အမြင့်ဆုံး စကားပြောခန်းအတွင်း…
[အောက်ကျို - ညီအစ်ကိုကျန်း... မင်းက ဘယ်လိုလုပ် အဖွဲ့ရဲ့ စီမံခန့်ခွဲသူ ဖြစ်လာရလောက်အောင် အဲ့လောက်တောင် စွမ်းသွားရတာလဲ... ညီအစ်ကိုကျန်း... ငါကတော့ တစ်သက်လုံး မင်းကို အစ်ကိုကြီးလို့ ခေါ်ဖို့ ဆုံးဖြတ်လိုက်ပြီ]
[ဖုန်းဝူ - အခုကစပြီး တို့တွေအားလုံးက မိသားစုတွေပဲ... ဂုဏ်ယူပါတယ် မောင်လေးကျန်း... အားလုံးအတွက်လည်း ဝမ်းသာပါတယ်]
[ကျန့်ကော - ဟူး... နောက်ဆုံးတော့ ငါ ထွက်ပြေးစရာ မလိုတော့ဘူး... ညီအစ်ကိုကျန်း... ကျေးဇူးအများကြီး တင်ပါတယ်... မင်းရှိနေပေးလို့ တကယ် အားတက်ရတယ်... ငါ့ဆီမှာ အမှတ်တချို့ ရှိတယ်... မင်းတို့ဆီမှာ အစွမ်းထက်တဲ့ သတ်ဖြတ်ရေး လက်နက်တွေများ ရှိကြလား... ငါ ပြန်လည် တိုက်ခိုက်ချင်လို့... ပြီးတော့ သူတို့ရဲ့ သူတော်စင် သမီးတော်တွေ အကုန်လုံးကို ငါ့အတွက် သားတွေ မွေးပေးဖို့ ဖမ်းခေါ်လာချင်သေးတယ်]
[ထျန်းဖိုးကျီ - အော်မီတော်ဖော်... ဒကာကျန့်... သတ်ဖြတ်ခြင်းတွေကို လျှော့ပါဦး]
[ကျန့်ကော - ဟီး... သတ္တဝါတွေအားလုံး အပေါ် ကရုဏာထားတယ်၊ တန်းတူညီမျှ ရှိတယ်လို့ ပါးစပ်ကပြောပြီး တခြားသူတွေထက် ပိုရက်စက်၊ ပိုမြင့်မြတ်ချင်နေတဲ့ မင်းတို့လို ကတုံးတွေကိုပဲ ငါ အမုန်းဆုံး]
[ကျီလဲ့ - ထောက်ခံတယ်... အဲ့ဒီ ကတုံးတစ်ပါးက ငါ့ကိုတောင် သန့်စင်ပစ်မလို့ လုပ်သေးတာ... ဒါကြောင့် ငါ့ရဲ့ ကျင့်ကြံခြင်း အထွတ်အထိပ်ကို ရောက်တဲ့အခါ ငါ့ကမ္ဘာမှာ ကိုယ်တော်တွေ အကုန်လုံးကို ရှင်းလင်းပစ်ဖို့ ဆုံးဖြတ်ထားတယ်]
[ဟေးကူ - လဲ့... မင်းက အရင်လိုပဲ အာဏာပြချင်နေတုန်းပဲကိုး]
[မင်ဖေး - မောင်လေးကျန်း... ငါက ကောင်းကင်နတ်ဘုရား ကမ္ဘာငယ်ရဲ့ ပထမ မင်းသမီးပါ... ငါ့ရဲ့ မြင့်မြတ်တဲ့ အဆင့်အတန်းကြောင့် မင်းလိုချင်တဲ့ ပစ္စည်းတိုင်းကို အချိန်မရွေး ဖန်တီးပေးလို့ ရတယ်... ဒါပေမဲ့ အလကားတော့ မဟုတ်ဘူးနော်... ၅၀ ရာခိုင်နှုန်းတော့ လျှော့ပေးနိုင်တယ်]
[ဝမ်ရဲ့ - ညီအစ်ကိုကျန်း... ငါ့ဆီမှာ အဆင့် ၁၅ ဘိုးဘေးကြီး တစ်ပါး ရှိတယ်... တကယ်လို့ အန္တရာယ် ကြုံလာရင် ပြောပါ... အမှတ် (၁)မှတ်ပေးယုံနဲ့ ကူညီပေးမယ်]
[ကျန့်ကော - ညီအစ်ကိုဝမ်က တကယ် သဘောကောင်းတာပဲ... ငါ အခု အန္တရာယ် ကြုံနေရလို့ ကူညီပါဦး]
[ဝမ်ရဲ့ - ဘာလိုချင်လို့လဲ]
[ကျန့်ကော - အဆင့် ၁၁ စစ်ပွဲသုံး ဓားတစ်လက်လောက်]
[ဝမ်ရဲ့ - ကာကွယ်ရေး မပါဘဲ တိုက်ခိုက်ဖို့ချည်း မတွေးနဲ့... ရန်သူတွေရဲ့ ပစ်မှတ်ထားတာ ခံရရင် မင်း သေသွားနိုင်တယ်]
[ကျန့်ကော - ငါ့ဆီမှာ ၂ မှတ်ပဲ ကျန်တော့လို့ပါ]
[ဝမ်ရဲ့ - အမှတ် (၁)မှတ်ကို လက်နက် တစ်ခုနဲ့ လဲပေးမယ်... မင်း ပြန်လည် တိုက်ခိုက်ပြီးတာနဲ့ အထွတ်အထိပ် စေတီထဲ ဝင်ပြီး အရင်ဆုံး ခဏလောက် ကျင့်ကြံလိုက်ဦး... ဘာပဲဖြစ်ဖြစ် မင်းရဲ့ စွမ်းရည်နဲ့ဆိုရင် အမှတ်တွေ ပိုရလာအောင် ပြန်ရှာဖို့ ခက်ခဲမှာ မဟုတ်ဘူး]
[ကျန့်ကော - ကောင်းပြီ... ညီအစ်ကိုဝမ်... ကျေးဇူးပဲနော်]
ကျန်းမင်က စာတိုများကို တိတ်ဆိတ်စွာ ဖတ်ရှုနေရင်း အံ့အားသင့်သွား၏။ ဝမ်ရဲ့ထံတွင် အဆင့် ၁၅ ကျွမ်းကျင်သူ တစ်ယောက် ရှိနေလိမ့်မည်ဟု သူ ထင်မှတ် မထားခဲ့ပေ။ အဆင့် ၁၅ ကျွမ်းကျင်သူ တစ်ယောက် မည်မျှ အစွမ်းထက်မည်ကို သေချာ မသိသော်ငြား ထိုကဲ့သို့ ကျွမ်းကျင်သူမှာ သူ့ကမ္ဘာအား အလွယ်တကူ ဖျက်ဆီးပစ်နိုင်ကြောင်း သူ ကောင်းကောင်း သိထားသည်။
ဤစကားပြောခန်းအတွင်း ဤမျှ နက်နဲသော နောက်ခံရှိသူများနှင့် တွေ့ဆုံရလိမ့်မည်ဟု ကျန်းမင် အမှန်တကယ်ပင် မျှော်လင့် မထားခဲ့ချေ။
[ကျန်းမင် - ညီအစ်ကိုဝမ်... မင်းလို အလယ်အလတ် လောကက လာပြီး ခိုင်မာတဲ့ နောက်ခံ ရှိတဲ့သူက ဘာလို့ အဆင့် ၁၀ မှာပဲ ဆက်နေနေတာလဲ]
သူက လူသားလမ်းစဉ် မှတ်တမ်းများကို အသုံးပြု၍ ဝမ်ရဲ့အား စစ်ဆေးကြည့်လိုက်၏။
ဝမ်ရဲ့... လူသား၊ ကျား၊ အဆင့် ၁၀၊ ဒဏ္ဍာရီလာ အလယ်အလတ် လောကမှ ဖြစ်ပြီး ကောင်းကင်ဘုံပင် မနာလို ဖြစ်ရလောက်အောင် ပါရမီ ထူးချွန်သူ။ လက်ရှိတွင် နောက်ထပ် အဆင့်တက်ရန် သူ့ အခြေခံကို ဆက်လက် မြှင့်တင်နိုင်ရန်အတွက် မှော်ပစ္စည်း တစ်ခု အသုံးပြု၍ သူ့ကိုယ်သူ ဖိနှိပ်ထားသည်။ သူက အထွတ်အထိပ် စေတီတွင် ဆက်လက် နေထိုင်လိုပြီး ပိုမြင့်မားသော အဆင့်ရှိ အမြင့်ဆုံး စကားပြောခန်းသို့ ဝင်ရောက်လိုသည်။
ဝမ်ရဲ့၏ အချက်အလက်များကို ဖတ်ရှုပြီးနောက် ကျန်းမင် အံ့အားသင့်သွားသည်။ စနစ်၏ အကဲဖြတ်ချက် ဖြစ်သော်လည်း 'ကောင်းကင်ဘုံပင် မနာလို ဖြစ်ရလောက်အောင် ပါရမီ ထူးချွန်သူ' ဟူသော သုံးနှုန်းချက်မှာ အမှန်တကယ်ပင် ယုံကြည်နိုင်ဖွယ် မရှိပေ။
ထို့အပြင် ဝမ်ရဲ့မှာ အထွတ်အထိပ် စေတီနှင့် ပတ်သက်ပြီး ပိုနားလည်ထားပုံရ၏။
[ဝမ်ရဲ့ - ငါရောက်နေတဲ့ ကမ္ဘာက အဆင့် အရမ်း မြင့်လွန်းနေတော့ ငါမွေးလာကတည်းက မူလဝိညာဉ် ပါလာခဲ့တယ်... ကြီးထွားနှုန်းကလည်း အရမ်း မြန်လွန်းတော့ အခွင့်အရေး အများကြီးကို လက်လွတ် ဆုံးရှုံးခဲ့ရတာ... ဒါကြောင့် အခု ငါ့ဆီမှာ ဒီအထွတ်အထိပ် အမိန့်တော် ရှိနေပြီဆိုတော့ ငါ့ရဲ့ ကျင့်ကြံခြင်း အဆင့်ကို ဖိနှိပ်ထားတာပဲ... ဒါပေမဲ့ ငါ့ကျင့်ကြံခြင်း အဆင့်က အခု ကန့်သတ်ချက်ကို ရောက်နေပြီဆိုတော့ အချိန်အကြာကြီး ဆက်ပြီး ဖိနှိပ်ထားလို့ မရတော့ဘူး... ဘာပဲဖြစ်ဖြစ် ငါ မထွက်ခွာခင်မှာ တစ်ယောက်ယောက်က အဖွဲ့ရဲ့ စီမံခန့်ခွဲသူ ဖြစ်လာတာကို မြင်ရလို့ အံ့ဩမိတယ်... တကယ်ကို မမျှော်လင့်ထားတဲ့ ဝမ်းသာစရာပဲ]
[ဖုန်းဝူ - ဝမ်လေး... ငါလည်း ဆက်ပြီး ဖိနှိပ်ထားလို့ မရတော့ဘူး... အတူတူ ထွက်ခွာဖို့ အချိန်တစ်ခု သတ်မှတ်ကြတာပေါ့... ဘယ်သူသိမှာလဲ... တို့တွေ ပြန်ဆုံနိုင်လောက်ပါတယ်]
[ဝမ်ရဲ့ - ကောင်းပြီလေ... အတူတူ ထွက်သွားကြတာပေါ့... ညီအစ်ကိုကျန်း ငါတို့အဖွဲ့ရဲ့ စီမံခန့်ခွဲသူ ဖြစ်လာတာကို မြင်ရလို့ ဝမ်းသာပါတယ်... ဒါကြောင့် ငါ အထွတ်အထိပ် စေတီနဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက် တချို့ကို ပြောပြမယ်... အဲ့ဒါက မင်းရဲ့ စိတ်ကူးထက်ကို ကျော်လွန်ပြီး အလွန် မြင့်မားတဲ့ စေတီကြီး တစ်ဆူပဲ... ငါ နားလည်ထားသလောက်တော့ စီမံခန့်ခွဲသူ တစ်ယောက် ရှိလာဖို့ဆိုတာ အရမ်းကို ခက်ခဲတဲ့ ကိစ္စပဲ... ဒါပေမဲ့ စီမံခန့်ခွဲသူ တစ်ယောက်စီတိုင်းကသာ အဆင်ပြေချောမွေ့စွာ ကြီးပြင်းလာနိုင်မယ်ဆိုရင် သူတို့က ကောင်းကင်ဘုံနဲ့ ကမ္ဘာလောက အားလုံးမှာ တောက်ပတဲ့ ကြယ်ပွင့်တွေ ဖြစ်လာမှာ သေချာတယ်]
[ဝမ်ရဲ့ - နောက်ပြီး တတ်နိုင်သမျှ သိုသိုသိပ်သိပ် နေရမယ်... ကဲ... ငါ့ရဲ့ အတွေ့အကြုံကို မင်းတို့အတွက် အကြံဉာဏ် တစ်ခုအနေနဲ့ ဝေမျှပေးပါ့မယ်]
[ဝမ်ရဲ့ - တကယ်တော့ ငါ့ကမ္ဘာမှာ ဒီအထွတ်အထိပ် အမိန့်တော်ကို ရသင့်တဲ့သူက ငါ မဟုတ်ဘူး... အဲ့ဒါက တခြားလူ တစ်ယောက်ပိုင်တာ... ဒီအထွတ်အထိပ် အမိန့်တော်ကို ရတာက စိတ်ကူးနဲ့တောင် မှန်းဆလို့ မရနိုင်တဲ့ အခွင့်အရေးကြီး တစ်ခုကို ရတာနဲ့ အတူတူပဲ... မျှော်လင့်ထားတဲ့ အတိုင်းပဲ သူက လျင်လျင်မြန်မြန် ကြီးထွားလာပြီး ငါ့ကမ္ဘာနဲ့ မသက်ဆိုင်တဲ့ ပစ္စည်းတွေကို ထုတ်ယူ သုံးစွဲခဲ့တယ်... ငါတို့အတွက်တော့ ဒါက ထင်ရှားတဲ့ ပုံမှန်မဟုတ်တဲ့ ကိစ္စပဲ မဟုတ်လား... အဲ့ဒီလူက အရမ်းကို ထင်ပေါ်လွန်းပြီး အာဏာပြတဲ့ ပုံစံမျိုးနဲ့ ပြုမူခဲ့တယ်... ရလဒ်အနေနဲ့ သူက ငါ့ရဲ့ ဝမ်မျိုးနွယ်စုကို စော်ကားမိသွားပြီး အသတ်ခံလိုက်ရကောပဲ... နောက်ဆုံးတော့ ငါက ဒီအထွတ်အထိပ် အမိန့်တော်ကို မတော်တဆ ရသွားပြီး ငါ့ပိုင် ဖြစ်လာခဲ့တာ... မှတ်ထားပါ... ဒီအထွတ်အထိပ် စေတီကို ဘယ်တော့မှ ခိုလှုံရာ နေရာ တစ်ခုလို သဘောမထားနဲ့... မင်း ဒီထဲမှာ ဘယ်လောက်ကြာကြာ နေနေ လက်တွေ့ကမ္ဘာမှာတော့ တစ်နာရီပဲ ကြာမှာ]
ဖတ်ရှုနေရင်း ကျန်းမင်က သဘောတူညီစွာ ခေါင်းညိတ်လိုက်၏။ ထင်ပေါ်လွန်းစွာ နေထိုင်ခြင်းက အမှန်တကယ်ပင် အခြားသူများအား လွယ်ကူစွာ စော်ကားမိစေပြီး ပစ်မှတ်တစ်ခု ဖြစ်လာနိုင်ပေသည်။
မည်သို့ပင်ဖြစ်စေ ထိုလူက သူ့ ဝမ်မျိုးနွယ်စုအား ရန်စခဲ့သောကြောင့် သတ်ဖြတ်လိုက်ရသည် ဆိုသော ဝမ်ရဲ့၏ ပြောစကားကိုတော့ သူ မယုံကြည်ပေ။ ထိုသည်မှာ ထိုလူ၏ မယုံကြည်နိုင်လောက်အောင် လျင်မြန်သည့် ကြီးထွားမှုနှုန်းနှင့် ထူးဆန်းသော အရာများကို ထုတ်ယူနိုင်စွမ်းက ဝမ်မျိုးနွယ်စု၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့ပြီးနောက် ထိုလူအား အတင်းအဓမ္မ ခေါင်းဖြတ် သတ်လိုက်ခြင်းသာ ဖြစ်ပေလိမ့်မည်။
ထိုလူ၏ သေဆုံးမှုမှာ တရားမျှတမှု မရှိဘူးလော။ လုံးဝ မဟုတ်ချေ။ ကျင့်ကြံခြင်း လောကတွင်တော့ မည်သို့ပင်ဆိုစေ အရာအားလုံးမှာ အခွင့်အရေးများအတွက် ယှဉ်ပြိုင်ရခြင်းသာ မဟုတ်ပါလား။
သိုသိုသိပ်သိပ် နေထိုင်ခြင်းကသာ သွားရမည့် လမ်းစဉ်ပင်။
ကျန်းမင်က သူ့ကိုယ်သူ သတိပေးလိုက်၏။
ထိုစဉ် စကားပြောခန်းထဲမှ အကြောင်းအရာများကို ဖတ်ရှုရင်း သူ တိတ်ဆိတ်စွာ နေထိုင်သည်။
[ကျန့်ကော - မေးရတာ အားနာပေမဲ့ ငါကော အရမ်း ထင်ပေါ်နေလား]
[မင်ဖေး - မင်းသာ ငါ့ကမ္ဘာက လူတစ်ယောက် ဖြစ်နေရင် အသတ်ခံရတာ ကြာပေါ့... တကယ်လို့ မင်း ထင်ပေါ်ချင်တယ်ဆိုရင် အားကောင်းတဲ့ မဟာမိတ် ဒါမှမဟုတ် အထောက်အပံ့ တစ်ခုတော့ ရှိရမယ်... မဟုတ်ရင် သေဖို့ပဲ များတယ်... အခု မင်းရဲ့ အခြေအနေလိုပေါ့... ညီအစ်ကိုကျန်းသာ အဖွဲ့ရဲ့ စီမံခန့်ခွဲသူ ဖြစ်မလာခဲ့ရင် မင်း ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မှာလဲ]
[ကျန့်ကော - ဒါဆို ငါ ညီအစ်ကိုကျန်းကို ကျေးဇူးတင်ရမှာပဲ... စီမံခန့်ခွဲသူ တစ်ယောက်အနေနဲ့ သူ့ရဲ့ တည်ရှိမှုက အခု ငါတို့ဆီမှာ အားကောင်းတဲ့ အထောက်အပံ့ တစ်ခု ရှိနေပြီလို့ ဆိုလိုတာလား]
[ဝမ်ရဲ့ - ဟား ဟား... မှန်တာပေါ့... စီမံခန့်ခွဲသူက ငါတို့ရဲ့ အခိုင်မာဆုံး အထောက်အပံ့ပဲ]
တစ်ချိန်တည်းမှာပင် ကျန်းမင်က အခြား အဖွဲ့ဝင်များ၏ အခြေအနေကိုလည်း စစ်ဆေးကြည့်သည်။
မင်ဖေး... မြင့်မြတ်သော သက်ရှိ၊ မ၊ အဆင့် ၁၀၊ ကောင်းကင်နတ်ဘုရား ကမ္ဘာငယ်မှ ဖြစ်သည်။ လက်ရှိတွင် မည်သူမျှ မလုပ်ဖူးသေးသော အဆင့်တစ်ခုအထိ သူမ၏ အခြေခံကို ခိုင်မာအောင် တည်ဆောက်ပြီး ကြီးကျယ်သော အောင်မြင်မှု တစ်ခု ရယူလိုသော ရည်ရွယ်ချက်ကြောင့် ကျင့်ကြံခြင်းကို ဖိနှိပ်ထားသည်။
ထျန်းဖိုးကျီ... ဝိညာဉ်ရေးရာ တာအိုဗုဒ္ဓ၊ အလွန် အဖိုးတန်သော ဗောဓိစေ့မှ မွေးဖွားလာသူ၊ အဆင့် ၁၀၊ မေတ္တာတရား ကမ္ဘာငယ်မှ ဖြစ်သည်။ သူ့ စိတ်ထဲတွင် အကြီးမားဆုံး မေးခွန်းမှာ သူက အထီးလား အမလား ဆိုသည့် အချက်ပင်။ ထို့ကြောင့် အနာဂတ်တွင် တာအိုဗုဒ္ဓင့် တွေ့ဆုံသည့်အခါ ရှင်းလင်းချက် ရရန် မေးမြန်းဖို့ ဆုံးဖြတ်ထားသည်။
ကျီလဲ့... မွေးရာပါ သက်ရှိ၊ ထူးဆန်းသော ခရမ်းရောင် ကောင်းကင်ဘုံ နတ်မိုးကြိုး တစ်စမှ မွေးဖွားလာသူ၊ အဆင့် ၁၀၊ မိုးကြိုး သေးငယ်သော ကမ္ဘာငယ်မှ ဖြစ်သည်။ လက်ရှိတွင် နောက်ထပ် အသွင်ပြောင်းမှုများအတွက် ပြင်ဆင်နေသည်။
ဟေးကူ... မိစ္ဆာ မျိုးနွယ်စု၊ နှစ်သောင်းချီ ကြာပြီးနောက်မှ သန္ဓေတည် မွေးဖွားလာသော ကောင်းကင်လွန် နယ်ပယ်မှ ကျဆင်းလာသည့် မိစ္ဆာ အရိုးစု၊ အဆင့် ၁၀၊ မိစ္ဆာ အရိုးစု ကမ္ဘာမှ ဖြစ်သည်။ သူက မိစ္ဆာ အရိုးစု၏ သားလော သို့မဟုတ် မိစ္ဆာ အရိုးစု ကိုယ်တိုင်လော ဆိုသည်ကို တွေးတောနေဆဲ ဖြစ်သည်။ မိစ္ဆာ အရိုးစု ကမ္ဘာအား သန့်စင်ပြီး သူ့ကိုယ်ပိုင် အောင်မြင်မှုအတွက် အသုံးပြုရန်လည်း စီစဉ်နေသည်။
ဤလူများ၏ အချက်အလက်များကို ဖတ်ရှုပြီးနောက် ကျန်းမင် ကျောရိုးထဲ စိမ့်ခနဲ ခံစားလိုက်ရ၏။
ဒဏ္ဍာရီလာ မြင့်မြတ်သော သက်ရှိများ တည်ရှိနေခြင်းနှင့် ထျန်းဖိုးကျီမှာ ဗောဓိစေ့မှ မွေးဖွားလာခြင်း ဖြစ်ကြောင်း သိလိုက်ရသဖြင့် သူ အံ့အားသင့်သွားသည်။ ထျန်းဖိုးကျီတွင် ကောင်းကင်လှေကားပေါ် နာမည် ချန်ထားနိုင်စွမ်း ရှိလောက်အောင် မဆုတ်မနစ်သော စိတ်ဆန္ဒ ရှိနေသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။ ထျန်းဖိုးကျီနှင့် ပတ်သက်ပြီး အထူးဆန်းဆုံး အချက်မှာ သူ့ကိုယ်ပိုင် လိင်အမျိုးအစား အပေါ် စွဲလမ်းနေခြင်းပင်။
မွေးရာပါ သက်ရှိ တစ်ဦး ဖြစ်သည့် ကျီလဲ့မှာလည်း အလွန် အစွမ်းထက်၏။
အကြောက်မက်ဖွယ် အကောင်းဆုံးမှာ သူ လာရာ ကမ္ဘာကိုပင် သန့်စင်ပစ်ရန် စီစဉ်နေသည့် ဟေးကူပင် ဖြစ်သည်။ မည်သို့ပင်ဆိုစေ သူသာ အောင်မြင်သွားပါက အနာဂတ်တွင် ကြီးကျယ်ခမ်းနားသော သက်ရှိ တစ်ခု ဖြစ်လာပေလိမ့်မည်။
အင်မော်တယ်များ၊ မိစ္ဆာများ၊ နတ်ဆိုးများ၊ တာအိုဗုဒ္ဓများနှင့် လူသားများ ရှိနေခြင်းကို ကြည့်လျှင် လောကကြီးမှာ အလွန် ကျယ်ပြောလှသဖြင့် အံ့ဩစရာ ဘာမှမရှိတော့ချေ။
ကျန်းမင်လည်း စိတ်လှုပ်ရှားမှုများ လွှမ်းခြုံလာပြီး သူ့မေးခွန်းများကို စတင် မေးမြန်းတော့သည်။
[ကျန်းမင် - အစ်မဖုန်းဝူ၊ ညီအစ်ကိုဝမ်... မင်းတို့ နှစ်ယောက်လုံးက အလယ်အလတ် လောကက လာတာဆိုတော့ တစ်ယောက်ယောက်ရဲ့ ကျင့်ကြံခြင်း အဆင့်က ကန့်သတ်ချက် တစ်ခုကို ရောက်သွားရင် နောက်ထပ် ပိုမြင့်တဲ့ ကမ္ဘာတစ်ခုကို တက်လှမ်းသွားရမှာလား]
[ဖုန်းဝူ - ဟုတ်တယ်... ဒါပေမဲ့ သူတို့ ဘယ်ကို တက်လှမ်းသွားကြမလဲ ဆိုတာတော့ ငါလည်း မသိဘူး]
[ဝမ်ရဲ့ - ငါလည်း မသိဘူး... ဒါပေမဲ့ ကြီးမားတဲ့ ကမ္ဘာဆီကို တက်လှမ်းသွားမှာ မဟုတ်ဘူး ဆိုတာတော့ သေချာတယ်]
[ကျန်းမင် - ကြီးမားတဲ့ ကမ္ဘာဆီကို မဟုတ်ဘူးဆိုရင် ဘယ်ကို သွားမှာလဲ... ဒါက တကယ်ကို ထူးဆန်းတာပဲ]
[ဝမ်ရဲ့ - ငါ့မျိုးနွယ်စုရဲ့ မှတ်တမ်းတွေထဲမှာ ရှိမှာပါ... ဒါပေမဲ့ ငါက သိခွင့်ရဖို့ အရည်အချင်း မပြည့်မီသေးလို့... ညီအစ်ကိုကျန်း... တကယ်လို့ ငါတို့ ပိုမြင့်တဲ့ အဆင့်ရှိတဲ့ အမြင့်ဆုံး စကားပြောခန်းမှာ ဆုံဖြစ်ကြရင် ငါ မင်းကို သေချာပေါက် အဖြေပေးမယ်]
[ကျန်းမင် - တောင်းပန်ပါတယ်... ဒါပေမဲ့ အထွတ်အထိပ် စေတီနဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီ တစ်ခုခုများ ရှိလားလို့ သိချင်မိတယ်]
[ဝမ်ရဲ့ - မင်း ဘာမေးချင်လဲဆိုတာ ငါ သိတယ်... ဒါပေမဲ့ မင်းရဲ့ မေးခွန်းကို ငါ ဖြေလို့မရဘူး]
ကျန်းမင် ရင်ဘတ်ထဲ ဆတ်ခနဲ ဖြစ်သွားသော်လည်း ဆက်လက် မမေးမြန်းတော့ဘဲ ပြန်လည် ဖြေကြားလိုက်၏။
[ကျန်းမင် - မင်း ထွက်ခွာတော့မယ့် အချိန်ကျရင် ငါ့ကို ပြောပါဦး... ငါ မင်းဆီကနေ ပစ္စည်းတချို့ မှာချင်လို့ပါ]
[ဝမ်ရဲ့ - ကောင်းတာပေါ့... ညီအစ်ကိုကျန်း... ဒီအမှတ်တွေရဲ့ တန်ဖိုးက မင်း စိတ်ကူးထက် ကျော်လွန်နေတယ် ဆိုတာကိုတော့ သတိရပါ... အလဟဿ မဖြုန်းတီးပစ်နဲ့]
[ကျန်းမင် - ကျေးဇူးပါပဲ... ဒါနဲ့ တစ်ယောက်ယောက်ရဲ့ ကျင့်ကြံခြင်း အဆင့်က အထွတ်အထိပ် အမိန့်တော်ရဲ့ ကန့်သတ်ချက်ထက် ကျော်လွန်သွားရင်ကော ဘယ်လိုလုပ်မလဲ... အမှတ်တွေက အသုံးမဝင်တော့ဘူး မဟုတ်လား]
[ဝမ်ရဲ့ - အကျိုးကျေးဇူးတွေက ပိုတောင် ကြီးမားလာနိုင်သေးတယ်]
ကျန်းမင် လန့်ဖြန့်သွားပြီး စကားပြောခန်းကို အာရုံစိုက်နေခြင်းမှ ရပ်တန့်လိုက်သည်။ ဤစကားပြောခန်းက သူ့အတွက် အကြီးမားဆုံးသော အထောက်အပံ့ ဖြစ်လာမည်ကို သူ သိသွားခဲ့လေပြီ။ ထို့ကြောင့် မဝေးတော့သော အနာဂတ်တွင် မည်သည့် အနိမ ကျွမ်းကျင်သူများ၊ သို့မဟုတ် အကြို အင်မော်တယ် ကျွမ်းကျင်သူများနှင့် ရင်ဆိုင်ရပါစေ သူ အရမ်းကြီး စိုးရိမ်ပူပန်နေစရာ မလိုတော့ချေ။
ကျန်းမင်က မတ်တပ်မရပ်မီ တာအို သန်းပေါင်းများစွာ ဇယားကို နောက်ဆုံးတစ်ချက် လှမ်းကြည့်ပြီး ယဲ့ချင်းရှန်းနှင့် အခြားသူများ ရှိရာဆီ လျှောက်သွားလိုက်၏။
“ထူးခြားလွန်းတယ်” လိုဟန်က စကားတစ်ခွန်းတည်းသာ ရေရွတ်နိုင်သည်။
“ရှင်က ကျွန်မရဲ့ နားလည်နိုင်စွမ်းကို ကျော်လွန်နေတဲ့ ပါရမီရှင် တစ်ယောက်ပဲ” ယဲ့ချင်းရှန်းကလည်း အာမေဋိတ်သံဖြင့် ပြောလာ၏။
“ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ပိုပြီး အစွမ်းထက်တဲ့သူ အမြဲတမ်း ရှိနေမှာပဲ... အထွတ်အထိပ် စေတီမှာ အဆင့်အရေအတွက် ဘယ်လောက် ရှိမှန်း မသိနိုင်သလို အဆင့်တိုင်းမှာလည်း ပါရမီရှင်တွေ အများကြီး ရှိတယ်... အတိတ်ကို ပြန်ကြည့်ရင်ကော ဘယ်လောက်တောင် ပိုများနေလိုက်မလဲ... ကျုပ်က အရေးမပါတဲ့ လူတွေထဲက တစ်ယောက်မျှသာပါ”
ကျန်းမင်က ပြုံးလိုက်သည်။ ထို့နောက် ခဏတာ ရပ်တန့်ပြီးမှ လေးနက်စွာ ဆက်ပြော၏။
“ကျုပ်တို့ ဒီကို ရောက်လာနိုင်တာ ကံကောင်းတယ်... ခင်ဗျားတို့ကိုယ် ခင်ဗျားတို့ တတ်နိုင်သမျှ စုဆောင်းပြီး တိုးတက်အောင် လုပ်ကြပါ”
ယဲ့ချင်းရှန်း၏ မျက်လုံးများ တောက်ပသွားပြီး လိုဟန်မှာမူ အတွေးနက်နေသည့်ဟန် ပေါ်နေသည်။
ကျန်းမင်က အခြား လူသုံးယောက်ကို ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူ့ ဘယ်ဘက်ရှိ အချိန် ကောင်းကင် ကျောက်တိုင်ဆီသို့ အာရုံပြောင်းလိုက်ပြီး တစ်ဖက်တွင် တင်ပျဉ်ခွေ ထိုင်ချကာ မိမိကိုယ်ကို ပြန်လည် ကုစားခြင်း စတင်တော့သည်။
End
***