ချားလ်စ်သည် လီလီကို အရက်ဆိုင်၌ ထားရစ်ခဲ့ပြီး စူးစမ်းရှာဖွေသူများ အသင်းဆီသို့ တစ်ယောက်တည်း ထွက်လာခဲ့၏။ ကောင်မလေးမှာ စိတ်ဓာတ်ကျနေဆဲ ဖြစ်သဖြင့် အချိန်ကသာ သူမ၏ ဒဏ်ရာများကို ကုစားပေးနိုင်လိမ့်မည်ဟု သူ မျှော်လင့်နေပေသည်။
အသင်းတိုက်ထဲသို့ ဝင်လိုက်သည်နှင့် ချားလ်စ်၏ အကြည့်က ထောင့်နားက ဆိုဖာဆီသို့ အလိုလို ရောက်သွား၏။ ယခုတစ်ခေါက်တွင်တော့ ကပ္ပတိန် လေးယောက်သာ ရှိပြီး ထိုထဲ၌ အရပ်ရှည်ရှည်နှင့် အလှပဂေး အဲလစ်ဇဘက်လည်း ပါဝင်ပေသည်။
“ချစ်ရတဲ့ ချားလ်စ်... ငါ ဒီမှာလေ”
အဲလစ်ဇဘက်က တက်ကြွစွာ လက်ယမ်းပြလိုက်၏။
ချားလ်စ်က သူမဆီ တန်းမသွားဘဲ စားပွဲဆီသို့သာ လက်ညှိုးထိုးပြလိုက်သည်။ သူ လုပ်စရာရှိသည့် ရုံးကိစ္စများကို အရင် အဆုံးသတ်ချင်၍ ဖြစ်ပေသည်။
“ဟောဒီမှာ အဲဒီကျွန်းရဲ့ အချက်အလက်တွေ” ချားလ်စ်က သူ ရေးမှတ်ထားသော မှတ်တမ်းကို စားပွဲနောက်က ဝန်ထမ်းမလေးထံ ကမ်းပေးလိုက်၏။
“ရှင်... ရှင် တကယ်ပဲ အဲဒီကို သွားခဲ့တာလား” လို့ ဝန်ထမ်းမလေးက မယုံကြည်နိုင်စွာ မေးရှာပေသည်။
“မြန်မြန်လုပ်ပါ... ငါ့မှာ အချိန်အများကြီး မရှိဘူး” လို့ ချားလ်စ်က စိမ်းသက်နေသော ဝန်ထမ်းသစ်လေးကို အလောတိုက်လိုက်၏။
“ဆောရီး... ဆောရီးနော်၊ ကျွန်မ ဒီနေ့မှ အလုပ်စဝင်တာမို့လို့ပါ ခဏလောက် စောင့်ပေးပါဦး မန်နေဂျာကို သွားမေးလိုက်ပါ့မယ်”
မကြာမီမှာပင် မျက်မှန်ဝိုင်းလေး တပ်ထားပြီး ဝတ်စုံအပြည့်နှင့် လူလတ်ပိုင်း အမျိုးသားတစ်ဦး ရောက်လာပေသည်။ သူက ချားလ်စ်ကို ပြုံးပြပြီးနောက် မှတ်တမ်းကို ယူကာ အသေအချာ စစ်ဆေးတော့၏။ သူသည် လက်ထဲက စာအုပ်အချို့နှင့်ပင် တိုက်ဆိုင် စစ်ဆေးနေပေသေးသည်။
ခဏအကြာတွင် သူက သက်ပြင်းချလိုက်ပြီး “အသင်းအတွက် အခုလို ကူညီပေးတာ ကျေးဇူးတင်ပါတယ်၊ ရှင့်ကြောင့် ပင်လယ်အောက်ကမ္ဘာရဲ့ ပဟေဠိအချို့ကို ဖော်ထုတ်နိုင်ခဲ့ပြီ” လို့ လေးစားစွာ ပြောလိုက်၏။
“ငါ့ရဲ့ အကျိုးခံစားခွင့်က ဘယ်လောက်လဲ”
“အန္တရာယ် အဆင့် ၅ ရှိတဲ့ ကျွန်းကို စူးစမ်းခဲ့တာရယ်၊ ပြီးတော့ အသေးစိတ် မှတ်တမ်း ရေးပေးတာရယ်ကြောင့် စုစုပေါင်း အက်ကိုး ၁.၆ သန်း ရပါမယ်၊ အုပ်ချုပ်ရေးမှူးရဲ့ အခွန်တွေ နှုတ်လိုက်ရင်တော့ လက်ထဲကို ၁.၄၅ သန်း ရောက်မှာပါ”
အမှန်အတိုင်း ပြောရလျှင် ထိုပမာဏကို ကြားလိုက်ရချိန်၌ ချားလ်စ် အံ့သြသွားရ၏။ ကျွန်းတစ်ကျွန်းကို စူးစမ်းရုံနှင့် ဤမျှ ငွေအမြောက်အမြား ရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ထိုငွေနှင့်ဆိုလျှင် သန္တာကျောက်တန်း ကျွန်းစုပေါ်၌ အိမ်ရှေ့ကွင်းပြင် ပါသော နှစ်ထပ်အိမ် တစ်လုံးကို အေးဆေးစွာ ဝယ်ယူနိုင်ပေသည်။
သို့သော် ကျွန်းပေါ်၌ သူ ကြုံတွေ့ခဲ့ရသော အသက်အန္တရာယ်များကို ပြန်စဉ်းစားကြည့်လျှင်တော့ ဤငွေပမာဏမှာ ထိုက်တန်သည်ဟု ဆိုရပေမည်။ သူသည် အသက်နှင့် ရင်းပြီး ရှာဖွေခဲ့ရခြင်း မဟုတ်လား။
“ကပ္ပတိန် ချားလ်စ်... ရှင့်ရဲ့ ဘဏ်အကောင့် နံပါတ်ကို အရင်ကတည်းက ပေးထားဖူးတယ်နော်၊ အဲဒီအကောင့်ထဲကိုပဲ တိုက်ရိုက် ထည့်ပေးလိုက်ရင် အဆင်ပြေမလား”
“ပြေပါတယ်”
ချားလ်စ်က ဖြေပြီးနောက် ဆိုဖာရှိရာသို့ လျှောက်သွားလိုက်၏။ ဒီနေ့ သူ လုပ်စရာ နောက်ထပ် ကိစ္စတစ်ခု ရှိသေးပေသည်။
“မင်း မျက်လုံးက ဘာဖြစ်တာလဲ” အဲလစ်ဇဘက်၏ ဘယ်ဘက်မျက်လုံးပေါ်က ပင်လယ်ဓားပြများကဲ့သို့ မျက်လုံးစီးကြိုး အမည်းလေးကို လက်ညှိုးထိုးပြရင်း ချားလ်စ်က မေးလိုက်၏။
“မျက်လုံးတစ်ဖက် ဆုံးရှုံးသွားတာပေါ့... ဟူး၊ အဲဒီကျွန်းက အရမ်း အန္တရာယ်များတာပဲ၊ အသက်ရှင်ရုံနဲ့တင် ကံကောင်းလှပြီ၊ တကယ် ကြောက်စရာကြီး”
အဲလစ်ဇဘက်က ပြောရင်း ချားလ်စ်အနားသို့ တိုးကပ်လာ၏။ သူမ၏ စကားအရ ကြောက်နေသည်ဟု ဆိုသော်လည်း မျက်နှာမှာတော့ ကြောက်ရွံ့ရိပ် လုံးဝ မရှိပေ။
“ဒီနေ့ ဘာလို့ လူနည်းနေတာလဲ” ချားလ်စ်က ကျန်ရှိသော စိမ်းသက်နေသည့် ကပ္ပတိန် သုံးယောက်ကို ကြည့်ရင်း မေးလိုက်၏။
“ကပ္ပတိန်တွေက များသောအားဖြင့် စနေနေ့ မွန်းလွဲပိုင်းမှ ဆိုက်ကပ်ကြတာ၊ အဲဒီကျမှ ဒီမှာ လူစုံတာလေ၊ တခြား အချိန်တွေဆိုရင် ငါတို့ အနည်းစုပဲ ရှိတာ၊ ဟင်... မင်း လက်သူကြွယ်မှာ ဘာလို့ လက်စွပ် ဝတ်ထားတာလဲ၊ မင်္ဂလာဆောင်လိုက်ပြီလား၊ အို... ငါ့ရင်တွေ ကွဲရပါပြီ”
အဲလစ်ဇဘက်က ချားလ်စ်၏ လက်စွပ်ကို လက်ချောင်းလေးဖြင့် အသာအယာ ထိတွေ့ရင်း စနောက်လိုက်ပေသည်။
ချားလ်စ်က လက်ကို မြှောက်ပြလိုက်ပြီး “ဒါက ရတနာတစ်ခုပါ၊ အဲလစ်ဇဘက်... စူးစမ်းရှာဖွေသူတွေကြားမှာ ရတနာတွေကို ဘယ်လို အရောင်းအဝယ် လုပ်ကြလဲ” ဟုမေးလိုက်၏။
ချားလ်စ်၏ စကားကြောင့် ကျန်ရှိသော ကပ္ပတိန် သုံးဦးစလုံးမှာ စိတ်ဝင်တစား လှည့်ကြည့်လာကြပေသည်။
“များသောအားဖြင့်တော့ လူစုံတဲ့ စနေနေ့တွေမှာ လုပ်ကြတာ၊ ဒါပေမဲ့ အခုပဲ ထုတ်ပြလိုက်ရင်လည်း ငါတို့ ကြည့်ပေးလို့ ရတာပဲ၊ တကယ် တန်ဖိုးရှိတယ်ဆိုရင် ငါ သင့်တော်တဲ့ ဈေးပေးပြီး ဝယ်မယ်”
လူငယ်တစ်ယောက်က ပြောလိုက်၏။ ထိုလူငယ်မှာ ဖရိုဖရဲ ဖြစ်နေပြီး လက်ထဲ၌ အရက်ပုလင်း တစ်လုံးကို ကိုင်ထားကာ မျက်နှာမှာလည်း ညှိုးငယ်နေပေသည်။ သူ၏ အဝတ်အစားများ၌ အရက်များ ပေကျံနေပြီး နှစ်မီတာ အကွာမှပင် သူ၏ အနံ့ဆိုးကို ချားလ်စ် ရရှိနေ၏။
ချားလ်စ်က ကျန်ရှိသော ရတနာ နှစ်ခုကို ထုတ်ကာ စားပွဲပေါ် တင်လိုက်ပေသည်။
အဲလစ်ဇဘက် အပါအဝင် လေးယောက်စလုံးက ရတနာများကို အသေအချာ စစ်ဆေးကြ၏။ ခဏအကြာတွင် အရက်မူးနေသော လူငယ်က စကားစလာပေသည်။
“အမျိုးအမည် မသိသေးတဲ့ ရတနာတွေဆိုတော့ ပုံသေဈေး မရှိဘူး၊ ဒါပေမဲ့ ငါတို့ သူငယ်ချင်းတွေပဲလေ... တစ်ခုကို သုံးသိန်းစီနဲ့ ငါ ယူမယ်၊ နှစ်ခုစလုံး ပေးလိုက်ပါ”
ဤသည်မှာ လောင်းကစား ဆန်လှပေသည်။ ထိုရတနာများ၏ အသုံးဝင်ပုံနှင့် ဘေးထွက်ဆိုးကျိုးကို မည်သူမျှ မသိကြပေ။ အကယ်၍ ပေးဆပ်ရမည့် တန်ဖိုးကသာ ကြီးမားနေခဲ့လျှင် ငွေကုန်ကြေးကျ ခံပြီး ဒုက္ခဝယ်လိုက်သကဲ့သို့ ဖြစ်သွားနိုင်ပေသည်။
“ဈေးကတော့ သင့်တော်ပါတယ်”
အဲလစ်ဇဘက်က ချားလ်စ်၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်၏။ သူမ၏ နှုတ်ခမ်းနီရောင်များမှာ ချားလ်စ်၏ နားရွက်နှင့် ထိလုနီးပါး ဖြစ်နေပြီး သူမ၏ ထွက်သက်ကိုပင် ချားလ်စ် ခံစားနေရပေသည်။
“ကောင်းပြီ... ရောင်းမယ်” ချားလ်စ်က ဘေးသို့ အနည်းငယ် ဆုတ်လိုက်၏။
“ငါ့နာမည် ဝီလျံ ပါ၊ နောက်တစ်ခါ ရတနာတွေ ထပ်ရရင်လည်း ငါ့ကို သတိရပေးပါဦး”
ထိုလူငယ်က ပြောပြီးနောက် အနီရောင် အမှုန့်ထုပ်လေး တစ်ထုပ်ကို ထုတ်ကာ အရက်ပုလင်းထဲ ထည့်ပြီး မော့သောက်လိုက်လေသည်။
ထို့နောက် ဝီလျံမှာ တုန်တုန်ယင်ယင် ဖြစ်လာသဖြင့် ချားလ်စ်က ဇဝေဇဝါဖြင့် အဲလစ်ဇဘက်ကို ကြည့်လိုက်၏။
“စိတ်မပူပါနဲ့... အဲဒါ ပျော်ရွှင်သီး အမှုန့်လေ၊ သူ အဲဒါ သုံးနေတာ နာရီဝက်လောက် ရှိပြီ”
‘မူးယစ်ဆေးတစ်မျိုးမျိုးလား’
ဝီလျံ၏ မျက်လုံးနှင့် နှာခေါင်းမှ အရည်များ ထွက်ကျလာသည်ကို မြင်လိုက်ရချိန်၌ ချားလ်စ် စိတ်ထဲမှ သံသယ ဝင်မိသွား၏။
သို့သော် သူသည် တခြားသူ၏ ကိစ္စကို စိတ်မဝင်စားဘဲ အနားက အလှပဂေးဘက်သို့ လှည့်လိုက်ပေသည်။
“အကြားအာရုံ ဝေဝေဝါးဝါး ဖြစ်တာကို ပျောက်စေတဲ့ ဂျယ်လီတွေ ရှိသေးလား၊ ငါ နည်းနည်း ဝယ်ချင်လို့”
ချားလ်စ်က မေးလိုက်၏။
သူ့မှာ အသံထူးတွေ ကြားရတဲ့ ဝေဒနာက ခဏခဏ မဖြစ်သော်လည်း ဖြစ်လာလျှင်တော့ တကယ့်ကို စိတ်အနှောင့်အယှက် ဖြစ်ရခြင်းပင် ဖြစ်ပေသည်။
“ရှိပါတယ်... ဒါပေမဲ့ အဲဒါကို စားရင် စွဲတတ်တယ်နော်၊ တကယ်လို့ ဖြတ်လိုက်ရင်တော့ တကယ့်ကို ကြောက်စရာကောင်းတဲ့ သေခြင်းမျိုးနဲ့ သေရလိမ့်မယ်”
အဲလစ်ဇဘက်က သတိပေးလိုက်၏။
“ဒီပြဿနာကို ဖြေရှင်းဖို့ တခြားနည်းလမ်းကော ရှိသေးလား”
“ရှိတာပေါ့”
အဲလစ်ဇဘက်က ချက်ချင်း ပြန်ဖြေပေသည်။
“ကုန်းမြေပေါ်မှာပဲ အမြဲ နေလိုက်မယ်ဆိုရင် ဒီပြဿနာက အလိုလို ပြေလည်သွားမှာပဲ”
ချားလ်စ်သည် ထိုနည်းလမ်းကို ချက်ချင်း ပယ်လိုက်၏။ မည်သို့ပင် ဖြစ်စေ သူသည် ကျွန်းတစ်ကျွန်းပေါ်၌ တစ်သက်လုံး ပိတ်မိမနေလိုပေ။
တခြား ကပ္ပတိန်များနှင့် ခဏမျှ စကားပြောပြီးနောက် ချားလ်စ်သည် နာရီကို ကြည့်ကာ ထရပ်လိုက်၏။
“မစ် အဲလစ်ဇဘက်... စနေနေ့ကျရင် အဲဒီဂျယ်လီတွေ ယူလာပေးပါ၊ ငါ ဝယ်ပါ့မယ်၊ အခုတော့ နောက်ကျနေပြီဆိုတော့ နောက်မှပဲ စကားပြောကြတာပေါ့”
ချားလ်စ် အပြင်သို့ ထွက်သွားသည်နှင့် အဲလစ်ဇဘက်ကလည်း ထရပ်ကာ သူ့နောက်မှ လိုက်လာပေသည်။ သူမ၏ မျက်နှာပေါ်၌ ထူးဆန်းသော အပြုံးတစ်ခု ရှိနေ၏။
ဆိပ်ကမ်း၌ ရပ်ရင်း အလုပ်သမားများ ကုန်တင်ကုန်ချ လုပ်နေသည်ကို ကြည့်ကာ ချားလ်စ် ဘာဆက်လုပ်ရမည်ကို စဉ်းစားနေမိသည်။
‘ဟုတ်သားပဲ... နာရီတစ်လုံး ဝယ်ရမယ်’
ချားလ်စ် အရက်ဆိုင်ရှိ အခန်းထဲသို့ ပြန်ရောက်လာချိန်၌ သူ၏ အကျီအိတ်ထဲတွင် တောက်ပြောင်နေသော ရွှေရောင် နာရီလေး တစ်လုံး ပါလာပေပြီ။
တံခါးဖွင့်လိုက်သည်နှင့် ပြေးလွှားနေသော ကြွက်အုပ်ကြီးက သူ့ကို ဆီးကြိုနေ၏။
“ဦးလေး ချားလ်စ်... ပြန်လာပြီလား”
နဂိုက တက်ကြွလှသော လီလီက ကုတင်ပေါ်၌ အသက်မဲ့စွာ လှဲနေရင်း မေးရှာပေသည်။
ချားလ်စ်က လီလီ၏ ခေါင်းကို အသာအယာ ပွတ်ပေးလိုက်ပြီးနောက် စားပွဲ၌ ထိုင်ကာ ဒိုင်ယာရီ စရေးတော့သည်။
လီလီက စူးစမ်းလိုစိတ်ဖြင့် လာချောင်းကြည့်သော်လည်း စာမျက်နှာပေါ်က စက်ဝိုင်းပုံ၊ စတုရန်းပုံ စာလုံးများကို သူမ နားမလည်သဖြင့် စိတ်ပျက်ကာ ပြန်လှည့်သွား၏။
ဒေါက်၊ ဒေါက်၊ ဒေါက်...
အခန်းတံခါး ခေါက်သံ ထွက်ပေါ်လာပေသည်။
ချားလ်စ်က လီလီကို အချက်ပြလိုက်ရာ ကြွက်များမှာ ချက်ချင်းပင် အခန်းထောင့် အသီးသီးသို့ ပြေးဝင် ပုန်းကွယ်သွားကြတော့သည်။ စက္ကန့်အနည်းငယ်အတွင်းမှာပင် အခန်းထဲ၌ ချားလ်စ် တစ်ယောက်တည်းသာ ကျန်ရစ်တော့၏။
ချားလ်စ် တံခါးဖွင့်လိုက်သည်ပြီး ခေါင်းမော့ကြည့်လိုက်ရာ အရပ်ရှည်ရှည် အလှပဂေးအဲလစ်ဇဘက် ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
“အချစ်ရယ်... ဘာလို့ ဒီလို နေရာမျိုးမှာ နေနေတာလဲ၊ ဒီနေရာက အသံလုံတာလည်း မဟုတ်ဘဲနဲ့”
အဲလစ်ဇဘက်က တစ်မျိုး အဓိပ္ပာယ်ရသော လေသံဖြင့် ပြောလိုက်လေတော့သည်။
***