဆုံး အချက်ကို ချက်ချင်း သတိပြုမိသွား၏။ ‘ငါကိုယ်တိုင် မသုံးနိုင်ပေမဲ့ ငါ့အဖွဲ့သားတွေကို ပေးလို့ ရတာပဲ’
ရှေ့ဆက်ရမယ့် ခရီးစဉ်တွေက ပိုပြီး အန္တရာယ်များလာမှာ ဖြစ်သလို သူတစ်ယောက်တည်းရဲ့ ခွန်အားနဲ့တင် လုံလောက်မှာ မဟုတ်ပေ။
နာဝေးလ် သင်္ဘောပေါ်က အဖွဲ့သားတွေအားလုံးရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ထားမှသာ တိုက်ပွဲတွေမှာ ဝန်ထုပ်ဝန်ပိုး မဖြစ်ကြမှာ ဖြစ်ပေသည်။
ချားလ်စ်ရဲ့ စိတ်ထဲမှာ ကြွက်သားအဖုအထစ်တွေနဲ့ လူတစ်ယောက်ရဲ့ ပုံရိပ်က ချက်ချင်း ပေါ်လာ၏။ သူ ဒီရတနာအတွက် ပိုင်ရှင်အသစ် ရှာတွေ့သွားပြီ ဖြစ်ပေသည်။
တစ်ကိုယ်လုံးက ဒဏ်ရာတွေက နည်းနည်း စပ်ဖျဉ်းဖျဉ်း ဖြစ်နေသေးပေမယ့် ချားလ်စ်က စောင်ကို ဖယ်ပြီး ရတနာကို ကိုင်ကာ အခန်းပြင် ထွက်ခဲ့လိုက်လေသည်။
မိနစ် သုံးဆယ်အကြာမှာတော့ ချားလ်စ်က သင်္ဘောကုန်းပတ်ပေါ်မှာ ရပ်ပြီး လေးမီတာလောက် မြင့်နေတဲ့ အင်ဂျင်နီယာချုပ်ကြီးကို အော်ပြောနေရတော့သည်။ “ဂျိမ်းစ်... အဲဒီရတနာကို အောက်ချလိုက်... အခုချက်ချင်း ချလိုက်စမ်း”
အလုပ်မရှိတဲ့ တခြားအဖွဲ့သားတွေကလည်း အနားမှာ ဝိုင်းအုံကြည့်ရင်း စိတ်လှုပ်ရှားနေကြ၏။
ခန္ဓာကိုယ် ကြီးမားနေတဲ့ ဂျိမ်းစ်က ကုန်းပတ်ပေါ်မှာ ထိုင်ချလိုက်ရာ သူ လှုပ်ရှားလိုက်တိုင်း သင်္ဘောကြီးက ယိမ်းထိုးသွားပေသည်။ သုံးစက္ကန့်လောက် ကြာတော့မှ သူက လက်သီးကို ဖြည်လိုက်ရာ ရတနာ အမှတ် ၄၃၄ က ကုန်းပတ်ပေါ်ကို ပြုတ်ကျသွားတော့သည်။
“ဉာဏ်ရည် လျော့နည်းသွားတာက ငါ ထင်ထားတာထက်တောင် ပိုဆိုးနေပါလား”
ချားလ်စ်က လက်ထဲက ခရမ်းရောင် ပိရမစ်ကို ကြည့်ရင်း ရေရွတ်လိုက်မိ၏။
စမ်းသပ်ကြည့်လိုက်တော့ ခန္ဓာကိုယ် ကြီးထွားလာတာက ခွန်အားကို အဆမတန် တိုးစေတာ မှန်ပေမယ့် ဉာဏ်ရည် လျော့ကျသွားတာကတော့ တကယ့် အားနည်းချက်ကြီး ဖြစ်ပေသည်။
တစ်ယောက်ယောက်က အနားကနေ အမြဲတမ်း ညွှန်ကြားမပေးရင် ဉာဏ်နည်းသွားတဲ့ ဂျိမ်းစ်က တစ်နေရာတည်းမှာ ရပ်ပြီး သူ့လက်ချောင်းလေးတွေကိုပဲ သူ ပြန်ကစားနေတော့မှာ ဖြစ်ပေသည်။
“ကပ္ပတိန်... ကျွန်တော်လည်း စမ်းကြည့်လို့ ရမလား”
ဒစ်ပ်က စူးစမ်းလိုတဲ့ မျက်နှာပေးနဲ့ အနားကို ချဉ်းကပ်လာပြီး သင်္ဘောသား တစ်သိုက်ကလည်း သူ့နောက်ကနေ လိုက်လာကြ၏။
ချားလ်စ် ခဏလောက် စဉ်းစားပြီးမှ ၄၃၄ ကို ဒစ်ပ်ဆီ လွှင့်ပေးလိုက်သည်။ “အားလုံးပဲ စမ်းကြည့်ကြပေါ့... ဘယ်သူက ဒီပစ္စည်းနဲ့ အလိုက်ဖက်ဆုံးလဲ ဆိုတာ ကြည့်ရတာပေါ့”
ချက်ချင်းဆိုသလို ကုန်းပတ်ပေါ်က အဖွဲ့သားတွေက ပျော်ရွှင်စွာ အော်ဟစ်ကြတော့သည်။ သူတို့တွေက ၄၃၄ ကို အရုပ်တစ်ခုလို သဘောထားပြီး ဆော့ကစားနေကြတာကို ချားလ်စ်လည်း မတားတော့ပေ။
လူဆိုတာ စက်ရုပ်တွေ မဟုတ်သလို ပင်လယ်အောက်ကမ္ဘာမှာ အခုလို စိတ်အေးလက်အေး နားရတဲ့ အချိန်ဆိုတာ ရှားပါးလှပေသည်။
ညွှန်ကြားချက် အချို့ ပေးပြီးနောက် ချားလ်စ်က သူ့အခန်းဆီ ပြန်လာခဲ့လိုက်၏။ ဒဏ်ရာတွေကလည်း ပြန်ပြီး နာကျင်လာပြီ ဖြစ်ပေသည်။
ပင်လယ်ပြင်မှာ အချိန်တွေက ကုန်ဆုံးသွားသလို ချားလ်စ်ရဲ့ အဆိပ်သင့် ဒဏ်ရာတွေကလည်း လျင်မြန်စွာ ကျန်းမာလာခဲ့ပေသည်။ အိမ်ပြန်လမ်းမှာ ကြုံရတဲ့ အသေးအမွှား အခက်အခဲတွေကိုလည်း အဖွဲ့သားတွေကပဲ အဆင်ပြေအောင် ဖြေရှင်းသွားကြ၏။ နောက်ဆုံးတော့ သူလည်း ကပ္ပတိန် တစ်ယောက်ရဲ့ အခွင့်အရေးကို ခံစားခွင့် ရရှိပြီး ကိစ္စတိုင်းမှာ ကိုယ်တိုင် ပါဝင်လုပ်ဆောင်နေဖို့ မလိုတော့ပေ။
သန္တာကျောက်တန်းကျွန်းစုက မီးပြတိုက်ကို လှမ်းမြင်လိုက်ရတဲ့ အချိန်မှာတော့ အဖွဲ့သားတွေရဲ့ ဝမ်းသာအားရ အော်ဟစ်သံတွေကြောင့် သင်္ဘောကြီးတောင် တိမ်းစောင်းသွားမတတ် ဖြစ်သွားရ၏။ သူတို့တွေ အသက်ရှင်လျက် ပြန်ရောက်လာကြပြန်ပြီ ဖြစ်ပေသည်။
သင်္ဘော ဆိုက်ကပ်တာနဲ့ အဖွဲ့သားအားလုံးက ချားလ်စ်ဆီကနေ လစာငွေတွေ ထုတ်ယူပြီး သူတို့ရဲ့ စိတ်ဖိစီးမှုတွေကို ဖြေဖျောက်ဖို့ အသီးသီး ထွက်သွားကြတော့သည်။
ချားလ်စ်ကတော့ ကျန်ရှိနေတဲ့ ရတနာ နှစ်ခုကို ယူပြီး စူးစမ်းရှာဖွေသူများ အသင်းဆီကို သွားဖို့ ပြင်ဆင်လိုက်၏။ အဲဒီပစ္စည်းတွေရဲ့ အသုံးဝင်ပုံနဲ့ ဘေးထွက်ဆိုးကျိုးတွေကို သူ မသိသေးတာကြောင့် တခြား ကပ္ပတိန်တွေဆီကနေ သဲလွန်စ ရမလားလို့ စုံစမ်းချင်နေတာ ဖြစ်ပေသည်။
သင်္ဘောပေါ်က ဆင်းလာတဲ့ အချိန်မှာတော့ လီလီက ဆိပ်ကမ်းမှာ ရပ်နေတုန်းပဲ ဆိုတာ ချားလ်စ် သတိထားမိသွား၏။ သူမရဲ့ ဘေးမှာလည်း အညိုရောင် ကြွက်အုပ်ကြီးက ဝိုင်းနေကြပေသည်။
ချားလ်စ်က အနားကို တိုးသွားလိုက်တော့ သူမက ခေါင်းလေးငုံ့ပြီး နားရွက်လေးတွေ တွဲကျနေတာကို တွေ့လိုက်ရ၏။
“မင်း ဘာလို့ အခုထိ ရှိနေသေးတာလဲ”
ချားလ်စ်ရဲ့ မေးခွန်းကြောင့် လီလီ လန့်သွားပြီး စိုးရိမ်တကြီး လှည့်ကြည့်လာသည်။ “ဦးလေး ချားလ်စ်...”
“ဘာလို့ ဒီမှာ ရပ်နေတာလဲ... အိမ်မပြန်ဘူးလား၊ အိမ်ပြန်ချင်လှပြီ ဆို” ဟု မေးရင်း ချားလ်စ်က လီလီကို အမြီးကနေ မလိုက်၏။
“ဒါပေမဲ့ ကျွန်မက ကြွက်ဖြစ်သွားပြီလေ... မေမေက ကျွန်မကို မှတ်မိပါ့မလား၊ တုတ်နဲ့များ မောင်းထုတ်လိုက်မလားလို့ စိုးရိမ်နေတာ”
လီလီက သနားစရာ အသံလေးနဲ့ ပြောရှာပေသည်။
ချားလ်စ်က သူမရဲ့ စိုးရိမ်ပူပန်မှုကို ချက်ချင်း နားလည်သွား၏။ လီလီက ကလေးတစ်ယောက်သာ ရှိသေးတာကြောင့် ဒီလို ကြီးမားတဲ့ အပြောင်းအလဲနောက်မှာ ကြောက်ရွံ့နေတာက သဘာဝပဲ ဖြစ်ပေသည်။
“စိတ်မပူပါနဲ့... မိဘဆိုတာ သူတို့ သားသမီးတွေကို ဘယ်တော့မှ မစွန့်ပစ်ကြပါဘူး မင်းက ကြွက်ဖြစ်သွားရင်တောင် မင်းကို သူတို့ ရွံရှာမှာ မဟုတ်ဘူး”
ချားလ်စ်က နှစ်သိမ့်လိုက်ပေသည်။
“တကယ်လား” ချားလ်စ်ရဲ့ စကားကြောင့် လီလီရဲ့ နားရွက်လေးတွေ ထောင်သွား၏။
“တကယ်ပေါ့” ချားလ်စ်က ဒီကြွက်ဖြူလေးကို ကြည့်ရင်း သူ့ရဲ့ ညီမလေးကိုတောင် သတိရသွားမိ၏။
လီလီက စိတ်လှုပ်ရှားစွာနဲ့ ကိုယ်ကို ခါလိုက်ပြီး “ဦးလေး ချားလ်စ် ပြောတာ မှန်တယ်... မေမေက ကျွန်မကို မေ့မှာ မဟုတ်ဘူး ကျွန်မ မရှိတာ ကြာပြီဆိုတော့ ကျွန်မကို အများကြီး လွမ်းနေမှာ သေချာတယ်” ဟု ပြောလိုက်လေသည်။
ချားလ်စ်က ကြွက်ဖြူလေးကို မြေပြင်ပေါ် ပြန်ချပေးပြီး ထွက်သွားဖို့ ပြင်လိုက်ပေမယ့် လီလီက သူ့လက်ညှိုးကို လှမ်းဆွဲပြီး တောင်းဆိုလာ၏။ “ဦးလေး ချားလ်စ်... ကျွန်မကို အိမ်အထိ လိုက်ပို့ပေးလို့ ရမလားဟင်”
သူက ငြင်းဖို့ ပြင်လိုက်ပေမယ့် ကြွက်ဖြူလေးရဲ့ သနားစရာ မျက်နှာလေးကို မြင်တော့ မပြောရက်တော့ပေ။
ချားလ်စ် သက်ပြင်းတစ်ချက်ချပြီး “ကောင်းပြီ... ငါ လိုက်ပို့ပေးမယ်” ဟူ၍ သဘောတူလိုက်၏။
ဘာကြောင့်မှန်း မသိပေမယ့် ဒီကလေးမလေးက ကြွက်အဖြစ် ပြောင်းလဲသွားရပြီး လူပြန်ဖြစ်နိုင်မလား ဆိုတာကလည်း မရေရာသေးပေ။ ဒီလို သနားစရာ ကောင်းတဲ့ အခြေအနေမှာ ကူညီပေးတာက သူ လုပ်ပေးနိုင်တဲ့ အရာတစ်ခု ဖြစ်ပေသည်။
မကြာခင်မှာပဲ သန္တာကျောက်တန်းကျွန်းစုရဲ့ အမှတ် ၃ ဆိပ်ကမ်းမှာ ထူးဆန်းတဲ့ မြင်ကွင်းတစ်ခု ပေါ်လာတော့သည်။ မျက်လုံးနက်နက်နဲ့ အမျိုးသား တစ်ယောက်ရဲ့ နောက်မှာ ကြွက်အုပ်ကြီး တစ်အုပ်က တသီတတန်း လိုက်ပါနေကြခြင်း ဖြစ်ပေသည်။
ချားလ်စ်က ပုံမှန်ထက် လေးဆလောက် ပိုပေးရတဲ့အပြင် ကြွက်တွေက ထိုင်ခုံတွေကို မကိုက်ပါဘူးလို့ အထပ်ထပ် အာမခံပြီးမှ ရေနွေးငွေ့သုံး ကားဆရာက သူတို့ကို တင်ဆောင်ဖို့ သဘောတူလိုက်၏။
လီလီရဲ့ အိမ်က ဆိပ်ကမ်းကနေ တစ်နာရီလောက် မောင်းရတဲ့ နေရာမှာ ရှိပေသည်။ အိမ်နဲ့ နီးလာလေလေ သူမက ပိုပြီး စိတ်လှုပ်ရှားလာလေလေ ဖြစ်ပေသည်။
သူမက အခုဆိုရင် အရမ်း ပျော်နေမှာပဲ မဟုတ်လား။ ငါကော တစ်နေ့နေ့မှာ ဒီလို ခံစားချက်မျိုး ကြုံရဦးမလား။ ချားလ်စ်က သူ့ပေါင်ပေါ်မှာ ပတ်ချာလည် ပြေးနေတဲ့ ကြွက်ဖြူလေးကို ကြည့်ရင်း အားကျတဲ့ အရိပ်အယောင်တွေနဲ့ တွေးနေမိ၏။
“ဆရာ... ရောက်ပါပြီ ဒေါက်တာ အိုလီဗာရဲ့ အိမ်က ဟောဒီ ဘယ်ဘက် အကွေ့မှာပဲ ရှိတာ သူ့မှာ ချစ်စရာ သမီးလေး တစ်ယောက် ရှိတော့ ဒီကြွက်တွေကို ခေါ်မသွားတာ အကောင်းဆုံးပဲ၊ ကလေး လန့်သွားနိုင်တယ်” ဟု ကားဆရာက သတိပေးလိုက်ပေသည်။
လီလီက စိတ်မရှည်တော့တာကြောင့် ကား လုံးဝ မရပ်ခင်မှာတင် ခုန်ဆင်းသွား၏။ သူမက ကြွက်အုပ်ကြီးကို ဦးဆောင်ပြီး လမ်းထောင့်ဆီကို အမြန်ဆုံး ပြေးသွားတော့သည်။
ဒါပေမယ့် လမ်းထောင့်ကို ရောက်လိုက်တာနဲ့ သူမရဲ့ ခန္ဓာကိုယ်လေးက လျှပ်စစ်ရှော့ခ် ဖြစ်သွားသလို တောင့်ခဲသွားရ၏။
“ဟင်...” ချားလ်စ် တစ်ခုခု မှားနေပြီဆိုတာ သိလိုက်တာကြောင့် အနားကို တိုးသွားလိုက်ပေသည်။
လမ်းထောင့်ကနေ လှည့်ကြည့်လိုက်တဲ့ အချိန်မှာတော့ ကျောက်ဆောင်ကြီး တစ်ခုပေါ်မှာ လှပတဲ့ နှစ်ထပ် အိမ်လေး တစ်လုံးကို တွေ့လိုက်ရ၏။ အိမ်ရှေ့ကွင်းပြင်မှာတော့ အမျိုးသမီး တစ်ယောက်က သူမရဲ့ သမီးလေးနဲ့အတူ လက်ဖက်ရည် သောက်ရင်း စကားပြောနေကြပေသည်။
အဲဒီ မိန်းကလေးက အသက် ၁၁ နှစ်၊ ၁၂ နှစ်လောက်ပဲ ရှိဦးမှာ ဖြစ်ပေမယ့် နာမည်ကျော် မှော်ဆရာ ရုပ်ရှင်ထဲက ဆံပင်ညိုညိုနဲ့ မိန်းကလေးနဲ့တောင် တူနေပေသည်။ သူမရဲ့ လှပတဲ့ ပုံစံက ကြီးလာရင် သူမရဲ့ အမေထက်တောင် ပိုလှလာနိုင်တယ်ဆိုတာကို ပြသနေ၏။
“လီလီ... မင်းမှာ ညီမ ရှိတာလား”
ချားလ်စ်က တွေဝေစွာ မေးလိုက်မိသည်။ အဲဒီ အမျိုးသမီးရဲ့ မျက်နှာမှာ ဝမ်းနည်းနေတဲ့ အရိပ်အယောင် လုံးဝ မတွေ့ရတာကို သူ သတိထားမိလို့ ဖြစ်ပေသည်။
ချားလ်စ်ရဲ့ စကားကြောင့် တောင့်ခဲနေတဲ့ လီလီက သတိပြန်ဝင်လာပြီး စူးစူးဝါးဝါး အော်ဟစ်လိုက်တော့သည်။
“အား... အဲဒီ လီလီက အတုကြီး၊ ကျွန်မကမှ မေမေရဲ့ သမီးအစစ်၊ အဲဒီတစ်ယောက်က ပုံပြင်ထဲက စုန်းမ ဖြစ်ရမယ်၊ သူမက ကျွန်မကို ကြွက်အဖြစ် ပြောင်းပစ်ပြီး မေမေရဲ့ အချစ်တွေကို ခိုးယူသွားတာ၊ ကျွန်မ သူမရဲ့ မျက်နှာကို ကိုက်ပစ်မယ်”
လီလီက ပြောပြီးတာနဲ့ သူမရဲ့ အစွယ်တွေနဲ့ လက်သည်းတွေကို ထုတ်ပြီး အိမ်ထဲကို ပြေးဝင်ဖို့ ပြင်လိုက်၏။ သူမနောက်က ကြွက်တွေကလည်း လိုက်ဖို့ အသင့် ဖြစ်နေကြပေသည်။
ချားလ်စ်က လက်စွပ် ဝတ်ထားတဲ့ ဘယ်ဘက်လက်ကို မြှောက်လိုက်ပြီး လီလီကို လေထဲမှာ ချက်ချင်း ဖမ်းမြှောက်လိုက်လေသည်။
“စိတ်အေးအေး ထားစမ်း”
သူက ဟောက်လိုက်၏။
သူတို့ရဲ့ ခေါင်းဆောင် အဖမ်းခံရတာကို မြင်တော့ ကြွက်အုပ်ကြီးက ချက်ချင်း လှည့်လာပြီး ချားလ်စ်ကို သူတို့ရဲ့ အစွယ်တွေနဲ့ ရန်မူကြတော့သည်။ သူတို့ရဲ့ မျက်လုံးတွေထဲမှာ သတ်ဖြတ်လိုတဲ့ အရိပ်အယောင်တွေနဲ့ ပြည့်နေပေသည်။
ချားလ်စ်က တခြားလက်တစ်ဖက်နဲ့ လူပြက်မျက်နှာဖုံးကို ယူဖို့ ပြင်လိုက်စဉ်မှာပဲ လီလီက ကြွက်တွေကို မတိုက်ခိုက်ဖို့ တားလိုက်၏။
လေထဲမှာ တွဲလောင်း ဖြစ်နေတဲ့ သူမက ရှိုက်ကြီးတငင် ငိုကြွေးပါတော့သည်။
“အဟင့်... ဦးလေး ချားလ်စ်၊ ကျွန်မ အိမ်ပြန်လို့ မရတော့ဘူး... မေမေက ကျွန်မကို အလိုမရှိတော့ဘူး... ကျွန်မ ဘယ်လို လုပ်ရမလဲဟင်”
***