အမည် : ကျန်းမင်
ကျင့်ကြံခြင်း အဆင့် : အဆင့် ၅
စုဆောင်းရရှိသော အမှတ် : ၁၃၀ မှတ်
ဂုဏ်ပြုမှတ်တမ်း : အဆင့်ငါးဆင့် စံချိန်၊ ၁၈ ဆင့် စံချိန်
ကျန်းမင် တစ်ယောက် ၁၉ ဆင့်မြောက်တွင် ရှုံးနိမ့်သွားခဲ့ပြီး ကောင်းကင်ဘုံ လှေကားထစ်မှ မြေပြင်ပေါ်သို့ ပြုတ်ကျလာခဲ့လေပြီ။ လျင်မြန်စွာ ပြန်လည် နာလန်ထလာနိုင်သော်လည်း သူ့ စိတ်ထဲတွင် ဗြောင်းဆန်နေဆဲ ဖြစ်ပြီး ဝိညာဉ်မှာလည်း တုန်ယင်နေ၏။ ၁၉ ဆင့်မြောက်ရှိ လှံရှည်မှာ စွမ်းအားကြီးမားလွန်းသဖြင့် ထွက်ပေါ်လာသည်နှင့် သူ့ကို မှင်သက်သွားစေပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် သိစိတ်ပင်လယ်ကို ကြေမွသွားစေခဲ့သည် မဟုတ်ပါလား။
"အရမ်း စွမ်းအားကြီးလွန်းတယ်..."
ကျန်းမင် အာမေဋိတ်သံ ထွက်သွားတော့၏။ သက်ပြင်းတစ်ချက် ချပြီးနောက် စုဆောင်းရရှိထားသော အမှတ်များကို မြင်လိုက်ရချိန်တွင် ပြုံးလိုက်မိသည်။
ကောင်းကင် တိုက်ပွဲစင်မြင့်မှ ၃၁ မှတ် ရရှိခဲ့သော်လည်း ကောင်းကင်ဘုံ လှေကားထစ်မှ ပိုများသော အမှတ်များကို ရရှိခဲ့ခြင်းပင်။ ကနဦးဝိညာဉ် နယ်ပယ်ရှိ ကျင့်ကြံသူများအတွက် ရည်ရွယ်ထားသော ကောင်းကင်ဘုံ လှေကားထစ်၏ ပထမ ကိုးဆင့်ကို ဖြတ်ကျော်ပါက တစ်ဆင့်လျှင် ၁ မှတ်စီ ရရှိမည် ဖြစ်သည်။ ၁၀ ဆင့်မြောက်မှ ၁၈ ဆင့်မြောက် အထိကိုမူ သုခဘုံ ကျင့်ကြံသူများသာ ဖြတ်ကျော်နိုင်မည့် အခွင့်အရေး ရှိ၏။ ၎င်းတို့ကို ဖြတ်ကျော်နိုင်ရုံသာမက တစ်ဆင့်လျှင် ၁၀ မှတ်စီ ရရှိမည် ဖြစ်လေသည်။
"မင်း တကယ်ကို မိုက်တာပဲ..."
လိုဟန်နှင့် အခြားသူများလည်း အနားသို့ ရောက်လာကြသည်။ အားလုံး၏ မျက်နှာပေါ်တွင် အံ့အားသင့်သော အမူအရာများ ထွက်ပေါ်နေလျက်။
ကျန်းမင်နှင့် မတွေ့ဆုံမီ အချိန်ထိ တစ်စုံတစ်ယောက်က ၁၈ ဆင့်မြောက် အထိ ရောက်ရှိနိုင်မည်ဟု သူတို့ ထင်မထားခဲ့ကြပေ။
ယဲ့ချင်းရှန်းက မျက်လုံးများ တောက်ပနေလျက် ပြောလာ၏။
"တော်တော် ကြမ်းတာပဲ..."
သူမက ဘေးရှိ ကျောက်စာတိုင်ကို ကြည့်လိုက်ရာ မထင်မှတ်ထားစွာပင် အပေါ်ဆုံးတွင် ကျန်းမင်၏ နာမည် မြင်လိုက်ရသည်။
ယဲ့ချင်းရှန်းလည်း မထိန်းနိုင်တော့ဘဲ ထပ်မံ ရေရွတ်လိုက်မိ၏။
"၁၈ ဆင့်မြောက်တဲ့လား... ဆိုလိုတာက မင်းမှာ အဆင့် ၈ ကျင့်ကြံသူ တစ်ယောက်ရဲ့ စိတ်စွမ်းအားမျိုး ရှိနေတာပဲ... တကယ်တမ်းကျတော့ မင်းက အဆင့် ၅ ပဲ ရှိသေးတာကို... ဒါ မယုံနိုင်စရာပဲ"
အော်ရမ်ကလည်း စိတ်ထဲမှ တွက်ချက်ကြည့်ပြီးနောက် အော်ဟစ်တော့သည်။
"ငါ အားအကျဆုံးကတော့ မင်းရလာတဲ့ အမှတ်တွေပဲ... ဒါက အရမ်းကို အံ့ဩစရာ ကောင်းလွန်းတယ်... ဒီအမှတ်တွေကိုသာ သူ သုံးလိုက်ရင် ဘယ်လောက်တောင် ပိုသန်မာလာမလဲ ဆိုတာ ငါ စိတ်ကူးတောင် မယဉ်နိုင်တော့ဘူး"
အော်ရမ်၏ စကားကို ကြားပြီးနောက် အားလုံး အသက်ရှူမှားသွားကြသည်။
ဂွမ်ရွေ့ပင် မထိန်းနိုင်ဘဲ နှုတ်ခမ်းသပ်လိုက်မိ၏။
ကျန်းမင်က ပြုံးလိုက်သော်လည်း ဘာမှ ပြန်မပြောပေ။ သူတို့နှင့် ခဏတာ စကားပြောပြီးနောက် ဘေးသို့ ထွက်လာကာ တင်ပျဉ်ခွေ ထိုင်ချ၍ အားအင်များ ပြန်လည် ပြည့်ဝလာစေရန် ကျင့်ကြံတော့သည်။
မည်သို့ပင်ဖြစ်စေ သူ့ စိတ်မှာ ပင်ပန်းနွမ်းနယ်နေပြီး လှံရှည်ကလည်း သူ့သိစိတ်ပင်လယ်ကို ထိုးဖောက်သွားခဲ့သည် မဟုတ်ပါလား။
အချိန်များ နှေးကွေးစွာ ကုန်လွန်သွား၏။ အသိစိတ်ပင်လယ် မူလအခြေအနေသို့ ပြန်လည် ရောက်လာမှသာ ကျန်းမင် မတ်တပ် ထရပ်လိုက်သည်။ အစောပိုင်းက ခံစားခဲ့ရသော နွမ်းနယ်မှုများ ပျောက်ကွယ်သွားပြီး လန်းဆန်းတက်ကြွလာသလို ခံစားလိုက်ရလေပြီ။
လိုဟန်နှင့် ကျန်သူများလည်း ထွက်မသွားကြသေးချေ။ သူ့ကို စောင့်နေကြသဖြင့် ကောင်းကင်ဘုံ ကျောက်စာတိုင်များ သို့မဟုတ် တာအို ကျောက်စာတိုင်များကို နားလည် သဘောပေါက်ရန် မသွားခဲ့ပေ။
ကျန်းမင်က သူတို့ကို ခေါင်းညိတ်ပြပြီး ခဏတာ စဉ်းစားပြီးနောက် သူ့အနောက်ရှိ တာအို သန်းပေါင်းများစွာ ပုံရိပ်ကားချပ်ဆီ လျှောက်သွားတော့သည်။
သူ အထူး စွမ်းရည် အချို့ သွားယူတော့မည် ဖြစ်သည်။
တာအို သန်းပေါင်းများစွာ ပုံရိပ်ကားချပ်မှာ ဧရာမ ကျောက်စာတိုင်ကြီး တစ်ခုပင်။ ကျန်းမင် ခေါင်းမော့ကြည့်လိုက်ရာ အံ့အားသင့်သွား၏။
ပုံရိပ်ကားချပ် အထက်တွင် မျဉ်းကြောင်းများနှင့် အမှတ်အသား အများအပြား ရှိနေပြီး ကြယ်ရောင်စုံ ကောင်းကင်ကြီး၏ ခံစားချက်မျိုး ပေးစွမ်းနေသည်။ မျက်လုံး အနည်းငယ် မှေးစင်းကြည့်ရာ ထိုထဲတွင် တာအို စည်းချက် အချို့ကို မြင်တွေ့လိုက်ရလေသည်။
သူက အလျင်အမြန် တင်ပျဉ်ခွေ ထိုင်ချ၍ မျက်လုံးများ မှိတ်လိုက်၏။
ပုံရိပ်ကားချပ်နှင့် စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှု ပြုလုပ်ရန် ကြိုးစားစဉ် ထူးဆန်းသော အရှိန်အဝါ တစ်ခုက သူ့ကို အတားအဆီး တစ်ခုအဖြစ် ဖုံးလွှမ်းသွားပြီး အပြင်လူများ အနှောင့်အယှက် မပေးနိုင်ရန် တားဆီးပေးလိုက်သည်ကို ခံစားလိုက်ရသည်။
အချိန်ကုန်သွားမည်ကို စိုးရိမ်စရာ မလိုသောကြောင့် အထူး စွမ်းရည်များကို နားလည် သဘောပေါက်ရန် အချိန်ယူဖို့သာ ဆုံးဖြတ်လိုက်သည်။
သူ့စိတ်ကမ္ဘာကို ကိုယ်စားပြုသော ပုံရိပ်ယောင် မြင်ကွင်းတစ်ခုက သူ့အနောက်တွင် ထွက်ပေါ်လာ၏။ ယင်းမှာ သုခဘုံ ပုံရိပ်ယောင်နှင့် တူသော်လည်း မည်သူကမျှ မမြင်တွေ့နိုင်ချေ။
တာအို သန်းပေါင်းများစွာ ပုံရိပ်ကားချပ် အတွင်း၌ ကျန်းမင်က စွမ်းအား အားလုံး၏ မူလအစသို့ ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ မီးတောက်တစ်ခု ပေါက်ကွဲထွက်လာပြီး ကြယ်တစ်ပွင့် အဖြစ် ပြောင်းလဲသွား၏။ ထို့နောက် ဆက်လက် ပြိုကျကာ အမှတ်အသား တစ်ခုအဖြစ် စုစည်းသွားပြီး မီးတောက်အဖြစ် ပြန်လည် ပြောင်းလဲသွားပြန်သည်။
နောက်စက္ကန့်တွင် သူက မုန်တိုင်း၏ ဗဟိုချက်သို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်နှင့် ဝိညာဉ်ကိုပါ ဖျက်ဆီးပစ်နိုင်သော ဒေါသတကြီး တိုက်ခတ်နေသည့် လေပြင်းများက သူ့အား ဝန်းရံထား၏။ အနီးကပ် မကြည့်နိုင်ခင်မှာပင် လျှပ်စီးများ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး အမှောင်မြူများ ကျဆင်းလာတော့သည်။
ကျန်းမင် တွေးလိုက်မိ၏။
"ဒါက စွမ်းအား အသွင်ပြောင်းတာပဲ... ဒါပေမဲ့ ရှုပ်ထွေးနေတယ်... ငါ တစ်ခုချင်းစီ ခွဲထုတ်ပြီး အဲ့ဒီ ဖြစ်စဉ်အတွင်းက စွမ်းအား အပြောင်းအလဲတွေရော အသိပညာ အသွင်ပြောင်းတာကိုပါ ခွဲခြမ်းစိတ်ဖြာဖို့ လိုတယ်"
ကျန်းမင်က အထူး စွမ်းရည်နှင့် ပတ်သက်၍ အခြေခံ နားလည်မှု ရှိထားပြီး ဖြစ်သည်။ တကယ်တမ်း အထူး စွမ်းရည်များကိုလည်း အဆင့်များစွာ ခွဲခြားထားသေး၏။
အခြေခံအဆင့် အထူး စွမ်းရည်များက အသိပညာကိုသာ အသုံးပြုသည်။ အလယ်အလတ် အဆင့်တွင်မူ အသိပညာများစွာကို ပေါင်းစပ်နိုင်ပြီး တာအို၏ နက်နဲမှုများနှင့် ပတ်သက်၍ အပြောင်းအလဲများ ပြုလုပ်နိုင်သည်။ အဆင့်မြင့်ပိုင်းတွင်မူ ယေဘုယျအားဖြင့် နိယာမ အပြောင်းအလဲများ၊ အသိပညာ အများအပြား ပေါင်းစပ်ခြင်း သို့မဟုတ် အာကာသနှင့် အချိန် စွမ်းအား အသုံးပြုခြင်းတို့ ပါဝင်သည်။ အမြင့်ဆုံး အထွတ်အထိပ် အဆင့် အတွက်မူ နာမည်နှင့် လိုက်ဖက်စွာပင် နိယာမ စွမ်းအား အပြည့်အဝကို ထုတ်ယူပြီး ကမ္ဘာပေါ်ရှိ အရာအားလုံးကို ဖိနှိပ်နိုင်သည်။
ဤသည်ကား အထူး စွမ်းရည်များနှင့် ပတ်သက်၍ ကျန်းမင် သိထားသမျှ အရာအားလုံးပင်။
အခြေခံ အထူး စွမ်းရည် ရှစ်ခု နားလည် သဘောပေါက်တိုင်း ၁ မှတ် ချီးမြှင့်ခံရမည် ဖြစ်ပြီး ထိုမှတဆင့် စုဆောင်းသွားမည် ဖြစ်သည်။ သို့သော် အထွတ်အထိပ် အထူး စွမ်းရည် တစ်ခုမှာ အဆင့်မြင့် အထူး စွမ်းရည် နှစ်ခု၊ အလယ်အလတ် အထူး စွမ်းရည် လေးခုနှင့် အခြေခံ အထူး စွမ်းရည် ရှစ်ခုတို့နှင့် ညီမျှသည်။
အချို့ လူများက တာအို သန်းပေါင်းများစွာ ပုံရိပ်ကားချပ်မှ အမှတ်ရရန် ခက်ခဲသော်လည်း အချို့အတွက်မူ လေပြေလေး တစ်ခုလို လွယ်ကူလှ၏။ အားလုံးမှာ ထိုသူ၏ ဉာဏ်ရည် အဆင့်အတန်း အပေါ်တွင်သာ မူတည်သည်။
လူတစ်ယောက်က အထူး စွမ်းရည် ထောင်ပေါင်းများစွာကို နားလည် သဘောပေါက်ခဲ့ပြီး ထိုစွမ်းဆောင်ရည်ကို ယနေ့တိုင် မည်သူမျှ မကျော်ဖြတ်နိုင်သေးကြောင်း ဖုန်းဝူက တစ်ခါ ပြောဖူးသည်။
အချိန်များ နှေးကွေးစွာ ကုန်လွန်သွား၏။
သုံးရက် ကြာပြီးနောက် ကျန်းမင်နှင့် တူသော လူရိပ်တစ်ခုက သူ့အနောက်တွင် ထွက်ပေါ်လာလေသည်။ ထိုလူရိပ်က လက်ဟန် သင်္ကေတ တစ်ခု ပြုလုပ်လိုက်ရာ ကြာနီ တစ်ပွင့် ဖန်တီးလာတော့၏။
ထို့နောက် ကြာနီမှာ ပေါက်ကွဲထွက်သွားပြီး အလင်းတိုင် တစ်တိုင်က သူ့ခေါင်းပေါ်မှ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာသည်။
အဝေးမှနေ၍ ကျန်းမင်ကို စောင့်ကြည့်နေသော ယဲ့ချင်းရှန်းက အာမေဋိတ်သံဖြင့်...
"အံ့ဩစရာပဲ... အထူး စွမ်းရည် တစ်ခုကို နားလည်ဖို့ သူ သုံးရက်ပဲ အချိန်ယူခဲ့ရတာ"
လိုဟန်ကလည်း ဝင်ပြောလာ၏။
"အင်း... သူက တကယ့် ပါရမီရှင်ပဲ... သူ အထူး စွမ်းရည် ဘယ်နှခုလောက် နားလည်နိုင်မယ် ထင်လဲ"
"၁၀ ခုလား... ဒါမှမဟုတ် ၂၀ လား... ငါလည်း မပြောတတ်ဘူး" ယဲ့ချင်းရှန်းက ပြန်ဖြေလိုက်သည်။ "အထူး စွမ်းရည်တွေကို နားလည်ဖို့ ကြိုးစားရတာက ပင်ပန်းတဲ့ လုပ်ငန်းစဉ် တစ်ခုပဲ... ပြီးတော့ လူတွေက အရမ်း လွယ်လွယ်ကူကူ ပင်ပန်းနွမ်းနယ်သွားတတ်တယ်... ဒါပေမဲ့ သူ့ရဲ့ စိတ်စွမ်းအားကို ကြည့်ရတာတော့ ဆယ်ခုကျော်လောက်က သူ့အတွက် ပြဿနာ မရှိလောက်ဘူး ထင်တယ်"
လိုဟန်က ခါးသီးစွာ ပြုံး၏။
"ငါ အထူး စွမ်းရည် တစ်ခုကို နားလည်ဖို့ ခြောက်လ အချိန်ယူခဲ့ရတာ... အဲ့ဒါတောင် ငါ တော်တော် ပင်ပန်းနေပြီ"
ယဲ့ချင်းရှန်းက သူ့ကို တစ်ချက် လှမ်းကြည့်ရင်း...
"မင်းကိုယ်မင်း သူ့နဲ့ ဘယ်လိုလုပ် နှိုင်းယှဉ်လို့ ရမှာလဲ"
လိုဟန် တစ်ယောက် စကားပင် ဆို့သွားတော့သည်။
နာရီအနည်းငယ် ကြာပြီးနောက် နောက်ထပ် အလင်းတန်း တစ်ခု ကျန်းမင် ခေါင်းပေါ်မှ ထွက်ပေါ်လာပြန်၏။ ဆိုလိုသည်မှာ သူက နောက်ထပ် အထူး စွမ်းရည် တစ်ခုကို ထပ်မံ နားလည် သဘောပေါက်သွားခြင်းပင်။
ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် ယဲ့ချင်းရှန်း တစ်ယောက် အံ့အားသင့်သွားတော့သည်။
"ဟူး..." လိုဟန်က အနောက်သို့ လှည့်ရင်း "သူက ငါ့ရဲ့ ဂုဏ်သိက္ခာနဲ့ ယုံကြည်မှုတွေကို အစိစိအမွှာမွှာ ရိုက်ချိုးပစ်လိုက်ပြီ"
ယဲ့ချင်းရှန်းက တိုးညှင်းသော လေသံဖြင့် ပြန်ပြောလာ၏။
"အင်း... မင်းတစ်ယောက်တည်း မဟုတ်ပါဘူး"
ဂွမ်ရွေ့၊ လျူယွမ်နှင့် အော်ရမ်တို့လည်း ဆွံ့အသွားကြသည်။
ကျန်းမင် ခေါင်းပေါ်မှ အလင်းတိုင်များ ပို၍ပို၍ ထွက်ပေါ်လာ၏။ အများစုမှာ ဆယ်မီတာ အောက်သာ ရှိသော်လည်း အချို့မှာ မီတာ ၁၀၀ ခန့် မြင့်မားသည်။ ဆိုလိုသည်မှာ သူက အလယ်အလတ် အထူး စွမ်းရည် တစ်ခုကို နားလည် သဘောပေါက်သွားခြင်း ဖြစ်သည်။
ယေဘုယျအားဖြင့် အဆင့် ၅ ကျင့်ကြံသူ တစ်ယောက် အနေဖြင့် အလယ်အလတ် အထူး စွမ်းရည် တစ်ခုကို နားလည် သဘောပေါက်ရန် အလွန် ကြိုးစား အားထုတ်ရပေမည်။
"သေစမ်း..." လိုဟန်က အော်ဟစ်လိုက်သည်။
"ဘုရားရေ..." ယဲ့ချင်းရှန်းလည်း လိုက်အော်မိ၏။
အဘယ်ကြောင့်ဆိုသော် မီတာ ၁၀၀၀ ခန့် မြင့်မားသော အလင်းတိုင် တစ်တိုင်က ကျန်းမင်၏ ခေါင်းပေါ်တွင် ထွက်ပေါ်လာသောကြောင့်ပင်။ ယင်းမှာ ကောင်းကင် တစ်ခုလုံးကိုပင် လင်းထိန်သွားစေနိုင်လောက်အောင် တောက်ပနေလေသည်။
မီတာ ၁၀၀၀ ခန့် မြင့်မားသော အလင်းတိုင် ဆိုသည်မှာ အထွတ်အထိပ် အထူး စွမ်းရည် တစ်ခုကို အောင်မြင်စွာ နားလည် သဘောပေါက်သွားခြင်း ဖြစ်သည်။
လိုဟန်နှင့် ယဲ့ချင်းရှန်းတို့ သက်ပြင်းချလိုက်ကြ၏။
အထွတ်အထိပ် အထူး စွမ်းရည် တစ်ခုတွင် ယေဘုယျအားဖြင့် နိယာမများ အသုံးပြုခြင်း ပါဝင်သည်။ သို့သော် အထူး အခြေအနေ အချို့လည်း ရှိသေး၏။ ဥပမာအားဖြင့် အသိပညာ အများအပြား ပေါင်းစပ်ခြင်း သို့မဟုတ် တိကျသော အသိပညာ တစ်ခုကို ပိုမြင့်မားသော အဆင့်သို့ တိုးတက်စေခြင်းမျိုးပင်။
မည်သို့ပင် ဖြစ်စေ ၎င်းမှာ အံ့မခန်း အောင်မြင်မှု တစ်ခု ဖြစ်သည်။
သို့သော် သူတို့ကို အံ့အားအသင့်ဆုံး ဖြစ်စေသည့် အရာမှာ ကျန်းမင်က အထူး စွမ်းရည် အမျိုးအစား ၄၀ ကျော်ကို နားလည် သဘောပေါက်ခဲ့သော်လည်း မရပ်တန့်သေးခြင်းပင်။
တစ်နေ့တွင် ကျန်းမင် နှလုံးသားထဲ၌ အသံတစ်သံ ပဲ့တင်ထပ်လာတော့၏။
"ဂုဏ်ယူပါတယ်... အဆင့်မြင့် အထူး စွမ်းရည် ၂ ခု၊ အလယ်အလတ် အထူး စွမ်းရည် ၆ ခုနဲ့ အခြေခံ အထူး စွမ်းရည် ၇၉ ခုကို အောင်မြင်စွာ နားလည် သဘောပေါက်ခဲ့ပါတယ်... နတ်ဘုရား ကျောက်စာတိုင်ပေါ်မှာ နာမည် ထွင်းထုခွင့် ရပါပြီ... ရိုးရိုးလေး ပြောရရင် သင်က အထူး စွမ်းရည် ၉၉ ခုကို နားလည် သဘောပေါက်ခဲ့ပြီး ကောင်းကင် တိုက်ပွဲစင်မြင့်ရဲ့ ပဉ္စမအဆင့်ကို အောင်နိုင်ခဲ့တဲ့ အပြင် ကောင်းကင်ဘုံ လှေကားထစ်ရဲ့ ၁၈ ဆင့်ကို ဖြတ်ကျော်ခဲ့တဲ့ အတွက် အထွတ်အထိပ် စကားပြောခန်း အဖွဲ့ရဲ့ အဖွဲ့ စီမံခန့်ခွဲသူ ဖြစ်လာဖို့ အရည်အချင်း ပြည့်မီသွားပါပြီ"
"ကျန်းမင်... သင်က အထွတ်အထိပ် စကားပြောခန်း အဖွဲ့ရဲ့ အဖွဲ့ စီမံခန့်ခွဲသူ ဖြစ်လာပါပြီ"
"ကျန်းမင်... အထွတ်အထိပ် စကားပြောခန်း အဖွဲ့ထဲက အရောင်းအဝယ် လုပ်ဆောင်ချက်ကို အသက်သွင်းလိုက်ပါပြီ... ပြီးတော့ အဖွဲ့ စီမံခန့်ခွဲသူ အနေနဲ့ အဖွဲ့ဝင်တွေကို အသံပိတ်ထားလို့ ရသလို အရောင်းအဝယ် လုပ်တာကိုလည်း တားဆီးလို့ ရပါတယ်"
"အရောင်းအဝယ် လုပ်တဲ့ ပစ္စည်းတွေက အစစ်အမှန်တွေ ဖြစ်ပြီး အမှတ်အသားတွေ မပါဝင်သလို ပိုင်ရှင်လည်း မရှိကြောင်း သတိပြုပါ"
ကျန်းမင်က မျက်လုံးများ ပြန်ဖွင့်လိုက်၏။ ပင်ပန်းနေသော်လည်း ပျော်ရွှင်နေလေပြီ။
သူက အထူး စွမ်းရည် ၉၉ ခုကို အောင်မြင်စွာ နားလည် သဘောပေါက်ခဲ့သဖြင့် ကျေနပ်နေ၏။ တကယ်၍ သူသာ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ပါက ဤနေရာသို့ ပြန်လာပြီး အထူး စွမ်းရည်များကို ဆက်လက် နားလည် သဘောပေါက်နိုင်သေးသည် မဟုတ်ပါလား။
အထွတ်အထိပ် စကားပြောခန်း အဖွဲ့အတွင်း အခြားသူများနှင့် အရောင်းအဝယ် ပြုလုပ်ရန် စိုးရိမ်စရာ မလိုတော့သဖြင့် နောက်ဆုံး အသိပေးချက် အတွက် ကျန်းမင် အလွန် ကျေနပ်သွားရသည်။ မည်သို့ဖြစ်စေ ပစ္စည်းထဲတွင် မဟာ ဧကရာဇ် တစ်ပါး ခြေရာခံနိုင်သည့် အမှတ်အသားများ ပါဝင်နေပါက သူ ဒုက္ခကြီးကြီးမားမား ရောက်မည်မှာ အသေအချာပင်။
'အထွတ်အထိပ် စေတီကြီး နောက်ကွယ်က ဘယ်သူပဲ ဖြစ်ဖြစ် အလွန် ကြီးမြတ်တဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ရမယ် ဆိုတာ ငါ အာမခံနိုင်တယ်'
ကျန်းမင် စဉ်းစားနေစဉ်မှာပင် အထွတ်အထိပ် စကားပြောခန်း အဖွဲ့သို့ ဝင်ရောက်သွားတော့၏။
အထွတ်အထိပ် စကားပြောခန်း အဖွဲ့အတွင်း၌ အလွန် စည်ကား သိုက်မြိုက်နေသည်။
End
***