“ဘယ်တွေ လျှောက်သွားနေတာလဲ” ချားလ်စ်က ရေကြောင်းပြမြေပုံပေါ်ကနေ မျက်လုံးခွာပြီး တံခါးကဝင်လာတဲ့ ကြွက်မလေးကို လှမ်းမေးလိုက်၏။
“အပြင်ထွက် ဆော့နေတာပါ”
လီလီက စိတ်မပါလက်မပါ ပြန်ဖြေပေသည်။
“ဗိုက်ဆာနေပြီလား စားပွဲပေါ်မှာ စားစရာတွေ ရှိတယ်နော်”
“တခြားကြွက်တွေကိုပဲ ပေးလိုက်ပါ။ ကျွန်မ စားလာခဲ့ပြီ” ဟု ပြောပြီး လီလီက စိတ်ဓာတ်ကျနေတဲ့ ပုံစံနဲ့ ကုတင်ပေါ်တက်ကာ ခေါင်းအုံးပေါ်မှာ လှဲအိပ်လိုက်တော့သည်။
ထူးထူးခြားခြား စိတ်ကောက်နေတဲ့ ကြွက်မလေးကို ကြည့်ပြီး ချားလ်စ် တစ်ယောက် ဇဝေဇဝါ ဖြစ်နေရ၏။ သူမ ဘာဖြစ်နေတာလဲဆိုတာ သူ စဉ်းစားလို့ မရပေ။ အရင်က ကိစ္စတွေက အဆင်ပြေသွားပြီ မဟုတ်ပါလား။
ဒါပေမဲ့ သူကတော့ သူမရဲ့ စိတ်ကောက်မှုကို အလိုလိုက်မနေအားပေ။ သူမကို အမြီးကနေ ဆွဲမပြီး စားပွဲပေါ် တင်လိုက်ပေသည်။
“အမြောက်ပစ်တဲ့ အတတ်ပညာအကြောင်း စာအုပ်အချို့ ငါ ရှာထားပေးတယ်။ အမြန်ဆုံး ဖတ်ထားလိုက်ဦး။ မနက်ဖြန်ကျရင် ဆိပ်ကမ်းကိုသွားပြီး လက်တွေ့လေ့ကျင့်ရမယ်”
လီလီက ပုံနေတဲ့ စာအုပ်ပုံကြီးကို ကြည့်ပြီး ချက်ချင်းပင် ငြင်းဆန်ချင်စိတ် ပေါ်လာ၏။ “ကျွန်မ မဖတ်ချင်ဘူး။ ပြီးတော့ ကျွန်မက အမြောက်ပစ်တတ်ပြီးသားပဲဟာကို”
“စကားမများနဲ့ဦး။ ကျွမ်းကျင်တဲ့ အမြောက်ပစ်သမား ဖြစ်ဖို့ဆိုတာ ဒီလောက် မလွယ်ဘူး။ မင်းက ငါ့သင်္ဘောရဲ့ အဖွဲ့သားတစ်ယောက် ဖြစ်လာပြီဆိုမှတော့ သတ်မှတ်ထားတဲ့ အရည်အချင်း ပြည့်မီရမယ်။ ပင်လယ်ပြင်မှာက ထူးဆန်းတာတွေ အများကြီး ရှိတာ၊ မင်းရဲ့ အားနည်းချက်လေးတစ်ခုက လူအားလုံးရဲ့ အသက်ကို ရန်ရှာသွားနိုင်တယ်”
ချားလ်စ်က စာအုပ်တစ်အုပ်ကို ဖွင့်ပြီး ကြွက်ဖြူလေးရှေ့ကို ပစ်ပေးလိုက်၏။
ကပ္ပတိန်ရဲ့ ဖိအားပေးမှုအောက်မှာ လီလီတစ်ယောက် သူမရဲ့ အသက်အရွယ်နဲ့ မလိုက်အောင် ခက်ခဲတဲ့ စာအုပ်တွေကို မတတ်သာဘဲ ဖတ်ရှုရတော့သည်။
ဒါပေမဲ့ အခုလို ဖိအားတွေကြားမှာ လီလီရဲ့ ဝမ်းနည်းမှုနဲ့ စိတ်ပျက်မှုတွေက ချက်ချင်း ပျောက်ကွယ်သွားရ၏။ တက်ကြွလှတဲ့ လီလီလေး ပြန်ဖြစ်လာပြီး ချားလ်စ်ကို တစ်နေကုန် စကားတွေ လိုက်ပြောနေတော့သည်။
ကြွက်မလေးရဲ့ စကားတွေကြောင့် အမြဲတမ်း တိတ်တိတ်ဆိတ်ဆိတ် နေတတ်တဲ့ ချားလ်စ်လည်း စကားတွေ ပိုပြောလာရပေသည်။ အခန်းထဲက ပတ်ဝန်းကျင်ကလည်း ပထမဆုံးအကြိမ်အဖြစ် သက်ဝင်လှုပ်ရှားလာတော့သည်။
လဝက်ခန့် ကြာပြီးနောက်မှာတော့ လီလီက အခြေခံ သင်တန်းတွေကို အောင်မြင်သွား၏။ ချားလ်စ်နဲ့ အနားယူထားတဲ့ အဖွဲ့သားတွေကလည်း ခရီးစဉ်အသစ်အတွက် အဆင်သင့် ဖြစ်နေကြပြီ ဖြစ်ပေသည်။
အရင်တစ်ခေါက်က စူးစမ်းခဲ့တဲ့ အန္တရာယ်အဆင့် ၅ ကျွန်းက အစွန်ဆုံးမှာ ရှိတာကြောင့် ဒီတစ်ခေါက်မှာတော့ ချားလ်စ်က မြောက်ဘက် အစွန်ဆုံး ပင်လယ်ပြင်ကို စူးစမ်းဖို့ တာဝန်ယူလိုက်၏။
ပုံမှန်အားဖြင့်တော့ ပင်လယ်ပြင်ကို စူးစမ်းတာက အမည်မသိကျွန်းပေါ် တက်တာထက် ပိုပြီး ဘေးကင်းတတ်ပေသည်။ ဒါပေမဲ့ ဒီပင်လယ်အောက်ကမ္ဘာမှာတော့ ဘာမှ ကြိုတင် ခန့်မှန်းလို့ မရပေ။
ကြွက်ဖြူလေး လီလီ သင်္ဘောပေါ် ပြန်ပါလာတာကို မြင်တော့ အဖွဲ့သားတွေ အံ့သြသွားကြသော်လည်း ချားလ်စ်ရဲ့ အချက်ပြမှုကြောင့် ဘယ်သူမှ အထွန့်မတက်ကြပေ။ သူတို့ သိထားတာကတော့ ကြွက်ဖြစ်ဖြစ်၊ လူဖြစ်ဖြစ် နားဝေးသင်္ဘောမှာ အမြောက်ပစ်သမား အသစ်တစ်ယောက် ရလာပြီ ဆိုတာပါပဲ။
နားဝေးသင်္ဘောရဲ့ ခေါင်းတိုင်ကနေ မီးခိုးအမည်းတွေ ပြန်ထွက်လာပြီး ဆိပ်ကမ်းအလုပ်သမားတွေရဲ့ အကြည့်အောက်မှာ သင်္ဘောကြီးက တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။
ပင်လယ်ပြင်ကတော့ ထူးခြားတဲ့ သတ္တဝါအချို့ သင်္ဘောပေါ် တက်လာတာကလွဲရင် ပုံမှန်အတိုင်း အေးဆေးနေဆဲ ဖြစ်ပေသည်။ အဲဒီသတ္တဝါတွေကိုလည်း အဖွဲ့သားတွေက အလွယ်တကူ နှိမ်နင်းနိုင်ကြ၏။
အမည်မသိ ရေပြင်ထဲကို ဒုတိယအကြိမ် ဝင်ရောက်လာချိန်မှာတော့ အဖွဲ့သားတွေက အရင်ကထက် ပိုပြီး တည်ငြိမ်နေကြပေသည်။ အရင်ခရီးစဉ်မှာ အသေအပျောက် မရှိခဲ့တာကြောင့် သူတို့ရဲ့ စိတ်ဓာတ်ကလည်း တက်ကြွနေကြ၏။
လဝက်လောက်ပဲ နားခဲ့ရပေမယ့် အဖွဲ့သားတိုင်းက ယုံကြည်မှု အပြည့် ရှိနေကြပေသည်။ ဒုတိယအရာရှိ ကိုးနားဆိုရင် သူ့ဝမ်းကွဲညီကိုတောင် သင်္ဘောပေါ် ခေါ်လာပြီး ငွေရှာခိုင်းချင်နေတော့သည်။
ကျွန်းအသစ်တစ်ခုကို ဘယ်တော့ ရှာတွေ့မလဲ၊ ကပ္ပတိန်ရဲ့ ဦးဆောင်မှုအောက်မှာ ဘယ်တော့ ချမ်းသာမလဲ ဆိုတာကိုပဲ အဖွဲ့သားတွေက ပုဂ္ဂလိကအလိုက် ဆွေးနွေးနေကြ၏။
သင်္ဘောဦးခန်းမှာတော့ ချားလ်စ်က ကလောင်တံကို ကိုင်ပြီး သင်္ဘောရဲ့ အရှိန်နဲ့ ဦးတည်ချက်ကို ကြည့်ကာ ရေကြောင်းပြမြေပုံပေါ်မှာ လက်ရှိနေရာကို တွက်ချက်နေပေသည်။ ဒါက ရေကြောင်းပြအရာရှိရဲ့ အလုပ်ဖြစ်သော်လည်း အခုတော့ သူကိုယ်တိုင် လုပ်ဆောင်နေခြင်း ဖြစ်ပေသည်။ တိုင်းတာမှုမှာ အနည်းငယ် လွဲချော်တာနဲ့ သင်္ဘောရဲ့ တည်နေရာက အကြီးအကျယ် မှားယွင်းသွားနိုင်လို့ ဖြစ်ပေသည်။
ဒီနေ့အတွက် တည်နေရာကို သုံးကြိမ်တိုင်တိုင် သေချာ စစ်ဆေးပြီးနောက်မှာတော့ ချားလ်စ်က ဒီနေ့ အဖြစ်အပျက်တွေကို မှတ်တမ်းတင်ဖို့ သူ့အခန်းဆီ ပြန်ဖို့ ပြင်လိုက်၏။
ဒါပေမဲ့ အခန်းပြင် ထွက်လိုက်တာနဲ့ ဘာကြောင့်မှန်း မသိတဲ့ စိတ်မလုံခြုံမှုကို သူ ခံစားလိုက်ရပေသည်။
ချားလ်စ်က တံခါးဝမှာ ရပ်ပြီး သင်္ဘောဦးခန်း တစ်ခုလုံးကို ဝေ့ကြည့်လိုက်၏။
နားဝေးသင်္ဘောရဲ့ ဦးခန်းက အရင်သင်္ဘောထက် အများကြီး ပိုကျယ်ပေသည်။
အဲဒီအချိန်မှာ ပဲ့ကိုင်အရာရှိ ဒစ်ပ်က သင်္ဘောကို ထိန်းကျောင်းနေပြီး ပထမအရာရှိ ပတ်တီးတပ်ထားသူကတော့ ဘေးကနေ ကြည့်ရှုနေရင်း စကားပြောနေကြပေသည်။
“ပထမအရာရှိကြီး... ကြားပြီးပြီလား။ ဂျိမ်းစ်က တိတ်တိတ်လေး လက်ထပ်လိုက်တယ်တဲ့၊ ငါတို့ကိုတောင် မဖိတ်ဘူးနော်၊ သူကတော့ တကယ့်ကို သူငယ်ချင်းမပီသတဲ့လူပဲ” လို့ ဒစ်ပ်က မကျေမနပ် ပြောနေ၏။
“ဘယ်ဘက်ကို ၁၅ ဒီဂရီ ကွေ့လိုက်... အရှိန်ကို ၅ နော့ တင်လိုက်...”
ပတ်တီးကတော့ ဒစ်ပ်ရဲ့ စကားကို ဂရုမစိုက်ဘဲ အေးအေးဆေးဆေးပဲ ညွှန်ကြားနေပေသည်။
ပတ်ဝန်းကျင်ကို အကဲခတ်ရင်း ချားလ်စ်က သူ ဘာလို့ စိတ်မလုံခြုံ ဖြစ်နေရလဲ ဆိုတာကို ရှာတွေ့သွား၏။ သူက ပတ်တီးဆီ တည့်တည့်သွားပြီး သူ့ရဲ့ ပြတ်နေတဲ့ ခြေထောက်က ပတ်တီးတွေကို ဆွဲဖြုတ်လိုက်လေသည်။
သူ အံ့သြသွားရတာကတော့ အရင်က အန်နာ ကိုက်ဖြတ်သွားတဲ့ ပေါင်က အသားတွေက ပြန်ပေါက်နေတာပဲ ဖြစ်ပေသည်။ အသစ်ပေါက်လာတဲ့ အသားတွေက ဖြူဖွေးနေပြီး နဂိုရှိတဲ့ ဆေးမင်ကြောင် အမည်းရောင်တွေနဲ့ သိသိသာသာ ကွဲပြားနေတော့သည်။
ဒစ်ပ်ကလည်း ဒီထူးဆန်းတဲ့ အခြေအနေကို သတိထားမိသွားပြီး မျက်လုံးအဝိုင်းသား ဖြစ်သွားရ၏။ “ဟမ်... ပြတ်သွားတဲ့ ခြေထောက်က ပြန်ပေါက်လာတာလား မင်းက ပင်လယ်ထဲက ပြည်ကြီးငါးလား”
“ပဲ့ကိုင်နေရင် တခြားကို လျှောက်မကြည့်နဲ့”
ချားလ်စ်က အော်လိုက်မှ ဒစ်ပ်က သူ့အလုပ်ကို ပြန်အာရုံစိုက်တော့သည်။
ပတ်တီးရဲ့ ပေါင်ကို လက်ညှိုးထိုးရင်း ချားလ်စ်က မေးလိုက်၏။
“ဒါ ဘယ်လိုဖြစ်တာလဲ ရှင်းပြစမ်းပါဦး။ မင်းတို့ ဂိုဏ်းဝင်တွေမှာ ဒီလို အင်္ဂါအစိတ်အပိုင်းတွေ ပြန်ပေါက်နိုင်တဲ့ စွမ်းအား ရှိတယ်လို့ ငါ မကြားဖူးဘူး”
“ကျွန်တော်... ကျွန်တော်လည်း မသိဘူး... ကျွန်တော့် မှတ်ဉာဏ်တွေက ရှုပ်ထွေးနေတာ၊ နေရာအများကြီး ရောက်ခဲ့ဖူးတယ်... အရာအများကြီး ကြုံခဲ့ဖူးပေမဲ့ အဲဒီ မှတ်ဉာဏ်တွေက ပျောက်ပျောက်သွားတယ်...”
ပတ်တီးက နာကျင်နေတဲ့ ပုံစံနဲ့ ခေါင်းကို ကိုင်ထား၏။
“ကျွန်တော့် နာမည်က ပတ်တီး မဟုတ်ဘူး ထင်တယ်... ဒါပေမဲ့ ကျွန်တော် မသေချာဘူး...”
‘ဒီလူ့မှာလည်း သူ့ဇာတ်လမ်းနဲ့သူ ရှိနေတာပဲ’
ချားလ်စ်က စိတ်ထဲက သက်ပြင်းချလိုက်ပြီး သူ့ပုခုံးကို အသာအယာ ပုတ်ကာ နှစ်သိမ့်လိုက်ပေသည်။
“ရပါတယ်... အတိတ်ကို မမှတ်မိတော့ရင်လည်း ထားလိုက်ပါတော့၊ အခု မင်းက နာဝေးလ်သင်္ဘောရဲ့ ပထမအရာရှိ ဆိုတာကိုပဲ မှတ်ထားရင် လုံလောက်ပြီ”
ပတ်တီးက ထိုင်ခုံပေါ်မှာ ထိုင်ရင်း ခေါင်းမော့ကာ အားတုံ့အားနာ ပြုံးပြလိုက်၏။
“ကျေးဇူး... တင်ပါတယ်။ ကပ္ပတိန်”
ပြောပြီးတာနဲ့ သူက အနက်ရောင် အပ်ရှည်ကြီး တစ်ခုကို ထုတ်ပြီး အသစ်ပေါက်လာတဲ့ ပေါင်ပေါ်မှာ စာလုံးလေးတွေ ထိုးလိုက်တော့သည်။ အဲဒီစာလုံးတွေကတော့ “ကပ္ပတိန် ချားလ်စ်ကို ယုံကြည်လို့ ရတယ်” ဆိုတာပဲ ဖြစ်ပေသည်။
“ပတ်တီး... တကယ်တော့ မင်း ဒီလို လုပ်ဖို့ မလို”
“ကပ္ပတိန်... တစ်ခုခု ထူးဆန်းနေပြီ ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်ပါဦး”
ဒစ်ပ်ရဲ့ ထိတ်လန့်တကြား အော်သံကြောင့် ချားလ်စ်က ပြတင်းပေါက်ဘက်ကို ချက်ချင်း လှည့်ကြည့်လိုက်၏။
အဝါရောင် တောက်တောက် အဖတ်လေးတွေက လေထဲမှာ ဝဲပျံပြီး ကျဆင်းနေပေသည်။ ဒီမြင်ကွင်းက ကမ္ဘာမြေပေါ်က နှင်းကျနေတဲ့ ပုံစံနဲ့ တူလှပေသည်။ ဒါပေမဲ့ ဒီပင်လယ်အောက်ကမ္ဘာမှာ ကောင်းကင်တောင် မရှိတာ နှင်းက ဘယ်လိုလုပ် ကျနိုင်မှာလဲ။
ဒီလို ထူးဆန်းတဲ့ အခြေအနေမှာ ချားလ်စ်က ကပ္ပတိန် တစ်ယောက်အနေနဲ့ ချက်ချင်း အမိန့်ပေးလိုက်၏။
“အားလုံးပဲ... အခန်းတွေထဲ ပြန်ကြ၊ အရှိန်အကုန်တင်ပြီး ဒီနေရာကနေ အမြန်ဆုံး ထွက်ခွာကြမယ်”
အဝါရောင် “နှင်း” တွေက ကုန်းပတ်ပေါ်မှာ လျင်မြန်စွာ စုပုံလာပြီး သင်္ဘောပေါ်က အခြေအနေကလည်း တင်းမာလာတော့သည်။
သင်္ဘောကြီးက တဂုတ်ဂုတ် မြည်ဟည်းလာပြီး မီးခိုးတိုင်တွေကနေ မီးခိုးအမည်းတွေ တလိမ့်လိမ့် ထွက်လာပေသည်။
ချားလ်စ်က မှောင်မည်းနေတဲ့ ပင်လယ်ပြင်ကို စိုက်ကြည့်ရင်း သတိအပြည့် ထားနေ၏။ သူ မျက်တောင်တောင် မခတ်ရဲပေ။
ဝူး... ဝူး...
လေတိုးသံတွေ ထွက်ပေါ်လာပြီး ငြိမ်သက်နေတဲ့ ရေပြင်ကလည်း လှိုင်းတွေ ထလာတော့သည်။
‘ဒါ... ဒါက လေတိုက်နေတာလား မြေအောက်ပင်လယ်မှာ လေတိုက်တာ ရှိလို့လား ဒါဆိုရင် ငါတို့ ကုန်းမြေနဲ့ နီးနေပြီလား’
ချားလ်စ်ရဲ့ စိတ်ထဲမှာ ထူးဆန်းတဲ့ အတွေးတွေ ဝင်လာပေသည်။
ရုတ်တရက် ချားလ်စ် တစ်ခုခုကို သတိပြုမိသွားပြီး သူ၏ မျက်စိသူငယ်အိမ်မှာ ကျဉ်းမြောင်းသွား၏။ သူက အနီရောင် မောင်းတံကို ဆွဲလိုက်ရာ သင်္ဘောပေါ်က မီးမောင်းကြီးတွေက ပင်လယ်ပြင်ကို မလင်းတော့ဘဲ ကောင်းကင်ယံဆီကို ချက်ချင်း လှည့်သွားတော့သည်။
ချားလ်စ်က အခန်းပြင်ကို ပြေးထွက်ပြီး အပေါ်ကို မော့ကြည့်လိုက်၏။ ထိုခဏမှာပင် သူ၏ တစ်ကိုယ်လုံး တုန်ယင်သွားပြီး ပြောမပြတတ်အောင် ကြောက်လန့်သွားရတော့သည်။
နားဝေးသင်္ဘောရဲ့ တည့်တည့် အပေါ်ဘက်မှာ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားတဲ့ ကြီးမားလွန်းလှတဲ့ မျက်လုံးကြီး တစ်လုံးက သူ့ကို စိုက်ကြည့်နေခြင်းပင် ဖြစ်ပေတော့သည်။
***