လီလီ့ရဲ့ စကားကို ကြားလိုက်ရတော့ ချားလ်စ်က သူမ ညွှန်ပြတဲ့ဘက်ကို လှမ်းကြည့်လိုက်၏။
မီတာအနည်းငယ်အကွာ လမ်းရဲ့အဆုံးမှာတော့ စည်ကားလှတဲ့ မြို့လယ်ရင်ပြင်ကြီးတစ်ခုကို တွေ့ရပေသည်။ လူတွေနဲ့ ပြည့်နှက်နေပြီး လမ်းဘေးစာသောက်ဆိုင်လေးတွေနဲ့ အကင်ဆိုင်လေးတွေလည်း ရှိနေ၏။
“ဒါက ပင်လယ်အောက်ကမ္ဘာရဲ့ အစားအသောက်တန်းပေါ့လေ...”
ချားလ်စ်က ရင်ပြင်ဘက်ကို လျှောက်သွားလိုက်သည်။ သူက လီလီ့အတွက် ခရင်မ်နဲ့ချက်ထားတဲ့ ကမာပွက်အိတ်တစ်အိတ် ဝယ်ပေးပြီး စည်ကားနေတဲ့ ရင်ပြင်ထဲကို ဝင်လာခဲ့၏။
ဒီနေရာကတော့ အရသာရှိတဲ့ အစားအသောက်တွေနဲ့ ဖျော်ဖြေပွဲတွေ စုံလင်လှတဲ့ ဒေသခံ ဈေးတန်းတစ်ခု ဖြစ်ပုံရပေသည်။ လီလီကတော့ မြင်သမျှကို အံ့သြတကြီး ငေးမောနေတော့သည်။
ချားလ်စ် တစ်ယောက် ရင်ပြင်ရဲ့ အစွန်ဘက်ကို မသိမသာ ရောက်သွားတဲ့အချိန်မှာတော့ မျက်နှာပျက်စီးနေပြီး နေကာမျက်မှန် တပ်ထားတဲ့ မျက်မမြင် အမျိုးသားတစ်ယောက် သူတို့ရှေ့မှာ ပေါ်လာပေသည်။ သူ့မျက်နှာက အရေပြားနဲ့ အသားတွေ တစ်သားတည်း ဖြစ်နေပြီး မီးလောင်ဒဏ်ရာလိုမျိုး ပုံပျက်ပန်းပျက် ဖြစ်နေ၏။ ဒီလို ကြောက်စရာကောင်းတဲ့ ရုပ်သွင်က ချောမောလှပတဲ့ ဒေသခံတွေကြားမှာ သိသိသာသာ ထိုးထွက်နေပေသည်။
အဲဒီမျက်မမြင်ရဲ့ ခြေရင်းမှာ ဆိုင်းဘုတ်တစ်ခု ရှိနေပြီး “ဆီဆေးပန်းချီ တစ်ပုံ - ၁၀၀ အက်ကိုး” လို့ ရေးထား၏။
စုတ်ပြတ်နေတဲ့ ဝတ်ရုံကို ကြည့်ရုံနဲ့ ဒီမျက်မမြင်ရဲ့ စီးပွားရေး မကောင်းဘူးဆိုတာ ချားလ်စ် ခန့်မှန်းမိပေသည်။ ဒါကလည်း ဖြစ်နိုင်ပါတယ်။ ဘယ်သူကများ မျက်မမြင် ပန်းချီဆရာဆီမှာ ပန်းချီဆွဲခိုင်းပါ့မလဲ။
မျက်မမြင် ပန်းချီဆရာဟာ ပန်းချီစင်ဘေးမှာ ကုပ်ကုပ်လေး ထိုင်နေပြီး သူ့ရဲ့ သနားစဖွယ် ပုံစံက စည်ကားနေတဲ့ ပတ်ဝန်းကျင်နဲ့ လုံးဝ လားလားမျှ မသက်ဆိုင်ပေ။
အဲဒီအချိန်မှာပဲ ပုခုံးချင်းဖက်လာတဲ့ လူငယ်သုံးယောက်က လမ်းဘေးကို ရောက်လာပြီး တစ်ယောက်က ပန်းချီစင်ကို ကန်ချလိုက်တာကြောင့် ပစ္စည်းတွေ အကုန် မြေပြင်ပေါ် ပြန့်ကျဲသွားတော့သည်။ ထိုလူငယ်သုံးယောက်က မျက်မမြင်အမျိုးသား မြေပြင်မှာ စမ်းတဝါးဝါးနဲ့ ပစ္စည်းတွေ လိုက်ကောက်နေတာကို ကြည့်ပြီး တဟားဟားနဲ့ ရယ်မောနေကြ၏။
ဘေးပတ်ဝန်းကျင်က လူတွေအားလုံးကတော့ ဘာမှမဖြစ်သလိုပဲ တစ်ချက်တောင် လှည့်မကြည့်ကြတာကို ချားလ်စ် သတိထားမိလိုက်သည်။ သူ မျက်မှောင်ကြုတ်လိုက်မိ၏။ ဒီကျွန်းကလူတွေက ထူးဆန်းရုံတင်မကဘဲ တကယ့်ကို လူမဆန်အောင် ရက်စက်ကြတာပဲ။
ဒါကို ကြည့်မနေနိုင်တဲ့ ကြင်နာတတ်တဲ့ လီလီက သူမရဲ့ ကြွက်အုပ်စုကို ခေါ်ပြီး မျက်မမြင်အမျိုးသားရဲ့ ပန်းချီပစ္စည်းတွေကို ဝိုင်းကူကောက်ပေးလိုက်သည်။
တစ်ယောက်ယောက်က ကူညီနေမှန်း သိလိုက်ရတော့ မျက်မမြင်အမျိုးသားဟာ မျက်ရည်တွေ ဝဲလာပြီး “ဘာလို့လဲ။ ငါ ဘာလို့ ဒီလောက်တောင် ကံဆိုးရတာလဲ” ဟုအော်ဟစ်လိုက်ပေသည်။
ချားလ်စ်က သူ့နားကို ချဉ်းကပ်သွားပြီး ခဏလောက် စဉ်းစားပြီးမှ “မငိုနဲ့တော့၊ ငါ့အတွက် ပုံတစ်ပုံ ဆွဲပေးစမ်း” ဟူ၍ ပြောလိုက်၏။
ဖောက်သည် ရလာပြီဆိုတော့ မျက်မမြင်အမျိုးသားဟာ ဝမ်းနည်းနေတာတွေကို ဘေးဖယ်ထားပြီး မျက်ရည်နဲ့ နှပ်တွေကို အမြန်သုတ်ကာ ထရပ်လိုက်ပေသည်။ “အရှင်... ဒီမှာ ခဏ ထိုင်ပါ” ဟု ပြောရင်း ပန်းချီစင်နောက်က ခေါက်ကုလားထိုင်လေးကို လှန်ထုတ်ပေးလိုက်၏။
ချားလ်စ်ကတော့ မျက်မမြင် တစ်ယောက်က ဘယ်လိုများ အရောင်တွေ စပ်ပြီး ဆွဲမလဲဆိုတာကို စိတ်ဝင်တစား စောင့်ကြည့်နေပေသည်။ ဘာမှ မမြင်ရဘဲနဲ့ ဘယ်လို ဆွဲမှာလဲ။
ချားလ်စ်က မေးခွန်းထုတ်ဖို့ ပြင်နေတုန်းမှာပဲ မျက်မမြင်အမျိုးသားက ဆေးစပ်ပြားကို ချလိုက်ပြီး ချားလ်စ်ရဲ့ မျက်နှာကို လက်နှစ်ဖက်နဲ့ လာစမ်းတော့သည်။
“စမ်းကြည့်ပြီး ဆွဲတာပေါ့လေ...”
ချားလ်စ် တွေးလိုက်မိ၏။ အဲဒီနောက် မျက်မမြင်က စုတ်တံကို ကိုင်ပြီး စတင် ဆွဲပါတော့သည်။ ချားလ်စ်ကတော့ ဒီမျက်မမြင် ပန်းချီဆရာရဲ့ လက်ရာကို ကြည့်ဖို့ စိတ်လှုပ်ရှားနေမိပေသည်။
မိနစ်အနည်းငယ် ကြာတဲ့အခါမှာတော့ ပန်းချီဆရာက စုတ်တံကို ချလိုက်ပြီး ပန်းချီချပ်ကို စင်ပေါ်ကနေ သေချာ ဖြုတ်လိုက်၏။ အဲဒီနောက် ချားလ်စ်ရှေ့မှာ ရိုရိုသေသေ ကမ်းပေးလိုက်ပေသည်။
ချားလ်စ်ဟာ လန့်သွားပြီး ခေါက်ကုလားထိုင်ကို ကန်မိလျက်သား နောက်ကို သုံးလှမ်းလောက် ဆုတ်သွားမိ၏။ သူ့ရဲ့ ညာဘက်လက်က ခါးမှာ ချိတ်ထားတဲ့ သေနတ်ဆီကို အလိုအလျောက် ရောက်သွားပေသည်။
ပန်းချီကားထဲမှာ ဆွဲထားတာက ချားလ်စ် မဟုတ်ဘဲ အသက်ဝင်လှတဲ့ အန်နာ ရဲ့ ပုံတူ ဖြစ်နေလို့ပင်။
ကုလားထိုင် လဲကျသံကြောင့် မျက်မမြင် ပန်းချီဆရာဟာ ထိတ်လန့်သွားပြီး ချားလ်စ်ကို လိုက်စမ်းဖို့ ကြိုးစားတော့သည်။
“အရှင်... ပုံက ခင်ဗျားနဲ့ မတူလို့လား၊ ကျေးဇူးပြုပြီး မသွားပါနဲ့ဦး၊ ကျွန်တော် ထမင်းမစားရတာ သုံးရက် ရှိပါပြီ၊ ပိုက်ဆံလေး နည်းနည်းလောက်ပဲ ဖြစ်ဖြစ် ပေးခဲ့ပါဗျာ၊ ဒီလို သနားစဖွယ် လူတစ်ယောက်ကို သနားပါဦး”
ချားလ်စ်ဟာ စိတ်ထဲမှာ ရှုပ်ထွေးနေတဲ့ ခံစားချက်တွေနဲ့အတူ ပန်းချီကားကို လက်ခံလိုက်၏။ အဲဒီနောက် အက်ကိုး ငွေစက္ကူ နှစ်ရာလောက်ကို ထုတ်ပြီး မျက်မမြင်ရဲ့ လက်ထဲ ထည့်ပေးလိုက်ပေသည်။
လက်ထဲမှာ ငွေစက္ကူတွေရဲ့ အထိအတွေ့ကို သိလိုက်ရတော့ မျက်မမြင်ရဲ့ ပုံပျက်နေတဲ့ မျက်နှာမှာ ဝမ်းသာအားရ ဖြစ်သွားပေသည်။ သူက ချားလ်စ်ကို အရိုအသေပေးရင်း “ကျေးဇူးတင်ပါတယ် အရှင်၊ ကျွန်တော့်လို သနားစဖွယ် ဝိညာဉ်ကို ကြင်နာပေးလို့ ကျေးဇူးတင်ပါတယ်၊ မယ်တော်က ခင်ဗျားကို ကောင်းချီးပေးပါစေ” ဟု ပြောလိုက်၏။
“မင်း လူတွေရဲ့ စိတ်ကို ဖတ်နိုင်တာလား”
ချားလ်စ်က ပန်းချီကားကို ကိုင်ထားရင်း မေးလိုက်ပေသည်။
“မဟုတ်ပါဘူးဗျာ၊ ဒါက ကျွန်တော် မျက်စိကွယ်သွားပြီးမှ ရလာတဲ့ အသုံးမကျတဲ့ စွမ်းအားလေး တစ်ခုပါ”
မျက်မမြင်က နှိမ့်ချစွာ ပြန်ပြောပြီး ထောင့်တစ်နေရာကို ပြန်ကပ်သွားတော့သည်။
ချားလ်စ်က ပန်းချီကားထဲက အန်နာ့မျက်နှာကို လက်နဲ့ ပွတ်သပ်ကြည့်နေရင်း သူ့ရဲ့ စိတ်ထဲမှာ အတိတ်မေ့နေတဲ့ အမှတ်တရတွေက ပြန်ပေါ်လာပေသည်။
“ကောင်းကျိမင်... ကျွန်မ ရှင့်ကို ကြိုက်တယ်၊ ရှင့်ရည်းစား ဖြစ်ခွင့်ပြုမလား”
“ကောင်းကျိမင်... ဂိမ်းပဲ ဆော့မနေနဲ့တော့လေ! ကျွန်မက ဂိမ်းတွေထက် အများကြီး ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတာကို”
“စိတ်မပူပါနဲ့၊ ဒါက ပင်လယ်အောက်ကမ္ဘာလေးပဲဥစ္စာ၊ ဘာမှ မဟုတ်ပါဘူး၊ တို့တွေ အတူတူ ကုန်းပေါ်ပြန်ရောက်အောင် သွားကြမယ်လေ”
ချားလ်စ်ရဲ့ မျက်နှာက ပျက်ယွင်းသွားပြီး ပန်းချီကားရဲ့ အစွန်းတွေကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားမိတာကြောင့် လက်ဖျံမှာ အကြောတွေ ထောင်လာတော့သည်။
လီလီက ချားလ်စ်ရဲ့ ပုခုံးပေါ် ခုန်တက်ပြီး မေးလိုက်၏။ “ကပ္ပတိန်ချားလ်စ်... ဒီအစ်မက ဘယ်သူလဲ၊ အရမ်း လှတာပဲနော်”
လူနဲ့ ကြွက် စကားပြောနေတုန်းမှာပဲ မျက်မမြင်အမျိုးသားကတော့ ခေါင်းကို မော့ပြီး လေထဲကို အနံ့ခံကြည့်နေပေသည်။
နောက်ဆုံးမှာတော့ ချားလ်စ်ဟာ ပန်းချီကားကို ဆုတ်ဖြဲပစ်ဖို့ စိတ်မပါတာကြောင့် လိပ်ပြီး ရင်ခွင်ထဲ ထည့်လိုက်၏။ သူက ဝမ်းနည်းရိပ်ယောင်တွေနဲ့ “သွားရအောင် လီလီ၊ ပြန်ကြမယ်” ဟုပြောလိုက်ပေသည်။
သူတို့နောက်က မျက်မမြင်အမျိုးသားကတော့ ချားလ်စ်ကို တားဖို့ လက်လှမ်းလိုက်ပေမဲ့ နောက်ဆုံးမှာတော့ ဘာမှ မပြောဘဲ တွေဝေ ကျန်ရစ်ခဲ့တော့သည်။
အပြန်လမ်းမှာ လီလီက ကပ္ပတိန်ချားလ်စ် တစ်ယောက် စိတ်မပါလက်မပါ ဖြစ်နေတာကို သိသိသာသာ သတိထားမိလိုက်သည်။ ဒါဟာ ဟိုပန်းချီကားနဲ့ ပတ်သက်နေမယ်ဆိုတာ သူမ ချက်ချင်း ရိပ်မိလိုက်၏။
‘ပြဇာတ်တွေထဲကလိုပဲ ဒီအစ်မနဲ့ ကပ္ပတိန်တို့က အရမ်းချစ်ခဲ့ကြပြီးမှ အစ်မက ကပ္ပတိန်ကို ရက်ရက်စက်စက် ပစ်သွားတာမျိုးလား’
ကြွက်ဖြူမလေးက စိတ်ကူးယဉ်နေတော့သည်။
ချားလ်စ် တည်းခိုခန်းကို ပြန်ရောက်တဲ့အခါ တံခါးဝမှာ စာအိတ်သုံးအိတ် ရှိနေတာကို တွေ့လိုက်ရ၏။ ဒီတစ်ခါတော့ သင်္ဘောသား နှစ်ယောက်နဲ့ စားဖိုမှူးလက်ထောက်က အလုပ်ထွက်ချင်တယ်လို့ ပြောထားတာ ဖြစ်ပေသည်။
ခရီးစဉ်အတွင်း သေဆုံးသွားတဲ့သူတွေနဲ့ပါ ပေါင်းလိုက်ရင် နာဝေးလ်သင်္ဘောပေါ်က အဖွဲ့သား ထက်ဝက်နီးပါး ဆုံးရှုံးသွားပြီ ဖြစ်ပေသည်။
“သူတို့က ဘာလို့ ဒီလောက် စိတ်မရှည်ရတာလဲ၊ ကုန်းပေါ်ရောက်ပြီး ဘေးကင်းသွားတာနဲ့ ချက်ချင်း အလုပ်ထွက်ကြတာပဲ၊ သန္တာကျွန်းစုကို ပြန်ရောက်တဲ့အထိတောင် မစောင့်နိုင်ကြဘူးလား”
ချားလ်စ်က စိတ်တိုတိုနဲ့ တံခါးကို တွန်းဖွင့်ပြီး အခန်းထဲ ဝင်လာခဲ့သည်။
သူက ဆီမီးခွက်ကို ထွန်းလိုက်ပြီး ရင်ခွင်ထဲက ပန်းချီကားကို ထုတ်လိုက်၏။ ပန်းချီကားကို ခဏလောက် စိုက်ကြည့်နေပြီးနောက် ကပ္ပတိန်ရဲ့ မှတ်တမ်းစာအုပ်ထဲမှာ သေသေချာချာ ညှပ်ထားလိုက်ပေသည်။
အဲဒီနောက် အိတ်ထဲက ဖောင်တိန်ကို ထုတ်ပြီး မှတ်တမ်းရေးဖို့ ပြင်လိုက်စဉ်မှာပဲ တံခါးအောက်ကနေ နောက်ထပ် စာအိတ်တစ်အိတ် လျှိုဝင်လာပြန်သည်။
“ထွက်သွားချင်ရင်လည်း လူကိုယ်တိုင် လာပြောစမ်းပါ!”
ချားလ်စ်က အော်ပြောလိုက်၏။
ဒါပေမဲ့ သူ့အော်သံကို ဘယ်သူမှ မတုံ့ပြန်ပေ။ ချားလ်စ်ရဲ့ မျက်နှာက တည်ကြည်သွားပြီး တံခါးနားကို လျှောက်သွားကာ စာအိတ်ကို ဖွင့်ကြည့်လိုက်ပေသည်။
စာရဲ့အဆုံးမှာ ဒစ်ပ် ရဲ့ လက်မှတ်ကို မြင်လိုက်ရတဲ့အခါ ချားလ်စ်ရဲ့ မျက်နှာက ချက်ချင်းဆိုသလို စိုးရိမ်ရိပ်တွေ ယှက်သန်းသွားတော့သည်။
“လီလီ... ငါနဲ့ လိုက်ခဲ့”
ချားလ်စ်က ခေါ်လိုက်ပြီး ကြွက်ဖြူမလေးက ချားလ်စ်ရဲ့ ပုခုံးပေါ် ခုန်တက်လိုက်ပေသည်။ သူမရဲ့ ကြွက်အုပ်စုကလည်း သူတို့နောက်ကနေ ကြွက်ကော်ဇောကြီးလို တန်းစီပြီး လိုက်လာကြ၏။
“ကပ္ပတိန်... ဘာလို့ အပြင်ပြန်ထွက်တာလဲ”
လီလီက မေးလိုက်သည်။
“တစ်ခုခု မှားနေပြီ၊ ဒစ်ပ် အန္တရာယ်ရှိနေတယ်”
ချားလ်စ်က ပြန်ဖြေလိုက်၏။
“ဟင်” လီလီက အံ့သြတကြီး မျက်လုံးပြူးသွားပေသည်။
ချားလ်စ်က စာကို လီလီ့မျက်နှာရှေ့မှာ ဝေ့ယမ်းပြပြီး “ဒီစာကို ဒစ်ပ် ရေးတာ မဟုတ်နိုင်ဘူး၊ အဲဒီကောင်လေးက မိဘမဲ့လေ၊ စာတောင် ကောင်းကောင်း မဖတ်တတ်တာ၊ အလုပ်ထွက်စာကို ဘယ်လိုလုပ် ရေးတတ်မှာလဲ၊ တစ်ယောက်ယောက်က ဒီစာကို အတုလုပ်ရေးထားတာပဲ” ဟုဆို၏။
ဒါကို သိလိုက်ရတော့မှ ချားလ်စ်ဟာ အရင် အလုပ်ထွက်စာတွေမှာလည်း သံသယဖြစ်စရာတွေ ရှိနေမှန်း သတိထားမိလိုက်သည်။
တကယ်လို့ အဖွဲ့သားတွေက အလုပ်ထွက်ချင်ရင် အများအားဖြင့် တန်းပြီး ထွက်သွားကြတာမျိုးပဲ ရှိတတ်သည်။ ရင်းနှီးတဲ့သူဆိုရင်တော့ အဘိုးကြီး အိုဂျွန် လိုမျိုး လူကိုယ်တိုင် လာပြောကြမှာပါ။ စာရေးပြီး ထွက်သွားတာမျိုးက အလွန် ရှားလှပေသည်။
ဒါ့အပြင် လှပတဲ့ လက်ရေးတွေက ကြမ်းတမ်းတဲ့ ပင်လယ်ပြင်မှာ နေထိုင်တဲ့ သင်္ဘောသားတွေ ရေးနိုင်တဲ့ လက်ရေးမျိုး မဟုတ်ပေ။
လမ်းပေါ်ကို ရောက်တဲ့အခါ ပတ်ဝန်းကျင်က ကျွန်းသားတွေကို ကြည့်ပြီး ချားလ်စ် တစ်ခုခု မှားနေပြီလို့ ပြင်းပြင်းထန်ထန် ခံစားလိုက်ရ၏။ သူက ပုခုံးပေါ်က လီလီ့ကို အမိန့်ပေးလိုက်သည်။
“မင်းရဲ့ ကြွက်တွေကို လွှတ်ပြီး ကျန်တဲ့ အဖွဲ့သားတွေ အကုန်လုံးကို အမြန်ဆုံး သွားရှာခိုင်းလိုက်”
“ဟုတ်ကဲ့” လို့ လီလီက အော်လိုက်တာနဲ့ ကြွက်အုပ်စုကြီးဟာ အရပ်မျက်နှာအနှံ့ကို ချက်ချင်းပဲ ပျံ့နှံ့သွားကြတော့သည်။
***