သူတို့သုံးယောက်သား အချိန်အတော်ကြာ စကားစမြည် ပြောဖြစ်ကြသည်။
အားလုံးက မတူညီသော လောကများမှ လာကြသူများ ဖြစ်သဖြင့် တစ်ယောက်နှင့်တစ်ယောက် ဖုံးကွယ်ထားစရာ အကြောင်း မရှိပေ။ ထို့အပြင် ကျန်းမင်က အဖွဲ့ စီမံခန့်ခွဲသူ ဖြစ်လာနိုင်သည့် အလားအလာ ရှိနေသောကြောင့် ကျန့်ကောနှင့် အခြား နှစ်ယောက်က သူ့မေးခွန်းများ အားလုံးကို ဖြေကြားပေးကြလေသည်။
ဥပမာအားဖြင့် လောကများကို ခွဲခြား သတ်မှတ်ပုံများပင်။
နယ်မြေများက အနိမ့်ဆုံး အဆင့်တွင် ရှိပြီး ၎င်းတို့ကို မတူညီသော အဆင့်များအဖြစ် ထပ်မံ ခွဲခြားထားသေး၏။ ယေဘုယျအားဖြင့် ထိုနယ်မြေများက အများဆုံး အဆင့် ၁၀ ကျင့်ကြံသူများကိုသာ ထိန်းသိမ်းထားနိုင်သော်လည်း အနည်းငယ်သော နယ်မြေများသာ ထိုသို့ လုပ်ဆောင်နိုင်စွမ်း ရှိကြသည်။
အထက်သို့ ဆက်တက်သွားပါက အသေးစား စကြဝဠာ၊ အလယ်အလတ် စကြဝဠာနှင့် မဟာ စကြဝဠာတို့ ဖြစ်သည်။
ပိုမြင့်မားသော ကမ္ဘာများ အကြောင်းကိုမူ ကျန့်ကောတို့ပင် မသိချေ။
ယခုအချိန်တွင် သူက အဆင့်မြင့် လောကများနှင့် အဖွဲ့ဝင်များ၏ ဇာတိများနှင့် ပတ်သက်၍ သံသယ တစ်ခုတည်းသာ ရှိတော့၏။ အဖွဲ့ဝင်များက ကမ္ဘာဦး ပျက်သုဉ်းခြင်း နယ်မြေအတွင်းရှိ မတူညီသော ကမ္ဘာများမှ လာကြခြင်းလော သို့မဟုတ် ကမ္ဘာဦး ပျက်သုဉ်းခြင်း နယ်မြေကို ဖြတ်ကျော်လာခဲ့ခြင်းလော။
လူသား တစ်ယောက် အနေဖြင့် သူ သိချင်စိတ်ကို မထိန်းနိုင်အောင် ဖြစ်နေမိသည်။ အကယ်၍ ထိုသူများသာ ကမ္ဘာဦး ပျက်သုဉ်းခြင်း နယ်မြေကို ဖြတ်ကျော်နိုင်ပါက အထွတ်အထိပ် စေတီကြီးမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းသော တည်ရှိမှု တစ်ခု ဖြစ်ပေလိမ့်မည်။
ကျန်းမင်က လွင့်မျောနေသော စိတ်ကို ပြန်လည် စုစည်းလိုက်သော်လည်း မျက်လုံးများကိုမူ မဖွင့်သေးချေ။ အဖွဲ့ စီမံခန့်ခွဲသူ ဖြစ်လာရန် သူ ဘာလုပ်သင့်သည်ကို စဉ်းစားဖို့ လိုအပ်နေသေး၏။
အောက်ကျို၏ ပြောစကားအရ အဖွဲ့ စီမံခန့်ခွဲသူသာလျှင် စကားပြောခန်းအတွင်း အရောင်းအဝယ် လုပ်ဆောင်ချက်ကို အသက်သွင်းနိုင်မည် ဖြစ်သည်။ ထို့အပြင် အဖွဲ့ စီမံခန့်ခွဲသူတွင် အခြား မတူညီသော စွမ်းအားများလည်း ရှိသေးသည်ဟု ဆို၏။ မည်သို့သော စွမ်းအားများလဲ ဆိုသည်ကိုမူ...
[အောက်ကျို : မင်းကို ပြောပြလို့ မရဘူး]
'အဖွဲ့ စီမံခန့်ခွဲသူ ဖြစ်ဖို့ လိုအပ်ချက်တွေက စတုတ္ထအဆင့် စံချိန်၊ အဆင့် ၁၀ ဆင့် စံချိန်နဲ့ အထူး စွမ်းရည် ၉၉ ခု...'
သူက ကောင်းကင် တိုက်ပွဲစင်မြင့်၏ စတုတ္ထအဆင့်ကို ဖြတ်ကျော်ရန် လိုအပ်သလို ကောင်းကင်ဘုံ လှေကားထစ်၏ အဆင့် ၁၀ အထိ တက်လှမ်းရန်နှင့် တာအို သန်းပေါင်းများစွာ ပုံရိပ်ကားချပ်မှ အထူး စွမ်းရည် ၉၉ ခုကို နားလည် သဘောပေါက်ရန် လိုအပ်ပေသည်။ ထိုသို့ လုပ်ဆောင်နိုင်မှသာ အဖွဲ့ စီမံခန့်ခွဲသူ ဖြစ်လာရန် အရည်အချင်း ပြည့်မီမည် ဖြစ်သည်။
ရိုးရိုးသားသား ပြောရလျှင် ထိုသည်က အခြား လူမျိုးများအတွက် ခက်ခဲသော်လည်း လူသား တစ်ယောက် ဖြစ်သော သူ့အတွက်တော့ ဘာမှမဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ လူသားများက အလွန် လျင်မြန်စွာ ကြီးထွားနိုင်ပြီး မြင့်မားသော ဉာဏ်ရည်ဉာဏ်သွေးကို ပိုင်ဆိုင်ထားကြသည် မဟုတ်ပါလား။ နဂါးများကဲ့သို့ အခြား လူမျိုးများမှာမူ စွမ်းအားကြီးမားသော သွေးကြောများနှင့် ကြီးမားလှသည့် စွမ်းအားများဖြင့် မွေးဖွားလာကြသော်လည်း သူတို့၏ စိတ်နှင့် စိတ်စွမ်းအားမှာ နှေးကွေးစွာ ကြီးထွားကြသည်။ သူတို့က နောက်ပိုင်း အဆင့်များတွင် အလွန် စွမ်းအားကြီးမားလာနိုင်သော်လည်း အစောပိုင်း အဆင့်များတွင်မူ အတော်လေး အားနည်းကြသဖြင့် ပိုမြင့်မားသော နယ်ပယ်ရှိ ပြိုင်ဘက်ကို အနိုင်ယူရန် ခက်ခဲ၏။
ထို့နောက် ကျန်းမင်က မျက်လုံးများ ဖွင့်၍ ရှေ့သို့ လျှောက်သွားသည်။
လိုဟန်က အလျင်အမြန် လျှောက်လာပြီး စိတ်လှုပ်ရှားစွာ မေးလိုက်၏။
"ညီအစ်ကိုကျန်း... အခု ကောင်းကင်ဘုံ လှေကားထစ်ကို စမ်းကြည့်တော့မလို့လား"
ယဲ့ချင်းရှန်းနှင့် အခြားသူများလည်း နောက်မှ လိုက်ပါလာကြသည်။
"အင်း... ငါ စမ်းကြည့်မလို့..." ကျန်းမင်က ပြုံးရင်း ဖြေလိုက်၏။
သူ့ရင်ထဲတွင် မေးခွန်းတစ်ခု ရှိနေသည်။
ဒီနေရာကို ရောက်လာနိုင်သူတိုင်းက ပါရမီရှင်တွေချည်းပဲ... ဒါပေမဲ့ သူတို့အထက်မှာ အထွတ်အထိပ် စကားပြောခန်း အဖွဲ့ တစ်ခု ရှိနေမယ်လို့ ဘယ်သူက ထင်ထားမှာလဲ…
ထိုသူများကသာ ကမ္ဘာအားလုံး၏ ထိပ်ဆုံးတွင် ရပ်တည်နေသည့် အစစ်အမှန် တည်ရှိမှုများပင်။
"ကံကောင်းပါစေ ညီအစ်ကိုကျန်း..." လိုဟန်က ပြောလိုက်သည်။
မကြာမီ သူတို့အားလုံး ကောင်းကင်ဘုံ လှေကားထစ် အောက်သို့ ရောက်လာကြ၏။
ဘေးတွင် ကျောက်စာတိုင် တစ်တိုင် ရှိပြီး ၎င်းအပေါ်၌ နာမည် ရှစ်ခု ရှိနေသည်။
နန်ဖေးချန် : ၁၄ ဆင့်
ဟုန်ရိ : ၁၃ ဆင့်
ထျန်ဖိုဇီ : ၁၂ ဆင့်
မင်ဖေး : ၁၁ ဆင့်
ချင်းဖန် : ၁၁ ဆင့်
ရွှီဝူကျီ : ၁၀ ဆင့်
လေလော့ : ၁၀ ဆင့်
ဟူကျွင်း : ၁၀ ဆင့်
ကျန်းမင်က ရင်းနှီးနေသော နာမည်နှစ်ခုကို တွေ့လိုက်ရသည်။ တစ်ခုက နန်ဖေးချန် ဖြစ်ပြီး အခြားတစ်ခုမှာ မင်ဖေးပင်။
နန်ဖေးချန်နှင့် မင်ဖေး နှစ်ယောက်လုံးမှာ ကောင်းကင် တိုက်ပွဲစင်မြင့်တွင် စတုတ္ထအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့ကြသူများ ဖြစ်သည်။ သို့သော် ကောင်းကင်ဘုံ လှေကားထစ်တွင်မူ နန်ဖေးချန်က မင်ဖေးထက် ခြေလှမ်းသုံးလှမ်း ပိုတက်လှမ်းနိုင်ခဲ့၏။ ၎င်းမှာ များပြားလှသည်ဟု မထင်ရသော်ငြား ကွာခြားချက်က အလွန် ကြီးမားလှသည်။
ကျန်းမင် သိချင်စိတ်ဖြင့် မေးလိုက်၏။
"ဟုန်ရိက ၁၃ ဆင့်အထိ တက်လှမ်းနိုင်ခဲ့တာတောင် ဘာလို့ ကောင်းကင် တိုက်ပွဲစင်မြင့်ရဲ့ စတုတ္ထအဆင့်ကို မဖြတ်ကျော်နိုင်ခဲ့ရတာလဲ"
ယဲ့ချင်းရှန်းက ရှင်းပြလာသည်။
"သူ့မှာ ခိုင်မာတဲ့ စိတ်စွမ်းအား ရှိတယ် ဆိုပေမဲ့ တိုက်ပွဲမှာ သန်မာတယ်လို့ မဆိုလိုဘူးလေ... တိုက်ခိုက်ရေး စွမ်းအား ဆိုတာ ရုပ်ပိုင်းဆိုင်ရာ၊ သွေးကြော၊ အထူး စွမ်းရည်တွေနဲ့ တိုက်ပွဲ အသိဉာဏ်တွေ ပေါင်းစပ်ထားတာ... ကျောက်ဆောင်လို ခိုင်မာတဲ့ စိတ်စွမ်းအား ရှိပေမဲ့ တိုက်ပွဲမှာ အားနည်းတဲ့ လူတစ်ယောက်ကို ငါ မြင်ဖူးတယ်"
"ရိုးရိုးလေး ပြောရရင် စိတ်စွမ်းအား ဆိုတာ ဝိညာဉ်ပိုင်းဆိုင်ရာ အတိုင်းအတာကို ကိုယ်စားပြုတာ... မဟာယာနဗုဒ္ဓဘာသာ အဆုံးအမကို လိုက်နာတဲ့ ကျင့်ကြံသူတွေက ဒီအချက်မှာ သဘာဝ အားသာချက် ရှိကြတယ်... ဥပမာ ထျန်ဖိုဇီပေါ့... ဒါပေမဲ့ နန်ဖေးချန်ကတော့ တကယ်ကို စွမ်းအားကြီးမားတယ်လို့ ဝန်ခံရမယ်... သူက ၁၄ ဆင့်အထိ ရောက်ခဲ့တာလေ... ငါက ၉ ဆင့်မှာ ရပ်သွားပြီး ၁၀ ဆင့်ကို တက်လှမ်းလိုက်တာနဲ့ လဲကျသွားတာပဲ"
"ငါကတော့ ၈ ဆင့်အထိပဲ ရောက်ခဲ့တာ... မင်းတို့တွေက တကယ့် ပါရမီရှင်တွေပါပဲ" လိုဟန်က ခါးသီးစွာ ပြုံးရင်း ဝင်ပြောလာ၏။
"ငါတို့ရဲ့ အနာဂတ်က မွေးရာပါ အရည်အချင်း တစ်ခုတည်းအပေါ် မူတည်ပြီး အဆုံးအဖြတ် ပေးလို့ မရပါဘူး... မဟုတ်ရင် ဒီနေရာ ရှိနေတာ အဓိပ္ပာယ်မဲ့သွားမှာပေါ့... ကောင်းကင် တိုက်ပွဲစင်မြင့်ရော၊ ကောင်းကင်ဘုံ လှေကားထစ်ရောက ငါတို့ရဲ့ စွမ်းရည်တွေကို သွေးထိုးဖို့ အကောင်းဆုံး နေရာတွေပဲ... ငါ့ကမ္ဘာမှာ စကားပုံတစ်ခု ရှိတယ်... စောစောထတဲ့ ငှက်က အစာရတယ်တဲ့... ဒါကြောင့် ငါတို့ စောစောထဖို့ပဲ လိုတာပါ... ပြီးတော့ တုံးအတဲ့ ငှက်တွေက စောစော စတင်ဖို့ လိုတယ်... ငါတို့က တုံးအတာလည်း မဟုတ်ဘူး၊ မိုက်မဲတာလည်း မဟုတ်ဘူး... ဒါကြောင့် အနှေးလေးတွေထက် ပိုကြိုးစားမယ် ဆိုရင် ငါတို့အတွက် တောက်ပတဲ့ အနာဂတ် ရှိလာမှာ သေချာတယ်" ကျန်းမင်က မှတ်ချက်ချလိုက်သည်။
"ဟား ဟား... အစ်ကိုကျန်း စကားက တော်တော် ကောင်းတာပဲ" လိုဟန်က သဘောကျစွာ ရယ်မောတော့၏။
ကျန်းမင် ပြောသည်မှာ မှန်ကန်ကြောင်း သူ ခံစားလိုက်ရသည်။
သူကိုယ်တိုင်လည်း ပါရမီရှင် တစ်ယောက် ဖြစ်ပြီး အခြားသူများထက် ပိုကြိုးစားမည် ဆိုပါက ကြောက်ရွံ့နေစရာ ဘာအကြောင်းမှ မရှိတော့ပေ။
ယဲ့ချင်းရှန်းကလည်း ခေါင်းညိတ် ထောက်ခံသည်။
ကျန်းမင်က ဘာစကားမှ ဆက်မပြောတော့ဘဲ ကောင်းကင်ဘုံ လှေကားထစ်ပေါ် တက်လှမ်းလိုက်တော့၏။
မျက်တောင်တစ်ခတ် အတွင်းမှာပင် ကြောက်မက်ဖွယ် ကောင်းသော ဖိအားတစ်ခုက လွှမ်းမိုးနိုင်စွမ်း ရှိသည့် ဓားတစ်လက်ပမာ ထွက်ပေါ်လာပြီး လေထုကို ခွဲထုတ်ကာ သူ့သိစိတ်ပင်လယ်ထဲသို့ တည့်တည့် ကျဆင်းလာလေပြီ။
"ကောင်းကင်ဘုံ လှေကားထစ်ရဲ့ ပထမအဆင့်မှာ ဝိညာဉ်ကို တိုက်ခိုက်ခံရလိမ့်မယ်... ဒါပေမဲ့ မူလဝိညာဉ် ကျင့်ကြံသူ တစ်ယောက်ကတော့ ဒါကို ခံနိုင်ရည် ရှိမှာပါ"
လိုဟန်တို့ အဖွဲ့ထံမှ ရရှိသော အချက်အလက်များနှင့် ကျန့်ကောတို့၏ အတွေ့အကြုံများ အရ သူ ဘာကို ရင်ဆိုင်နေရသလဲ ဆိုတာ ကျန်းမင် ကောင်းကောင်း သိထား၏။
ယေဘုယျအားဖြင့် ကျင့်ကြံသူ တစ်ယောက် အနေဖြင့် မူလဝိညာဉ် နယ်ပယ်သို့ မရောက်ရှိသေးပါက တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိမည် မဟုတ်သော်ငြား ကျန်းမင်မှာမူ အနည်းငယ်မျှပင် ထိခိုက်မှု မရှိခဲ့ချေ။
သူက လှေကားထစ်များပေါ်သို့ တစ်ဆင့်ပြီးတစ်ဆင့် မရပ်မနား တက်လှမ်းသွားလေသည်။
ကိုးဆင့်မြောက်သို့ ရောက်သောအခါ ဓားကိုးလက်က သူ့ရှေ့တွင် ထွက်ပေါ်လာပြီး သိစိတ်ပင်လယ်ထဲသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာတော့၏။
ယင်းမှာ သူ့စိတ်စွမ်းအားကို စမ်းသပ်ခြင်း ဖြစ်ပြီး ရင်ဆိုင်ရုံမှလွဲ၍ သူတတ်နိုင်သည် ဘာမှမရှိပေ။
ခံနိုင်ရည် ရှိပါက အကောင်းဆုံး ဖြစ်သော်လည်း မခံနိုင်ပါက ကျရှုံးမည်သာ။
ကျန်းမင် အသက်ပြင်းပြင်း အကြိမ်အနည်းငယ် ရှူသွင်းလိုက်သည်။ သူက အထွတ်အထိပ် စေတီသို့ ပထမဆုံး ဝင်ရောက်လာချိန်တွင် ဤကဲ့သို့ အရာမျိုး ကြုံတွေ့ခဲ့ဖူးသောကြောင့် အတွေ့အကြုံ ရှိနှင့်ပြီး ဖြစ်သည်။ ထို့ကြောင့် ၎င်းကို မည်သို့ ရင်ဆိုင်ရမည်အား ကောင်းကောင်း သိထား၏။
လိုဟန်နှင့် အခြားသူများမှာ ကောင်းကင်ဘုံ လှေကားထစ် အောက်မှနေ၍ သူ့ကို စောင့်ကြည့်နေကြသည်။
"သူ ၉ ဆင့်မြောက်ကိုတောင် ရောက်နေပြီလား... တော်တော် ကြမ်းတာပဲ... ငါက ငါ့ကမ္ဘာမှာ ပါရမီရှင် တစ်ယောက် ဖြစ်ပေမဲ့ သူ့ကိုတော့ တကယ် အထင်ကြီးမိတယ်... သူက ကမ္ဘာပေါင်းများစွာမှာ ငါမြင်ဖူးသမျှ အကြီးကျယ်ဆုံး ပါရမီရှင်ပဲ" လိုဟန်က အံ့ဩတကြီး ရေရွတ်လိုက်၏။
ယဲ့ချင်းရှန်းကလည်း ဝင်ပြောလာသည်။
"အင်း... မင်းပြောတာ မှန်လောက်တယ်"
သူ့ကို ကြည့်ရင်း ဂွမ်ရွေ့ တစ်ယောက် ဘာပြောရမှန်းပင် မသိတော့ချေ။
သူမက ဒုတိယအဆင့် အထိသာ တက်လှမ်းနိုင်ခဲ့သည်။ ကျန်းမင်နှင့် မတွေ့ဆုံမီက သူမတွင် သူတော်စင် သွေးကြောနှင့် ပြိုင်ဘက်ကင်း ပါရမီ ရှိသည်ဟု ထင်မှတ်ခဲ့သော်လည်း ကျန်းမင်နှင့် တွေ့ဆုံပြီးနောက်မှသာ သူမ မည်မျှ သေးငယ်ကြောင်း သဘောပေါက်သွားခဲ့ရသည်။
အော်ရမ်က သက်ပြင်းချရင်း...
"ဟူး... ငါတို့ကိုယ်ငါတို့ အရည်အချင်း မြင့်မားတဲ့ ပါရမီရှင်တွေလို့ ထင်ခဲ့ပေမဲ့ တကယ်တမ်းတော့ သူက ငါတို့နဲ့ လုံးဝ ကွာခြားတဲ့ ကမ္ဘာတစ်ခုမှာ ရှိနေတာပဲ"
လျူယွမ်ကလည်း ရှုပ်ထွေးသော အမူအရာဖြင့်…
"အင်း... မင်းပြောတာ မှန်တယ်"
နှိုင်းယှဉ်စရာ မရှိလျှင် ထိခိုက်နစ်နာမှု မရှိနိုင်သလို နှိုင်းယှဉ်မှုမှ တစ်ဆင့်သာ ကိုယ့်ကန့်သတ်ချက်ကို သိနိုင်သည်ဟု လူအများက ပြောလေ့ရှိကြသည် မဟုတ်ပါလား။
ကောင်းကင်ဘုံ လှေကားထစ်ပေါ်တွင်မူ ကျန်းမင်က ၁၀ ဆင့်မြောက်သို့ ရောက်ရှိနေလေပြီ။
ရုတ်တရက် မြားပေါင်း ထောင်နှင့်ချီ မိုးရွာချသကဲ့သို့ ကျဆင်းလာပြီး သူ့သိစိတ်ပင်လယ်ကို အပိုင်းပိုင်း ဆွဲဖြဲရန် ကြိုးစားလာရာ သူ့ခြေထောက်များပင် ခဏတာ တုန်ယင်သွားခဲ့၏။
၁၁ ဆင့်မြောက်တွင် မရေမတွက်နိုင်သော လျှပ်စီးများနှင့် မိုးကြိုးများက သူ့သိစိတ်ပင်လယ်ကို လွှမ်းခြုံသွားပြီး နေရာလပ် မကျန် ပြည့်နှက်သွားကာ အရာအားလုံးကို ဖျက်ဆီးပစ်ရန် ကြိုးစားလာတော့သည်။
ဤတစ်ကြိမ်တွင် သူ ပို၍ အချိန်ကြာကြာ ရပ်တန့်သွားခဲ့ရ၏။
၁၂ ဆင့်မြောက်တွင် သူ့မျက်နှာ အနည်းငယ် ဖြူရော်သွားသည်။
၁၃ ဆင့်မြောက်တွင် သူ့ခန္ဓာကိုယ် စတင် တုန်ယင်လာလေပြီ။
၁၄ ဆင့်မြောက်တွင် ကျန်းမင်၏ နဖူးမှ ချွေးတစ်ပေါက် ကျဆင်းလာခဲ့၏။
၁၅ ဆင့်မြောက်သို့ ရောက်သောအခါ သိစိတ်ပင်လယ် အထက်ရှိ နေရာလွတ်က ရုတ်တရက် ပြိုကျသွားပြီး အနက်ရောင် တွင်းပေါက်ကြီး တစ်ခုအဖြစ် ပြောင်းလဲကာ အရာအားလုံးကို တိုက်စားလျက် သူ့သိစိတ်ပင်လယ် တစ်ခုလုံးအား ဝါးမြိုရန် ကြိုးစားလာတော့သည်။
ကျန်းမင်၏ အမြင်အာရုံများ မှောင်မိုက်သွားသော်ငြား သူ့နှလုံးသား နက်ရှိုင်းသော နေရာတွင်မူ အလင်းရောင် တစ်ခု ရှိနေဆဲပင်။
"အမှောင်ထုက လွှမ်းမိုးလာတဲ့အခါ အမှောင်ထုကို ချေမှုန်းဖို့ မင်းရဲ့ နှလုံးသားထဲက အလင်းရောင်ကို အသုံးပြုပါ..."
သူ့နှလုံးသားထဲရှိ အလင်းရောင်က ဓားတစ်လက် အဖြစ် ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်ကို ခုတ်ပိုင်းကာ အမှောင်ထုအား မောင်းထုတ်ပစ်လိုက်၏။
၁၆ ဆင့်မြောက်တွင် ကြယ်ပေါင်း မရေမတွက်နိုင်အောင် သူ့သိစိတ်ပင်လယ် အထက်၌ ထွက်ပေါ်လာသည်။ ထို့နောက် ကြယ်တစ်ခုစီက အလင်းတန်းများ အဖြစ် ကျဆင်းလာပြီး ကမ္ဘာပျက်မည့် မြင်ကွင်းမျိုး ဖန်တီးလာတော့သည်။
ဝုန်း...
ကြယ်များက မီးတောက်များဖြင့် လောင်ကျွမ်းကာ သိစိတ်ပင်လယ်ထဲသို့ ကျဆင်းလာပြီး အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သော ရိုက်ခတ်မှု စွမ်းအားဖြင့် ပေါက်ကွဲထွက်သွားသည်။
ကျန်းမင် တုန်ယင်သွားသော်လည်း ဆက်လက် တောင့်ခံထား၏။
"ငါ့နှလုံးသားက ကောင်းကင်အောက်က အရာအားလုံးကို ထိန်းသိမ်းထားနိုင်တဲ့ အဆုံးအစမရှိတဲ့ နေရာပဲ..."
ကျန်းမင်၏ နှလုံးသားက ဟစ်ကြွေးလိုက်ပြီး သိစိတ်ပင်လယ်မှာ ရုတ်တရက် ကျယ်ပြန့်သွားတော့သည်။ ယင်းက အပြင်းအထန် လှိမ့်တက်သွားပြီး ကြယ်ရောင်စုံ ကောင်းကင်ကြီးအား လွှမ်းခြုံကာ အားလုံးကို သိစိတ်ပင်လယ်ထဲ ပေါင်းစပ်ပစ်လိုက်လေပြီ။
ဤအဆင့်ကို ဖြတ်ကျော်သွားသည်နှင့် သူ့ ရင်ထဲတွင် သက်သာရာရမှု လှိုင်းတံပိုး တစ်ခု ဖြတ်ပြေးသွားသည်ကို ခံစားလိုက်ရသည်။ ထို့နောက် တစ်ခုခုကို ရုတ်တရက် နားလည် သဘောပေါက်သွားတော့၏။
အတိတ်တုန်းက သူက ဓာတ်ကြီးငါးပါး၊ ယင်နှင့်ယန်၊ အလင်းနှင့်အမှောင်၊ သေခြင်းနှင့် ရှင်ခြင်း၊ သံသရာ၊ ကံကြမ္မာနှင့် အာကာသ အပါအဝင် အသိပညာများစွာနှင့် အထူး စွမ်းရည် အမြောက်အများကို နားလည် သဘောပေါက်ခဲ့သည်။
အသိပညာ ဒါမှမဟုတ် အထူး စွမ်းရည် တစ်ခုကို အောင်မြင်စွာ ကျွမ်းကျင်သွားတိုင်း သူ့နှလုံးသားနဲ့ စိတ်က တစ်ကြိမ် ပိုခိုင်မာလာခဲ့သည်။ အချိန်များ ကုန်လွန်လာသည်နဲ့အမျှ သူ့တွင် မယိမ်းယိုင်သည့် စိတ်စွမ်းအားများ ရှိလာခဲ့ခြင်းပင်။
ကံမကောင်းစွာဖြင့် သူ့သိစိတ်ပင်လယ် တစ်ဝိုက်ရှိ အမြှေးပါးမှာ ခိုင်မာသော်လည်း ယင်းက လှုပ်ရှားမှုမဲ့ ကာကွယ်ရေး အဖြစ်သာ အသုံးဝင်ပြီး ကာကွယ်မှုကို တိုးတက်စေနိုင်သည့် အထူး စွမ်းရည် တစ်ခုမျှ သူ့တွင် မရှိခဲ့ပေ။
သူက ၁၇ ဆင့်မြောက်ကို ပန်းခြံထဲ လမ်းလျှောက်နေသကဲ့သို့ အလွယ်တကူ ဖြတ်ကျော်သွားခဲ့လေပြီ။
၁၈ ဆင့်မြောက်တွင် လူရိပ်တစ်ခုနှင့် ဓားတစ်လက်က သူ့သိစိတ်ပင်လယ်ထဲ ထွက်ပေါ်လာ၏။
ထိုလူရိပ်မှာ အခြားသူ မဟုတ်... သူ့ညီမလေး ဖြစ်ပြီး ဓားမှာ ပျက်စီးခြင်းဓား ဖြစ်သည်။
"ဒီနေ့ ရှင် ဒါမှမဟုတ် ကျွန်မ... တစ်ယောက်ယောက်တော့ သေရမယ်..." သူ့ညီမလေးက ဆိုလာ၏။
သူမ မျက်နှာပေါ်တွင် မည်သည့် အမူအရာမှ မရှိဘဲ ဓားကို အောက်သို့ အပြင်းအထန် ခုတ်ပိုင်းချလိုက်သည်။ ထိုစဉ် ဓားတွင် အချိန်ကို ထိန်းချုပ်နိုင်စွမ်း ရှိနေသည်ကို ကျန်းမင် အံ့ဩစွာ သတိပြုမိလိုက်၏။ သူမ ဓားကို လွှဲခုတ်လိုက်တိုင်း နှစ်သန်းတစ်ထောင် ကုန်လွန်သွားသည့်အလားပင်။
ဓားအလင်းတန်း အောက်တွင် သူ့သိစိတ်ပင်လယ်မှာ မှေးမှိန်သွားပြီး စိတ်စွမ်းအားများ ညှိုးနွမ်းသွားကာ နှလုံးသားထဲရှိ မီးတောက်မှာလည်း ငြိမ်းသတ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားတော့သည်။
အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ကျန်းမင်လည်း ပိုပြီး အိုမင်းလာခဲ့လေပြီ။ သွားလာလှုပ်ရှားရန်ပင် ခက်ခဲနေပြီး ဓားက သူ့အပေါ် ကျဆင်းလာသည်ကို ရပ်ကြည့်နေရုံမှလွဲ၍ ဘာမှ မတတ်နိုင်တော့ချေ။
ရုတ်တရက် အိုမင်းပြီး ခါးကိုင်းနေသော သူ့ပုံရိပ်က ခြောက်သွေ့နေပြီ ဖြစ်သော သိစိတ်ပင်လယ်ထဲ ထွက်ပေါ်လာ၏။
"ငါက ငါ့ညီမလေး လက်ချက်နဲ့ သေရတော့မှာလား... ဒီစကြဝဠာထဲက အရာအားလုံးကို နားမလည်ဘဲနဲ့ ငါ သေရတော့မှာလား... ဟား..."
သူက ခေါင်းမော့၍ နှုတ်ခမ်းထောင့်တွင် တွန့်ကွေးသော အပြုံးတစ်ခု ဖန်တီးလိုက်သည်။
"ဒီမှာ အင်မော်တယ် ဖြစ်နိုင်တဲ့ လျှို့ဝှက်ချက်ကို ငါတွေ့ခဲ့တယ်... တောင်တွေကို ရွှေ့ပြီး ပင်လယ်တွေကို မြှင့်တင်နိုင်တဲ့ စွမ်းအားကို ငါတွေ့ခဲ့တယ်... ဒါပေမဲ့ ငါ အင်မော်တယ် မဖြစ်သေးဘူး... ကမ္ဘာကြီးကို ပြန်လည် ပုံဖော်နိုင်တဲ့ စွမ်းအားကို ငါမရသေးသလို ကမ္ဘာပေါ်က အရာအားလုံးကိုလည်း အမှန်တကယ် မတွေ့ကြုံရသေးဘူး... ဒါဆို ငါက ဘယ်လိုလုပ် ဒီမှာ ရှုံးနိမ့်နိုင်မှာလဲ"
"မင်းက ထာဝရ ငါ့ညီမလေး ဖြစ်နေမှာပါ... ဒါပေမဲ့ မင်းလက်ထဲမှာတော့ ငါ အရှုံးမပေးနိုင်ဘူး..."
ကျန်းမင်၏ မျက်နှာပေါ်တွင် ပြတ်သားသော အမူအရာများ ထွက်ပေါ်လာပြီး ပြောလိုက်၏။
"ညီမလေး... မင်းက ငါ ချစ်ရတဲ့သူ ဖြစ်ပေမဲ့ ငါ့အပေါ် ဒီလိုလုပ်ဖို့ ဘယ်တော့မှ ခွင့်မပြုနိုင်ဘူး..." ကျန်းမင်က အေးစက်သော လေသံဖြင့် အော်ဟစ်ရင်း လက်ညှိုးကို ဖြည်းညှင်းစွာ မြှောက်လိုက်၏။
"ငါမင်းကို ချစ်တယ်... ငါမင်းကို ဂရုစိုက်တယ်... ပြီးတော့ ငါ့အပေါ် မင်းလုပ်ချင်တာမှန်သမျှ လုပ်ဖို့ ခွင့်ပြုနိုင်တယ်... ဒါပေမဲ့ မင်းက ငါ့ကို ဘယ်လိုလုပ် ဒီလို လုပ်ရက်ရတာလဲ"
နှလုံးသားထဲတွင် ဖိနှိပ်ထားသော မာနတရားများ ပေါက်ကွဲထွက်လာတော့သည်။
"အခု သေလိုက်တော့..."
သူ့ချီစွမ်းအင်နှင့် ခွန်အား အားလုံးကို လက်ညှိုးထိပ်တွင် စုစည်းလိုက်ရာ ကောင်းကင်ယံရှိ ကြယ်ရောင်များနှင့်သာ နှိုင်းယှဉ်နိုင်လောက်အောင် တောက်ပသော အလင်းတန်း တစ်ခု ထွက်ပေါ်လာလေပြီ။
ဓားထိပ်ဖျား ကျိုးပဲ့သွားပြီး သူ့ညီမလေး၏ ပုံရိပ်မှာလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားတော့၏။
သူ့အပေါ် ကျရောက်နေသော ဖိအားများ အားလုံး ပျောက်ကွယ်သွားပြီး ပုံမှန် အခြေအနေသို့ ပြန်လည် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ကျန်းမင် သက်ပြင်းတစ်ချက် ချလိုက်သည်။ သူ့အတွင်းပိုင်းရှိ တစ်စုံတစ်ရာ ပြောင်းလဲသွားသလို ခံစားလိုက်ရ၏။ သိစိတ်ပင်လယ်မှာ တောက်ပစွာ လင်းလက်နေပြီး စိတ်စွမ်းအားများလည်း ပိုခိုင်မာလာခဲ့သည်။
မခံမရပ်နိုင်သော ဝန်ထုတ်ဝန်ပိုးကြီး တစ်ခုက ဖိချထားသည့်အလား သူ ခါးကိုင်းနေပြီး ချွေးများလည်း ရွှဲရွှဲစိုနေလေပြီ။
သို့သော် သူက လက်လျှော့ရန် ငြင်းဆန်ခဲ့သည်။
သူက ခေါင်းမော့၍ ကောင်းကင်ကို ကြည့်လိုက်၏။
ညာဘက် လက်ညှိုးကို မြှောက်ကာ ကောင်းကင်ကို ညွှန်ပြပြီး ခန္ဓာကိုယ်ကို ဖြည်းညှင်းစွာ မတ်လိုက်ရင်း စိတ်ထဲ မေးခွန်းထုတ်နေမိသည်။
'ဒါက တကယ့် ငါပဲလား'
အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ၁၉ ဆင့်မြောက်သို့ တက်လှမ်းလိုက်သည်။
ရုတ်တရက် လှံရှည်တစ်ချောင်းက ကမ္ဘာဦး ပျက်သုဉ်းခြင်း နယ်မြေထဲမှ ထွက်ပေါ်လာပြီး ကောင်းကင်ကို ဖောက်ထွင်းကာ သူ့သိစိတ်ပင်လယ်ဆီသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာတော့၏။
End
***