လိုဟန်နှင့် အခြားသူများလည်း အောက်သို့ ဆင်းလာခဲ့ကြလေပြီ။
အားလုံးက ကျန်းမင်ကို အံ့အားသင့်စွာ ဝိုင်းကြည့်နေကြ၏။
အတိတ်တုန်းက စတုတ္ထ တိုက်ပွဲစင်မြင့်ကို ဖြတ်ကျော်နိုင်သူ သုံးယောက်သာ ရှိခဲ့သော်လည်း ယခု ကျန်းမင်က ပဉ္စမ တိုက်ပွဲစင်မြင့်ကိုပါ ဖြတ်ကျော်ပြီး စံချိန်ချိုးသွားခဲ့ပြီ မဟုတ်ပါလား။
"ဂုဏ်ယူပါတယ် ညီအစ်ကိုကျန်း..." လိုဟန်က ပြောလိုက်၏။
ကျန်းမင်လို လူမျိုးမှာ အခွင့်အရေးသာ ရပါက အနာဂတ်တွင် မယုံကြည်နိုင်လောက်အောင် ကြီးကျယ်ခမ်းနားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာမည်မှာ သေချာပေါက်ပင်။
ယဲ့ချင်းရှန်းကလည်း...
"တော်တော် ကြမ်းတာပဲ..."
သူမက တတိယအဆင့် အထိသာ ဖြတ်ကျော်နိုင်ခဲ့ပြီး စတုတ္ထအဆင့်တွင် ရပ်တန့်သွားခဲ့ရသည်။ ထို့ကြောင့် စတုတ္ထအဆင့်ရှိ ပြိုင်ဘက် မည်မျှ စွမ်းအားကြီးမားကြောင်း သူမ အကောင်းဆုံး သိထား၏။ သို့သော် ကျန်းမင်က စတုတ္ထအဆင့်ကို ဖြတ်ကျော်နိုင်ရုံသာမက ပဉ္စမအဆင့်ကိုပါ အောင်မြင်ခဲ့လေသည်။ သူက သူမထက် အများကြီး ပိုသန်မာပေသည်။
'ငါ့ကမ္ဘာက လူအများစုက ငါ့ကို အနာဂတ်မှာ ဧကရီ တစ်ပါး ဖြစ်လာမယ်လို့ ပြောကြတယ်... ဒါပေမဲ့ သူကရော ဘယ်လိုမျိုးလဲ... အဆုံးအစမရှိတဲ့ အနာဂတ်လို့ ပြောတာကလွဲပြီး သူ့ကို ဖော်ပြဖို့ တခြား စကားလုံး မရှိတော့ဘူး...'
အော်ရမ်နှင့် လျူယွမ်တို့လည်း ရှေ့ထွက်လာပြီး သူ့အား ဂုဏ်ပြုစကား ဆိုကြသည်။
ဂွမ်ရွေ့ကမူ နှုတ်ခမ်းဆူ၍ မျက်နှာလွှဲသွား၏။ မည်သို့ဖြစ်စေ သူတို့နှစ်ယောက်က မတူညီသော ကမ္ဘာများမှ လာကြသူများ ဖြစ်ပြီး နောက်တစ်ကြိမ် ပြန်ဆုံဖို့ မဖြစ်နိုင်ကြောင်း သူမ ယုံကြည်ထားသည်။
ကျောက်စာတိုင် ထိပ်ဆုံးရှိ နာမည်ကို ကြည့်ရင်း အားလုံးမှာ အံ့ဩမဆုံး ဖြစ်နေကြဆဲပင်။
ကျန်းမင် : အဆင့်ငါးဆင့်
သူက နံပါတ်တစ် နေရာတွင် ရှိနေလေပြီ။ သမိုင်းတစ်လျှောက်လုံးတွင် ကျောက်စာတိုင်ပေါ် နာမည်ချန်ထားနိုင်သူ လေးယောက်သာ ရှိပြီး သူတို့ထဲမှ တစ်ယောက်က ပဉ္စမအဆင့်ကို ဖြတ်ကျော်ကာ စံချိန်ချိုးနိုင်ခဲ့ခြင်း ဖြစ်သည်။
သူတို့အားလုံးမှာ ပါရမီရှင်များ ဖြစ်ကြပြီး မိမိတို့ ကမ္ဘာရှိ သက်တူရွယ်တူများထက် များစွာ ပိုသန်မာသူများ ဖြစ်သောကြောင့် ဤနေရာသို့ ပထမဆုံး ရောက်လာချိန်တွင် သူတို့ကိုယ်သူတို့ အတော်ဆုံးဟု ခံစားခဲ့ရသည်။
သို့သော် ဤနေရာတွင် အချိန်ကြာကြာ နေလေလေ သူတို့ ထင်ထားသည်မှာ မည်မျှ မှားယွင်းကြောင်း ပိုသိလာရလေလေပင်။ ပါရမီရှင် တစ်ယောက်နှင့် တစ်ယောက်ကြားရှိ ကွာဟချက်မှာ မတူညီကြပေ။ အချို့က မြစ်တစ်စင်းလို သေးငယ်သော်လည်း အချို့က ချောက်ကမ်းပါးကြီး တစ်ခုလို ကြီးမားကျယ်ပြန့်သည်။
ပထမဆုံး လိုဟန်၊ ထို့နောက် ယဲ့ချင်းရှန်း၊ ယခု ကျန်းမင်။
ထိုသူများက လူသားများ မဟုတ်တော့... ရယ်စရာ ကောင်းလောက်အောင် သန်မာလွန်းသည့် မကောင်းဆိုးဝါးများသာ။
"ကောင်းကင်ဘုံ လှေကားထစ်ကိုရော စမ်းကြည့်ချင်သေးလား..." လိုဟန်က တစ်ဖက်ရှိ ဖြူဖွေးသော ကျောက်စိမ်း လှေကားထစ်ကို လက်ညှိုးထိုးပြရင်း မေးလိုက်သည်။ "မင်းရဲ့ စိတ်စွမ်းအားကို စမ်းသပ်ခံရလိမ့်မယ်... မင်းဆီမှာ ဒီလောက် ကြီးမားတဲ့ တိုက်ခိုက်ရေး စွမ်းအား ရှိနေမှတော့ စိတ်စွမ်းအားလည်း အားကောင်းမှာ သေချာပါတယ်"
"ငါ အရင်နားလိုက်ဦးမယ်..." ကျန်းမင်က ပြန်ဖြေ၏။ "တိုက်ပွဲကြောင့် ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုတွေ ပြန်ကောင်းသွားပြီ ဆိုပေမဲ့ စိတ်ပိုင်းဆိုင်ရာ အရတော့ ပင်ပန်းနေသေးတယ်"
"မင်းပြောတာ မှန်တယ်... ဒါပေမဲ့ ကောင်းကင်ဘုံ လှေကားထစ်ကို စိန်ခေါ်မယ့် အချိန်ကျရင် ငါ့ကို ပြောဖို့ မမေ့နဲ့... ကြည့်ရတာ တော်တော် ခမ်းနားမယ့် မြင်ကွင်း ဖြစ်မှာ သေချာတယ်"
"ရပါတယ်..."
"ကျေးဇူး အများကြီး တင်ပါတယ် ညီအစ်ကိုကျန်း..."
ခဏတာ စကားပြောပြီးနောက် အားလုံး သူ့ကို အနားပေးလိုက်ကြသည်။
အချို့က သူတို့၏ သောက်စရာများကို ဆက်လက် သောက်သုံးနေပြီး အချို့က အုပ်စုဖွဲ့ကာ တစ်စုံတစ်ရာကို ဆွေးနွေးနေကြသည်။ သို့သော် မည်သူတစ်ဦး တစ်ယောက်ကမျှ ကောင်းကင် တိုက်ပွဲစင်မြင့်၊ ကောင်းကင်ဘုံ လှေကားထစ်ကို စိန်ခေါ်ရန် သို့မဟုတ် တာအို သန်းပေါင်းများစွာ ပုံရိပ်ကားချပ်အား နားလည် သဘောပေါက်အောင် ကြိုးစားရန် ရည်ရွယ်ထားပုံ မရချေ။
ကျန်းမင်က ဆိုဖာပေါ်တွင် ထိုင်ရင်း အထွတ်အထိပ် အမိန့်တော်ကို ဆွဲထုတ်လိုက်သည်။
သူ့စိတ်ဆန္ဒ အရ သတင်းအချက်အလက် စီးကြောင်းတစ်ခုက သူ့ခေါင်းထဲ ဝင်ရောက်လာပြီး အလွန် အံ့အားသင့်သွားတော့၏။
အထူး အခွင့်အာဏာနှင့် ပတ်သက်သော အချက်အလက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။ ကောင်းကင် တိုက်ပွဲစင်မြင့်၏ စတုတ္ထအဆင့်ကို ဖြတ်ကျော်နိုင်သူတိုင်း အထွတ်အထိပ် စကားပြောခန်း အဖွဲ့သို့ ဝင်ရောက်ခွင့် ရရှိမည် ဖြစ်သည်။ ၎င်းက အဖွဲ့ထဲရှိ လူတိုင်းအား အထွတ်အထိပ် စေတီ၏ ပြင်ပမှနေ၍ အချင်းချင်း စကားပြောဆိုနိုင်ခွင့် ပေးထားသည်။
စကားပြောခန်းသို့ ဝင်ရောက်ပြီးနောက် ကျင့်ကြံခြင်း အဆင့် တိုးတက်သွားသော်လည်း နောက်တစ်ကြိမ် အထွတ်အထိပ် စေတီ၏ စမ်းသပ်မှုကို မအောင်မြင်ပါက စကားပြောခန်းထဲမှ ထုတ်ပယ်ခံရမည် ဖြစ်သည်။ ထို့အပြင် ကျင့်ကြံခြင်း အဆင့် ၁၀ ထက် ကျော်လွန်သွားပါကလည်း စကားပြောခန်းထဲမှ ထုတ်ပယ်ခံရပေမည်။
၎င်းမှာ ကြီးကြီးမားမား အထင်ကြီးစရာ မဟုတ်သော်ငြား ကျန်းမင်ကိုမူ တုန်လှုပ်သွားစေခဲ့သည်။
'တစ်နည်းဆိုရရင် ငါတို့တွေ မတူညီတဲ့ ကမ္ဘာ ဒါမှမဟုတ် စကြဝဠာတွေမှာ ရှိနေရင်တောင် မတူညီတဲ့ ပါရမီရှင်တွေနဲ့ စကားပြောနိုင်တယ်ပေါ့... ဒါ တော်တော်မိုက်တာပဲ... ဒါပေမဲ့ ထိပ်တန်း ပါရမီရှင်တွေကို အတူတကွ စုစည်းပေးထားတဲ့ စကားပြောခန်းအဖွဲ့ တစ်ခုက ဘာလို့ ရှိနေရတာလဲ... ရည်ရွယ်ချက်က ဘာလဲ...' ကျန်းမင် တွေးတောနေမိ၏။
အထွတ်အထိပ် အမိန့်တော်ထဲတွင် သူ့အချက်အလက်များကိုလည်း ဖော်ပြထားသည်။
နာမည် : ကျန်းမင်
ကျင့်ကြံခြင်း အဆင့် : အဆင့် ၅
စုဆောင်းရရှိသော အမှတ် : ၃၁ မှတ်
ဂုဏ်ပြုမှတ်တမ်း : အဆင့်ငါးဆင့် စံချိန်
ယင်းတို့မှာ အခြေခံ အချက်အလက် အချို့သာ ဖြစ်သည်။
အောက်ခြေတွင်တော့ စကားပြောခန်းသို့ ဝင်ရောက်ရန် လင့်ခ်တစ်ခု ရှိနေ၏။ သူသာ သဘောတူညီချက်ကို နှိပ်လိုက်သည်နှင့် စကားပြောခန်း၏ အဖွဲ့ဝင် တစ်ဦး ဖြစ်လာမည် ဖြစ်သည်။
ကျန်းမင်က မျက်လုံးမှိတ်၍ အိပ်ပျော်ချင်ယောင် ဆောင်လိုက်သည်။
ထို့နောက် သူ့စိတ်ဆန္ဒဖြင့် စကားပြောခန်းသို့ ဝင်ရောက်သွားတော့၏။
ထိုအခိုက်အတန့်မှာပင် အထွတ်အထိပ် အမိန့်တော်ထဲတွင် စကားပြောခန်း မျက်နှာပြင်တစ်ခု ထွက်ပေါ်လာသည်။
အပေါ်ဆုံးတွင် စကားပြောခန်း အဖွဲ့၏ နာမည်ဖြစ်သော အထွတ်အထိပ် အဖွဲ့ (၉)ဟူ၍ ဖော်ပြထားသည်။
အောက်ဘက်တွင် စကားပြောဆိုရာ နေရာဖြစ်ပြီး ညာဘက်ခြမ်းတွင် အဖွဲ့ဝင်များ၏ အမည် အချက်အလက်များကို ပြသထားသည်။
[ကျန့်ကော : နှစ်သုံးဆယ် ကြာပြီးမှ နောက်ဆုံးတော့ သူငယ်ချင်းသစ် တစ်ယောက် ရလာပြီပဲ... ကြိုဆိုပါတယ်... ကြိုဆိုပါတယ်]
[အောက်ကျို : ကြိုဆိုပါတယ်... ကြိုဆိုပါတယ်]
[ဖုန်းဝူ : ကြိုဆိုပါတယ်... ကြိုဆိုပါတယ်]
[ကျန့်ကော : ဟေ့ကောင်တွေ... ငါတို့ဆီကို သူငယ်ချင်းသစ် တစ်ယောက် ရောက်လာပြီ... အပြင်ထွက်ပြီး သူ့ကို ကြိုဆိုကြရအောင်]
[အောက်ကျို : ဟိုကောင်တွေ တံခါးပိတ် ကျင့်ကြံနေကြပြန်ပြီ ထင်တယ်]
[ဖုန်းဝူ : ဒါမှမဟုတ် အခုလက်ရှိ သူတို့ လိုက်လံ သတ်ဖြတ်ခံနေရတာလည်း ဖြစ်နိုင်တာပဲ]
[အောက်ကျို : အင်း... ဖြစ်နိုင်တယ်... ဒါပေမဲ့ ငါတို့လို လူတွေကို ဆန့်ကျင်တဲ့ သူတွေအတွက် အဆုံးသတ်က တစ်ခုတည်းပဲ ရှိတယ်... အဲ့ဒါက သေခြင်းတရားပဲ]
[ဖုန်းဝူ : အင်းလေ... ဘယ်သူမှ ငါတို့လောက် ကံမကောင်းနိုင်ပါဘူး... ငါတို့ကို ကမ္ဘာကြီးက ချစ်ခင်ထားတာ... ငါတို့ကို ဆန့်ကျင်တယ် ဆိုတာ ကမ္ဘာကြီး တစ်ခုလုံးကို ဆန့်ကျင်တာနဲ့ အတူတူပဲ]
[ကျန့်ကော : ဒါဆို ငါလိုက်အသတ်ခံရတိုင်း ဘာလို့ အမြဲတမ်း သနားစရာ ကောင်းတဲ့ အဆုံးသတ်မျိုး ရောက်သွားရတာလဲ ရှင်းပြနိုင်မလား... ငါ သေလုနီးပါး ဖြစ်ခဲ့ရတဲ့ အကြိမ်တွေတောင် ရှိတယ်]
[အောက်ကျို : ငါ့ကို အမှတ်တချို့ပေး... အဆင့် ၁၀ ကျင့်ကြံသူ တစ်ယောက်ကိုတောင် သတ်နိုင်တဲ့ တားမြစ်လက်နက် တစ်ခု ငါမင်းကို ပေးမယ်]
[ဖုန်းဝူ : တားမြစ်လက်နက်တွေ၊ အဆောင်တွေ၊ ချိတ်ပိတ်ထားတဲ့ စွမ်းအားတွေ... နင့် အမှတ်တွေကိုသာ ငါ့ကိုပေး... နင့်အသက်ကို ကယ်ဖို့ ဒီအရာတွေ အကုန်လုံး ငါပေးမယ်]
[ကျန့်ကော : သွားစမ်းပါ]
ကျန်းမင်က သူတို့၏ စကားပြောဆိုမှုများကို ကြည့်ရင်း တိတ်ဆိတ်သွားတော့၏။
'ဒီစကားပြောခန်း အဖွဲ့ထဲမှာ အဖွဲ့ဝင် ကိုးယောက်ပဲ ရှိတာလား...'
တစ်နည်းဆိုရလျှင် မတူညီသော ကမ္ဘာများမှ လူအနည်းငယ်သာ စတုတ္ထအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့ခြင်း ဖြစ်သည်။
ထိုလူသုံးယောက် အနက် အောက်ကျိုနှင့် ဖုန်းဝူတို့မှာ ကြီးမားသော နောက်ခံရှိပြီး နတ်ဘုရားများသာ ယှဉ်ပြိုင်နိုင်သည့် ကြီးမားသော စွမ်းအားများ ပိုင်ဆိုင်ထားကြသည်။
သို့သော် ကျန့်ကောမှာမူ အနည်းငယ် သနားစရာ ကောင်းနေ၏။
တစ်ချိန်တည်းမှာပင် ဤစကားပြောခန်းသို့ ဝင်ရောက်နိုင်သူတိုင်းမှာ သူတို့ကိုယ်သူတို့ ရွေးချယ်ခံများဟု ခံစားနေရကြောင်း သူ သတိပြုမိလိုက်သည်။
ရွှမ်း...
လူသားလမ်းစဉ် မှတ်တမ်းက ပွင့်လာပြီး ကျန့်ကော၏ နာမည်နှင့် အချက်အလက်များ ထွက်ပေါ်လာလေပြီ။
နာမည် : ကျန့်ကော
လူမျိုး : လူသား
ဇာတိ : ဟွမ်ကု ကမ္ဘာ
ကျင့်ကြံခြင်း အဆင့် : အဆင့် ၈
အခြေအနေ : လက်ရှိတွင် လိုက်လံ သတ်ဖြတ်ခံရပြီးနောက် ပြန်လည် ကျန်းမာလာစေရန် ကုသနေသည်။
"အင်း... သူက တကယ်ကို ကံဆိုးတဲ့ ကောင်ပဲ..." ကျန်းမင်က မှတ်ချက်ချလိုက်၏။
ထို့နောက် နောက်တစ်မျက်နှာသို့ ကူးသွားသည်။
နာမည် : အောက်ကျို
လူမျိုး : နဂါး
လိင် : ကျား
ဇာတိ : အလယ်အလတ် စကြဝဠာ ကမ္ဘာ
ကျင့်ကြံခြင်း အဆင့် : အဆင့် ၁၀ (မျိုးဗီဇပြောင်း ခေါင်းကိုးလုံး နဂါး)
အခြေအနေ : အကြေးခွံပါသော နဂါးမ တစ်ကောင်နှင့် အတူ အိပ်စက်နေသည်မှာ (၁၈)ရက်မြောက်နေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။
"သေစမ်း... ဒီနဂါးက တကယ်ကို အမောခံနိုင်တာပဲ..." ကျန်းမင် အာမေဋိတ်သံ ထွက်သွားတော့၏။
"ဒါပေမဲ့ သူက ခေါင်းကိုးလုံး နဂါးတဲ့လား... ဆိုလိုတာက သူ့မှာ ခေါင်းကိုးလုံး ရှိတယ်ပေါ့... သူတို့ ခေါင်းအချင်းချင်း ပြန်မကိုက်ကြဘူးလား မသိဘူး"
ကျန်းမင် ထိုအတွေး ခေါင်းထဲ ဝင်လာသည်နှင့် အလျင်အမြန် ရပ်တန့်လိုက်သည်။
"ခေါင်းကိုးလုံး မြွေ၊ ခေါင်းကိုးလုံး အကြေးခွံနဂါး ဆိုတာတွေ ငါ ကြားဖူးပေမဲ့ ခေါင်းကိုးလုံး နဂါးကိုတော့ အခုမှ ပထမဆုံး မြင်ဖူးတာပဲ... ဒီစကြဝဠာထဲမှာ တကယ်ကို စိတ်ဝင်စားစရာ ကောင်းတဲ့ အရာတွေ အများကြီး ရှိတာပဲ... ဒါပေမဲ့ သူနေတဲ့ ကမ္ဘာကို အလယ်အလတ် စကြဝဠာ ကမ္ဘာလို့ ခေါ်တာလား... ဒီစကြဝဠာ ဆိုတာက ငါ့စိတ်ထဲက အလယ်အလတ် စကြဝဠာနဲ့ အတူတူပဲလား"
မရေမတွက်နိုင်သော မေးခွန်းများ သူ့ခေါင်းထဲ ပေါ်လာသော်လည်း လတ်တလော ဘေးဖယ်ထားရန်သာ ဆုံးဖြတ်လိုက်သည်။
သူက နောက်တစ်မျက်နှာသို့ လှန်လိုက်၏။
နာမည် : ဖုန်းဝူ
လူမျိုး : ဖီးနစ်
လိင် : မ
ဇာတိ : မီးနတ်ဘုရား အလယ်အလတ် စကြဝဠာ ကမ္ဘာ
ကျင့်ကြံခြင်း အဆင့် : အဆင့် ၁၀
အခြေအနေ : နောက်တစ်ဆင့်သို့ တက်လှမ်းသင့်၊ မတက်လှမ်းသင့် သူမ ဆုံးဖြတ်ရ ခက်နေသည်။ အဆင့် ၁၁ သို့ တက်လှမ်းသွားသည်နှင့် စကားပြောခန်းသို့ ဝင်ရောက်ခွင့် ဆုံးရှုံးသွားမည် ဖြစ်ပြီး အထွတ်အထိပ် စေတီ၏ စမ်းသပ်မှုကို မအောင်မြင်ပါက အထွတ်အထိပ် အမိန့်တော် ပိုင်ဆိုင်ခွင့်လည်း ဆုံးရှုံးသွားမည် ဖြစ်သည်။ သူမ၏ ဆန္ဒများကို ဖြည့်ဆည်းရန် လူငယ် နဂါးနှစ်ကောင် ရှာသင့်၊ မရှာသင့်ကိုလည်း တွေးတောနေသည်။
ကျန်းမင် တစ်ယောက် ဆွံ့အသွားတော့၏။
ဖုန်းဝူ ဘာတွေးနေမှန်းသာ အောက်ကျို သိသွားပါက သေချာပေါက် ဒေါသတကြီး ပေါက်ကွဲမည်မှာ အသေအချာပင်။
[အောက်ကျို : သူငယ်ချင်းသစ်... မင်းက နည်းနည်းလေး တိတ်ဆိတ်လွန်းနေတယ်... မြန်မြန် မင်းရဲ့ လူမျိုး၊ ဇာတိ၊ ကျင့်ကြံခြင်း အဆင့်နဲ့ အောင်မြင်မှုတွေကို ပြောပြစမ်းပါ]
[ဖုန်းဝူ : သူ့နာမည်ကို ကြည့်ရတာ လူသား ဖြစ်လောက်တယ်... အခြေခံ အချက်အလက်တွေကို အဖွဲ့ဝင် ပရိုဖိုင်မှာ ကြည့်လို့ရတယ်... ငါအရင် ကြည့်လိုက်ဦးမယ်... သူက အဆင့် ၅ ပဲ ရှိသေးတာလား... ပြီးတော့ သူ... ဘာ... ကောင်းကင် တိုက်ပွဲစင်မြင့်ရဲ့ ပဉ္စမအဆင့်ကို ဖြတ်ကျော်ခဲ့တယ် ဟုတ်လား... ဒါ မယုံနိုင်စရာပဲ]
[အောက်ကျို : သူ ပဉ္စမအဆင့်ကို ဖြတ်ကျော်ခဲ့တာလား... တော်တော် မိုက်တာပဲ... ဘာပဲဖြစ်ဖြစ် ကောင်းကင် တိုက်ပွဲစင်မြင့်က အထွတ်အထိပ် စေတီမှာ အခက်ဆုံးပဲ... ငါ့မှတ်ဉာဏ်သာ မှန်ရင် သမိုင်းတစ်လျှောက်လုံးမှာ ကောင်းကင် တိုက်ပွဲစင်မြင့်ရဲ့ ပဉ္စမအဆင့်ကို ဘယ်သူမှ မဖြတ်ကျော်နိုင်ခဲ့ဘူး... သူက ပထမဆုံး တစ်ယောက်ပဲ... အစ်ကိုကျန်း... ဒီနေ့ကစပြီး ခင်ဗျားက ကျုပ်ရဲ့ အစ်ကိုကြီးပဲ]
[ဖုန်းဝူ : ရှက်စရာကောင်းလိုက်တာ... နင်က သူ့အတွက်ဆိုရင် မဟာ ဧကရာဇ်ကြီး တစ်ပါးလို့ သတ်မှတ်လို့ရနေပြီနော်]
[အောက်ကျို : သူက ပါရမီရှင် တစ်ယောက်လေ... သူက လူသား ဖြစ်ပြီး အထွတ်အထိပ် စေတီထဲ ဝင်နိုင်ခဲ့တယ် ဆိုတာ ပြောနေစရာတောင် မလိုဘူး... နောက်ထပ် အနှစ်တစ်ရာလောက် နေရင် သူက ငါတို့နှစ်ယောက်လုံးထက် ပိုသန်မာလာမှာကိုတောင် ငါ စိုးရိမ်မိတယ်]
[ကျန့်ကော : နောက်ထပ် အနှစ်တစ်ရာ ဟုတ်လား... မင်းမှားနေပြီ... ငါ့အဆင့်ကို ဖိနှိပ်ထားဖို့ မလိုဘူးဆိုရင် နောက်ဆယ်နှစ်အတွင်း မင်းကို ကျော်ဖြတ်နိုင်တယ်... ငါ့ရဲ့ ဂျူနီယာ တစ်ယောက်ဆို အဆင့် ၁၀ ကို ရောက်ဖို့ အနှစ် ၃၀ ပဲ အချိန်ယူခဲ့ရတာ... သူက ငါ့ပြိုင်ဘက် မဟုတ်သေးပေမဲ့ ငါ သူ့ကို သတ်လုနီးပါး ဖြစ်ခဲ့ဖူးတယ်]
[ဖုန်းဝူ : အဲ့ဒါက နင် လိုက်လံ သတ်ဖြတ်ခံရတဲ့ အကြောင်းရင်း မဟုတ်လား... နင့်ရဲ့ တိုက်ခိုက်ရေး စွမ်းအားကို ကြည့်ရတာဆိုရင် နင်က ဘယ်နေရာကိုမဆို သိပ်အားစိုက်စရာ မလိုဘဲ သွားလာနိုင်ရမှာ... ဘာလို့ လိုက်လံ သတ်ဖြတ်ခံနေရတာလဲ]
[ကျန့်ကော : အဆင့် ၁၀ ရှစ်ယောက်နဲ့ အဆင့် ၉ ဆယ်ယောက်လောက် ငါ့နောက်ကို လိုက်နေတာ... ပြီးတော့ သူတို့အားလုံးက အင်မော်တယ် လက်နက်တွေနဲ့... အသက်လု ထွက်ပြေးရတာကလွဲပြီး ငါဘာမှ မတတ်နိုင်ဘူး]
[ဖုန်းဝူ : ဒါ ထူးဆန်းတယ်... နင့်ကမ္ဘာမှာရှိတဲ့ မင်းရဲ့ အဆင့်အတန်း အရဆိုရင် ဒီလောက် စွမ်းအားကြီးတဲ့ သူတွေ အများကြီးနဲ့ တွေ့ဖို့ မဖြစ်နိုင်ပါဘူး]
[ကျန့်ကော : အင်း... ငါ့ကမ္ဘာရဲ့ မတူညီတဲ့ နေရာတွေကနေ အလှမယ်တွေ အားလုံးကို စုဆောင်းဖို့ ရည်ရွယ်ပြီး နန်းတော်တစ်ခု တည်ဆောက်ခဲ့တာလေ]
[ဖုန်းဝူ : ဟား ဟား... ခံပေါ့]
[အောက်ကျို : သေစမ်း... မင်းက တကယ် သတ္တိကောင်းတာပဲ အစ်ကိုရာ]
ကျန့်ကော လုပ်ခဲ့သည်များကို မြင်ပြီးနောက် ကျန်းမင်လည်း စိတ်ထဲမှနေ၍ လက်မထောင်ပြလိုက်မိ၏။ သူ ခဏတာ စဉ်းစားပြီးနောက် တစ်ခုခု ပြောရန် ဆုံးဖြတ်လိုက်သည်။
[ကျန်းမင် : ဟိုင်း... အားလုံးပဲ... တွေ့ရတာ ဝမ်းသာပါတယ်]
[အောက်ကျို : သူလာပြီ... မင်းကိုယ်မင်း မိတ်ဆက်ပါဦး... ဥပမာ မင်းက ဘယ်လို ကမ္ဘာက လာတာလဲ... ပြီးတော့ အဲ့ဒီကမ္ဘာမှာ ဘာတွေ ထူးခြားလဲ]
[ကျန်းမင် : အင်း... ဘာမှတော့ မထူးခြားပါဘူး... အဲ့ဒီက ငါတို့အားလုံးက ပိုသန်မာလာဖို့ ဆက်ပြီး ကျင့်ကြံနေကြတာပါပဲ... ဒါနဲ့... ဒီမှာ အရောင်းအဝယ် လုပ်လို့ရလား]
[အောက်ကျို : ရတယ်... ဒါပေမဲ့ အခုလောလောဆယ် အဲ့ဒီ လုပ်ဆောင်ချက်ကို သုံးလို့ မရသေးဘူး... ခုနက ကျန့်ကောကို တားမြစ်လက်နက်တွေ ပေးမယ် ဆိုတာ ငါတို့ နောက်နေကြတာ]
[ကျန်းမင် : ဘာလို့လဲ]
[အောက်ကျို : ငါတို့ အဖွဲ့ စီမံခန့်ခွဲသူ တစ်ယောက် လိုအပ်တယ်... အရင်တုန်းက တစ်ယောက် ရှိခဲ့ပေမဲ့ ကံမကောင်းစွာနဲ့ပဲ သူ အဖွဲ့ထဲက ထွက်သွားတယ်... အဲ့ဒီအချိန်ကတည်းက ငါတို့ဆီမှာ စီမံခန့်ခွဲသူ မရှိတော့တာပဲ]
[ကျန်းမင် : အဖွဲ့ စီမံခန့်ခွဲသူ တစ်ယောက် ဖြစ်ဖို့ ဘယ်လို လုပ်ရမလဲ]
[ဖုန်းဝူ : မောင်လေးကျန်း... နင့်မှာ အဖွဲ့ စီမံခန့်ခွဲသူ ဖြစ်လာဖို့ အခွင့်အရေး ရှိတယ်... ဘာပဲဖြစ်ဖြစ် နင်က ကောင်းကင် တိုက်ပွဲစင်မြင့်ရဲ့ ပဉ္စမအဆင့်ကို ဖြတ်ကျော်ခဲ့တာဆိုတော့ ခိုင်မာတဲ့ စိတ်စွမ်းအားနဲ့ မြင့်မားတဲ့ ဉာဏ်ရည် ရှိရမယ်... မောင်လေးကျန်း... ပိုကြိုးစားပြီး အဖွဲ့ စီမံခန့်ခွဲသူ ဖြစ်အောင်လုပ်... နင် အဖွဲ့ စီမံခန့်ခွဲသူ ဖြစ်လာပြီးရင် ငါတို့ အချင်းချင်း အရောင်းအဝယ် လုပ်လို့ရပြီ]
[အောက်ကျို : ဟား... တကယ် တုံးအတဲ့ မိန်းမပဲ... အဖွဲ့ စီမံခန့်ခွဲသူ ဘယ်လို ဖြစ်ရမလဲ ဆိုတာ မင်း သူ့ကို မပြောရသေးဘူးလေ... ဘာပဲဖြစ်ဖြစ် အစ်ကိုကျန်း... မင်း အဖွဲ့ စီမံခန့်ခွဲသူ ဖြစ်ချင်ရင် စတုတ္ထအဆင့်ကို ဖြတ်ကျော်ပြီး အဆင့် ၁၀ ဆင့် စံချိန်တွေနဲ့ အထူး စွမ်းရည် ၉၉ ခု ရှိဖို့ပဲ လိုတယ်... တကယ်လို့ မင်းသာ အဖွဲ့ စီမံခန့်ခွဲသူ တကယ် ဖြစ်လာခဲ့ရင် ငါ မင်းကို ခေါင်းဆောင်လို့ ခေါ်မယ်]
End
***