အခန်း (၃၆) သွေးသန့်များ
သွေးစုတ်ဖုတ်ကောင် အလုပ်သမားများ ဂယောက်ဂယက် ဖြစ်လာသည်ကို သတိပြုမိသည်နှင့်တစ်ပြိုင်နက် ဂျိမ်းစ်သည် သူ၏ ဧရာမ အသွင်သဏ္ဌာန်သို့ လျင်မြန်စွာ ပြောင်းလဲလိုက်သည်။
၎င်းသည် ပန်းကန်လုံးတစ်လုံးခန့် အထူရှိသော သံချောင်းတစ်ချောင်းကို လက်တစ်ဖက်ဖြင့် ဆွဲကိုင်ကာ ချားလ်စ်၏နောက်တွင် မတ်တပ်ရပ်လိုက်၏။ သူ၏ လွှမ်းမိုးထားသော အရှိန်အဝါကြောင့် ဆူညံမှုများမှာ ချက်ချင်းပင် ငြိမ်ကျသွားတော့သည်။
ချားလ်စ်သည် သူ့ဘေးရှိ မျက်မမြင်ကို လှည့်ကြည့်ကာ မေးလိုက်သည်။ “မင်းပြောတဲ့ သွေးသန့်နှစ်ယောက်က ဘယ်အချိန်လောက် ရောက်လာမလဲ”
“ပုံမှန်ဆိုရင်တော့ သူတို့က ကျွန်းရဲ့ အလယ်ဗဟိုမှာရှိတဲ့ ဂူသင်္ချိုင်းထဲမှာ ရှိနေတတ်တာ။ ဒီကို ရောက်ဖို့အတွက် ၁၂ နာရီလောက် ကြာလိမ့်မယ်” ဟု မျက်မမြင် အော်ဒရစ်က ဖြေကြားသည်။
“ကောင်းပြီ”
ထို့နောက် ချားလ်စ်က နာဝေးလ်သင်္ဘောကို လက်ညှိုးထိုးပြကာ သွေးစုတ်ဖုတ်ကောင် သင်္ဘောကျင်းမန်နေဂျာကို စိုက်ကြည့်လိုက်၏။
“တာဘိုင်စက် တပ်ဆင်ဖို့အတွက် မင်းတို့မှာ သုံးနာရီပဲ အချိန်ရှိတယ်။ မဟုတ်ရင်တော့ ဒူးရန့်ရဲ့ ကံကြမ္မာမျိုး ဒီမှာရှိတဲ့ မင်းတို့တစ်ယောက်ချင်းစီ ကြုံရလိမ့်မယ်”
အလုပ်သမားများထဲမှ မုတ်ဆိတ်ဗရပွနှင့် သွေးစုတ်ဖုတ်ကောင်တစ်ဦး ရှေ့သို့ တိုးလာပြီး စိတ်လှုပ်ရှားနေသော လေသံဖြင့် အော်ဟစ်လိုက်သည်။ “ဒါက မဖြစ်နိုင်ဘူး။ တာဘိုင်စက်တစ်လုံးကို လဲလှယ်ရတာ ဘယ်လောက် ဒုက္ခများတယ်ဆိုတာ မင်း သိရဲ့လား”
“စက်ပြင်အရာရှိ!”
ချားလ်စ်က ဂျိမ်းစ်၏ ရာထူးအမည်ကို ခေါ်လိုက်သည်နှင့်တစ်ပြိုင်နက် သူ၏နောက်ဘက် လေထဲတွင် သံချောင်းတစ်ချောင်းမှာ တဝီဝီမြည်လျက် ဝေ့ယမ်းလာပြီး မုတ်ဆိတ်ဗရပွနှင့် သွေးစုတ်ဖုတ်ကောင်ကို ရိုက်ချလိုက်တော့သည်
ထိုသွေးစုတ်ဖုတ်ကောင်၏ ပြားချပ်သွားသော ခန္ဓာကိုယ်မှာ ပြန်လည်ကုသရန် ကြိုးစားသော်လည်း သံချောင်းကို ကိုင်ထားသော ဘီလူးကြီးက ထိုသူအား အသားနုတ်နုတ်စင်းသကဲ့သို့ ဖြစ်သွားသည်အထိ အကြိမ်ကြိမ် ထုထောင်းပစ်လိုက်၏။
သွေးစက်များသည် တခြားသော သွေးစုတ်ဖုတ်ကောင်များအပေါ်သို့ စင်ဟပ်သွားပြီး သူတို့၏မျက်နှာထက်တွင် ကြောက်ရွံ့မှုများ လွှမ်းမိုးသွားသည်။
“ငါ့ကို စကားအလှတွေနဲ့ လာဖြောင်းဖြလို့ ရမယ် ထင်နေလား သွေးစုတ်ဖုတ်ကောင်တွေရ။ အခုချက်ချင်း အလုပ်စလုပ်ကြစမ်း” ချားလ်စ်၏ စကားလုံးများမှာ ဒေါသရိပ်များ ပါဝင်နေပေသည်။
သင်္ဘောကျင်းမန်နေဂျာသည် တုန်တုန်ရင်ရင်ဖြင့် လက်ကို မြှောက်ကာ သူ့မျက်နှာပေါ်ရှိ အသားစအချို့နှင့် သွေးများကို သုတ်လိုက်၏။ ထို့နောက် ကျန်ရှိသော သွေးစုတ်ဖုတ်ကောင်များကို ဦးဆောင်ကာ နာဝေးလ်သင်္ဘောဆီသို့ လှည့်လျှောက်သွားကြတော့သည်။
“ဒုတိယ စက်ပြင်အရာရှိ၊ မင်းက တာဘိုင်စက်တွေအကြောင်း နားလည်တာပဲ။ သူတို့ကို စောင့်ကြည့်ထား။ ဒီသတ္တဝါတွေ တစ်ခုခု မသင်္ကာစရာ လုပ်မလားဆိုတာ သတိထား”
“ဟုတ်ကဲ့ပါ ကပ္ပတိန်” နာဝေးလ်၏ ဒုတိယ စက်ပြင်အရာရှိသည် သွေးစုတ်ဖုတ်ကောင် အုပ်စုနောက်သို့ လိုက်သွားလေသည်။
မူလက ထိုတာဝန်ကို စက်ပြင်အရာရှိ (ဂျိမ်းစ်) အား ပေးအပ်ရမည် ဖြစ်သော်လည်း လက်ရှိတွင် ဂျိမ်းစ်မှာ ထိုသို့သော အလုပ်များကို လုပ်ကိုင်နိုင်သည့် အသိဉာဏ်မျိုး မရှိတော့ပေ။ ၎င်းမှာ သူ့နေရာတွင်သာ မလှုပ်မယှက် ရပ်နေပြီး သွေးစုတ်ဖုတ်ကောင်များအား ခြောက်လှန့်ရန်အတွက်သာ တာဝန်ယူထားရ၏။
သင်္ဘောကျင်း၏ သံတံခါးမှာ အနည်းငယ် ပွင့်သွားပြီး ဒစ်ပ်က အပြင်ဘက် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်သည်။ ခဏမျှ စောင့်ကြည့်ပြီးနောက် သူသည် သေတ္တာတစ်လုံးပေါ်တွင် ထိုင်နေသော ချားလ်စ်ကို လှည့်ကြည့်ကာ ပြောလိုက်၏။ “ကပ္ပတိန်၊ အပြင်က လူတွေ ကျွန်တော်တို့ကို သတိထားမိနေပုံရတယ်။ အများကြီးပဲ ကျွန်တော်တို့ဘက်ကို စိုက်ကြည့်နေကြတယ်”
“အော်ဒရစ်၊ သူတို့ အထဲကို အတင်းဝင်လာကြမလား” ချားလ်စ်က သူ၏အနက်ရောင် ဓားသွားကို သုတ်ရင်း မျက်မမြင်ကို မေးလိုက်သည်။
မျက်မမြင်က ခေါင်းခါပြကာ ပြန်ဖြေ၏။ “မဝင်လာပါဘူး။ သူတို့က သွေးသန့်တွေ မှတ်သားထားတဲ့ သားကောင်ကို လက်ဖျားနဲ့တောင် မထိရဲကြဘူး။ ဒါ့အပြင် ခင်ဗျားတို့ကလည်း သာမန်လူသားတွေမှ မဟုတ်တာ။ သူတို့က အစုအဖွဲ့ ကွဲပြားနေကြတာဆိုတော့ ဘယ်သူမှ စပြီး မလှုပ်ရှားရဲကြဘူး”
ချားလ်စ်သည် အခြေအနေကို ချက်ချင်း နားလည်လိုက်သည်။ သူတို့၏ စောစောက အစွမ်းပြမှုမှာ အကျိုးသက်ရောက်မှု ရှိနေဆဲ ဖြစ်ပုံရပေသည်။ အပြင်ဘက်ရှိ သွေးစုတ်ဖုတ်ကောင်များသည် သူတို့ ထွက်ပြေးရန် ကြံစည်နေသည်ကို သိနေလျှင်တောင်မှ သူတို့ကို ဦးဆောင်မည့် အထက်အရာရှိ မရှိဘဲ စွန့်စားပြီး မလုပ်ဆောင်ရဲကြပေ။
“သွေးသန့်တွေက ဘယ်လောက်ထိ အစွမ်းထက်လဲ” ချားလ်စ်က ရောက်ရှိလာမည့် ရန်သူများအကြောင်း သတင်းအချက်အလက် ပိုမိုရရှိရန် မေးမြန်းလိုက်သည်။
“သွေးမျိုးနွယ်စုရဲ့ အစွမ်းကို အသက်အရွယ်ပေါ် မူတည်ပြီး ခွဲခြားထားတယ်။ အသက်ကြီးလေလေ အတွေ့အကြုံ ပိုများပြီး အစွမ်း ပိုထက်လေပဲ။ မြို့စား တစ်ယောက် ဖြစ်လာဖို့ဆိုရင် အနည်းဆုံး အသက် ၅၀၀ ရှိရမယ်။ အဲဒီအချိန်ရောက်ရင် သူတို့က ကျွန်တော်တို့နဲ့ အခြေခံကအစ ကွဲပြားသွားပြီ။ သူတို့ အလိုရှိရင် သာမန် သွေးစုတ်ဖုတ်ကောင် ထောင်ပေါင်းများစွာကို အလွယ်တကူ သတ်ပစ်နိုင်တယ်” ဟု အော်ဒရစ်က ရှင်းပြသည်။
အသက် ၅၀၀။ ချားလ်စ် အနည်းငယ် အံ့သြသွားသည်။ အကယ်၍ ၎င်းတို့က ထိုမျှ အသက်ကြီးပါက အပေါ်ယံကမ္ဘာအကြောင်းကို သိရှိနိုင်ပေသည်။
ချားလ်စ်က သူ၏ ထင်မြင်ချက်ကို အော်ဒရစ်အား ပြောပြသော်လည်း အော်ဒရစ်က ခေါင်းခါကာ ပြန်ဖြေ၏။
“ဒါကို မယ်တော် တစ်ယောက်ပဲ သိလိမ့်မယ်။ ဒီကျွန်းပေါ်က သွေးစုတ်ဖုတ်ကောင်တိုင်းဟာ သူမရဲ့ သွေးကနေ ဆင်းသက်လာတာ။ အဲဒီ ကျိန်စာသင့်တဲ့ မြေကို မြင်ဖူးတာလည်း သူမတစ်ယောက်ပဲ ရှိတယ်။ အဲဒီနေရာဟာ အလင်းတွေနဲ့ ပြည့်နေပြီး အဲဒီအလင်းကို ထိတာနဲ့ ကျွန်တော်တို့လို သွေးစုတ်ဖုတ်ကောင်တွေ ပြာဖြစ်သွားနိုင်တယ်လို့ပဲ ကျွန်တော် ကြားဖူးတယ်။ မယ်တော်က အဲဒီနေရာမှာ ဘယ်လိုမျိုး အသက်ရှင်ခဲ့လဲဆိုတာ ကျွန်တော်လည်း မသိဘူး”
“မယ်တော်က ဒီနေရာကို ဘယ်လို ရောက်လာတာလဲ” ချားလ်စ်က ထပ်မံ စုံစမ်းလိုက်သည်။
“အော်... ကျွန်တော် ကြားဖူးတာတော့ ရှိတယ်။ ဒဏ္ဍာရီတွေအရ အရာတစ်ခုက မယ်တော့်ကို သွေးစုတ်ဖုတ်ကောင်တွေကို အန္တရာယ်ပေးမယ့် နေရောင်ခြည် မရှိတဲ့နေရာ၊ ပြီးတော့ လူသားတွေ အများကြီးရှိတဲ့ နေရာအကြောင်း ပြောပြခဲ့တယ်လို့ ဆိုကြတယ်”
ချားလ်စ် အံ့အားသင့်သွားရသည်။ မြေအောက်ကမ္ဘာသို့ သွေးစုတ်ဖုတ်ကောင်များ ရောက်ရှိလာပုံမှာ ဤသို့ ဖြစ်လိမ့်မည်ဟု သူ တစ်ခါမှ မတွေးထားခဲ့ပေ။ မျက်မမြင် အော်ဒရစ်က ဆက်ပြောပြနေ၏။
“ဒါပေမဲ့ အဲဒီအရာက မယ်တော့်ကို လိမ်ညာခဲ့တာပဲ။ လူသားတွေ အများကြီးရှိရုံတင်မကဘဲ ကျွန်တော်တို့ထက် အစွမ်းထက်တဲ့ တခြား အရာတွေလည်း အများကြီး ရှိနေခဲ့တာ။ ဒီနေရာမှာ သွေးစုတ်ဖုတ်ကောင်တွေ ရှင်သန်ဖို့အတွက်တောင် တော်တော် ရုန်းကန်ခဲ့ရတယ်။ မယ်တော်က အဲဒီအရာကို အလွန်အမင်း နာကျည်းနေခဲ့တာ”
သွေးစုတ်ဖုတ်ကောင် မယ်တော်ထက် ပိုမို အစွမ်းထက်သော အရာများအကြောင်း ပြောလိုက်သောအခါ ချားလ်စ်သည် ပင်လယ်ထဲမှ ထွက်ပေါ်လာခဲ့သော ထိုဧရာမ လက်ဝါးကြီးကို ဗီဇအရ သတိရမိလိုက်သည်။ ထိုအရာ၏ အရှိန်အဝါရှေ့တွင် ခုခံနိုင်စွမ်းဟူ၍ မရှိခဲ့ပေ။
“ဒါဆို မင်းတို့မယ်တော် အရင်က နေခဲ့တဲ့ ကမ္ဘာအကြောင်း မင်း ဘာတွေ သိလဲ။ သူမက ဘယ်နိုင်ငံကလဲ။ ကောင်းကင်မှာ နေဘယ်နှစ်စင်း ရှိလဲ” ချားလ်စ်က မေးခွန်းများ ဆက်တိုက် မေးမြန်းလိုက်သည်။ ထိုအဖြေများမှတစ်ဆင့် အပေါ်ယံကမ္ဘာ၏ လက်ရှိခေတ်ကာလကို ခန့်မှန်းနိုင်ရန် သူ မျှော်လင့်နေခြင်း ဖြစ်သည်။
အော်ဒရစ်၏ မျက်နှာထက်တွင် ခပ်ယဲ့ယဲ့ အပြုံးတစ်ခု ပေါ်လာပြီး ပြန်ဖြေ၏။ “မစ္စတာချားလ်စ်၊ ကျွန်တော့်အသက်က အခုမှ ၁၂၄ နှစ်ပဲ ရှိပါသေးတယ်။ ဒါက သွေးစုတ်ဖုတ်ကောင်တွေထဲမှာ ဆိုရင် တော်တော် ငယ်သေးတယ်လို့ ပြောလို့ရတယ်။ ပြီးတော့ သွေးစုတ်ဖုတ်ကောင် လူ့အဖွဲ့အစည်းမှာ ကျွန်တော့်ရဲ့ အဆင့်အတန်းကိုလည်း ခင်ဗျား အထင်အရှား မြင်နိုင်တာပဲ။ ခင်ဗျား သိချင်တဲ့ အဖြေတွေကို ကျွန်တော် သိနိုင်ဖို့ နည်းလမ်း မရှိပါဘူး”
ချားလ်စ်သည် သက်ပြင်းတစ်ချက်ချကာ နာဝေးလ်သင်္ဘောဆီသို့ လှောက်သွားလိုက်သည်။ အမှန်တကယ်တော့ အော်ဒရစ်ထံမှ ဤကဲ့သို့သော အဖြေမျိုး ရလာမည်ကို သူ မျှော်လင့်ထားပြီးသား ဖြစ်ပေသည်။ အကယ်၍ သူ အဖြေကို သိချင်ပါက မယ်တော်နှင့် တိုက်ရိုက် ရင်ဆိုင်ရမည် ဖြစ်သည်။
လီလီသည် ထိုလူနှစ်ဦး၏ စကားဝိုင်းကို အသေအချာ နားထောင်နေခဲ့သည်။ ချားလ်စ် ထွက်သွားသည်နှင့်တစ်ပြိုင်နက် သူမသည် အော်ဒရစ်နားသို့ စူးစမ်းလိုစိတ်ဖြင့် ချဉ်းကပ်ကာ မေးလိုက်၏။ “ဒါဆို ရှင်တို့ မေမေက အန္တရာယ်တွေကနေ လွတ်အောင် ဒီကျွန်းကို ထွက်ပြေးလာတာပေါ့။ သနားစရာပဲ”
“မဟုတ်ဘူး၊ လူသားတွေရန်ကနေ ပုန်းကွယ်ဖို့ လာတာ။ လူသားတွေရဲ့ အစွမ်းက တဖြည်းဖြည်းနဲ့ ပိုပြီး အားကောင်းလာတယ်၊ လူသားနဲ့ သွေးစုတ်ဖုတ်ကောင်ကြားက ပဋိပက္ခတွေကလည်း ပြင်းထန်လာခဲ့တယ်။ မယ်တော်က မကြာခင်မှာ အဆုံးအဖြတ် တိုက်ပွဲတစ်ခု ဖြစ်လာတော့မယ်ဆိုတာကို ကြိုမြင်ပြီး သူမရဲ့ မျိုးနွယ်စုကို ခေါ်ပြီး ထွက်လာခဲ့တာ။ အမှန်တော့ သွေးစုတ်ဖုတ်ကောင်နဲ့ လူသားဆိုတာ အပြန်အလှန် မှီခိုနေရတဲ့ ဆက်ဆံရေးမျိုးပဲ။ သူတို့သာ ပျောက်ကွယ်သွားရင် ငါတို့လည်း အစာမရှိဘဲ အသက်ရှင်နိုင်မှာ မဟုတ်ဘူး”
“ဒါဆို မင်းတို့ရဲ့ အစာကော။ မင်းတို့ ကြွက်တွေကို စားသလား”
“ငါတို့မှာ အမှောင်ပုလဲကျွန်းရဲ့ မြောက်ဘက် အစွန်ဆုံးမှာ လူသားမွေးမြူရေးခြံ တစ်ခု ရှိတယ်။ အဲဒီခြံကနေ အပတ်စဉ် သွေးတွေကို ထောက်ပံ့ပေးတယ်။ ဒါပေမဲ့ အဲဒါက အရမ်း ဈေးကြီးတယ်။ ပုံမှန်ဆိုရင်တော့ ငါတို့က ရွံရွံရှာရှာနဲ့ပဲ လူသားတွေရဲ့ အစားအစာကို စားပြီး အောင့်အည်းနေရတာပေါ့” ဟု အော်ဒရစ်က ဖြေကြားသည်။
အချိန်များ တဖြည်းဖြည်း ကုန်ဆုံးလာသည်နှင့်အမျှ သင်္ဘောကျင်း အပြင်ဘက်တွင် လှည့်လည်သွားလာနေသော သွေးစုတ်ဖုတ်ကောင် အရေအတွက်မှာလည်း တစ်စက္ကန့်ထက်တစ်စက္ကန့် ပိုမို များပြားလာသည်။ ၎င်းတို့သည် ဟန်ဆောင်မှုများကို ဖယ်ရှားကာ ချွန်ထက်သော အစွယ်နှစ်ချောင်းကို ထုတ်ပြထားကြ၏။
“ဘယ်လောက်တောင် ကြာဦးမှာလဲ။ မသေချင်ရင် မြန်မြန်လုပ်ကြစမ်း” ချားလ်စ်၏ ဟိန်းဟောက်သံမှာ သင်္ဘောကျင်းအတွင်း ပဲ့တင်ထပ်သွားသည်။
“ပြီးတော့မယ်၊ ပြီးတော့မယ်။ ကျွန်တော်တို့ ရိုက်ချက်တွေ ရိုက်နေပြီ” မန်နေဂျာသည် နဖူးမှ ချွေးစေးများကို သုတ်ရင်း သူ့လက်အောက်ငယ်သားများကို အသည်းအသန် တိုက်တွန်းနေတော့သည်။
ထိုအချိန်မှာပင် တံခါးအပြင်ဘက်မှ လင်းနို့တောင်ပံ ခတ်သံများကို သင်္ဘောကျင်းအတွင်းရှိ လူတိုင်း ကြားလိုက်ကြရသည်။ ချားလ်စ်သည် ပြတင်းပေါက်တစ်ခုဆီသို့ အပြေးသွားကာ အပြင်သို့ ချောင်းကြည့်လိုက်၏။ ကောင်းကင်မှ ပျံသန်းလာသော အနက်ရောင် လင်းနို့အုပ်ကြီးကို သူ မြင်လိုက်ရသည်။ လင်းနို့များကို မြင်လိုက်ရသည်နှင့် မြေပြင်ပေါ်ရှိ သွေးစုတ်ဖုတ်ကောင်များသည် ဝမ်းသာအားရ အော်ဟစ်ကြတော့သည်။
လင်းနို့များသည် မြေပြင်ပေါ်သို့ အရှိန်အဟုန်ဖြင့် ဆင်းသက်လာပြီး အပြင်ဘက်တွင် အနက်ရောင်၊ အတွင်းဘက်တွင် အနီရောင်ရှိသော ဝတ်ရုံရှည်ကြီးများအဖြစ် ပြောင်းလဲသွားကြသည်။ ထိုဝတ်ရုံများကြားမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထွက်ပေါ်လာတော့သည်။
“တောက်” ချားလ်စ်က စိတ်ပျက်လက်ပျက် ဆဲရေးလိုက်မိသည်။ ထိုလူနှစ်ဦးမှာ မည်သူမည်ဝါဖြစ်ကြောင်း ဘယ်သူမှ လာပြောပြနေရန် မလိုတော့ပေ။
“၁၂ နာရီလောက် ကြာမယ်ဆို။ ဘာလို့ နှစ်နာရီအတွင်း ရောက်လာတာလဲ”
***