စတုတ္ထ တိုက်ပွဲစင်မြင့်ပေါ်တွင် ကျန်းမင်ရှေ့၌ ဓားတစ်လက် ဝဲပျံနေ၏။
'ဓားတစ်လက်လား... ဘာမှမရှိတာထက်တော့ ပိုကောင်းပါတယ်လေ...'
ထိုအတွေးများ ခေါင်းထဲ ဖြတ်ပြေးသွားသည်နှင့် ကျန်းမင်က ရှေ့သို့ လက်လှမ်း၍ ဓားကို ကောက်ယူလိုက်လေပြီ။
ထိုစဉ် သူ့ရှေ့တည့်တည့်၌ လူရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။ ထိုသူက အပြာရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်ရှည်များ ဖားလျားချထားကာ လက်ထဲတွင်လည်း ဓားတစ်လက် ကိုင်ဆောင်ထားသေးသည်။
[တိုက်ပွဲ စတင်ပါပြီ]
"နတ်ဘုရားသတ် နှလုံးသားဓား..."
ထိုလူ၏ နဖူးထက်တွင် အလင်းတန်း တစ်ချက် လက်သွားသည်နှင့် တပြိုင်နက် တိုက်ခိုက်မှုက အရှိန်အဟုန်ဖြင့် ဝင်ရောက်လာတော့သည်။
၎င်းမှာ မူလဝိညာဉ် နယ်ပယ်အဆင့်ရှိ တိုက်ခိုက်မှု တစ်ခု ဖြစ်ပြီး ကြောက်မက်ဖွယ် ကောင်းလှသော လှုပ်ရှားမှု တစ်ခုပင်။ အကယ်၍ အထူး ကာကွယ်နိုင်စွမ်းသာ မရှိပါက တစ်စက္ကန့် အတွင်းမှာပင် အသက်ပျောက်သွားနိုင်သည်။
ဝုန်း...
သို့သော် ကျန်းမင်က ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သည်။
ဓာတ်ကြီးငါးပါး အလင်းတန်းများက အသိစိတ်ပင်လယ်၏ အမြှေးပါး တစ်ဝိုက် လှည့်ပတ် စီးဆင်းသွားပြီးနောက် ရိုးရှင်းသော ကာကွယ်ရေး အတားအဆီး တစ်ခုအဖြစ် ပြောင်းလဲသွားတော့၏။
အတိတ်တုန်းက မုရွှေယွင်၏ မူလဝိညာဉ် သူ့အား တိုက်ခိုက်လာစဉ် သိအစိတ်ပင်လယ်ကို ကာကွယ်ရန် နည်းလမ်းအား နားလည် သဘောပေါက်ခဲ့သည်။ သို့တိုင် ယနေ့အချိန်ထိ အခြေခံ အဆင့်ကိုသာ တတ်မြောက်ထားသေး၏။
သူက ဓာတ်ကြီးငါးပါး အသိပညာကို အသုံးပြု၍ ကာကွယ်ရေး အတားအဆီး တစ်ခု ဖန်တီးလိုက်သည်။ အသိစိတ်ပင်လယ်၏ အမြှေးပါးမှာ တုန်ခါသွားသော်လည်း ကျိုးပျက်သွားခြင်း မရှိပေ။
ထိုအချိန်တွင် တစ်ဖက်လူ၏ ဓားမှာ သူ့ရှေ့သို့ ရောက်ရှိနေလေပြီ။
ရွှမ်း...
ကျန်းမင် တစ်ယောက် ရုတ်တရက် ပျောက်ကွယ်သွားပြီး ပြန်ပေါ်လာချိန်တွင် ထိုလူ၏ အနောက်သို့ ရောက်နေပြီ ဖြစ်သည်။
"အာကာပြင် သဏ္ဍာန်မဲ့ ဓားချီ..."
ကျန်းမင်က လက်မြှောက်လိုက်သည်နှင့် ဓားစွမ်းအင် ကိုးခုက သူ့ပတ်ပတ်လည်တွင် ထွက်ပေါ်လာသည်။ ထို့နောက် လူငယ်ဆီသို့ အားလုံး ပစ်လွှတ်လိုက်ရာ အာကာသကို အက်ကွဲသွားစေပြီး လူငယ်၏ ပတ်ပတ်လည်ရှိ နတ်ဘုရား ကာကွယ်ရေး အလင်းတန်းများကိုပါ အပိုင်းပိုင်း ကြေမွသွားစေတော့သည်။
ရုတ်တရက် သူ့ပတ်ဝန်းကျင်ရှိ နေရာတစ်ခုလုံး မှောင်မိုက်သွားပြီး စစ်မြေပြင်ထက်သို့ သမုဒ္ဒရာ တစ်ခု ကျဆင်းလာခဲ့သည်။
ဤသည်မှာ ပုံရိပ်ယောင်မှန်း ကျန်းမင် ကောင်းကောင်း သိသည်။ လူငယ်က ၎င်းကို အသုံးပြု၍ သူ့ဓားစွမ်းအင်များကို ဖိနှိပ်ရန် ကြိုးစားနေခြင်းပင်။ ယင်းမှာ အတော်လေး ထိရောက်မှု ရှိသော်လည်း ကျန်းမင်ကမူ အနည်းငယ်မျှပင် တုန်လှုပ်မသွားချေ။
သူက အသက်ပြင်းပြင်း ရှူသွင်းလိုက်ရာ ခန္ဓာကိုယ်မှာ ဘီလူးကြီး တစ်ကောင်ပမာ ကြီးမားလာတော့၏။ ဤသည်ကား ကြယ်တာရာ အသွင်ပြောင်းခြင်းပင်။
သူ့ရုပ်ပိုင်းဆိုင်ရာ ခွန်အားမှာ မူလထက် ရှစ်ဆ တိုးလာပြီး ဒေါသတကြီး လောင်ကျွမ်းနေသော အရှိန်အဝါများက သမုဒ္ဒရာ တစ်ခုအဖြစ် ပြောင်းလဲသွားကာ သုခဘုံ ပုံရိပ်ယောင်ကို အပြင်းအထန် တုန်ခါသွားစေသည်။
"နတ်ဘုရား တောင်ကိုးလုံး ရတနာ..."
ကျန်းမင်က ဓားကို လွှင့်ပစ်ပြီး အခြား အထူးစွမ်းရည် တစ်ခု အသက်သွင်းလိုက်သည်။
ဤသည်မှာလည်း စနစ်က သူ့အား ပေးအပ်ထားသည့် နောက်ထပ် အစွမ်းထက် အထူးစွမ်းရည် တစ်ခုပင်။
နတ်ဘုရား တောင်ကိုးလုံးက သူ့အထက်တွင် ထွက်ပေါ်လာပြီး ၎င်းတို့ အရှိန်အဝါမှာ ပတ်ပတ်လည်ရှိ အရာအားလုံးကို ကြေမွသွားစေနိုင်လောက်အောင် စွမ်းအားကြီးမားလှ၏။
ဤအထူးစွမ်းရည်တွင်လည်း အဆင့်သုံးဆင့် ပါဝင်သည်။
ပထမအဆင့်တွင် သူက အနက်ရောင် နတ်ဘုရားတောင် တစ်လုံးကို ဖန်တီးနိုင်သည်။ တကယ်၍ ကိုးလုံး ဖန်တီးနိုင်ပါက ပြီးပြည့်စုံသည့် အဆင့်သို့ ရောက်သွားမည် ဖြစ်ပြီး အနက်ရောင် နတ်ဘုရားတောင်များမှနေ၍ ဒုတိယအဆင့်၏ အခြေခံဖြစ်သော ငွေရောင် နတ်ဘုရားတောင် အဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်သည်။
ဒုတိယအဆင့်ကို ကျွမ်းကျင်ပြီး ရွှေရောင် နတ်ဘုရားတောင် ဖြစ်သည့် တတိယအဆင့်သို့ ဝင်ရောက်နိုင်ရန် ဦးစွာ ငွေရောင် ကိုးလုံး ဖန်တီးနိုင်ရပေမည်။
ယခုတွင်မူ ကျန်းမင်က ငွေရောင် နတ်ဘုရားတောင် ဖြစ်သည့် ဒုတိယအဆင့်သို့ ရောက်ရှိနေလေပြီ။
"နတ်ဘုရားတောင် ပွေ့ဖက်ခြင်း..."
ကျန်းမင်က အော်ဟစ်ပြီး နတ်ဘုရားတောင်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ရင်း မြေကြီး တာအို၊ ဖိနှိပ်ခြင်း တာအိုနှင့် ဖျက်ဆီးခြင်း တာအိုတို့ကို တစ်ပြိုင်နက် အသက်သွင်းလိုက်၏။
နတ်ဘုရားတောင်မှာ လျင်မြန်စွာ ကျုံ့ဝင်သွားပြီး ကျန်းမင်ကိုယ်တိုင်လည်း ပိုလေးလံလာသည်ကို ခံစားလိုက်ရသည်။
"ဖိနှိပ်စမ်း..."
နတ်ဘုရားတောင်တွင် ကြီးမားလှသော စွမ်းအားများ ပါဝင်နေပြီး ကျန်းမင်က ထိုတောင်ကို လူငယ်ဆီသို့ အရှိန်အဟုန်ဖြင့် ပစ်လွှတ်လိုက်လေသည်။
လမ်းတစ်လျှောက်ရှိ အရာအားလုံးကို ကြောက်မက်ဖွယ် စွမ်းအားများဖြင့် ကြေမွစေကာ သူ့ထံ တည့်တည့် ဝင်ရောက်လာသော နတ်ဘုရားတောင်ကို မြင်လျှင် လူငယ်လည်း နောက်ဆုံးတွင် အံကြိတ်ကာ အော်ဟစ်လိုက်တော့သည်။
"သုခဘုံ တက်လှမ်းခြင်း... မိုးကြိုးမုန်တိုင်း လှံရှည်များ ထွက်ပေါ်စေ..."
သုခဘုံ ပုံရိပ်ယောင်မှာ အလင်းပြား တစ်ခုအဖြစ် ပြောင်းလဲသွားပြီး နတ်ဘုရားတောင်ကို တားဆီးရန် ဝါးမြိုပစ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ဓားစွမ်းအင်များက လျှပ်စီးလှံရှည်များ အဖြစ် ပြောင်းလဲသွားကာ နတ်ဘုရားတောင်ဆီ အပြင်းအထန် ဝင်ရောက် တိုက်ခိုက်တော့၏။
ကံမကောင်းစွာဖြင့် သူ့ကြိုးစားမှုများမှာ အချည်းနှီးသာ။
သုခဘုံ ပုံရိပ်ယောင်မှာ ပျောက်ကွယ်သွားပြီး မိုးကြိုးမုန်တိုင်း လှံရှည်များလည်း ပေါက်ကွဲထွက်သွားသည်။ နတ်ဘုရားတောင် ပြိုကျသွားသည်နှင့် လူငယ်မှာ အနောက်သို့ လွင့်စင်သွားပြီး ခန္ဓာကိုယ် တစ်ဝက်မှာ သွေးမြူများ အဖြစ် ပြောင်းလဲသွားခဲ့လေပြီ။
ကျန်းမင်လည်း ပေါက်ကွဲမှု အရှိန်ကြောင့် အနောက်သို့ လွင့်ထွက်သွားသော်လည်း မကြာမီ ဟန်ချက် ပြန်ထိန်းနိုင်ခဲ့သည်။ သူ့ပုံရိပ် ရုတ်တရက် ပျောက်ကွယ်သွားပြီး ပြန်ပေါ်လာချိန်တွင် လူငယ်၏ အနောက်သို့ ရောက်ရှိနေကာ လက်သီးတစ်ချက် ပစ်သွင်း၍ ခေါင်းကို ကြေမွသွားစေသည်။
သို့သော် လူငယ်၏ နဖူးထဲမှ သေးငယ်သော လူရိပ်လေး တစ်ခု ထွက်ပေါ်လာသည်။ ထိုအရာမှာ သူ့မူလဝိညာဉ်ပင်။ ထိုလူရိပ်လေးက လေထဲတွင် လှည့်ပတ်ကာ ဓားစွမ်းအင် အဖြစ် ပြောင်းလဲသွားပြီး ကျန်းမင်၏ မျက်ခုံးနှစ်ခုကြား ဗဟိုချက်ဆီ တည့်တည့် ဝင်ရောက်လာတော့သည်။
"ဝိညာဉ် ဖျက်ဆီးခြင်း..."
ဤသည်ကား လူငယ်၏ နောက်ဆုံး လက်နက်ပင်။ ၎င်းမှာ လျင်မြန်လွန်းသော်လည်း ကံမကောင်းစွာဖြင့် ကျန်းမင်က တစ်ပန်းသာနေခဲ့သည်။
ကျန်းမင် ရုတ်တရက် ပျောက်ကွယ်သွားပြီး မီတာ တစ်သောင်းအကွာတွင် ပြန်ပေါ်လာ၏။
"မင်း သဘောအတိုင်း ဖြစ်ခွင့်ပေးစရာ အကြောင်းမရှိဘူး... ကောင်းကင်ကိုးထပ် အင်ပါယာ လျှပ်စီး... သေစမ်း..."
ကျန်းမင်က လက်ကို မြှောက်လိုက်ရာ မိုးကြိုးများက မူလဝိညာဉ် အပေါ်သို့ မိုးရွာချသကဲ့သို့ ကျဆင်းလာပြီး လုံးဝ ဖျက်ဆီးပစ်လိုက်တော့သည်။
မူလဝိညာဉ် ဆိုသည်မှာ လျင်မြန်သော်လည်း အလွန် ကျိုးပဲ့လွယ်သည် မဟုတ်ပါလား။
"ဂုဏ်ယူပါတယ်... ကျန်းမင်... စတုတ္ထ တိုက်ပွဲစင်မြင့်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့တဲ့အတွက် ၈ မှတ် ချီးမြှင့်လိုက်သည်"
"စတုတ္ထ တိုက်ပွဲစင်မြင့်ကို ဖြတ်ကျော်နိုင်ခဲ့တဲ့ ကျန်းမင်ကို ထပ်မံ ဂုဏ်ပြုပါတယ်... အထူး အခွင့်အာဏာကို ချီးမြှင့်လိုက်ပြီး အသေးစိတ်ကို အထွတ်အထိပ် အမိန့်တော်မှတစ်ဆင့် နောက်မှ စစ်ဆေးနိုင်သည်"
ကျန်းမင် အံ့အားသင့်သွားသည်။
'လျှို့ဝှက် ဆုလာဘ် ရှိတယ်ပေါ့... အထူး အခွင့်အာဏာ... အဲ့ဒါက ဘာလဲ'
ကျန်းမင် သိချင်စိတ် ပြင်းပြနေသော်လည်း ယခုမှာ စစ်ဆေးရန် အချိန်ကောင်း မဟုတ်မှန်း ကောင်းကောင်း သိထား၏။
စွမ်းအားများ ပြန်လည် တိုးမြှင့်မှုကြောင့် ကျန်းမင်လည်း မျက်တောင်တစ်ခတ် အတွင်းမှာပင် သူဆုံးရှုံးခဲ့သော စွမ်းအင်များ အားလုံး ပြန်ရလာခဲ့လေပြီ။ သူက နောက်ထပ် စင်္ကြံလမ်းဆီ ပျံသန်းသွားပြီး ပဉ္စမ တိုက်ပွဲစင်မြင့်သို့ ဦးတည်သွားတော့သည်။
ထိုအချိန်တွင် စင်မြင့်ဘေးရှိ စင်္ကြံလမ်းပေါ် ကျောက်စာတိုင် အောက်ခြေ၌ နာမည်အသစ် တစ်ခု ထွက်ပေါ်လာခဲ့လေပြီ။
ကျန်းမင် : အဆင့်လေးဆင့်
ထိုမြင်ကွင်းကြောင့် လိုဟန်နှင့် အခြားသူများမှာ မှင်သက်သွားကြ၏။
"သူ... သူ အခုလေးတင် သူ့ပြိုင်ဘက်ကို သတ်လိုက်တာလား" ဂွမ်ရွေ့က မယုံကြည်နိုင်သော လေသံဖြင့် ရေရွတ်လိုက်သည်။
လိုဟန်လည်း အံ့ဩတကြီးဖြင့်…
"မယုံနိုင်စရာပဲ... ပါရမီရှင် အများကြီး ဒီနေရာကို ရောက်လာခဲ့ပေမဲ့ အဲ့ဒီ သုံးယောက်ပဲ ကျောက်စာတိုင်ပေါ် နာမည် ချန်ထားနိုင်ခဲ့တာ... အခု နောက်တစ်ယောက် ထပ်ပေါ်လာပြီ... ဒီလို သမိုင်းဝင် အခိုက်အတန့်ကို မြင်ရတာ ငါဘာလို့ မနာလို ဖြစ်နေရတာလဲ... ပြီးတော့ ငါ့သွေးတွေ ဆူပွက်နေသလို ခံစားရတယ်"
"ငါလည်း အဲ့လိုပဲ ခံစားရတယ်... စတုတ္ထ တိုက်ပွဲစင်မြင့်က ပြိုင်ဘက်တွေက လုံးဝ အဆင့် တစ်ခုမှာ ရှိနေတာ... ဘယ်လို ပြန်တိုက်ခိုက်ရမလဲ ဆိုတာတောင် မသိနိုင်တဲ့ အတိုင်းအတာ တစ်ခုအထိ သူတို့က စွမ်းဆောင်နိုင်တယ်" အော်ရမ်ကလည်း ထောက်ခံသည်။
လိုဟန်က ခါးသီးစွာ ပြုံးရင်း…
"အဲ့ဒါ ငါခဏခဏ ရှုံးခဲ့ရတဲ့ စွမ်းရည်ပဲ... အဲ့ဒီ အတိုင်းအတာက ငါတို့ရဲ့ လှုပ်ရှားမှုတွေကို ဖိနှိပ် ကန့်သတ်နိုင်စွမ်း ရှိရုံတင် မကဘူး... အရပ်မျက်နှာ အားလုံးကနေ ဝင်လာမယ့် တိုက်ခိုက်မှုတွေကိုလည်း ငါတို့ သတိထားနေရသေးတယ်... ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ကလွဲပြီး ငါဘာမှ မလုပ်နိုင်ခဲ့ဘူး"
ထိုစဉ် ယဲ့ချင်းရှန်းက မျက်လုံးများထဲ အံ့အားသင့်မှုများ ပြည့်နှက်နေလျက် ဝင်ပြောတော့သည်။
"မှန်တယ်... ဒါပေမဲ့ သူက အဲ့ဒီစွမ်းရည်ကို ဖောက်ထွက်နိုင်ခဲ့ပြီး သူ့ရဲ့ ကြီးမားတဲ့ စွမ်းအားနဲ့ တည်နေရာ ရွှေ့ပြောင်းနိုင်တဲ့ စွမ်းရည်ပါ အပြည့်အဝ အသုံးချပြီး ပြိုင်ဘက်ကို အနိုင်ယူနိုင်ခဲ့တာ"
"မင်း ပြောတာက လွယ်သယောင် ထင်ရပေမဲ့ အဲ့ဒါ ဘယ်လောက် ခက်ခဲလဲ ဆိုတာ မင်းသိလား... ကြီးမားတဲ့ စွမ်းအား ဟုတ်လား... သူဘယ်လောက်ပဲ သန်မာနေပါစေ သူ့ထက် အများကြီး ပိုသန်မာတဲ့ သူကို ရင်ဆိုင်နေရတာလေ... သူအခုလေးတင် လုပ်သွားတဲ့ စွမ်းဆောင်ရည်မျိုး လုပ်နိုင်ဖို့ တိုက်ပွဲ အတွေ့အကြုံ ဘယ်လောက် လိုအပ်လဲ ဆိုတာ မင်းသိရဲ့လား... ပြီးတော့ မင်းပြောတဲ့ နေရာရွှေ့ပြောင်းနိုင်တဲ့ စွမ်းရည်ဆိုတာ အာကာသ တာအိုကို အပြည့်အဝ နားလည် သဘောပေါက်မှသာ ရနိုင်တဲ့ အထူး စွမ်းရည်တစ်ခုပဲ... ငါတို့ နယ်ပယ်မှာ အဲ့လို လုပ်နိုင်တဲ့သူ သိပ်မရှိဘူး... အနည်းဆုံးတော့ အာကာသ တာအိုကို နားလည်တဲ့သူ ငါတို့နယ်ပယ်မှာ ရှိတယ်လို့ ငါ တစ်ခါမှ မကြားဖူးဘူး" လိုဟန်က ခေါင်းခါယမ်း၍ ရှင်းပြလာ၏။
"ငါလည်း မကြားဖူးဘူး... သူ့ရဲ့ စွမ်းအားရော၊ ဉာဏ်ရည်ရောက စိတ်ကူးထက်ကို လွန်ကဲနေတာ... ပဉ္စမ တိုက်ပွဲစင်မြင့်ကိုပါ သူ ဖြတ်ကျော်နိုင်မယ်လို့ ငါထင်တယ်" ယဲ့ချင်းရှန်းက ခေါင်းယမ်းရင်း ထောက်ခံသည်။
"ပဉ္စမ တိုက်ပွဲစင်မြင့်လား"
ယဲ့ချင်းရှန်း၏ စကားကို ကြားလျှင် အားလုံး အသက်ရှူမှားသွားကြ၏။ ကျန်းမင် တစ်ယောက် ပဉ္စမ တိုက်ပွဲစင်မြင့်ကို အမှန်တကယ် ဖြတ်ကျော်နိုင်မည်လားဟု အားလုံးက တွေးတောနေမိကြသည်။ စတုတ္ထ တိုက်ပွဲစင်မြင့်ပေါ်ရှိ သူ့စွမ်းဆောင်ရည် အရဆိုလျှင် ဖြစ်နိုင်ချေ ရှိသည်။
မဟုတ်သေး... သေချာပေါက် ဖြတ်ကျော်နိုင်ပေလိမ့်မည်။ အကယ်၍ ပဉ္စမအဆင့်ကိုသာ သူ ဖြတ်ကျော်နိုင်ပါက စံချိန်သစ် တင်သွားပြီဟု ဆိုလိုခြင်း မဟုတ်လော။
လိုဟန်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
"ဝိုး... တကယ်လို့သာ ပဉ္စမအဆင့်ကို သူ ဖြတ်ကျော်နိုင်ခဲ့ရင် တကယ်ကို မိုက်မှာပဲ"
"တော်ပါတော့..." ဂွမ်ရွေ့က နှာခေါင်းရှုံ့၍ လှောင်ပြောင်၏။
ပဉ္စမ တိုက်ပွဲစင်မြင့်ပေါ်တွင်လည်း ကျန်းမင်က ဓားကိုသာ ရွေးချယ်လိုက်လေသည်။
သူက ထိုလူငယ်ကိုပင် ထပ်မံ ရင်ဆိုင်ရမည် ဖြစ်သော်လည်း ဤတစ်ကြိမ်တွင် လူငယ်က အနက်ရောင် ဝတ်ရုံ ဝတ်ဆင်ထားပြီး ကွဲပြားသော ခံစားချက်ကို ပေးစွမ်းနေသည်။ ထိုသူ၏ တစ်ကိုယ်လုံးတွင် ဘေးအန္တရာယ် အရှိန်အဝါများ ဖုံးလွှမ်းနေပြီး ကပ်ဘေးတစ်ခု လူ့အသွင် ခံယူထားသည့်အလားပင်။
ကျန်းမင် အမူအရာမှာ တည်ကြည်သွားတော့၏။
"ဘေးအန္တရာယ် တာအိုလား... ပြီးတော့ သူက သုခဘုံ အဆင့်ရဲ့ အလယ်အလတ် အဆင့်မှာ ရှိနေတာလား"
မျက်တောင်တစ်ခတ် အတွင်းမှာပင် လူငယ်က သုခဘုံ ပုံရိပ်ယောင်ကို သူ့အပေါ် ကျရောက်လာစေသည်။
ဒေါသတကြီး တိုက်ခတ်နေသော လေပြင်းများ၊ လောင်ကျွမ်းနေသော နေမင်း၊ ကျဆင်းလာသည့် ဥက္ကာပျံများ၊ ဆူပွက်နေသော ချော်ရည်များနှင့် ဟိုဒီ ပျံသန်းနေသော ဓားစွမ်းအင်များ... နေရာတစ်ခုလုံးတွင် ဘေးအန္တရာယ် စွမ်းအား မျိုးစုံဖြင့် ပြည့်နှက်နေပြီး သုခဘုံ ပုံရိပ်ယောင် အတွင်း၌ ကမ္ဘာပျက်မည့် မြင်ကွင်းနှင့်ပင် တူနေလေပြီ။
ကျန်းမင် တစ်ယောက် မှင်သက်သွားတော့သည်။
"ဒါက..."
"အံ့ဩစရာပဲ... ဘေးအန္တရာယ် တာအို ဖြစ်ပေါ်လာဖို့ သူက အသိပညာတွေ အားလုံးကို ပေါင်းစပ်ထားတာပဲ"
"သစ်သား နဂါး..."
မည်သို့ပင်ဆိုစေ ယခုအချိန်မှာ ပြိုင်ဘက်ကို ကြည့်၍ အံ့ဩနေရမည့် အချိန် မဟုတ်မှန်း ကျန်းမင် ကောင်းကောင်း သိထား၏။ သူက စိတ်ကို လျင်မြန်စွာ တည်ငြိမ်အောင် ထား၍ အထူး စွမ်းရည်ကို အသက်သွင်းလိုက်သည်။
ကြီးမားသော သစ်တောကြီး တစ်ခုက စစ်မြေပြင်ထက်တွင် ထွက်ပေါ်လာသည်။ သစ်ကိုင်းများနှင့် နွယ်ပင်များက တစ်ခုနှင့်တစ်ခု ရစ်ပတ်သွားပြီး အစိမ်းရောင် နဂါးများစွာ အဖြစ် ပြောင်းလဲသွားတော့၏။
ထိုနဂါးများ လူငယ်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားစဉ် ဘေးအန္တရာယ် စွမ်းအား မျိုးစုံကြောင့် ကြေမွ ပျက်စီးသွားခဲ့လေပြီ။
"မဟာ ပုံရိပ်ယောင် နည်းစနစ်..."
ကျန်းမင်က ပုံရိပ်ယောင် နှစ်ခုကို ခေါ်ယူပြီး လူငယ်၏ ဘယ်နှင့်ညာသို့ စေလွှတ်လိုက်သည်။ တစ်ခုက ကောင်းကင် ဖိနှိပ်ခြင်း နတ်ဘုရား တံဆိပ်တုံးကို ဖန်တီးရန် ပြင်နေပြီး ကျန်တစ်ခုကမူ ကောင်းကင်ကိုးထပ် အမြောက်ကို အသက်သွင်းထား၏။
"မုန်တိုင်း အသွင်ပြောင်းခြင်း..."
လူငယ်မှာ လေပြေတစ်ခု အဖြစ် ပြောင်းလဲသွားပြီး သုခဘုံ ပုံရိပ်ယောင်ထဲသို့ ပေါင်းစပ်ဝင်ရောက်ကာ ပုံရိပ်ယောင် နှစ်ခုလုံး၏ တိုက်ခိုက်မှုများကို လွတ်ချော်သွားစေသည်။
ကျန်းမင်က ကြယ်တာရာ အသွင်ပြောင်းခြင်းကို အသက်သွင်းပြီး ဖြစ်သည်။ အစပိုင်းတွင် သူက လူငယ်ကို ကိုယ်တိုင် ဝင်ရောက် တိုက်ခိုက်နေစဉ် ပုံရိပ်ယောင်များအား အာရုံလွှဲရန် အသုံးပြုဖို့ စီစဉ်ထားခဲ့သော်လည်း သူ့ အစီအစဉ်မှာ ကျရှုံးသွားခဲ့လေပြီ။
သူ့ပြိုင်ဘက် ခြေရာကိုပင် လွတ်သွားခဲ့၏။ ထိုသူအား ခြေရာခံရန် လူသားလမ်းစဉ် မှတ်တမ်းကို အသုံးပြုနိုင်သော်လည်း သူ ငြင်းဆန်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်ပိုင် စွမ်းအားကိုသာ အားကိုး၍ တိုက်ခိုက်မည် ဖြစ်သောကြောင့်ပင်။
မိနစ် အနည်းငယ် ကြာပြီးနောက် ပုံရိပ်ယောင် နှစ်ခုလုံး ရှုံးနိမ့်သွားတော့သည်။
ပြိုင်ဘက်၏ လှုပ်ရှားမှုများမှာ ခန့်မှန်းရ ခက်ခဲသော်လည်း ကံကောင်းစွာဖြင့် သူက နေရာရွှေ့ပြောင်းနိုင်သောကြောင့် တောင့်ခံထားနိုင်သေးသည်။
'ဒီလို ဆက်သွားလို့ မဖြစ်ဘူး... သူက သုခဘုံ ပုံရိပ်ယောင်ထဲကို ဝင်ရောက် ပေါင်းစပ်နိုင်တော့ သူ့ကို သတ်ဖို့ အရမ်း ခက်တယ်... ငါ သူ့ကို မိချင်ရင် သုခဘုံ ပုံရိပ်ယောင်ကို အရင် ဖယ်ရှားပစ်ဖို့ လိုတယ်...'
ထိုအတွေးဖြင့် ကျန်းမင်က စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီးနောက် ပြိုင်ဘက်ကို အောင်မြင်စွာ ရှာတွေ့သွားတော့၏။
"တွေ့ပြီ..." သူက အော်ဟစ်လိုက်သည်။
အချိန်ဖြုန်းမနေဘဲ နတ်ဘုရားတောင် ရတနာကိုးပါးကို အသက်သွင်းပြီး လူငယ်ကို ထွက်လာအောင် အတင်းအကျပ် ဖိအားပေးသည်။ ထိုအချိန်အတွင်း သုခဘုံ ပုံရိပ်ယောင်မှာ ပုံပျက်သွားပြီး လုံးဝ ပျောက်ကွယ်သွားခဲ့လေပြီ။
"သေစမ်း..."
ကျန်းမင်က ဟစ်အော်ရင်း လူငယ်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွား၏။
သို့သော် လူငယ်မှာ ဤအတိုင်း အလွယ်တကူ အရှုံးပေးမည့်ပုံ မပေါ်ပေ။ မရေမတွက်နိုင်သော ဘေးအန္တရာယ် စွမ်းအားများက ကျန်းမင် အပေါ်သို့ ကျရောက်လာပြီး သူ့ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများစွာ ဖြစ်ပေါ်သွားစေသည်။
မည်သို့ပင်ဖြစ်စေ နောက်ဆုံးတွင် လူငယ်မှာ ရှုံးနိမ့်သွားခဲ့ပြီး ဤတစ်ကြိမ်တွင် ကျန်းမင်က ၁၆ မှတ် ရသွားခဲ့လေပြီ။
ဆဋ္ဌမ တိုက်ပွဲစင်မြင့်ရှိ စစ်မြေပြင်ထဲသို့ ကျန်းမင် ဝင်ရောက်သွားသည်နှင့် စိတ်ပျက်အားငယ်မှုများနှင့် အမှောင်ထုက သူ့အား လွှမ်းခြုံထားသည်ကို ခံစားလိုက်ရသည်။
သူ့ပြိုင်ဘက်မှာ အလင်း အမှောင် တာအိုကို ကျွမ်းကျင်သော ကျင့်ကြံသူ တစ်ယောက်ပင်။
ထိုသူက အမှောင်ထုကို ခေါ်ယူလိုက်ရုံဖြင့် ကျန်းမင်မှာ လုံးဝ အမှောင်ကျသွားတော့၏။ ဟိုဟိုဒီဒီ နေရာရွှေ့ပြောင်းရန် ကြိုးစားခဲ့သော်ငြား သူ့နဖူးအား ထိုးဖောက် ဝင်ရောက်လာမှုကိုမူ မတားဆီးနိုင်ခဲ့ချေ။
စင်မြင့်ဘေးရှိ စင်္ကြံလမ်းပေါ်တွင် ပြန်ပေါ်လာချိန်၌ ကျန်းမင်က တီးတိုး ရေရွတ်လိုက်သည်။
"ဒါ သေခြင်းတရား ဆိုတာလား"
ကျောရိုးထဲ စိမ့်ခနဲ ခံစားလိုက်ရသဖြင့် သူက သူ့နဖူးကို အလျင်အမြန် စမ်းသပ်ကြည့်မိ၏။
စိတ်ကို တည်ငြိမ်အောင် ထားရန် အချိန်အနည်းငယ် ယူပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်သည်။
"အထူး အခွင့်အာဏာက ဘာများ ထူးခြားလဲ ဆိုတာ ကြည့်ရသေးတာပေါ့... အထွတ်အထိပ် စေတီကြီးရဲ့ သခင် ဖြစ်လာတာမျိုးလို ကောင်းတဲ့အရာ တစ်ခုခု ဖြစ်ဖို့တော့ မျှော်လင့်တာပဲ"
ထိုသို့ တွေးတောနေရင်း အထွတ်အထိပ် အမိန့်တော်ကို ဆွဲထုတ်လိုက်လေတော့သည်။
End
***