ချားလ်စ်က စောင်ကို ဖယ်လိုက်ပြီး ထရပ်ဖို့ ကြိုးစားလိုက်၏။ သူ့ခြေထောက် မြေပြင်နဲ့ ထိလိုက်တာနဲ့ နားထဲမှာ စူးစူးဝါးဝါး အသံတွေ မြည်ဟည်းသွားတော့သည်။ ထိုအသံတွေက ရိုက်ခတ်လာတဲ့ လှိုင်းလုံးကြီးတွေလိုပဲ သူ့ကို ဝါးမြိုဖို့ ကြိုးစားနေ၏။
ဒီတစ်ခါ ကြားရတဲ့ အသံတွေက အရင်ခေါက်တွေထက် အများကြီး ပိုပြီး ပြင်းထန်လှပေသည်။ ချားလ်စ်ဟာ အာရုံချောက်ခြားမှုတွေကိုပါ စတင် ခံစားလာရ၏။ သူ့ရှေ့က အဖွဲ့သားတွေရဲ့ ခန္ဓာကိုယ်တွေဟာ ပုပ်ပွသွားပြီး ထူးဆန်းတဲ့ လက်တံတွေ ထွက်လာကာ ကြောက်စရာကောင်းတဲ့ မိစ္ဆာကြီးတွေအဖြစ် ပြောင်းလဲသွားတာကို သူ မြင်နေရပေသည်။
နောက်ဆက်တွဲ ဘာဖြစ်မလဲဆိုတာ ဂရုမစိုက်နိုင်တော့ဘဲ ချားလ်စ်ဟာ အဲလစ်ဇဘက် ပေးထားတဲ့ သေတ္တာကို အမြန်ထုတ်ပြီး အထဲက အစိမ်းရောင် ဂျယ်လီအဖတ်ကြီး တစ်ခုကို ဝါးစားလိုက်တော့၏။
နားထဲက အသံတွေဟာ တဖြည်းဖြည်း တိုးသွားပြီး ပျောက်ကွယ်သွားပေသည်။ တစ်ချိန်တည်းမှာပဲ မိစ္ဆာတွေလို မြင်နေရတဲ့ အဖွဲ့သားတွေဟာလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားကြ၏။
ချားလ်စ်ဟာ ချွေးအေးတွေ ထွက်နေပြီး အဖွဲ့သားတွေနဲ့ ခပ်လှမ်းလှမ်းမှာ ရပ်ကာ အမောဆို့နေပေသည်။
သူ့ကို စိုးရိမ်တကြီး ကြည့်နေကြတာကို ဂရုမစိုက်ဘဲ ချားလ်စ်က အသက်ကို လုရှူရင်း “အားလုံးကို ကပ္ပတိန်အခန်းထဲမှာ လူစုဖို့ ပြောလိုက်” ဟုအမိန့်ပေးလိုက်၏။
မကြာခင်မှာပဲ နာဝေးလ်သင်္ဘောပေါ်က အရေးကြီးတဲ့သူတွေ အားလုံး ကပ္ပတိန်အခန်းထဲမှာ အရေးပေါ် အစည်းအဝေး လုပ်ကြပေသည်။
“အခု ငါတို့ ဘယ်နေရာ ရောက်နေတာလဲ”
“အဲဒါက... အတိအကျ ပြောဖို့ ခက်ပါတယ်၊ ဟိုလှိုင်းလုံးကြီးက ကျုပ်တို့ကို လမ်းကြောင်းပေါ်ကနေ တော်တော်လေး လွှင့်ပစ်လိုက်ပုံရတယ်၊ ကံကောင်းတာက ပထမအရာရှိ ပတ်တီးရဲ့ အတွေ့အကြုံကြောင့် သင်္ဘော မှောက်မသွားတာပဲ”
“ထိခိုက်ကျဆုံးမှုနဲ့ ပစ္စည်းပျက်စီးမှု အခြေအနေကကော”
“သင်္ဘောသား နှစ်ယောက် ဆုံးရှုံးခဲ့ပါတယ်၊ လှိုင်းပုတ်ပြီး ပင်လယ်ထဲ ပါသွားတာ ဖြစ်နိုင်တယ်၊ တတိယ အင်ဂျင်နီယာကတော့ ဟိုလိပ်ပြာကြီးရဲ့ လက်သည်းနဲ့ အထိုးခံရပြီး သေဆုံးသွားပါပြီ၊ စားဖိုမှူး ဖရေး ကတော့ ဘယ်ဘက်လက်မောင်း အဆစ်ပြုတ်သွားပါတယ်”
ဒုတိယအရာရှိ ကော်နာက အစီရင်ခံပေသည်။
သူ့အစီရင်ခံစာ ဆုံးတာနဲ့ အင်ဂျင်နီယာချုပ် ဂျိမ်းစ်က ဝင်ပြော၏။ “ကပ္ပတိန်... ဟိုကောင်ရဲ့ ခြေထောက်က စက်ခန်းထဲကို တည့်တည့် ထိုးဖောက်သွားတာ၊ အခုတော့ အပေါက်ကို ပိတ်ထားနိုင်ပေမဲ့ စက်ရဲ့ စွမ်းအားက တော်တော်လေး ကျသွားပြီ၊ နာဝေးလ်သင်္ဘောက အရင်အရှိန်ရဲ့ ငါးပုံတစ်ပုံလောက်ပဲ မောင်းလို့ ရတော့မယ်”
မကောင်းတဲ့ သတင်းတွေကို တစ်ခုပြီးတစ်ခု ကြားနေရတာကြောင့် ချားလ်စ်ရဲ့ ပုခုံးပေါ်က တာဝန်တွေက ပိုပြီး လေးလံလာသလို ခံစားရ၏။
သူ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး အဖွဲ့သားတွေကို ပြောလိုက်ပေသည်။
“ပထမအရာရှိ ပတ်တီး... လူမလောက်တဲ့ နေရာတွေကို အစားထိုးဖို့ အဖွဲ့သားတွေရဲ့ တာဝန်ချိန်ကို ပြန်ညှိလိုက်၊ မူလတာဝန်ကို ဖျက်သိမ်းမယ်၊ အခုတော့ လူနေအခြေချမှုတွေ ပိုများတဲ့ တောင်ဘက်ကို ဦးတည်ပြီး မောင်းမယ်၊ အဲဒီမှာဆို ဘေးကင်းတဲ့ ကျွန်းတွေနဲ့ တွေ့ဖို့ အခွင့်အလမ်း ပိုများတယ်”
အဖွဲ့သားတွေက လက်ခံကြပြီး ပျက်စီးနေတဲ့ နာဝေးလ်သင်္ဘောကြီးဟာ တရွေ့ရွေ့နဲ့ ပြန်လည် စတင် ထွက်ခွာလာပေတော့သည်။
လူတွေ အခန်းထဲက ထွက်သွားတော့မှ ချားလ်စ်က ဗီရိုအောက်က အရက်ပုလင်းကို ထုတ်ပြီး အကြီးအကျယ် တစ်ငုံ သောက်လိုက်၏။ အရှေ့မှာ ဟန်ဆောင်ထားတဲ့ တည်ငြိမ်မှုတွေ ပျောက်ဆုံးသွားပြီး ကြောက်ရွံ့မှုတွေက နေရာယူလာပေသည်။
တောင်တစ်လုံးထက် ကြီးမားတဲ့ ဧရာမ လက်ဝါးကြီး... အဲဒါက သူ့အိမ်မက်ထဲက ဘီလူးကြီးနဲ့ အတူတူပဲလား။ အဲဒါက တကယ်ပဲ ဘာကြီးလဲ။
ပင်လယ်အောက်ကမ္ဘာက နတ်ဘုရားတွေအကြောင်း သူ ကြားဖူးပေမဲ့ အဲဒါတွေကို သူ ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ပေ။ ဒါပေမဲ့ ဒီနေ့မှာတော့ အဲဒီနတ်ဘုရားဆိုတာကို ကိုယ်တိုင် မြင်လိုက်ရတဲ့အခါမှာ လူသားတွေဟာ ဘယ်လောက်တောင် အရေးမပါလဲဆိုတာ သူ ပထမဆုံးအကြိမ် သိလိုက်ရခြင်း ဖြစ်ပေသည်။
“ဒီနေရာက တကယ်ပဲ ကမ္ဘာမြေ ဟုတ်ရဲ့လား၊ ကမ္ဘာပေါ်မှာ ဒီလောက်ကြီးတဲ့ သတ္တဝါ ရှိနိုင်စရာ အကြောင်း မရှိဘူး။ ကမ္ဘာ့ဆွဲအားကတင် အဲဒီကောင်ကို ဖိခြေပစ်မှာပဲ”
ခဏတာတော့ ချားလ်စ်ရဲ့ စိတ်ထဲမှာ သင်္ဘောကို ရောင်းလိုက်ပြီး ကျွန်းတစ်ကျွန်းပေါ်မှာပဲ အေးအေးဆေးဆေး နေလိုက်တော့မလားဆိုတဲ့ အတွေး ဝင်လာပေသည်။ ဒါပေမဲ့ သူ့မိသားစုရဲ့ ဝေဝါးနေတဲ့ ပုံရိပ်တွေက စိတ်ထဲမှာ လက်ခနဲ ပေါ်လာတာကြောင့် သူ့ရဲ့ အကြည့်တွေက ပြန်ပြီး တည်ကြည်သွား၏။
“ငါ လက်မလျှော့နိုင်ဘူး။ နတ်ဘုရားပဲ ဖြစ်ဖြစ် ငါ့လမ်းကို တားလို့ မရဘူး”
ချားလ်စ်က ကြုံးဝါးလိုက်ပေသည်။
သူက အရက်ကို နောက်တစ်ငုံ သောက်ပြီး ပြန်သိမ်းလိုက်၏။ အဲဒီနောက်မှာတော့ အေးစက်စက် မျက်နှာကို ပြန်ပြင်ပြီး အခန်းပြင် ထွက်လာခဲ့တော့သည်။
အချိန်တွေ ကုန်ဆုံးလာတာနဲ့အမျှ ချားလ်စ်ရဲ့ ကွပ်ကဲမှုအောက်မှာ နာဝေးလ်သင်္ဘောပေါ်က အခြေအနေတွေဟာ ပြန်လည် တည်ငြိမ်လာပေသည်။ အန္တရာယ်ဇုန်ထဲက လုံးဝ မထွက်ရသေးပေမဲ့ အနည်းဆုံးတော့ စိတ်ဓာတ်တွေ ပြန်တက်လာကြ၏။ အဖွဲ့သားအချို့ဆိုရင် သန္တာကျွန်းစုကို ပြန်ရောက်တဲ့အခါ ကြွားဖို့အတွက် ကောင်းကင်က ကျလာတဲ့ အဝါရောင် “နှင်း” တွေကိုတောင် စုဆောင်းနေကြသေးသည်။
ဒါပေမဲ့ လူတိုင်းကတော့ ပင်လယ်ထဲက ထွက်လာတဲ့ ဧရာမ လက်ဝါးကြီးအကြောင်းကိုတော့ မပြောမိအောင် တိတ်တဆိတ် သဘောတူထားကြပုံရ၏။ အဲဒါက သူတို့အတွက်တော့ မပြောအပ်တဲ့ အကြောင်းအရာတစ်ခု ဖြစ်နေပေသည်။
“ကပ္ပတိန်ချားလ်စ်... ဒစ်ပ် က သမီးကို အနိုင်ကျင့်နေတယ်”
ထမင်းစားဆောင်ထဲမှာ ကြွက်ဖြူလေး လီလီက ချားလ်စ် ထမင်းစားနေတုန်း ဒေါသတကြီးနဲ့ ပြေးလာပြီး တိုင်တောတော့သည်။
“အဲဒီလူကြီးက ပြောတယ်... တကယ်လို့ စားစရာ ပြတ်သွားရင် သမီးရဲ့ သူငယ်ချင်းတွေကို စားပစ်မယ်တဲ့”
ကြွက်ကလေးရဲ့ တိုင်တောမှုကို ကြားတော့ ဒစ်ပ်က ရယ်ချင်စိတ်ကို အောင့်ထားရင်း ကပ္ပတိန်ကို လှမ်းကြည့်လိုက်၏။
“ကပ္ပတိန်... ကျွန်တော် သူမကို စနောက်နေရုံတင်ပါ၊ ပြီးတော့ ကြွက်သားက စားလို့မှ မကောင်းတာ”
“ကလေးမဆန်စမ်းနဲ့၊ ငါတို့ အန္တရာယ်ထဲက လွတ်သေးတာ မဟုတ်ဘူး”
ချားလ်စ်က ကုန်းပတ်အရာရှိကို ဆူလိုက်ပြီးမှ ကြမ်းပြင်ပေါ်က လီလီ့ကို ငုံ့ကြည့်လိုက်ပေသည်။
“ငါတို့မှာ စားစရာ အလုံအလောက် ရှိပါတယ်၊ တကယ်လို့ မရှိရင်တောင် ပိုက်ကွန်ချပြီး ငါးဖမ်းစားလို့ ရတယ်၊ မင်းရဲ့ သူငယ်ချင်းတွေကို စားစရာ မလိုပါဘူး”
ချားလ်စ်ရဲ့ စကားကြောင့် လီလီ စိတ်အေးသွားပြီး ဒစ်ပ်ရှေ့မှာ ခုန်ပေါက်ကာ ပြန်ပြီး ရန်ထောင်နေတော့သည်။
ချားလ်စ်က အပြင်ပန်းမှာ တည်ငြိမ်နေပေမဲ့ စိတ်ထဲမှာတော့ တော်တော်လေး ပူပန်နေရ၏။ စားစရာက အလုံအလောက် ရှိပေမဲ့ သောက်သုံးရေကတော့ တဖြည်းဖြည်း နည်းပါးလာနေပြီ မဟုတ်ပါလား။
တကယ်လို့ သောက်သုံးရေ မပြတ်ခင်မှာ ကုန်းမြေတစ်ခုခုကို မတွေ့ဘူးဆိုရင် သင်္ဘောပေါ်က လူအားလုံး ရေငတ်ပြီး သေကြရမှာ ဖြစ်ပေသည်။
ချားလ်စ်ရဲ့ အတွေးကို သိနေသလိုပဲ ပထမအရာရှိ ပတ်တီးက ပေါင်မုန့်တစ်ဖဲ့ကို ဝါးရင်းနဲ့ အနားရောက်လာ၏။ “ကပ္ပတိန်... ကျွန်တော့်မှာ နည်းလမ်းတစ်ခု ရှိတယ်...”
ချားလ်စ်က စိတ်ဝင်စားသွားပြီး “ဘာနည်းလမ်းလဲ” လို့ မေးလိုက်ပေသည်။
“ပူဇော်သက္ကာ... ဝိညာဉ် သုံးခုပဲ... နတ်ဘုရား ဖတာဂန်က ငါတို့ကို လမ်းပြပေးလိမ့်မယ်...”
ချားလ်စ်ရဲ့ မျက်နှာမှာ ရွံရှာရိပ်တွေ ပေါ်လာပြီး “အဲဒီ ရွံစရာကောင်းတဲ့ အတွေးတွေကို အခုချက်ချင်း ဖျောက်ပစ်လိုက်စမ်း” ဟူ၍ အော်ငေါက်လိုက်ပေသည်။
ပတ်တီးက ခဏလောက် ငြိမ်သွားပြီးမှ အဝေးမှာ ရပ်နေတဲ့ သင်္ဘောသားတွေကို စိုက်ကြည့်ရင်း “သင်္ဘောပေါ်မှာ ရှိတဲ့ရေက နောက်ထပ် တစ်လပဲ ခံတော့မယ်၊ တကယ်လို့ မဲနှိုက်ပြီး ပူဇော်သက္ကာ လုပ်မယ်ဆိုရင်... အသက်ရှင်ကျန်တဲ့သူတွေက အဲဒီလူတွေရဲ့ သွေးကို သောက်လို့ရတယ်... အဆိုးဆုံး အခြေအနေမှာဆိုရင် ကျုပ်တို့ထဲက သုံးယောက်ကတော့ နောက်ထပ် လဝက်လောက်အထိ ခံနိုင်ရည် ရှိသွားမှာပဲ...” ဟူ၍ပြော၏။
ချားလ်စ်က ပတ်တီးကို အံ့သြတကြီး လှည့်ကြည့်လိုက်၏။ သူ့ရဲ့ မျက်လုံးတွေက ကျဉ်းမြောင်းသွားပေသည်။ သူ့ရဲ့ ပထမအရာရှိကို အခုမှပဲ သေသေချာချာ သိလိုက်ရသလို ခံစားရ၏။ ဒီလူက အပြင်ပန်း မြင်ရသလို အေးဆေးတဲ့သူ မဟုတ်ပါလား။
“ဆောရီးပါ... ဒါက အရေးပေါ် အစီအစဉ်တစ်ခုပါ... ကျွန်တော် အရင်က ဒီလို အခြေအနေမျိုး ကြုံဖူးတယ်... အဲဒီတုန်းက ကျွန်တော့်ရဲ့ ကပ္ပတိန်ကိုတောင် ကျွန်တော် စားခဲ့ရတာ...”
“တော်တော့။ စားစရာ ရှိတာပဲ စားစမ်း”
ချားလ်စ်က ဟိန်းဟောက်လိုက်၏။ သူ့ရဲ့ ရုတ်တရက် အသံကျယ်ကြီးကြောင့် လူတိုင်း လန့်သွားကြပေသည်။
နောက်တစ်နေ့မှာတော့ သင်္ဘောပေါ်က သောက်သုံးရေတွေကို စတင်ပြီး ကန့်သတ်လိုက်တာကို အဖွဲ့သားတွေ သတိထားမိကြ၏။ ဘယ်သူမှ ကန့်ကွက်ခြင်း မရှိပေမဲ့ လူတိုင်းရဲ့ မျက်နှာပေါ်က အပြုံးတွေကတော့ သိသိသာသာ ပျောက်ကွယ်သွားပေသည်။
သောက်သုံးရေတွေ တစ်နေ့ထက်တစ်နေ့ နည်းပါးလာတာနဲ့အမျှ ချားလ်စ်က သူ့ရဲ့ အရက်တွေကိုတောင် ဝေစုခွဲပြီး ပေးလာရ၏။
တစ်နေ့ကို ရေတစ်ခွက်ပဲ ရတော့တဲ့ အချိန်မှာတော့ တစ်ယောက်က စိတ်ဓာတ်ကျပြီး ပင်လယ်ထဲ ခုန်ချဖို့အထိ ဖြစ်လာပေမဲ့ တခြားသူတွေက ဝိုင်းတားထားလိုက်ရသည်။
ပတ်တီးကတော့ အသက်နဲ့ ပူဇော်ဖို့ စကားကို ထပ်ပြီး စကားလမ်းကြောင်း ခင်းလာပြန်၏။ ချားလ်စ် တစ်ယောက် တွေဝေနေတုန်းမှာပဲ အပေါ်ယံက မှောင်မိုက်နေတဲ့ ကောင်းကင်ကနေ အဖြူရောင် အလင်းတန်းလေး တစ်ခု ဖြတ်သန်းသွားတာကို မြင်လိုက်ရပေသည်။ အဲဒါက မီးပြတိုက်ရဲ့ အလင်းရောင်ပဲ ဖြစ်ပေသည်။
အဖွဲ့သားတွေက ဝမ်းသာအားရ အော်ဟစ်ကြပြီးနောက် ချားလ်စ်လည်း သက်ပြင်းတစ်ချက် အဝကြီး ချလိုက်မိ၏။ သူ ကြောက်နေခဲ့တဲ့ ငရဲခန်း အခြေအနေကနေ လွတ်မြောက်သွားခဲ့ပြီ မဟုတ်ပါလား။
နာဝေးလ်သင်္ဘောဟာ အလင်းရောင်ရှိရာကို တဖြည်းဖြည်း ချဉ်းကပ်သွားတဲ့အခါမှာ ထူးဆန်းတဲ့ ကျွန်းကြီးတစ်ခု ပေါ်လာပေသည်။ တခြားကျွန်းတွေက ပြားချပ်နေပေမဲ့ ဒီကျွန်းကတော့ ဘဲဥပုံစံမျိုး ဖြစ်နေ၏။
ဥသဏ္ဍာန်ရဲ့ အောက်ခြေမှာတော့ အက်ကြောင်းတစ်ခု ရှိနေပြီး အလံနီတွေ တပ်ထားတဲ့ ရေနွေးငွေ့သင်္ဘောတွေ အဝင်အထွက် လုပ်နေတာကို တွေ့ရပေသည်။
သူတို့တွေ လမ်းကြောင်း ပျောက်နေတာကြောင့် ဒီကျွန်းနာမည်ကို ချားလ်စ် မသိပေ။ သူ ကြည့်ဖူးသမျှ ပင်လယ်ရေကြောင်းပြ မြေပုံတွေထဲမှာလည်း ဒီကျွန်းကို မှတ်သားထားတာ မတွေ့ဖူးပေ။
ဒါပေမဲ့ လူနေထိုင်တဲ့ နေရာဖြစ်တာကြောင့် ဆက်သွယ်လို့ ရနိုင်မှာပါ။ နာဝေးလ်သင်္ဘောဟာ တခြားသင်္ဘောတွေရဲ့ နောက်ကနေ လိုက်ပြီး ဧရာမ ဥကြီးထဲကို ဝင်သွားတော့သည်။
ဥကြီးထဲမှာတော့ ဧရာမ မြို့ကြီးတစ်မြို့ ရှိနေ၏။ ဂေါ့သစ်စတိုင် အဆောက်အအုံတွေက စီစီရီရီ ရှိနေပေသည်။ ဂူလိုမျိုး ပုံစံဖြစ်နေတာကြောင့် ခေါင်းပေါ်မှာ လင်းနို့တွေ ပျံသန်းနေတာကိုလည်း တွေ့ရ၏။
“ကုန်းပတ်အရာရှိ ဒစ်ပ်... ဒီမှာ သင်္ဘောကျင်း ရှိမရှိ ဒေသခံတွေကို မေးကြည့်လိုက်ဦး၊ နာဝေးလ်သင်္ဘောရဲ့ စက်တွေကို အသစ်လဲဖို့ လိုတယ်”
“ဟုတ်ကဲ့ပါ” ဒစ်ပ်က အစိမ်းရောင် အလံလေး နှစ်ခုကို ကိုင်ပြီး သင်္ဘောဦးမှာ ရပ်ကာ အချက်ပြလိုက်၏။
ခဏအကြာမှာတော့ ဒစ်ပ်က မျက်နှာမကောင်းဘဲ ပြန်လာပေသည်။
“ကပ္ပတိန်... သူတို့သုံးတဲ့ အလံအချက်ပြစနစ်က ကျုပ်တို့နဲ့ မတူဘူးဗျ၊ ကျွန်တော် ဘာမှ နားမလည်ဘူး ဖြစ်နေတယ်”
***