ချားလ်စ်သည် သုံးစက္ကန့်ခန့် မှင်တက်သွားပြီးနောက် ပတ်တီးတပ်ထားသူ၏ အားကိုးတကြီး ဆုတောင်းသံကြောင့် သတိပြန်ဝင်လာ၏။
သူ ငုံ့ကြည့်လိုက်တော့ ပထမအရာရှိမှာ ဘယ်အချိန်ကတည်းက သူ့ဘေး ရောက်နေမှန်း မသိဘဲ ထိုမျက်လုံးကြီးရှေ့မှာ ဒူးထောက်ကာ မရေမရာ ဂါထာတွေကို ရွတ်ဆိုနေပေတော့သည်။
ချားလ်စ်က သွားကို တင်းတင်းကြုတ်ပြီး ပတ်တီးတပ်ထားသူကို ဆွဲကာ ပဲ့ကိုင်ခန်းထဲသို့ အတင်းဝင်ခဲ့လိုက်၏။
ဒေါသကြောင့် မျက်နှာ ဖြူဖျော့နေသော ချားလ်စ်က စကားတစ်ခွန်းမျှ မပြောဘဲ ပဲ့ကိုင်ခန်းတံခါးကို ဝုန်းခနဲ ပိတ်လိုက်ပေသည်။ သူသည် ထိန်းချုပ်ခလုတ်တွေကို အမြန် ကိုင်တွယ်လိုက်ရာ နာဝေးလ်သင်္ဘောပေါ်က မီးမောင်းကြီးတွေ ငြိမ်းသွားပြီး သင်္ဘောကြီးမှာ မှောင်အတိ ကျသွားတော့၏။
ထိုစဉ် ဆက်သွယ်ရေးပိုက်ကနေ ဒုတိယအရာရှိ ကိုးနားရဲ့ အသံ ထွက်ပေါ်လာသည်။ “ကပ္ပတိန်... အပေါ်မှာ ဘာဖြစ်လို့လဲ၊ ဘာလို့ မီးတွေ”
နောက်တစ်စက္ကန့်မှာပဲ ကိုးနားရဲ့ အသံက ထိတ်လန့်တကြား ဖြစ်သွား၏။ “ဘုရားရေ... ငါတို့ မှောင်မိုက်ခြင်း နတ်ဘုရားနဲ့ တိုးတာလား၊ သွားပြီ... အားလုံး သွားပြီ”
“ဒုတိယအရာရှိ... ပါးစပ်ပိတ်ထားစမ်း”
ချားလ်စ်က ဆက်သွယ်ရေးပိုက်ထဲကို အော်ဟစ်လိုက်ပေသည်။ သူ၏ မျက်နှာပေါ်၌ အကြောများပင် ထောင်ထနေ၏။
ဘေးနားမှာတော့ ပတ်တီးမှာ တုန်ယင်နေဆဲ ဖြစ်ပေသည်။ သူသည် ပတ်တီးများကြား၌ ခွေလိပ်နေပြီး နားမလည်နိုင်သော ဆုတောင်းစာတွေကို တိုးတိုးလေး ရွတ်နေရှာ၏။
ချားလ်စ်က အနားကို ပြေးသွားပြီး ပတ်တီး၏ ပါးစပ်ကို လက်ဖြင့် ပိတ်လိုက်ကာ “အဲဒါ မင်းတို့ ကိုးကွယ်တဲ့ ဖတာဂန် နတ်ဘုရား မဟုတ်ဘူး၊ ဟိုအပေါ်က အကောင်ကို မမြင်ဘူးလား” ဟု တိုးတိုးလေး ပြောလိုက်ပေသည်။
အခန်းထဲမှာ မှောင်အတိ ကျနေပြီး တင်းမာမှုတွေက ဖုံးလွှမ်းနေ၏။ အသက်ရှူသံ ပြင်းပြင်းတွေကလွဲရင် တခြား ဘာသံမှ မကြားရတော့ပေ။
မိနစ်အနည်းငယ် ကြာပြီးနောက်မှာတော့ ချားလ်စ်ရဲ့ ဘေးနားကနေ ဒစ်ပ်ရဲ့ တိုးတိုးလေး မေးမြန်းသံ ထွက်လာသည်။
“ကပ္ပတိန်... ခုနက မြင်လိုက်ရတာ ဘယ်လို နတ်ဘုရားမျိုးလဲဟင်၊ ငါတို့ ဘာလို့ ဆုမတောင်းကြတာလဲ၊ အဲဒီလို နတ်ဘုရားတွေကို အာရုံစိုက်ပြီး ဆုတောင်းရင် သူတို့က ငါတို့ကို လွှတ်ပေးတတ်တယ်လို့ ကြားဖူးတယ်”
ချားလ်စ်ကတော့ ဘာမှ ပြန်မပြောပေ။ အဲဒီအကောင်က ဘာလဲဆိုတာ သူ မသိသလို သိလည်း မသိချင်တော့ပေ။ အခု သူ အလိုချင်ဆုံးက အဲဒီအရာကြီး အမြန်ဆုံး ထွက်သွားပေးဖို့ပဲ ဖြစ်ပေသည်။
ဟွမ်း...
အပေါ်က မှောင်မည်းနေတဲ့ ဟင်းလင်းပြင်ကြီးထဲကနေ တုန်ခါနေတဲ့ အသံနိမ့်နိမ့်ကြီး တစ်ခု ထွက်ပေါ်လာ၏။
ထိုအသံက လူတိုင်းကို ကြက်သီးထသွားစေပြီး ဦးရေပြားတွေပါ စိမ့်တက်သွားရပေသည်။ အသံ ငြိမ်သွားချိန်မှာတော့ သင်္ဘောကုန်းပတ်ပေါ်ကနေ ထူးဆန်းတဲ့ အသံတွေ ကြားလာရပြီး အချိန်ကြာလာတာနဲ့အမျှ ထိုအသံတွေက ပိုကျယ်လာကာ စိပ်လာတော့သည်။
“တောက်... တစ်ခုခု သင်္ဘောပေါ် တက်လာပြီ”
ချားလ်စ်၏ ရင်ထဲ၌ ထိတ်ခနဲ ဖြစ်သွား၏။ ဒီအတိုင်း ငြိမ်နေလို့ မဖြစ်တော့ဘူးဆိုတာ သူ သိလိုက်ပေပြီ။ အခုလို ဆက်နေရင်တော့ သင်္ဘောပေါ်က လူအားလုံး သေကြရတော့မှာ ဖြစ်ပေသည်။
သူသည် ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသား ချလိုက်ပြီး ထိန်းချုပ်ခလုတ်ဆီ ပြေးသွားကာ မီးအားလုံးကို ချက်ချင်း ဖွင့်လိုက်တော့သည်။
ပြတင်းပေါက် အပြင်ဘက်မှာတော့ အနီရောင် အသားခဲကြီးတွေက ကုန်းပတ်ပေါ်မှာ တွန့်လိမ်နေပြီး အဝါရောင် “နှင်း” တွေကို စားသောက်နေကြ၏။ အဲဒီအကောင်တွေ ဘယ်က ရောက်လာလဲဆိုတာ သူ စဉ်းစားလို့ မရပေ။
“စက်ဆရာရေ... စက်တွေကို အကုန်တင်စမ်း၊ ဒီအမှိုက်သရိုက် နေရာကြီးကနေ အမြန်ဆုံး ထွက်ရမယ်”
နာဝေးလ်သင်္ဘောကြီးက တုန်ခါသွားပြီး အရှိန်အကုန် မြှင့်လိုက်ပေသည်။
ကုန်းပတ်ပေါ်က မိစ္ဆာတွေ ပင်လယ်ထဲ ခုန်ချသွားတာကို မြင်ရပေမယ့် ချားလ်စ် စိတ်မအေးနိုင်သေးပေ။ တကယ့် အန္တရာယ်က ကောင်းကင်ယံက အရာကြီး ဖြစ်ပေသည်။ အဲဒါကြီး ရှိနေသေးလား ဆိုတာကို သူ အပေါ် မော့မကြည့်ရဲတော့ပေ။
မျက်လုံးတစ်လုံးတည်းနဲ့တင် ကောင်းကင်တစ်ဝက်ကို ဖုံးထားနိုင်တယ်ဆိုရင် အဲဒီအကောင်ရဲ့ ခန္ဓာကိုယ်က ဘယ်လောက်တောင် ကြီးမားနေမလဲ သူ မခန့်မှန်းနိုင်တော့ပေ။ အခု သူ လုပ်နိုင်တာကတော့ အစွမ်းကုန် မောင်းပြေးဖို့ပဲ ရှိပေတော့သည်။
ရုတ်တရက် နာဝေးလ်သင်္ဘောကြီးက ပြင်းပြင်းထန်ထန် ခါယမ်းသွားပြီး ပတ်တီးတပ်ထားသူနှင့် ဒစ်ပ်တို့မှာ နံရံနှင့် ဆောင့်မိသွားကြ၏။ ချက်ချင်းဆိုသလို စက်ခန်းဆီက ဆက်သွယ်ရေးပိုက်ကနေ အော်ဟစ်သံတွေ ထွက်ပေါ်လာတော့သည်။
“ကပ္ပတိန်... တစ်ခုခုက စက်ခန်းကို ထိုးဖောက်ဝင်လာပြီ၊ တတိယ အင်ဂျင်နီယာ သေသွားပြီ”
သံချောင်းတွေနဲ့ ခြစ်နေသလို အသံတွေ ထွက်ပေါ်လာပြီး လက်ချောင်းကြီးတွေနဲ့ တူတဲ့ တိုင်လုံးကြီးတွေက အပေါ်ကနေ ဆင်းလာကာ သင်္ဘောကို လှမ်းဖမ်းလိုက်ပေသည်။
နားဝေးသင်္ဘောကြီးမှာ ဆက်ရွေ့လို့ မရတော့ဘဲ အပေါ်ကို တဖြည်းဖြည်း မြောက်တက်နေတာကို ချားလ်စ် သတိပြုမိလိုက်၏။ တစ်ခုခုက သင်္ဘောကို မလိုက်ခြင်း ဖြစ်ပေသည်။
“တောက်... ဒါ ငါ အိမ်ပြန်ဖို့ သုံးရမယ့် သင်္ဘောကွ၊ ငါ့ကို သတ်ပြီးမှပဲ ယူသွားလို့ ရမယ်”
ချားလ်စ်မှာ ဒေါသထွက်လွန်းသဖြင့် ဘာကိုမှ ဂရုမစိုက်တော့ဘဲ မီးမောင်းကို အပေါ်လှည့်ကာ ကုန်းပတ်ပေါ် ပြေးထွက်ခဲ့လိုက်၏။
ကုန်းပတ်ပေါ် ရောက်ချိန်မှာတော့ အပေါ်က အကောင်ကြီးကို အပြည့်အဝ မြင်လိုက်ရပေပြီ။ အဲဒါကတော့ နာဝေးလ်သင်္ဘောထက် အဆပေါင်းများစွာ ကြီးမားတဲ့ လိပ်ပြာကြီး တစ်ကောင် ဖြစ်ပေသည်။
၎င်း၏ ခြေထောက်တွေက သင်္ဘောကို မြဲမြဲဆုပ်ကိုင်ထားပြီး စောစောက သူ မြင်ခဲ့တဲ့ “မျက်လုံး” ဆိုတာက လိပ်ပြာတောင်ပံပေါ်က အမှတ်အသားတစ်ခုသာ ဖြစ်ပေသည်။ လိပ်ပြာကြီးက တောင်ပံခတ်လိုက်တိုင်း အဝါရောင် အကြေးခွံအမှုန့်တွေက နှင်းတွေလို ကြွေကျနေ၏။
ဒီသတ္တဝါကြီးရဲ့ ဖိအားက ပြင်းထန်လှသော်လည်း ချားလ်စ်ရဲ့ မျက်နှာပေါ်မှာတော့ လှောင်ပြုံးတစ်ခု ပေါ်လာပေသည်။
‘နတ်ဘုရား ဆိုတာတွေက အလကားပဲ’
သူတောင် အယုံသွင်းခံရမလို့ ဖြစ်သွားပေသည်။ ဘယ်လောက်ပဲ ကြီးမားပါစေ မိစ္ဆာဆိုတာ မိစ္ဆာပါပဲ။
လိပ်ပြာကြီးက အသံနိမ့်နိမ့်တစ်ချက် ထပ်မြည်လိုက်ပြီး သူ့ရဲ့ တခြားခြေထောက်တွေနဲ့ မီးမောင်းတွေကို ရိုက်ခွဲဖို့ ကြိုးစားပေသည်။ ၎င်းက အလင်းရောင်ကို အတော်လေး မုန်းတီးပုံရ၏။
ချားလ်စ်က ကုန်းပတ်ပေါ်က အမြောက်ဆီ ပြေးသွားပြီး “လီလီ... အမြောက်ဆံ အသင့်ပြင်” ဟု အော်လိုက်ပေသည်။
အမြောက်ဆံ အသင့်ဖြစ်ချိန်မှာတော့ သင်္ဘောကြီးက ပင်လယ်ရေပြင်အထက် ၇ မီတာ၊ ၈ မီတာလောက် မြောက်နေပြီ ဖြစ်ပေသည်။
‘ငါ့သင်္ဘောကို ဆက်ကိုင်ထားလို့ မရစေရဘူးကွ’
ချားလ်စ်က သင်္ဘောနံဘေးမှာ စိုက်နေတဲ့ လိပ်ပြာခြေထောက်ကြီးကို ချိန်ရွယ်လိုက်၏။
“မြဲမြဲကိုင်ထားကြ”
အမြောက်ပစ်သံ ဟိန်းထွက်သွားပြီး အနက်ရောင် အခွံမာတွေနဲ့ ဖုံးအုပ်ထားတဲ့ ခြေထောက်ကြီးက ပေါက်ကွဲသွားတော့သည်။ နီစိမ်းရောင် အရည်တွေက လေထဲမှာ ပန်းထွက်ကုန်၏။
နာဝေးလ်သင်္ဘောကြီးက ရေပြင်ပေါ်ကို ဝုန်းခနဲ ပြန်ကျသွားပြီး လှိုင်းလုံးကြီးတွေ ထသွားပေသည်။ သင်္ဘောကသာ သစ်သားသင်္ဘော ဖြစ်နေရင်တော့ အခုလောက်ဆို အပိုင်းပိုင်း ကွဲနေလောက်ပြီ ဖြစ်ပေသည်။
ချားလ်စ်က သူ့မေးစေ့ကနေ သွေးတွေ ထွက်နေတာကို ဂရုမစိုက်ဘဲ ဦးခန်းဘက်ကို လှည့်အော်လိုက်၏။
“မီးဖိုထဲကို ကျောက်မီးသွေးတွေ အကုန်ထည့်စမ်း... မောင်းတော့”
“ကပ္ပတိန်... ရှင့်နောက်မှာ” ပဲ့ကိုင်ခန်းထဲကနေ ဒစ်ပ်က ထိတ်လန့်တကြားနဲ့ မှန်နောက်ကနေ အချက်ပြနေပေသည်။
ချားလ်စ် လှည့်ကြည့်လိုက်တော့ ခြေထောက်တစ်ဖက် ပြတ်သွားတဲ့ လိပ်ပြာကြီးက သင်္ဘောဦးပိုင်းမှာ ရောက်နေတာကို တွေ့လိုက်ရ၏။ ၎င်း၏ ခေါင်းပေါ်က အာရုံခံအင်တင်နာ နှစ်ခုက တုန်ခါနေပြီး ဒေါသထွက်နေတဲ့ အသံကြီးက ပိုပြီး ကျယ်လောင်လာပေသည်။
“မင်းက ထပ်လိုချင်သေးတာလား... ရတယ်လေ... လာခဲ့”
ချားလ်စ်က စိတ်ဖောက်ပြန်နေသူလို အော်ဟစ်ရင်း အမြောက်ကို လိပ်ပြာခေါင်းဆီ ချိန်ရွယ်လိုက်ပေသည်။
အခြေအနေက အဆုံးစွန်ကို ရောက်နေချိန်မှာပဲ လိပ်ပြာကြီးထက် သုံးဆလောက် ပိုကြီးတဲ့ ရေတိုင်လုံးကြီး တစ်ခုက နှစ်ဖက်ကြားကနေ ပင်လယ်ထဲက ထိုးထွက်လာတော့သည်။
ရေတိုင်လုံးကြီး ကွဲထွက်သွားချိန်မှာတော့ ထူးဆန်းတဲ့ အမှတ်အသားတွေ ပါတဲ့ ကြီးမားလှတဲ့ လက်ကြီး တစ်ခု ပေါ်လာ၏။ အဲဒီလက်ကြီးက တောင်တစ်လုံးနီးပါး ကြီးမားလှပေသည်။
အဲဒီလက်ကြီးကို မြင်လိုက်ရတာနဲ့ ချားလ်စ်ရဲ့ နားထဲမှာ နားကွဲမတတ် တိုးတိုးလေး ပြောသံတွေ ပဲ့တင်ထပ်လာပေတော့သည်။ သူ့ရှေ့က အရာအားလုံးက တွန့်လိမ်သွားပြီး သူ ဘာလုပ်နေလဲ ဆိုတာတောင် မသိတော့ပေ။
လေပြင်းကြီးနဲ့အတူ ထိုလက်ကြီးက လိပ်ပြာကြီးပေါ်ကို ဖိချလိုက်ပေသည်။ လက်ဝါးကြီးက ရေပြင်နဲ့ ထိတွေ့သွားချိန်မှာတော့ ဆူနာမီလို လှိုင်းလုံးကြီးတွေက နားဝေးသင်္ဘောပေါ်ကို ရိုက်ခတ်လာတော့၏။
ဝေဝေဝါဝါ မြင်ကွင်းတွေကြားမှာ ချားလ်စ်က ကောင်းကင်နဲ့ မြေကြီးကြားမှာ ရှိနေတဲ့ ဧရာမ သတ္တဝါကြီး တစ်ကောင်ကို လှမ်းမြင်လိုက်ရပေသည်။ ၎င်း၏ တစ်ကိုယ်လုံးက အစိမ်းရောင် ဖြစ်ပြီး ကျောပေါ်မှာ တောင်ပံကြီးတွေ ရှိ၏။ ခေါင်းပေါ်မှာတော့ လက်တံတွေ အများကြီး ရှိနေပြီး ရှေ့လက်တွေကတော့ ပျော့အိနေတဲ့ လက်သည်းတွေနဲ့ တူပေသည်။ ၎င်း၏ ပါးစပ်ကြီးကတော့ မေးစေ့ကနေ ဝမ်းဗိုက်အထိ ရှိနေပြီး အချွဲတွေ စီးကျနေ၏။
ဝုန်း...
ကြီးမားလှတဲ့ လှိုင်းလုံးကြီးက ကုန်းပတ်ပေါ်ကို ရိုက်ချလိုက်ပြီး ချားလ်စ်ကို ပင်လယ်ထဲ ဆွဲခေါ်သွားတော့သည်။ ဒါကို ဦးခန်းက မြင်လိုက်တဲ့ ဒစ်ပ်ကလည်း ရေထဲကို ချက်ချင်း ခုန်ချလိုက်ပေသည်။
“ကပ္ပတိန်... သတိထားပါဦး...ကပ္ပတိန်”
ချားလ်စ် မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်တော့ သူက ကပ္ပတိန် အခန်းထဲကို ပြန်ရောက်နေပြီ ဖြစ်ပေသည်။
“ဟူး...” ချားလ်စ် မျက်လုံးပွင့်လာတာကို မြင်တော့ အားလုံးက သက်ပြင်းချနိုင်ကြတော့၏။ လီလီဆိုရင် စိတ်လှုပ်ရှားလွန်းလို့ ငိုတောင် ငိုနေရှာပေသည်။
ခေါင်းထဲက နာကျင်မှုကို အောင့်ထားရင်း ချားလ်စ်က ကိုးနားကို လှည့်မေးလိုက်၏။ “ငါတို့ ဘေးကင်းပြီလား... အခု ဘယ်နေရာ ရောက်နေတာလဲ”
ဆံပင်နီနဲ့ လူက ခါးသီးစွာ ပြုံးရင်း ပြန်ဖြေလိုက်ပေသည်။ “အခုလောလောဆယ်တော့ ဘေးကင်းပါပြီ၊ ဒါပေမဲ့ ဘယ်နေရာ ရောက်နေလဲ ဆိုတာကိုတော့... ကျွန်တော်လည်း မသိတော့ဘူး”
***