ချားလ်စ်၏ ထူးဆန်းသော အပြုအမူမှာ ဘေးလူများ၏ အာရုံစိုက်မှုကို ရရှိသွား၏။ ကြွက်အုပ်ကြီးနှင့်အတူ သွားလာနေသော အမျိုးသားတစ်ဦးကို မည်သူကမျှ လျစ်လျူရှု၍ မရနိုင်ဘဲ မကြာမီမှာပင် လူအုပ်စုကြီးမှာ သူတို့ကို လက်ညှိုးထိုးကာ တိုးတိုးတိတ်တိတ် ပြောဆိုလာကြတော့သည်။
“ငြိမ်ငြိမ်နေစမ်း”
ချားလ်စ်က မျက်မှောင်ကြုတ်ကာ ပြောလိုက်ပြီး လီလီကို နောက်တစ်လမ်းထဲသို့ ခေါ်ဆောင်သွား၏။
“အဲဒါ မင်းအိမ်ဆိုတာ သေချာလား၊ ဟိုမှာရှိတဲ့ မိန်းကလေးက မင်းရဲ့ မူလပုံစံအတိုင်းပဲလား”
“သေချာတာပေါ့... အဲဒါ ကျွန်မရဲ့ မူလပုံစံအစစ်ပဲ၊ ဟိုအမျိုးသမီးကလည်း ကျွန်မရဲ့ မေမေဆိုတာ ကျိန်းသေတယ်”
လီလီက ဝမ်းနည်းပူဆွေးနေသော အသံဖြင့် ဖြေရှာပေသည်။
“မင်းရဲ့ ကြွက်သူငယ်ချင်းတွေကို အရင်လူစုခွဲခိုင်းလိုက်ဦး၊ ငါတို့ ပြဿနာ မတက်ချင်ဘူး”
လီလီက တကျွိကျွိနှင့် နှစ်ချက်အော်လိုက်ရာ ပတ်ဝန်းကျင်က ကြွက်များမှာ လူစုခွဲသွားကြ၏။ ကြည့်ရှုနေသော အမျိုးသမီးအချို့ထံမှလည်း အော်ဟစ်သံများ ထွက်ပေါ်လာပေသည်။
ချားလ်စ်သည် လီလီကို လမ်းများထဲ၌ ခေတ္တခေါ်သွားပြီးနောက် ထိုအိမ်လေးဆီသို့ ပြန်လာခဲ့လိုက်၏။
လီလီ၏ မိခင်မှာ အိမ်ရှေ့၌ မရှိတော့ပေ။ “လီလီ” ဟု ခေါ်ဆိုအပ်သော မိန်းကလေးမှာ တစ်ယောက်တည်း ကျန်ရစ်ကာ စာအုပ်တစ်အုပ်ကို ငြိမ်သက်စွာ ဖတ်နေပေသည်။
“ခဏနေရင် ဘာမှမပြောနဲ့ဦး၊ ငါပဲ ကိုင်တွယ်မယ်”
ချားလ်စ်က ညွှန်ကြားလိုက်၏။
ပတ်ဝန်းကျင်ကို အကဲခတ်ပြီး ထူးခြားမှု မရှိကြောင်း သေချာမှသာ ချားလ်စ်သည် သစ်သားခြံစည်းရိုးတံခါးကို တွန်းဖွင့်ကာ ထိုမိန်းကလေးဆီသို့ တည့်တည့် လျှောက်သွားလိုက်လေသည်။
“လီလီ...” ချားလ်စ်က လှမ်းခေါ်လိုက်၏။
စာဖတ်နေသော မိန်းကလေးမှာ ဇဝေဇဝါဖြင့် မော့ကြည့်လာသည်။ ချားလ်စ်ကို မြင်လိုက်ရသည့် ခဏမှာပင် သူမ၏ မျက်နှာမှာ ထိတ်လန့်သွားပြီး စာအုပ်ကို ချကာ အိမ်ထဲသို့ ပြေးဝင်ဖို့ ပြင်တော့သည်။
“ဟင်...” ချားလ်စ်က သူ၏ ဘယ်ဘက်လက်ကို မြှောက်လိုက်၏။ ကိုယ်ပျောက်နေသော လက်တံ သုံးခုက သူမကို ချက်ချင်း ရစ်ပတ်ဖမ်းဆီးလိုက်လေသည်။
ထိုမိန်းကလေးမှာ သူမ၏ မူလပုံစံသို့ ပြန်ပြောင်းသွားလိမ့်မည်ဟု ချားလ်စ် မျှော်လင့်ထားသော်လည်း “လီလီ” မှာ ရုန်းကန်ရင်း “မေမေ... မေမေ... ကယ်ပါဦး” လို့သာ အားကိုးတကြီး အော်ဟစ်နေရှာပေသည်။
မိန်းကလေး၏ တုံ့ပြန်မှုကို မြင်ရသောအခါ ချားလ်စ်မှာ အံ့သြသွားပြီး သံသယများ ဝင်လာ၏။ သူသည် ပုံစံပြောင်းလဲတတ်သော မိစ္ဆာများစွာနှင့် ကြုံဖူးသော်လည်း ဤကဲ့သို့ တုံ့ပြန်တတ်သော အရာမျိုးကို တစ်ခါမျှ မမြင်ဖူးပေ။
ချားလ်စ်သည် “လီလီ” ကို သူ့ရှေ့သို့ ဆွဲယူလိုက်၏။ သူ၏ ဓားနက်ကို ထုတ်ကာ မိန်းကလေး၏ လက်မောင်းကို အနည်းငယ် ခြစ်လိုက်ရာ အနီရောင် သွေးများ စီးကျလာလေသည်။ သူသည် ထိုသွေးကို မြည်းစမ်းကြည့်လိုက်ရာ အမှန်တကယ်ပင် လူသားသွေး ဖြစ်နေကြောင်း တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားရ၏။
ထိုစဉ် အိမ်တံခါး ပွင့်လာပြီး လီလီ၏ မိခင် ထွက်လာပေသည်။ သူမသည် တုန်ယင်နေသော လက်များဖြင့် သေနတ်တစ်လက်ကို ကိုင်ကာ ချားလ်စ်ကို ချိန်ရွယ်လိုက်၏။ “ငါ့သမီးကို အခုချက်ချင်း လွှတ်လိုက်၊ ငါ ရဲတွေကို ဖုန်းဆက်ပြီးပြီ”
ထိုအမျိုးသမီး၏ လက်နက်ကို ချားလ်စ်က ဂရုမစိုက်ဘဲ သူ့ရှေ့က မိန်းကလေးကိုသာ ကြည့်ကာ မေးလိုက်သည်။ “မင်း ငါ့ကို မြင်တော့ ဘာလို့ ထွက်ပြေးတာလဲ”
မိန်းကလေးမှာ အလွန်ကြောက်လန့်နေပုံရသော်လည်း အမြန်ပြန်ဖြေ၏။ “ရှင်က ပင်လယ်နံ့ နံနေလို့လေ၊ ပင်လယ်နံ့ နံတဲ့သူတိုင်းက လူဆိုးတွေလို့ ဖေဖေ ပြောဖူးတယ်”
“လိမ်တာ... မင်းက လိမ်နေတာ၊ အဲဒါ ငါ့ဖေဖေဟဲ့”
ကြွက်ဖြူလေး လီလီက ထိုမိန်းကလေးကို ခုန်အုပ်ဖို့ ပြင်လိုက်လေသည်။
ချားလ်စ်က ကြွက်ဖြူလေးကို အမြီးမှ လှမ်းဖမ်းလိုက်၏။ ထို့နောက် မိန်းကလေးကို လွှတ်ပေးလိုက်ပြီး ကြွက်ဖြူလေးကို ကိုင်ကာ ထိုနေရာမှ ထွက်ခွာခဲ့တော့သည်။
ထို “လီလီ” ဟု ဆိုသူမှာ အရာအားလုံး ပုံမှန် ဖြစ်နေပြီး ဟန်ဆောင်နေသည့် အရိပ်အယောင် လုံးဝ မတွေ့ရပေ။ ချားလ်စ်မှာ ဇဝေဇဝါ ဖြစ်နေရပြီ ဖြစ်၏။
“စိတ်အေးအေး ထားပါဦး၊ ငါတို့ အရင် စုံစမ်းကြည့်ရအောင်”
ချားလ်စ်က ဂနာမငြိမ် ဖြစ်နေသော ကြွက်ဖြူလေး၏ ခေါင်းကို ပွတ်ကာ နှစ်သိမ့်ပေးလိုက်ပေသည်။
ချားလ်စ်သည် လီလီကို ဆိပ်ကမ်းသို့ ပြန်ခေါ်လာခဲ့၏။ သူတို့သည် လမ်းအချို့ကို ပတ်လျှောက်ပြီးနောက် လူသူကင်းဝေးသော ဆိုင်လေးတစ်ဆိုင် ရှေ့သို့ ရောက်လာကြလေသည်။
ဘေးပတ်ဝန်းကျင်၌ လူမရှိကြောင်း သေချာမှသာ ချားလ်စ်သည် တံခါးကို ခေါက်ပြီး “ငါ မင်းတို့ သူဌေး ‘နားရွက်သေး’ နဲ့ တွေ့ချင်တယ်” ဟုတိုးတိုးလေး ပြောလိုက်၏။
တံခါးမှာ တိတ်တဆိတ် ပွင့်သွားပြီး ချားလ်စ်နှင့် လီလီတို့ အတွင်းသို့ ဝင်ခဲ့ကြလေသည်။
အတွင်းဘက်တွင်တော့ ဖရိုဖရဲ ဖြစ်နေသော ဂိုဒေါင်ကြီး တစ်ခု ရှိနေပြီး ဆေးမင်ကြောင် ထိုးထားသော လူတစ်စုမှာ ဖဲကစားနေကြ၏။
ချားလ်စ်မှာ ကြွက်အုပ်ကြီးနှင့် ဝင်လာသည်ကို မြင်သောအခါ မျက်နှာ၌ အမာရွတ်နှင့် လူပိန်တစ်ယောက်က ထရပ်လိုက်လေသည်။
“အာ... ကပ္ပတိန် ချားလ်စ်၊ မတွေ့တာ ကြာပြီပဲ၊ ကုန်သွယ်ဖို့ လာတာလား၊ ရှင့်မှာ သင်္ဘောကြီး တစ်စင်း ရထားတယ်လို့ ကြားတယ်၊ ကုန်တွေ အများကြီး တင်နိုင်မှာပဲ”
အမာရွတ်နှင့် လူက ပြောလိုက်၏။
ချားလ်စ်က အပိုစကားတွေ မပြောတော့ဘဲ ငွေစက္ကူထုပ်ကို ထုတ်ပေးလိုက်လေသည်။
“ငါ ဒေါက်တာ အိုလီဗာအကြောင်း သတင်းအချက်အလက် လိုချင်တယ်”
တိုက်ရိုက် သွားရောက် စုံစမ်းလို့ မရနိုင်တော့သဖြင့် ချားလ်စ်သည် ဒေသခံ လူမိုက်များထံမှ သဲလွန်စ ရနိုင်မလားဟု စမ်းသပ်ကြည့်ခြင်း ဖြစ်ပေသည်။
အမာရွတ်နှင့် လူက ပြုံးလိုက်ပြီး လက်ချောင်း နှစ်ချောင်း ပြတ်နေသော ညာလက်ဖြင့် ငွေကို လှမ်းယူလိုက်၏။ “ပြဿနာ မရှိပါဘူး၊ ဒီကျွန်းပေါ်မှာ မြွေနဂါးဂိုဏ်း မသိတဲ့ သတင်းဆိုတာ မရှိစေရဘူး”
မကြာမီမှာပင် ချားလ်စ် တည်းခိုရာ လင်းနို့အရက်ဆိုင်ရှိ အခန်းတံခါးအောက်မှ စာရွက်တစ်ရွက် ဝင်လာပေသည်။ ချားလ်စ်သည် စာရွက်ကို ကောက်ယူကာ အသေအချာ ဖတ်ရှုပြီးနောက် ကြမ်းပြင်ပေါ်က ကြွက်ဖြူလေးကို စိတ်မသက်မသာသော မျက်နှာထားဖြင့် ကြည့်လိုက်မိ၏။
“လီလီ... မင်းက မင်းရဲ့ အဖိုးဆီကို သွားရင်းနဲ့ ဝဲဂယက်ထဲ မိပြီး ကြွက်ဖြစ်သွားတာလို့ ပြောတယ်နော်”
“ဟုတ်ပါတယ်”
လီလီက ပြန်ဖြေ၏။
“ဒါပေမဲ့... ဟိုလူတွေ စုံစမ်းပေးချက်အရတော့ မင်းရဲ့ မိဘတွေက လွန်ခဲ့တဲ့ နှစ်အနည်းငယ်လုံး ဒီကျွန်းပေါ်မှာပဲ ရှိနေခဲ့ကြတာ၊ ပင်လယ်ထဲကို တစ်ခါမှ မထွက်ခဲ့ဖူးဘူးတဲ့”
အခန်းတွင်းမှာ ချက်ချင်း တိတ်ဆိတ်သွားရလေသည်။
သုံးစက္ကန့်ခန့်အကြာတွင် လီလီ၏ မျက်လုံးများမှာ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားပြီး “ဒါဆို... ဒါဆိုရင်...” ဟု တိုးတိုးလေး ရေရွတ်လိုက်၏။
“ဒါဆိုရင် ဟိုဘက်က လီလီက အစစ်ပေါ့၊ သူမက ဒေါက်တာ အိုလီဗာတို့ ဇနီးမောင်နှံရဲ့ သမီးအစစ်ပဲ၊ အတု မဟုတ်ဘူး”
ဒေါက်တာ အိုလီဗာမှာ ပင်လယ်ထဲသို့ တစ်ခါမျှ မထွက်ဖူးသဖြင့် သင်္ဘောပျက်သည့် ကိစ္စလည်း မရှိနိုင်သလို သူတို့ သမီးလေး ပင်လယ်ထဲ ကျသွားပြီး ဝဲဂယက်ထဲ ပါသွားစရာ အကြောင်းလည်း မရှိပေ။
“သူမက အစစ်ဆိုရင်... ကျွန်မက ဘယ်သူလဲ” ဟု ပြောရင်း ကြွက်ဖြူလေး၏ မျက်လုံးမှ မျက်ရည်များ စီးကျလာလေတော့သည်။
ချားလ်စ်သည် စကားလုံးများကို သေချာ ရွေးချယ်ပြီးမှ ပြန်ပြောလိုက်၏။ “လီလီ... ဒါက လက်ခံရ ခက်လိမ့်မယ် ဆိုတာ ငါ သိပါတယ်၊ ဒါပေမဲ့ မှတ်ဉာဏ်တွေဆိုတာ အမြဲတမ်း အမှန်တရားကို မဖော်ပြနိုင်ဘူး”
“မဟုတ်ဘူး။ ကျွန်မက လီလီပါ၊ ကျွန်မက ကြွက်မဟုတ်ဘူး၊ ကျွန်မက လီလီအစစ်ပါ” လို့ ကြွက်ဖြူလေးက စိတ်လှုပ်ရှားစွာ အော်ဟစ်တော့သည်။
လီလီ၏ ငိုသံကြောင့် အညိုရောင် ကြွက်များမှာ သူမအနားသို့ အမြန်စုရုံးလာကာ နှစ်သိမ့်သည့် အနေဖြင့် တကျွိကျွိ အော်နေကြ၏။
“ငါ့အနားက ထွက်သွားကြ၊ ငါက မင်းတို့လို ကြွက်မဟုတ်ဘူး၊ ငါက လူသားပါ၊ ငါက လူသား”
လီလီက အော်လိုက်ရာ ကြွက်များမှာ ဝမ်းနည်းစွာဖြင့် နောက်သို့ ဆုတ်သွားကြသော်လည်း ငိုနေသော ကြွက်ဖြူလေးကို ဝိုင်းရံထားကြတုန်းပင် ဖြစ်ပေသည်။
ချားလ်စ်လည်း ဘာပြောရမှန်း မသိတော့ပေ။ သူသည် အခြေအနေမျိုးစုံကို ခန့်မှန်းထားခဲ့သော်လည်း ယခုကဲ့သို့ ဖြစ်လာလိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့ပေ။
သို့သော် အသေအချာ ပြန်စဉ်းစားကြည့်လျှင် ဤသည်မှာ မျှော်လင့်ချက်မဲ့နေသော ပင်လယ်အောက်ကမ္ဘာ၏ အခြေအနေနှင့် ထူးဆန်းစွာ ကိုက်ညီနေပေသည်။
နာရီဝက်ခန့် ကြာပြီးနောက် လီလီသည် အသက်မဲ့နေသော ရုပ်အလောင်းကဲ့သို့ ကြမ်းပြင်ပေါ်၌ ငြိမ်သက်နေ၏။
“ဦးလေး ချားလ်စ်... ကျွန်မက တကယ်ပဲ ကြွက်တစ်ကောင်ပဲလားဟင်” ဟုလီလီက စိတ်ဓာတ်ကျစွာဖြင့် မေးလိုက်လေသည်။
ချားလ်စ်မှာ ထိုင်ခုံပေါ်၌ ထိုင်ရင်း တိတ်ဆိတ်နေမိ၏။ ဤကဲ့သို့ အခြေအနေမျိုး၌ မည်သို့ ပြန်ဖြေရမည်ကို သူ မသိပေ။
မည်သည့် အဖြေမျှ မရရှိသဖြင့် စိတ်ဓာတ်ကျနေသော ကြွက်ဖြူလေးသည် တဖြည်းဖြည်း ထရပ်ကာ တံခါးဆီသို့ လျှောက်သွားတော့သည်။ အညိုရောင် ကြွက်များကလည်း သူမနောက်မှ လိုက်ပါသွားကြ၏။
“မင်း ဘယ်သွားမလို့လဲ”
ချားလ်စ်က မေးလိုက်၏။
“ကျွန်မလည်း မသိဘူး... ဒါပေမဲ့ ကျွန်မက ကြွက်တစ်ကောင် ဆိုမှတော့ မိလ္လာပိုက်တွေထဲမှာပဲ နေရမှာပေါ့၊ ဦးလေး ချားလ်စ်... ကျွန်မကို အခုထိ စောင့်ရှောက်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်၊ ဦးလေးက လူကောင်းတစ်ယောက်ပါ”
လီလီက အရှုံးပေးထားသော လေသံဖြင့် ပြန်ဖြေလေသည်။
ကြွက်များမှာ ရှေ့သို့ တိုးသွားပြီး တစ်ကောင်ပေါ် တစ်ကောင် ဆင့်ကာ တံခါးလက်ကိုင်ကို ဖွင့်ပေးလိုက်ကြ၏။ ထို့နောက် သူတို့အားလုံးမှာ မှောင်ရိပ်ကျနေသော စင်္ကြံလမ်းထဲသို့ ဝင်သွားကြတော့သည်။
ကြွက်များ ထွက်ခွာသွားသည်ကို ကြည့်ရင်း ချားလ်စ်၏ မျက်နှာပေါ်၌ စိတ်ပျက်သော အရိပ်အယောင်များ ပေါ်လာလေသည်။
“မင်းက ဒီအတိုင်း အရှုံးပေးလိုက်တော့မှာလား၊ မိလ္လာပိုက်ထဲမှာ နေပြီး တစ်သက်လုံး အမှိုက်တွေပဲ စားသွားတော့မှာလား”
နားရွက်လေးများ တွဲကျနေသော လီလီသည် လှည့်ကြည့်လာပြီး ချားလ်စ်ကို တွေဝေစွာ စိုက်ကြည့်နေ၏။
“မင်းကိုယ်မင်း လူသားလို့ ယုံကြည်နေပြီး ဒီပင်လယ်ကြီးက မင်းကို အခုလို ဖြစ်အောင် လုပ်ခဲ့တာ ဆိုရင်တော့ ပင်လယ်ထဲကို ပြန်ဝင်ပြီး မင်းပိုင်ဆိုင်တဲ့ အရာအားလုံးကို ပြန်တောင်းရမှာပေါ့၊ ထွက်မပြေးနဲ့လေ”
ချားလ်စ်က အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။
“လူသားတွေက ကံကြမ္မာကို မဖန်တီးနိုင်ပေမဲ့ အခက်အခဲတွေ ကြုံလာရင် ဘယ်လို တုံ့ပြန်မလဲဆိုတာကိုတော့ ကိုယ်တိုင် ဆုံးဖြတ်နိုင်တယ်၊ ပြန်လာခဲ့၊ ငါ့သင်္ဘောမှာ အမြောက်ပစ်သမား လိုအပ်တယ်”
လီလီ၏ မျက်လုံးထဲ၌ မျက်ရည်များ ပြန်လည် ဝဲတက်လာပြန်၏။ သူမသည် ရှိုက်ငိုရင်း ခေါင်းညိတ်ကာ ပြန်ပြောလိုက်လေသည်။ “ဦးလေး ချားလ်စ်... ကျေးဇူးတင်ပါတယ်၊ ဘာလို့ ကျွန်မကို အခုလို ကူညီပေးရတာလဲဟင်”
ချားလ်စ်သည် တကယ်တမ်း၌ သနားတတ်သော သူတစ်ဦး မဟုတ်ပေ။ သို့သော် လီလီက မျှော်လင့်ချက်မဲ့စွာ ထွက်သွားသည်ကို မြင်ရသောအခါ သူ၏ စိတ်ထဲ၌ လက်မခံနိုင်သော ခံစားချက်တစ်ခု ပေါ်လာခြင်း ဖြစ်ပေသည်။
အိမ်ပြန်လို့ မရနိုင်တော့သည့် ကံဆိုးသူ အဖော်အဖက် တစ်ဦးအနေဖြင့် လီလီ၏ ကံကြမ္မာမှာ နောင်တစ်ချိန်တွင် သူ၏ ကံကြမ္မာ ဖြစ်လာမည်ကို သူ စိုးရိမ်မိနေခြင်းပင် ဖြစ်ပေတော့သည်။
***