လိုဟန်က စကားဆက်၏။
"ငါ ဒီနေရာကို ပထမအဆင့်ကနေ တတိယအဆင့်အထိ အကြိမ်ကြိမ် ရောက်ဖူးတယ်... ဒါကြောင့် ဒီနေရာကိုသာ အသုံးချနိုင်ရင် ငါ့ကမ္ဘာမှာ အကျိုးအမြတ် အများကြီး ရနိုင်မယ်ဆိုတာ ငါသိတာပေါ့... မကြာသေးခင်ကတင်..."
သူက ဂုဏ်ယူဝင့်ကြွားသော အမူအရာဖြင့် ပြုံးလိုက်သည်။
လိုဟန်က သူ့အခြေအနေနှင့် ပတ်သက်၍ ဖုံးကွယ်ထားခြင်း အလျဉ်းမရှိဘဲ ပွင့်ပွင့်လင်းလင်းပင် ဖွင့်ဟလာတော့သည်။
"တိုက်တိုက်ဆိုင်ဆိုင်ပဲ မကြာသေးခင်က စကြဝဠာ တစ်ခုလုံးရဲ့ ရွေးချယ်ရေး တိုက်ပွဲမှာ ငါ ပါဝင်ခဲ့တယ်လေ... ထိပ်ဆုံး သုံးယောက်စာရင်းမှာ ငါပါခဲ့ပြီး ငါ့နောက်ကွယ်မှာ ကြီးမားတဲ့ ထောက်ပံ့သူ တစ်ယောက်လည်း ရှိတယ်... ပြီးတော့ ကျင့်ကြံသူကြီး တစ်ယောက်ကိုလည်း ဆရာအဖြစ် ခံယူထားပြီးပြီ... မင်းဆီမှာ ရှိသမျှ အကုန်လုံးကို ငါယူနိုင်တယ်"
"မင်းကို တစ်ခုလောက် ပြောပြမယ်... တကယ်လို့ ငါသာ ဒီပစ္စည်းတွေကို ပြန်သယ်သွားနိုင်ရင် အဆတစ်ထောင်၊ တစ်သောင်း ဒါမှမဟုတ် အဆပေါင်း သန်းနဲ့ချီတဲ့ အကျိုးအမြတ်တွေ ရနိုင်တယ်"
"လူတွေ သတိထားမိသွားမှာကို မစိုးရိမ်ဘူးလား... ဘာပဲဖြစ်ဖြစ် ဒီပစ္စည်းတွေက မင်းကမ္ဘာက အရာတွေမှ မဟုတ်တာ" ကျန်းမင်လည်း သိချင်စိတ်ဖြင့် မေးလိုက်၏။
လိုဟန်က ခေါင်းမော့၍ ကျယ်လောင်စွာ ရယ်မောတော့သည်။
"ဟားဟား... ဒါက မင်းကမ္ဘာနဲ့ ငါ့ကမ္ဘာရဲ့ ကွာခြားချက်ပဲ... ငါနေထိုင်တဲ့ စကြဝဠာက အရမ်း ကျယ်ပြောတယ်... လူ့အဖွဲ့အစည်း သန်းပေါင်းရာနဲ့ချီပြီး ယဉ်ကျေးမှု သန်းပေါင်းရာနဲ့ချီ ရှိတဲ့ နေရာလေ... မတူညီတဲ့ ယဉ်ကျေးမှုတွေကနေ မတူညီတဲ့ ကျင့်စဉ်တွေ ပေါ်ထွက်လာတာ သဘာဝပဲ... အဲ့ဒီမှာ လျှို့ဝှက် စကြဝဠာ နယ်မြေတွေ ဒါမှမဟုတ် တားမြစ်နယ်မြေတွေလည်း ရှိတော့ ထူးဆန်းတဲ့ အပင်တွေနဲ့ အထူး ပစ္စည်းတွေကို မြင်တွေ့ရတာက ပုံမှန်လို ဖြစ်နေပြီ... ငါ့ရဲ့ စွန့်စားခန်းတွေကနေ ရလာတာလို့ ပြောလိုက်ရင် ဘယ်သူမှ သံသယ ဝင်မှာ မဟုတ်ဘူး... ဒါ့အပြင် တစ်ခါမှ မပေါ်ဖူးသေးတဲ့ ဒီပစ္စည်း အသစ်အဆန်းတွေက လေ့လာရတာ နှစ်သက်တဲ့ ကျွမ်းကျင်သူ တချို့အတွက်တော့ တန်ဖိုးဖြတ်လို့ မရတဲ့ အရာတွေပဲ"
ကျန်းမင်လည်း သဘောကျစွာ ရယ်မောမိ၏။
"ကောင်းပြီလေ... ဈေးသာဖြတ်"
"သဘောတူတယ်"
ယခင်က တက်ဘလက်နှင့် (၁၈)နှစ်အထက် ဇာတ်ကားများ ရောင်းချရန် ကြိုးစားခဲ့သော လူမှာ အရိပ်အယောင်ပင် မတွေ့ရတော့။ ယခုမှသာ ကျန်းမင် တစ်ယောက် လိုဟန်က သူတို့ကြားရှိ အနေခက်မှုကို လျှော့ချရန်နှင့် မိတ်ဆွေဖွဲ့ရင်း သူ့အား အကဲစမ်းနေခဲ့ခြင်း ဖြစ်ကြောင်း သဘောပေါက်သွားတော့သည်။
လိုဟန်က လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ လေးထောင့်ပုံသဏ္ဍာန် ပစ္စည်းတစ်ခု လေထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။ ယင်းမှာ အလင်းပေါက် ဖြစ်နေပြီး အပိုင်းအစငယ်လေးများ ထပ်တူချထားသည့် ပုံစံမျိုးပင်။
လိုဟန်က ဂုဏ်ယူစွာ ပြသရင်း…
"ဒါတွေက စွမ်းအင်သလင်းကျောက်တွေလေ... ဘယ်လိုလဲ"
ကျန်းမင်က တစ်ခုကို ကောက်ယူစစ်ဆေးရင်း အံ့ဩသွားသည်။
"မဆိုးဘူးပဲ"
စွမ်းအင်သလင်းကျောက်ထဲမှ ကြီးမားသော သန့်စင်သည့် စွမ်းအင်များကို သူ အမှန်တကယ် ခံစားမိနေ၏။ ၎င်းမှာ ဝိညာဉ်သလင်းကျောက် တစ်ခုနှင့် ညီမျှသော်လည်း ဤစွမ်းအင်သလင်းကျောက်မှာ လူလုပ်ပစ္စည်း ဖြစ်ကြောင်း သိသာနေပြီး အဆင့်နိမ့် ဝိညာဉ်သလင်းကျောက် အဖြစ်သာ သတ်မှတ်နိုင်ပေမည်။
ကျန်းမင်က ခေါင်းခါယမ်းလိုက်သည်။
"ဒါက အရမ်း နည်းလွန်းတယ်"
ထို့နောက် အဆင့်နိမ့် တာအိုလက်နက် ဖြစ်သော ကောင်းကင်ခွဲ တူရွင်းကို ကောက်ယူလိုက်၏။
"အဆင့်အတန်း အရဆိုရင် ဒီတူရွင်းက ဆဋ္ဌမအဆင့်နဲ့ ညီမျှတယ်... ပြီးတော့ ဒီလို ပစ္စည်းမျိုးတွေ အများကြီး ရှိသေးတယ် ဆိုတာ ပြောနေစရာတောင် မလိုဘူး"
လိုဟန်က သက်ပြင်းချကာ ရှင်းပြလာသည်။
"ငါ့ဆီမှာ နောက်ထပ် စွမ်းအင်သလင်းကျောက် နှစ်ပုံနဲ့ တခြား နေ့စဉ်သုံး ပစ္စည်းတချို့ပဲ ရှိတော့တယ်... ငါ့ဆီမှာ ရှိတာ ဒါအကုန်ပဲ... တကယ်လို့ မင်းလိုချင်ရင် ယူလိုက်... မလိုချင်ဘူး ဆိုရင်လည်း ငါတတ်နိုင်တာ ဘာမှမရှိတော့ဘူး"
ကျန်းမင်လည်း ခဏတာ စဉ်းစားပြီးနောက် ခေါင်းညိတ် သဘောတူလိုက်လေပြီ။ မည်သို့ဖြစ်စေ ဤလုယက်ရလာသော ပစ္စည်းများမှာ သူ့အတွက် အသုံးမဝင်ချေ။
"ကောင်းပြီလေ... နောင်ကျရင် ငါ နောက်ထပ် ပစ္စည်းတချို့ ရလာနိုင်သေးတယ်... မင်း လိုချင်သေးလား"
သို့သော် လိုဟန်က ခေါင်းခါပြလိုက်သဖြင့် ကျန်းမင် အနည်းငယ် အံ့အားသင့်သွားရသည်။ ထို့နောက် လိုဟန်က အကူအညီမဲ့စွာ သက်ပြင်းချလိုက်၏။
"ငါတို့ ဒီမှာ ဘယ်လောက်ကြာကြာ နေနေ အပြင်ကမ္ဘာအတွက်ကတော့ တစ်နာရီပဲ ကြာမှာ... ဒါပေမဲ့ ငါတို့ ထွက်သွားပြီး ပြန်လာတဲ့ အခါကျရင်တော့ ဒီနေရာမှာ အချိန်ဘယ်လောက် ကုန်သွားမလဲ ဆိုတာ မသိနိုင်တော့ဘူး... ဒါကြောင့် ငါတို့ ပြန်ဆုံတွေ့ဖို့ ဆိုတာ မဖြစ်နိုင်သလောက်ပဲ"
ကျန်းမင်က မျက်မှောင်ကြုတ်လျက် မေးမြန်းမိသည်။
"ဘာလို့လဲ"
လိုဟန်က ပခုံးတွန့်ပြရင်း...
"ဘယ်သူ သိမှာလဲ... ဘာပဲဖြစ်ဖြစ် ဒီနေရာက မတူညီတဲ့ ကမ္ဘာတွေ၊ စကြဝဠာတွေဆီက လူတွေကို အတူတကွ ခေါ်ဆောင်လာနိုင်တဲ့ ကြောက်မက်ဖွယ် ကောင်းတဲ့ တည်ရှိမှု တစ်ခုလေ... ဒါကို နားမလည်နိုင်တာက ပုံမှန်ပါပဲ"
ကျန်းမင်လည်း ထောက်ခံဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ သူက ရှေ့ရှိ တောင်လိုပုံနေသော စွမ်းအင်သလင်းကျောက် သုံးပုံကို ကြည့်ရင်း ခေါင်းကုတ်နေမိ၏။
ဒီလောက် အများကြီးကို ငါဘယ်လို သုံးရမလဲ။
ကျန်းမင်က အကူအညီမဲ့ဟန်ဖြင့် ညည်းတွားမိတော့သည်။
"အစ်ကိုလော့... အကြံပေးရရင် နောက်တစ်ခါ အရည်အသွေးမြင့် စွမ်းအင်သလင်းကျောက်တွေ ပိုပြင်ဆင်လာသင့်တယ်... ဒီလောက် အများကြီး ရတာ ကောင်းပေမဲ့ သုံးရတာ တော်တော် လက်ပေါက်ကပ်တယ်"
"ဟား ဟား... စိတ်မပူပါနဲ့... ငါပြန်ရောက်သွားရင် ငါ့စည်းစိမ်တွေ သေချာပေါက် တိုးပွားလာမှာပဲ... အဲ့ဒီအချိန်ကျရင် အမြင့်ဆုံးအဆင့် စွမ်းအင်သလင်းကျောက်တွေကို ငါ ဝယ်လိုက်မယ်... ငါတို့ ပြန်ဆုံနိုင်ဖို့လည်း မျှော်လင့်ပါတယ်" လိုဟန်က ကျယ်လောင်စွာ ရယ်မောလိုက်၏။
"ငါလည်း မျှော်လင့်ပါတယ်... မင်းနဲ့ အရောင်းအဝယ် လုပ်ရတာ သဘောကျလို့ပါ"
"ငါလည်း အတူတူပဲ... ဒါနဲ့ ညီအစ်ကိုကျန်း... မင်း ဒီပစ္စည်းတွေကို တခြားလူတွေဆီက ယူလာတာ မဟုတ်လား"
"အင်း... အဲ့ဒီအကြောင်း ဘယ်သူ့ကိုမှ လျှောက်မပြောပါနဲ့"
"ကောင်းပါပြီ... စိတ်သာချ"
သူတို့နှစ်ယောက် တီးတိုး ပြောဆိုနေပြီးနောက် ကျန်းမင် ရုတ်တရက် ရှေ့သို့ လျှောက်သွားလိုက်သည်။
သူ အမှတ်တချို့ ရှာတော့မည် ဖြစ်သည်။
ကျန်းမင် ဘာလုပ်မည်ကို သိချင်နေကြသဖြင့် လိုဟန်နှင့် အခြားသူများလည်း သူ့နောက်သို့ လိုက်ပါသွားကြ၏။
လိုဟန်က သက်ပြင်းချရင်း ညည်းညူလိုက်သည်။
"ဒီမှာ အမှတ်ရဖို့က တော်တော် ခက်တာ... ငါ ၅ မှတ်ထက် ပိုမရဖူးသေးဘူး"
"တကယ်ကြီးလား... ဒါပေမဲ့ အမှတ်ရှာလို့ရတဲ့ နေရာ သုံးခုတောင် ရှိတာပဲကို" ကျန်းမင် အံ့အားသင့်သွားသည်။
"မင်းပြောတာ မှန်တယ်... ဒါပေမဲ့ အမှတ်ရတာနဲ့ ချက်ချင်း ပြန်သုံးပစ်ဖို့ လိုတယ်... မဟုတ်ရင် အမှတ်တွေက အလကား ဖြစ်သွားမှာ... ပြီးတော့ အမှတ်ရဖို့ လုပ်ငန်းစဉ်ကလည်း တော်တော် ကြမ်းတမ်းတယ်လေ... ကောင်းကင် တိုက်ပွဲစင်မြင့်ကိုပဲ ဥပမာ ထားကြည့်... ငါတို့ရဲ့ ပြိုင်ဘက်က ငါတို့ထက် အဆင့်နှစ်ဆင့်လောက် ပိုမြင့်နေနိုင်တဲ့ ဖြစ်နိုင်ချေ ရှိတယ်" လိုဟန်က အသေးစိတ် ရှင်းပြလာ၏။
ကျန်းမင် တစ်ယောက် မှင်သက်သွားတော့သည်။
"မင်း နောက်နေတာ မဟုတ်လား"
လိုဟန်က ခေါင်းယမ်းရင်း…
"ဟင့်အင်း... မနောက်ဘူး... ဒီနေရာရဲ့ အလုပ်လုပ်ပုံက ဒီလိုပဲလေ... ဘာပဲဖြစ်ဖြစ် မတူညီတဲ့ ကမ္ဘာတွေနဲ့ စကြဝဠာတွေက ပါရမီရှင်တွေပဲ ဒီကို လာနိုင်တာ... အရမ်း အားနည်းပြီး စမ်းသပ်မှု သုံးခုကို မဖြတ်ကျော်နိုင်တဲ့ သူတွေဆို ဒီကို ရောက်လာနိုင်မှာ မဟုတ်ဘူး"
"ငါ့ကမ္ဘာမှာဆို ဒီကို လာနိုင်တဲ့ သူတွေက ဧကရာဇ် တစ်ပါး ဖြစ်လာနိုင်တဲ့ အရည်အချင်း ရှိတဲ့သူတွေပဲ" ယဲ့ချင်းရှန်းကလည်း ဝင်ပြောလာသည်။
အော်ရမ်ကလည်း...
"ငါ့ကမ္ဘာမှာတော့ အဲ့လို လူတွေကို နတ်ဘုရားတွေရဲ့ အချစ်တော်တွေလို့ ခေါ်ကြတယ်"
ထိုစကားများကြောင့် ကျန်းမင် တိတ်ဆိတ်သွားတော့၏။
သူ စင်္ကြံလမ်းသို့ ရောက်သောအခါ ခေါင်းမော့၍ ပထမဆုံး တိုက်ပွဲစင်မြင့်ဆီသို့ လှမ်းကြည့်လိုက်သည်။
စင်္ကြံလမ်းဘေးတွင် ကျောက်စာတိုင် တစ်တိုင် ရှိပြီး ထိုအပေါ်၌ ရွှေရောင်ဖြင့် ထွင်းထုထားသော နာမည်သုံးခု ရှိနေ၏။
နန်ဖေးချန် : အဆင့်လေးဆင့်
မင်ဖေး : အဆင့်လေးဆင့်
ဖန်မော့ : အဆင့်လေးဆင့်
ကျန်းမင်က ကျောက်စာတိုင်ကို လက်ညှိုးထိုးပြ၍ မေးလိုက်သည်။
"ဒါတွေက ဘာတွေလဲ"
လိုဟန်က လျင်မြန်စွာ ရှင်းပြလာ၏။
"ဒါတွေက ဘာလဲ သိချင်ရင် စင်္ကြံလမ်းပေါ် တက်လိုက် ဒါမှမဟုတ် ကျောက်စာတိုင်ကို သွားထိကြည့်... အော်... နောက်တစ်ခု ရှိသေးတယ်... ငါတို့အားလုံးက မတူညီတဲ့ ကမ္ဘာတွေက လာပြီး မတူညီတဲ့ ကျင့်စဉ်တွေ ရှိကြတော့ နားလည်ရ လွယ်အောင် ဒီမှာ ငါတို့ရဲ့ စွမ်းအားကို အဆင့်နဲ့ ခွဲခြား သတ်မှတ်ထားတယ်"
ကျန်းမင်က ခေါင်းညိတ်ပြီး ကျောက်စာတိုင်ကို တစ်ချက် ကြည့်ကာ စင်္ကြံလမ်းပေါ်သို့ တက်လှမ်းလိုက်သည်။
ဝုန်း...
ထိုအခိုက်အတန့်မှာပင် သတင်းအချက်အလက် စီးကြောင်းတစ်ခုက သူ့ခေါင်းထဲသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာတော့၏။
စည်းမျဉ်း အမှတ် (၁): ပြိုင်ဘက်ကို အနိုင်ယူပါက ၁ မှတ် ချီးမြှင့်မည် ဖြစ်ပြီး နောက်ထပ် နိုင်ပွဲတိုင်းအတွက် အမှတ် နှစ်ဆ တိုးသွားမည်။
စည်းမျဉ်း အမှတ် (၂): ပထမ တိုက်ပွဲစင်မြင့်ရှိ ပြိုင်ဘက်တွင် အဆင့် ၇ တိုက်ခိုက်ရေး စွမ်းအား ရှိသည်။
စည်းမျဉ်း အမှတ် (၃): စတုတ္ထ တိုက်ပွဲစင်မြင့်ကို အောင်မြင်သူများသာ အမြင့်ဆုံး ဂုဏ်ပြုခံရမည် ဖြစ်ပြီး နောင်လာနောက်သားများ လေးစား အားကျစေရန် မှတ်တမ်းတင်ခံရမည်။
စည်းမျဉ်း အမှတ် (၄): ရှုံးနိမ့်သူများမှာ စင်္ကြံလမ်းသို့ ပြန်လည် ပို့ဆောင်ခံရမည်။ စိန်ခေါ်သူများသည် နောက်တစ်ကြိမ် စိန်ခေါ်မှုတွင် သူတို့ ရှုံးနိမ့်ခဲ့သော တိုက်ပွဲစင်မြင့်ပေါ်၌ တိုက်ရိုက် ပေါ်လာမည်။
ကျန်းမင်က ခေါင်းလှည့်၍ မေးလိုက်သည်။
"စတုတ္ထ ကောင်းကင်စင်မြင့်ရဲ့ စွမ်းအားက ဘယ်အဆင့်နဲ့ ညီမျှတာလဲ"
လိုဟန်က သူကြုံတွေ့ခဲ့ရသည်များကို ပြန်ပြောင်း ပြောပြလာ၏။
"ငါ့ခန့်မှန်းချက် အရဆိုရင် အဆင့် ၈ ရဲ့ အစောပိုင်း အဆင့်မှာ ရှိလောက်တယ်... ငါ ပထမ တိုက်ပွဲစင်မြင့် သုံးခုကို အောင်မြင်ခဲ့ပေမဲ့ စတုတ္ထ တိုက်ပွဲစင်မြင့်မှာ ရှုံးနိမ့်သွားခဲ့တယ်လေ... ငါရင်ဆိုင်ခဲ့ရတဲ့ ပြိုင်ဘက်က အနည်းဆုံး အဆင့် ၈ မှာ ရှိတယ် ဆိုတာ သေချာတယ်... ပထမ စင်မြင့် သုံးခု အတွက်ကတော့ အဆင့် ၇ အနိမ့်ပိုင်း၊ အဆင့် ၇ အလယ်အလတ်ပိုင်းနဲ့ အဆင့် ၇ အမြင့်ပိုင်း အသီးသီး ဖြစ်လောက်တယ်"
ထိုစကားကြောင့် ကျန်းမင် အနည်းငယ် တုန်လှုပ်သွားသည်။
"ဒါဆို ကျောက်စာတိုင်ပေါ်က လူသုံးယောက်ရဲ့ စွမ်းအားက အနည်းဆုံး အဆင့် ၈ မှာ ရှိတယ်ပေါ့"
အဆင့် ၈ ကျင့်ကြံသူ တစ်ယောက်မှာ သူ့လောကတွင် သုခဘုံ အဆင့် ကျင့်ကြံသူ တစ်ယောက်နှင့် ညီမျှပေသည်။ သုခဘုံ ကျင့်ကြံသူ တစ်ယောက် မည်မျှ စွမ်းအားကြီးမားပြီး သတ်ဖြတ်ရန် မည်မျှ ခက်ခဲကြောင်း သူ အသိဆုံးပင်။
ခုံးရှန်းနှင့် တိုက်ပွဲအတွင်း သူသာ တစ်ဖက်လူအား စွမ်းအင်ပိတ်လှောင် စစ်တုရင်ခုံထဲသို့ ဆွဲမသွင်းနိုင်ခဲ့လျှင် အနိုင်ယူနိုင်စွမ်း ရှိမည်ဟု သူ့ကိုယ်သူပင် ယုံကြည်မှု ရှိခဲ့မည် မဟုတ်ချေ။
လိုဟန်က ခေါင်းညိတ် ထောက်ခံလိုက်၏။
"ဟုတ်တယ်... ဒါကလည်း အမှတ်ရဖို့ ခက်ခဲရတဲ့ အကြောင်းရင်းပဲ... တတိယ တိုက်ပွဲစင်မြင့်ကို ငါစိန်ခေါ်တုန်းက ဖြတ်ကျော်နိုင်ဖို့ အကြိမ်ကိုးကြိမ်နဲ့ သုံးနှစ်တောင် အချိန်ယူခဲ့ရတာ"
အော်ရမ်ကလည်း ဝင်ပါလာသည်။
"ငါကတော့ ပထမ တိုက်ပွဲစင်မြင့်ကိုပဲ ဖြတ်ကျော်နိုင်ခဲ့တာ"
ဂွမ်ရွေ့ မျက်နှာပေါ်တွင် မကျေနပ်သော အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး လျူယွမ်ကမူ တိုးတိုးလေး သက်ပြင်းချနေ၏။ ထိုစဉ် ယဲ့ချင်းရှန်းက လက်နှစ်ဖက်ကို နောက်ပစ်ထားရင်း ယုံကြည်မှု အပြည့်ဖြင့် ဝင်ပြောလာသည်။
"ငါကတော့ ဒုတိယအကြိမ် စိန်ခေါ်မှုမှာ စတုတ္ထ တိုက်ပွဲစင်မြင့်ကို ဖြတ်ကျော်နိုင်မယ်လို့ ယုံကြည်တယ်"
တစ်နည်းဆိုရလျှင် သူမက တစ်ကြိမ်သာ စိန်ခေါ်ခဲ့ရသေးသော်လည်း တတိယ တိုက်ပွဲစင်မြင့်ကို ဖြတ်ကျော်ပြီးသွားပြီ ဖြစ်သည်။ ကျန်းမင်က ယဲ့ချင်းရှန်းကို တစ်ချက် လှမ်းကြည့်လိုက်မိသည်။ သူမက အမှန်တကယ်ပင် လှပသော မိန်းမချောလေး တစ်ယောက် ဖြစ်ကြောင်း ဝန်ခံရပေမည်။
လိုဟန်က အားတက်သရော ပြောလာသည်။
"မင်း နာမည်ကို ကျောက်စာတိုင်ပေါ် ချန်ထားနိုင်ဖို့ ငါတကယ် မျှော်လင့်ပါတယ်... ဘာပဲဖြစ်ဖြစ် ငါတို့အားလုံး ဒီကို အတူတူ ဝင်လာကြတာဆိုတော့ ငါတို့ထဲက တစ်ယောက်ယောက်သာ ကျောက်စာတိုင်ပေါ် နာမည်ကျန်ခဲ့ရင် ငါလည်း တော်တော် ဂုဏ်ယူမိမှာ... သေချာတာပေါ့... အဲ့ဒါကို ငါ့အတွက် ခွန်အားအဖြစ် ယူမှာပါ... ငါ့မှာရော အခွင့်အရေး ရလာမလား ဘယ်သူသိမှာလဲ... ဒါပေမဲ့ အရမ်းတော့ ခက်ခဲတယ်... သမိုင်းတစ်လျှောက်လုံးမှာ ကျောက်စာတိုင်ပေါ် နာမည်ချန်ထားနိုင်ခဲ့တဲ့ လူသုံးယောက်ပဲ ရှိတာလေ... မိန်းကလေးရဲ့မှာ အဲ့လိုလုပ်နိုင်ဖို့ ယုံကြည်မှု ရှိတယ် ဆိုပေမဲ့ လူနှစ်ယောက်က ဘယ်လိုလုပ် ကျောက်စာတိုင်ပေါ် နာမည်ချန်ထားနိုင်မှာလဲ... အော် ဟုတ်သားပဲ... အစ်ကိုကျန်း ခင်ဗျားလည်း ရှိသေးတာပဲ"
"ဘယ်လိုပဲဖြစ်ဖြစ် ကံကောင်းပါစေ အစ်ကိုကျန်း... စတုတ္ထ တိုက်ပွဲစင်မြင့်ကို ခင်ဗျား အောင်နိုင်ပါစေလို့ မျှော်လင့်ပါတယ်"
"စတုတ္ထ တိုက်ပွဲစင်မြင့်လား..." ကျန်းမင်က ခပ်ရေးရေး ပြုံးလိုက်၏။
သူက ခြေလှမ်း ခပ်သွက်သွက်လှမ်းပြီး မကြာမီပင် ပထမ တိုက်ပွဲစင်မြင့်ဆီသို့ ရောက်ရှိလာသည်။ အဝေးမှ ကြည့်လျှင် ကျောက်စင်မြင့် တစ်ခုနှင့် တူသော်လည်း ထိုနေရာသို့ ရောက်မှသာ သူထင်ထားသည်မှာ လုံးဝ မှားယွင်းနေကြောင်း သဘောပေါက်လိုက်တော့သည်။
ဤသည်မှာ ကြီးမားကျယ်ပြန့်သော စစ်မြေပြင်ကြီး တစ်ခုပင်။ နက်ရှိုင်းသော ချောက်ကမ်းပါးများနှင့် ကျောက်ဆောင်များက နေရာအနှံ့ ရှိနေပြီး ကီလိုမီတာ ရာပေါင်းများစွာ အထိ ဆန့်တန်းနေလေသည်။
"သင်၏ လက်နက်ကို မှတ်ပုံတင်ပါ... သာမန် လက်နက်များကိုသာ ခွင့်ပြုထားကြောင်း သတိပြုပါ... အထူး စွမ်းရည် ပါဝင်သော လက်နက်များကို တင်းကျပ်စွာ တားမြစ်ထားသည်"
အသံတစ်သံက ကျန်းမင်၏ နားထဲသို့ ပဲ့တင်ထပ်လာပြီး နွားခေါင်းနှင့် လူသဏ္ဍာန် သတ္တဝါ တစ်ကောင်က သူ့ရှေ့တွင် ပေါ်လာသည်။
ထိုနွားခေါင်းသတ္တဝါ၏ ခေါင်းပေါ်တွင် ဦးချိုနှစ်ချောင်း ရှိပြီး တူကြီးတစ်လက်ကို ကိုင်ဆောင်ထားသည်။ ၎င်း၏ ပတ်ပတ်လည်တွင် ရွှေရောင် အလင်းတန်းများ လှည့်ပတ်နေပြီး ကြောက်မက်ဖွယ် ကောင်းသော အသွင်အပြင်ကို ဆောင်နေလေပြီ။
ကျန်းမင်က တည်ငြိမ်စွာပင် ကြေညာလိုက်သည်။
"လက်နက် မလိုဘူး"
"တိုက်ပွဲ စတင်ပါပြီ"
တစ်ဖက်ရှိ နွားခေါင်းသတ္တဝါက ၎င်းတူကြီးကို လွှဲရမ်းကာ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာတော့သည်။ ရွှေရောင် အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ဟင်းလင်းပြင်ပင် ၎င်း စွမ်းအားကို မခံနိုင်တော့သည့်အလား ပေါက်ကွဲသံကြီးက ကျယ်လောင်စွာ ပဲ့တင်ထပ်သွား၏။
တစ်ချိန်တည်းမှာပင် ပြင်းထန်သော ဖိနှိပ်မှု စွမ်းအား တစ်ခုက ကျန်းမင် အပေါ်သို့ ကျရောက်လာပြီး ဆွဲငင်အားကို အဆပေါင်းများစွာ တိုးမြင့်သွားစေသည်။
ဤသည်ကား မြေတာအိုပင်။
သို့တိုင် ကျန်းမင်မှာ အနည်းငယ်မျှပင် တုန်လှုပ်မသွားချေ။ သူက လက်သီးကို တင်းတင်းဆုပ်၍ သူ့ ခွန်အားနှင့် ချီစွမ်းအင် အားလုံးကို လက်သီးတစ်ချက်တည်းတွင် စုစည်းလိုက်ကာ နွားခေါင်းသတ္တဝါနှင့် တူကြီးကို အဝေးသို့ လွင့်ထွက်သွားစေတော့သည်။
နွားခေါင်းသတ္တဝါကို ပြန်လည် တုံ့ပြန်ခွင့်ပင် မပေးဘဲ အာကာသ အမှတ်အသားများပေါ်သို့ ခြေလှမ်းကာ နောက်ထပ် ကန်ချက်တစ်ချက်ကို အပြင်းအထန် ပေးလိုက်ပြန်၏။
"ဂုဏ်ယူပါတယ်... ကျန်းမင်... ပထမ တိုက်ပွဲစင်မြင့်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့တဲ့အတွက် ၁ မှတ် ချီးမြှင့်လိုက်သည်... တိုက်ပွဲကို ဆက်လက် ယှဉ်ပြိုင်ရန် (သို့မဟုတ်) စင်္ကြံလမ်းသို့ ပြန်ရန် ရွေးချယ်နိုင်သည်"
ကျန်းမင်လည်း မဆိုင်းမတွပင် အဝေးရှိ စင်္ကြံလမ်းဆီသို့ ပျံသန်းသွားတော့သည်။
လိုဟန်နှင့် အခြားသူများမှာ ကျန်းမင် ပထမ တိုက်ပွဲစင်မြင့်ပေါ် ခြေချလိုက်သည်နှင့် တိုက်ပွဲကို အာရုံစိုက် စောင့်ကြည့်နေခဲ့ကြခြင်း ဖြစ်သည်။
လိုဟန်က စိတ်ဝင်တစား မေးမြန်းနေသည်။
"သူ စင်မြင့်ကို ဖြတ်ကျော်နိုင်ဖို့ အချိန်ဘယ်လောက် ယူရမယ်လို့ ထင်လဲ"
"ငါကတော့ သူရှုံးမယ် ထင်တာပဲ" ဂွမ်ရွေ့က ဝင်ပြောလိုက်၏။ သူမ အသံမှာ ဆွဲဆောင်မှု ရှိသော်လည်း လှောင်ပြောင်လိုသည့် အရိပ်အယောင်များ ကပ်ငြိနေသည်။ "ဘယ်လို လက်နက်မှ မသုံးဘဲ နေရအောင် သူက တော်တော် သတ္တိကောင်းနေတာလား"
ယဲ့ချင်းရှန်းကလည်း သဘောထားကို ဖော်ပြလာသည်။
"သူ့ကိုယ်ပိုင် စွမ်းအားအပေါ် အရမ်း ယုံကြည်မှု ရှိနေလို့ နေမှာပေါ့... တချို့ဆို ပြိုင်ဘက်ကို လက်သီး နှစ်ချက်တည်းနဲ့တောင် အနိုင်ယူနိုင်သေးတာပဲ"
ဂွမ်ရွေ့က မယုံကြည်နိုင်ဟန်ဖြင့်...
"လက်သီး နှစ်ချက် ဟုတ်လား... ရယ်စရာကောင်းလိုက်တာ... သူက သာမန် လူတစ်ယောက်ပဲလေ... ဘယ်လို လက်နက်မှ မပါဘဲနဲ့ သူ..."
သူမ စကားမဆုံးခင်မှာပင် ကျန်းမင် တစ်ယောက် နွားခေါင်းသတ္တဝါကို လျင်မြန်စွာ အနိုင်ယူသည်အား မြင်လိုက်ရသဖြင့် စကားစ ပြတ်တောက်သွားပြီး မျက်နှာမှာလည်း ချက်ချင်း ပျက်ယွင်းသွားတော့သည်။
ယဲ့ချင်းရှန်းက သူ့ကို တစ်ချက် လှမ်းကြည့်၏။
လိုဟန်က အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။
"တော်တော် ကြမ်းတာပဲ... သူ တိုက်ပွဲစင်မြင့် ဘယ်နှခုလောက် ဖြတ်ကျော်နိုင်မယ် ထင်လဲ မိန်းကလေးယဲ့"
ယဲ့ချင်းရှန်း၏ မျက်လုံးများထဲတွင် နတ်ဘုရား အလင်းတန်းများ လှည့်ပတ်နေလျက် ပြန်ဖြေလာ၏။
"လေးခုလုံး ဖြစ်နိုင်တယ်"
"လေးခုလုံး ဟုတ်လား..."
ဂွမ်ရွေ့က လှောင်ပြောင်ပြီး သူမ အနောက်တွင် ကုလားထိုင် တစ်လုံးကို ခေါ်ယူလိုက်သည်။ သူမ ထိုင်ချလိုက်သည်နှင့် အစိမ်းရောင် ဝိုင်ခွက် တစ်ခွက်က လက်ထဲတွင် ပေါ်လာလေပြီ။
ကျန်းမင်မှာမူ ဒုတိယနှင့် တတိယ တိုက်ပွဲစင်မြင့် နှစ်ခုလုံးကို အလွယ်တကူ ဖြတ်ကျော်သွားခဲ့လေပြီ။
မကြာမီ သူက စတုတ္ထ တိုက်ပွဲစင်မြင့်ပေါ်သို့ တက်လှမ်းသွားပြီး သူ့မျက်နှာပေါ်တွင် လေးနက်သော အမူအရာများ ထွက်ပေါ်လာတော့သည်။
"သုခဘုံ ကျင့်ကြံသူ တစ်ယောက်ကို ငါ အနိုင်ယူနိုင်မလား ဆိုတာ ကြည့်ရသေးတာပေါ့..." ကျန်းမင်က တီးတိုး ရေရွတ်လိုက်၏။
End
***