အမည် - ကျန်းမင်
ကျင့်ကြံခြင်းအဆင့် - အဆင့် ၅
စုဆောင်းရရှိထားသော အမှတ် - ၁၄၂ မှတ် (အထူးစွမ်းရည် +၃)
ဂုဏ်ပြုမှတ်တမ်း - တိုက်ပွဲစင်မြင့် ၅ ဆင့် မှတ်တမ်း၊ ကောင်းကင်လှေကား ၁၈ ဆင့် မှတ်တမ်း၊ အထူးစွမ်းရည် ၉၉ ယူနစ်
ကျန်းမင် ပြန်လည် သက်သာလာပြီးနောက် အထွတ်အထိပ် စေတီရှိ သူ့ အချက်အလက်များကို ကြည့်လိုက်၏။ သူ့ စုဆောင်းရရှိထားသော အမှတ်များမှာ ထပ်မံ ပြောင်းလဲသွားခဲ့လေပြီ။
သူ နားလည် သဘောပေါက်ခဲ့သော အထူးစွမ်းရည်များမှာ အခြေခံအဆင့်သို့ ပြောင်းလဲသွားပြီး စုစုပေါင်း ၉၉ ခု အတိအကျ ရှိနေသည်။ အထူးစွမ်းရည် တစ်ခုစီအား ယူနစ်များဖြင့် တွက်ချက်ကာ ရှစ်ယူနစ်တိုင်းအတွက် အမှတ် (၁)မှတ် ရနိုင်၏။ ဆိုလိုသည်မှာ ကျန်းမင် နောက်ထပ် ၁၂ မှတ် ရရှိခဲ့ခြင်း ဖြစ်ပြီး ကျန်ရှိသော အထူးစွမ်းရည် ၃ ခုကိုမူ ထည့်သွင်း တွက်ချက်ထားခြင်း မရှိသေးပေ။
မူလက သူ့တွင် အမှတ် ၁၃၀ ရှိခဲ့သည်။
အထူးစွမ်းရည်များ ဖော်ထုတ်ခြင်းမှတစ်ဆင့် အမှတ်ရရှိမှုမှာ နည်းပါးလှသည်ဟု ထင်ရသော်လည်း လက်တွေ့တွင်မူ ထိုသို့ မဟုတ်ချေ။
တိုက်ပွဲ စင်မြင့်များမှာ တိုက်ခိုက်ရေး စွမ်းအားကို စမ်းသပ်ခြင်း ဖြစ်သော်လည်း တိုက်ခိုက်ရေး စွမ်းအားက အဆင့်တစ်ခုသို့ ရောက်သွားချိန်တွင် ထပ်မံ တိုးတက်လာစေရန် အလွန် ခက်ခဲသွားလေပြီ။
ကောင်းကင်လှေကား တက်လှမ်းခြင်းမှာလည်း ထိုနည်းတူပင်။ လူတစ်ယောက်၏ စိတ်ဆန္ဒစွမ်းအား တိုးတက်မှုနှုန်းမှာ အလွန် နှေးကွေးလှသည်။
သို့သော် အထူးစွမ်းရည်များ အတွက်တော့ ကွာခြားသည်။ လူတစ်ယောက် အနေဖြင့် အထူးစွမ်းရည်များကို ဆက်လက် ဖော်ထုတ်နေသရွေ့ ရလဒ်ကောင်းများ ထွက်ပေါ်လာမည်မှာ သေချာပြီး အချိန်တစ်ခု လိုအပ်ရုံသာ။
ကျန်းမင်က အခြားသူများကို နှုတ်ဆက်ပြီး ဘယ်ဘက်ရှိ အချိန် ကောင်းကင် ကျောက်တိုင်ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားသည်။ ထိုသည်မှာ သူ နားလည် သဘောပေါက်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း အချည်းနှီး ဖြစ်ခဲ့ရသော သမ္ဗောဓိဉာဏ်ပင်။
ကောင်းကင် ကျောက်တိုင်နှင့် တာအို ကျောက်တိုင်တို့ကို လေ့လာခြင်းက ဉာဏ်အလင်းပွင့်ခြင်းနှင့် ဆင်တူ၏။ သက်ဆိုင်ရာ သမ္ဗောဓိဉာဏ်ကို တိုက်ရိုက် ခံစားနိုင်သော်လည်း ကုန်ကျစရိတ်မှာ မနည်းပေ။ ကောင်းကင် ကျောက်တိုင်အား လေ့လာရန် နှစ်နာရီတိုင်းအတွက် အမှတ် (၁)မှတ် ကုန်ကျပြီး တာအို ကျောက်တိုင် အတွက်မူ နှစ်မှတ်တိတိ ကုန်ကျမည် ဖြစ်သည်။
ထိုသည်က စျေးကြီးရုံသာမက အလွန်အမင်း တန်ဖိုးကြီးမားသည် မဟုတ်ပါလား။
ဂွမ်ရွေ့ကဲ့သို့ သာမန် ပါရမီရှင်များ အနေဖြင့် အမှတ် မည်မျှ စုဆောင်းနိုင်မည်နည်း။ သုံးမှတ်၊ လေးမှတ် ရရှိသူများကိုပင် အံ့မခန်း စွမ်းဆောင်နိုင်သူများဟု သတ်မှတ်ထားကြရလေပြီ။
ကောင်းကင် ကျောက်တိုင်မှာ အလွန် မြင့်မားစွာ မားမားမတ်မတ် ရပ်တည်နေသဖြင့် အထဲရှိ အကြောင်းအရာများကို ရှင်းလင်းစွာ မြင်ရရန် အလွန် နီးကပ်စွာ သွားရောက် ကြည့်ရှုရပေမည်။
ကောင်းကင် ကျောက်တိုင်၏ မီတာ တစ်ရာ ပတ်လည် အတွင်းသို့ ကျန်းမင် ဝင်ရောက်သွားသည်နှင့် သတိပေးသံ တစ်ခုကို ကြားလိုက်ရ၏။
"ကျန်းမင်... သင်သည် ကောင်းကင် ကျောက်တိုင်၏ မီတာ တစ်ရာ ပတ်လည် အတွင်းသို့ ဝင်ရောက်လာပါပြီ... လေ့လာခြင်းကို စတင်နိုင်ပါပြီ... နှစ်နာရီတိုင်းအတွက် အမှတ် (၁)မှတ် နုတ်ယူသွားပါမည်... တကယ်လို့ လေ့လာခြင်းကို မရပ်တန့်ဘူးဆိုရင် သင့်အမှတ်တွေ ကုန်သွားတဲ့အထိ ဆက်လက် နုတ်ယူသွားမှာပါ"
ကျန်းမင် ခဏတာ ရပ်တန့်သွားပြီး ရှေ့သို့ ခြေလှမ်း အနည်းငယ် ထပ်မံ လှမ်းပြီးမှ ရပ်လိုက်သည်။
သူ တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီး ကောင်းကင် ကျောက်တိုင်အား မော့ကြည့်၏။ ထိုကျောက်တိုင်မှာ အလွန် ထူးဆန်းနေပုံ ပေါ်သည်။ ရှုပ်ထွေးနေသော စာသားများနှင့် ရေဝဲကတော့ အချို့မှလွဲ၍ တခြား ဘာမှ မရှိချေ။
တစ်ချက် ကြည့်ရုံဖြင့် အချိန်၏ စွမ်းအားကို သူ ခံစားလိုက်ရသည်။ ထို့ကြောင့် သူ့ စိတ်အာရုံကို ထိုအထဲသို့ ပေါင်းစပ်ရန် အလျင်အမြန် ပြင်ဆင်တော့သည်။
အချိန်တစ်ခုလုံးထဲသို့ ပေါင်းစပ် ဝင်ရောက်သွားချိန်တွင် ကျယ်ပြန့်ပြီး အဆုံးမရှိသော အချိန်ရေစီးကြောင်းကြီးအား ခံစားနိုင်ကြောင်း သူ ချက်ချင်း သဘောပေါက်သွားသည်။ ရေဝဲကတော့များ တဖြည်းဖြည်း ဖြစ်ပေါ်လာကာ ပရမ်းပတာ ဖြစ်နေပြီး နောက်ပြန် စီးဆင်းနေသော အချိန်အခိုက်အတန့်များပင် ရှိနေ၏။ ဤအရာများ အားလုံးမှာ အချိန်များ နောက်ပြန် စီးဆင်းနေသော အခိုက်အတန့်များပင်။
ကျန်းမင် အံ့အားသင့်သွားပြီး တီးတိုး ရေရွတ်လိုက်မိသည်။
"ဒါက အချိန်လား"
ယခင်က ကျန်းမင် အနေဖြင့် အချိန်ဟူသည် မမြင်နိုင်၊ မထိတွေ့နိုင်၊ ခံစား၍ပင် မရနိုင်သော အရာတစ်ခု အဖြစ် ထင်မှတ်ထားခဲ့သည်။
အချိန်မှာ ဟင်းလင်းပြင်ထက်ပင် ပိုလျှို့ဝှက်ဆန်းကြယ်ပြီး နားလည်ရခက်သော သဘောတရား တစ်ခုဟု သူ ခံစားခဲ့ရ၏။
လူတစ်ယောက်မှာ စွမ်းအား အဆင့်တစ်ခုသို့ ရောက်ရှိသွားချိန်တွင် ဟင်းလင်းပြင်ကို ဖြိုခွင်းနိုင်သော်လည်း အချိန်ကိုတော့ ဖြိုခွင်းနိုင်စွမ်း မရှိပေ။
လူတစ်ယောက်၏ ကျင့်ကြံခြင်း အဆင့် မည်မျှပင် ကြီးမားနေပါစေ သို့မဟုတ် ကမ္ဘာကြီး တစ်ခုလုံးကို ဖျက်ဆီးနိုင်စွမ်း ရှိနေပါစေ အချိန်ကိုတော့ လွှမ်းမိုးနိုင်မည် မဟုတ်ချေ။
အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ကျန်းမင် တစ်ကိုယ်လုံး ဆတ်ခနဲ တုန်တက်သွားသည်။ လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါ တစ်ခုက သူ့ခန္ဓာကိုယ်ထဲမှ စီးဆင်း ထွက်ပေါ်လာ၏။ ထိုအရာက ကြွေကျနေသော သစ်ရွက်များကဲ့သို့ ညင်သာပြီး နေဝင်ဆည်းဆာ အလင်းရောင်ကဲ့သို့ နူးညံ့နေသည်။
ကျယ်ပြောသော အာကာသထဲ အဆုံးအစမရှိ စီးဆင်းနေသော အချိန်များကို ခံစားလိုက်ရချိန်တွင် ကျန်းမင် နောက်ဆုံး၌ အချိန် သမ္ဗောဓိဉာဏ်၏ အခြေခံအဆင့်သို့ စတင် ဝင်ရောက်သွားလေပြီ။ သို့တိုင် သူ ထိုနေရာတွင် ရပ်တန့်မသွားခဲ့ပေ။
မဝေးတော့သော အနာဂတ်တွင် အချိန် တာအိုအား ပေါင်းစပ်ရာ၌ အချိန်ကုန် သက်သာစေရန် အချိန် သမ္ဗောဓိဉာဏ် တစ်ခုလုံးကို တစ်ပါတည်း အပြည့်အဝ နားလည် သဘောပေါက်ရန် ပြင်ဆင်လိုက်တော့သည်။
အဝေးတစ်နေရာတွင်တော့ ကောင်းကင် ကျောက်တိုင်အား လေ့လာရန်အတွက် တစ်ထိုင်တည်း နာရီ ၂၀ ကျော် အချိန်ယူခဲ့သော ကျန်းမင်ကို ကြည့်ပြီး ဂွမ်ရွေ့ တစ်ယောက် စကားမပြောနိုင်လောက်အောင် မနာလို ဖြစ်နေမိသည်။
"တကယ်လို့ ငါ့ဆီမှာသာ ဒီလောက် အမှတ်တွေ အများကြီး ရှိခဲ့ရင် ငါ့ရဲ့ အလင်း တာအိုကို မြင့်မားတဲ့ အဆင့်ထိ အလွယ်လေး နားလည်နိုင်မှာပဲ"
"သူ့ကို ဂရုစိုက်မနေနဲ့... ငါတို့ ဒီမှာနေပြီး စိတ်အနှောင့်အယှက် ဖြစ်နေမယ့်အစား လက်တွေ့ကို ရင်ဆိုင်ပြီး ဒီတစ်ခေါက် ရလာတဲ့ အရာတွေ အပြည့်အဝ အသုံးချတာ ပိုကောင်းမယ်... ကံပါရင်တော့ ပြန်တွေ့ကြတာပေါ့"
ဂွမ်ရွေ့က ရှုပ်ထွေးနေသော အကြည့်ဖြင့် ကျန်းမင်အား လှမ်းကြည့်ရင်း ဆိုလာ၏။ ထို့နောက် သူက နှုတ်ဆက်စကား ဆိုပြီးသည်နှင့် ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။
သို့သော် ယဲ့ချင်းရှန်းမှာမူ ကျန်းမင်ကြောင့် လုံးဝ စိတ်ဓာတ်ကျမသွားခဲ့ချေ။
"သူ့ကို မှီအောင်လိုက်ပြီး ကျော်တက်နိုင်ဖို့ ငါ့ရဲ့ ပန်းတိုင်တစ်ခု အဖြစ် သတ်မှတ်ထားမယ်... တို့တွေ အားလုံးက ကျင့်ကြံခြင်း အဆင့်နိမ့် နယ်ပယ်မှာပဲ ရှိနေသေးပြီး ဒီသာမန်လောကကြီး အလယ်မှာ ရုန်းကန်နေရဆဲပဲ... အနာဂတ်က အများကြီး လိုသေးသလို ငါတို့ရဲ့ ကံကြမ္မာကလည်း တိကျမှု မရှိသေးဘူး... သူ့ကို ကျော်လွန်နိုင်မယ့် အခွင့်အရေးတွေ ရှိနေပါသေးတယ်"
"ခင်ဗျား ပြောတာ မှန်တယ်"
လိုဟန်လည်း သဘောတူညီစွာ ခေါင်းညိတ်လိုက်သည်။
အော်ရမ်က ခါးသီးစွာ ပြုံးရင်း နှုတ်ဆက်၏။
"ငါက မင်းတို့ အားလုံးနဲ့ နှိုင်းယှဉ်လို့ မရတော့ပါဘူး... အနာဂတ်မှာ ပြန်တွေ့နိုင်မယ်လို့ မျှော်လင့်ပါတယ်"
မူလက သူ ဆက်နေချင်ခဲ့သော်လည်း ကိုယ့်ကိုယ်ကိုယ် အထင်သေးမိစေသော ဆက်တိုက် ထိုးနှက်ချက်များကို မခံနိုင်တော့ပေ။ ထို့ကြောင့် သူ စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားခဲ့သည်။
နောက်ဆုံးတွင် လျူယွမ်ပင် ထိုနေရာမှ ထွက်ခွာသွားခဲ့လေပြီ။
အားလုံး ထွက်ခွာသွားချိန်တွင် ယဲ့ချင်းရှန်းက မေးလိုက်သည်။
"ရှင် မထွက်သွားသေးဘူးလား... ဒီလောက် အချိန်တိုအတွင်းမှာ အများကြီး တိုးတက်လာဖို့ ဆိုတာ မဖြစ်နိုင်ဘူး... အစောပိုင်းက ရှင် ညီအစ်ကိုကျန်းနဲ့ အရောင်းအဝယ် လုပ်ခဲ့တာဆိုတော့ လက်တွေ့ကမ္ဘာကို ပြန်သွားပြီး အဲ့ဒီကနေ အမြတ်ထုတ်ဖို့ အကောင်းဆုံး အချိန်ပဲ... ရှင့်ကမ္ဘာရဲ့ ထူးခြားချက်နဲ့ဆို လက်တွေ့ကမ္ဘာမှာ ရှင့်ကိုယ်ရှင် တိုးတက်အောင် လုပ်ရတာ ပိုလွယ်တယ် မဟုတ်လား"
"မင်းကကော ဘာလို့ မထွက်သွားသေးတာလဲ" လိုဟန်က ပြန်လည် ချေပလိုက်၏။
"ကျွန်မက မောင်လေးကျန်းကို စောင့်ရင်း ကောင်းကင် ကျောက်တိုင်ကို ကိုယ်တိုင် လေ့လာကြည့်မလို့... အဲ့ဒီအခါကျရင် ကျွန်မ အများကြီး တိုးတက်လာပြီး ကျောက်တိုင်ပေါ်မှာ နာမည် ချန်ထားနိုင်မယ်လို့ ယုံကြည်တယ်"
ယဲ့ချင်းရှန်းက စိတ်အားထက်သန်စွာ ပြောလိုက်ချိန်တွင် လိုဟန်မှာ မယုံကြည်နိုင်စွာဖြင့် မျက်နှာ ရှုံ့မဲ့သွားတော့သည်။
ယဲ့ချင်းရှန်း စာစဖတ်နေချိန်တွင် လိုဟန်က အရက်သောက်ရင်း တိတ်ဆိတ်စွာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေလိုက်သည်။
ကောင်းကင် ကျောက်တိုင်ရှေ့တွင် ထိုင်နေသော ကျန်းမင်မှာ နောက်ဆုံးတွင် တရားထိုင်ခြင်း ပြီးဆုံးသွားပြီး သူတို့ရှိရာသို့ လျှောက်လာခဲ့၏။
ယဲ့ချင်းရှန်းက ပထမဆုံး ခုန်ထလာပြီး အချိန် တာအိုအား ကျွမ်းကျင်သွားသည့် ကျန်းမင်ကို ဂုဏ်ပြုစကား ဆိုသည်။
လိုဟန်ကလည်း နောက်မှ လိုက်လာကာ...
"ဂုဏ်ယူပါတယ် ညီအစ်ကိုကျန်း... ငါ့ဆီမှာတော့ အချိန်ကို ကျွမ်းကျင်တဲ့ သူတွေကို ဘုရင်တွေလိုမျိုး လေးလေးစားစား ဆက်ဆံကြတယ်ဆိုတဲ့ စကားပုံ တစ်ခု ရှိတယ်... မင်း အခု အဲ့ဒါကို ကိုယ်တိုင် ကျွမ်းကျင်သွားပြီ ဆိုတာကို ငါ မယုံနိုင်သေးဘူး"
"ဟုတ်တယ်... ဒီနေ့ ငါ တော်တော်လေး အကျိုးအမြတ် ရလိုက်တယ်"
ကျန်းမင်က ပျော်ရွှင်စွာ ပြန်လည် ဖြေကြားလိုက်သည်။
ဤတစ်ကြိမ် ကောင်းကင် ကျောက်တိုင်အား လေ့လာခြင်းမှ သူ အလွန် ကြီးမားသော အကျိုးကျေးဇူးများ ရခဲ့ပြီး ၇၈ နာရီအတွင်း အမှတ် ၃၉ မှတ် သုံးစွဲခဲ့ရသည်။ တကယ်တမ်းတွင် သူက အချိန် သမ္ဗောဓိဉာဏ်ကို စတင် နားလည်လာရုံ သာမကဘဲ အချိန် သမ္ဗောဓိဉာဏ် တစ်ခုလုံးအား အပြည့်အဝ ကျွမ်းကျင်သွားခဲ့ခြင်းပင်။
သမ္ဗောဓိဉာဏ်ကို အပြည့်အဝ ကျွမ်းကျင်ရန် သုံးရက်သာ အချိန်ယူခဲ့ရခြင်းမှာ တကယ်ကို မယုံကြည်နိုင်လောက်အောင် အံ့မခန်း စွမ်းဆောင်နိုင်မှု တစ်ခုပင်။
ထိုသည်မှာ သူ့ တာအို အပေါ် နက်ရှိုင်းသော နားလည်မှုနှင့် ကောင်းကင် ကျောက်တိုင်၏ ထူးကဲသော အကျိုးသက်ရောက်မှုတို့ ပေါင်းစပ်သွားခြင်း ဖြစ်ကြောင်း သံသယဝင်ဖွယ် မရှိချေ။
ကျန်းမင်က အချိန် သမ္ဗောဓိဉာဏ်ကို အပြည့်အဝ ကျွမ်းကျင်သွားချိန်တွင် ပိုမြင့်မားသော အချိန် သမ္ဗောဓိဉာဏ် အဆင့်တစ်ခုကိုပါ ခံစားလာနိုင်ခဲ့သည်။ သူ ယခု ခံစားနေရသည်မှာ အချိန် နိယာမ ဖြစ်ပြီး ယခင်ကထက် ပိုနက်ရှိုင်းကာ ပိုလျှို့ဝှက်ဆန်းကြယ်သော အဆင့်တစ်ခု ဖြစ်ကြောင်း သူ ကောင်းကောင်း သိထား၏။
ထိုမျှ အချိန်တိုအတွင်း ထိုအဆင့်သို့ တက်လှမ်းရန် ကြိုးစားဖို့မှာ မဖြစ်နိုင်သလောက် ရှိကြောင်း နားလည်ထားသဖြင့် ကျန်းမင် သူ့ကိုယ်သူ တည်ငြိမ်အောင် ထားလိုက်သည်။
သူ့တွင် အမှတ်များစွာ စုဆောင်းထားပြီး ဖြစ်သော်လည်း အခြား သမ္ဗောဓိဉာဏ်များစွာကို အပြည့်အဝ ကျွမ်းကျင်အောင် လုပ်ရဦးမည် မဟုတ်ပါလား။ သူ ပညာရှိရှိ စတင် စီစဉ်ရန် လိုအပ်နေလေပြီ။
ယဲ့ချင်းရှန်းက မေးလာသည်။
"မောင်လေးကျန်း... ကျောက်တိုင်တွေပေါ် နာမည်ချန်ထားနိုင်ရင် အကျိုးကျေးဇူး တစ်ခုခု ရနိုင်လား"
လိုဟန်ကလည်း အလျင်အမြန် လက်သီးဆုပ်၍ အရိုအသေပေးကာ ထိုအကြောင်းအရာကို သူကိုယ်တိုင်လည်း မေးချင်နေကြောင်း ပြောလာ၏။
ထိုသည်မှာ သူတို့ နှစ်ယောက်လုံး ကျန်းမင်အား ကျန်ရစ်၍ စောင့်ဆိုင်းနေရခြင်း၏ အကြောင်းရင်းပင်။
"ဟုတ်တယ်... အကျိုးကျေးဇူးတွေ ရှိတယ်... ကျောက်တိုင်ပေါ်မှာ ငါတို့တွေ နာမည်ချန်ထားနိုင်တာနဲ့ အမြင့်ဆုံး စကားပြောခန်းကို ဝင်ရောက်ဖို့ ဖိတ်ခေါ်ခံရလိမ့်မယ်"
ကျန်းမင်က ပြန်ဖြေလိုက်သည်။ သူက ထိမ်ချန်မထားသလို သူတို့ထံမှ ဖုံးကွယ်ထားရန်လည်း မလိုအပ်ပေ။
"စကားပြောခန်း..."
ယဲ့ချင်းရှန်းက ရှုပ်ထွေးသွားဟန်ဖြင့် မျက်မှောင်ကြုတ်၍ မေးလိုက်၏။
လိုဟန်လည်း အံ့အားသင့်သွားပြီး...
"လူတွေ အပြန်အလှန် စကားပြောလို့ရတဲ့ နေရာကို ဆိုလိုတာလား... အဲ့ဒီလို စကားပြောခန်းမျိုးလား"
"စကားပြောခန်းထဲမှာ အရောင်းအဝယ်တောင် လုပ်လို့ရသေးတယ်" ကျန်းမင်က ဖြည့်စွက် ပြောလိုက်သည်။
လိုဟန်မှာ ဤသတင်းကြောင့် ရုတ်တရက် အံ့အားသင့်လွန်း၍ ဆွံ့အသွားတော့သည်။
"အဖွဲ့ဝင်တွေက မတူညီတဲ့ ကမ္ဘာတွေကြားမှာ အရောင်းအဝယ် လုပ်လို့ရတဲ့ စကားပြောခန်းလား... ဒါက ကမ္ဘာတွေကြားမှာ ကန့်သတ်ချက် မရှိတော့ဘူးလို့ ဆိုလိုတာ မဟုတ်ဘူးလား"
"ဟုတ်တယ်... အဲ့လိုမျိုးပါပဲ" ကျန်းမင် ခေါင်းညိတ်လိုက်၏။
နောက်ဆုံးတွင် ယဲ့ချင်းရှန်း သဘောပေါက်သွားပြီး သူမ မျက်လုံးများ တောက်ပလာသည်။
"ဆိုလိုတာက အဖွဲ့ဝင် အားလုံးဟာ ကျောက်တိုင်ပေါ်မှာ နာမည် ချန်ထားနိုင်ခဲ့တဲ့ သူတွေ၊ ပါရမီရှင်တွေထဲက အတော်ဆုံး ပါရမီရှင်တွေ ဖြစ်ရမယ်ပေါ့"
"ထပ်မှန်ပြန်ပြီ" ကျန်းမင်လည်း ပြုံး၍သာ တုံ့ပြန်သည်။
ဤအံ့မခန်း သတင်းကို ကြားပြီးနောက် လိုဟန်မှာ စိတ်အားထက်သန်မှုများ ပြည့်လျှံလာတော့၏။
"ဒီအထွတ်အထိပ် စေတီမှာ ဒီလို အကျိုးကျေးဇူးတွေ ဖုံးကွယ်နေလိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးဖူးဘူး... မဖြစ်ဘူး... ငါ ပိုကြိုးစားပြီး ရုန်းကန်ရမယ်... ငါက စကြဝဠာရဲ့ ပါရမီရှင် လိုဟန်လေ... ဘယ်သူ့နောက်မှာမှ နောက်ကောက်ကျန်ခဲ့လို့ မဖြစ်ဘူး"
"ဒီအကြောင်းကို ဝေမျှပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ညီအစ်ကိုကျန်း... တကယ်လို့ ငါသာ ဒီစကားပြောခန်းထဲ ဝင်ခွင့်ရရင် မင်း လိုချင်သလောက် အရည်အသွေးမြင့် စွမ်းအင် သလင်းကျောက်တွေ ထောက်ပံ့ပေးပါ့မယ်"
လိုဟန်က အရိုအသေပေး ဦးညွှတ်ရင်း ကတိပြုလိုက်သည်။
ယဲ့ချင်းရှန်းလည်း လက်သီးဆုပ်၍ ကျန်းမင်ကို ကျေးဇူးတင်စကား ဆိုလိုက်သည်။
"အတူတူ စုဆုံခွင့် ရတာက ကံတရားရဲ့ သက်သေပါပဲ... ခင်ဗျားတို့ နှစ်ယောက်က အရိပ်အမြွက်လေး ပေးလိုက်တာနဲ့ အရာအားလုံးကို အပြည့်အဝ နားလည်သွားတယ်... ဒါက နိမိတ်တစ်ခုပဲ"
ကျန်းမင်က အခြား လူသုံးယောက်ကိုမူ ဤအကြောင်းများ ပြောပြရန် အစီအစဉ် မရှိပေ။ သူတို့က ထွက်ခွာသွားပြီ ဖြစ်ပြီး သူတို့၏ အခွင့်အရေးကို လက်လွတ် ဆုံးရှုံးသွားခဲ့လေပြီ။
အကယ်၍ သူတို့သာ ဤကဲ့သို့ စကားပြောခန်း တစ်ခု တည်ရှိနေကြောင်း သိပါက ပိုကြိုးစားလာနိုင်ပြီး ဝင်ရောက်နိုင်မည့် အခွင့်အရေး အနည်းငယ် ရှိလာနိုင်သေး၏။ သို့သော် ယခုတွင်တော့ ဖြစ်နိုင်ချေ မရှိသလောက်ပင်။
စကားပြောခန်းနှင့် ပတ်သက်ပြီး ကျန်းမင် အသေးစိတ် ဆက်မပြောတော့ပေ။ ခဏတာ စကားပြောပြီးနောက် အခြား ကောင်းကင် ကျောက်တိုင်များဆီသို့ ထွက်ခွာလာခဲ့သည်။
သူက သံသရာ၊ ဖျက်ဆီးခြင်း၊ ကံကြမ္မာ၊ အကန့်အသတ်မဲ့၊ ဓားရှည်နှင့် ပုံရိပ်ယောင် စသည့် အခြား ကောင်းကင် ကျောက်တိုင်များစွာကို ဆက်လက် လေ့လာခဲ့သည်။
သူ ရရှိနိုင်သော အမှတ် အရေအတွက် ကန့်သတ်ချက် ရှိနေသဖြင့် သမ္ဗောဓိဉာဏ် အများစုကို အပေါ်ယံမျှသာ နားလည်နိုင်ခဲ့၏။
ဓာတ်ကြီးငါးပါး၊ ယင်ယန်၊ ရှင်သန်ခြင်းနှင့် သေဆုံးခြင်း၊ အလင်းနှင့် အမှောင်၊ အစစ်အမှန် ပုံရိပ်ယောင်၊ အချိန်နှင့် ဟင်းလင်းပြင်၊ ကမ္ဘာဦး ပျက်သုဉ်းခြင်း စသည့် အဓိက တာအို ကျောက်တိုင် ခုနစ်ခု ရှိကြောင်း သူ မှတ်မိနေသည်။
ဤတာအို ကျောက်တိုင်များကို လေ့လာရာတွင် နှစ်နာရီတိုင်းအတွက် အမှတ် နှစ်မှတ် ကုန်ကျမည် ဖြစ်ပြီး နားလည် သဘောပေါက်ရန် အခက်အခဲမှာ ပို၍ပင် ကြီးမားလှသည်။ အထူးသဖြင့် အချိန်နှင့် ဟင်းလင်းပြင် တာအို ကျောက်တိုင်နှင့် ကမ္ဘာဦး ပျက်သုဉ်းခြင်း တာအို ကျောက်တိုင်တို့ပင် ဖြစ်သည်။
နှိုင်းယှဉ်ကြည့်လျှင် အာကာသနှင့် အချိန်ကို နားလည်ရန် ပိုလွယ်ကူသည်။ အဘယ်ကြောင့်ဆိုသော် ဟင်းလင်းပြင် သမ္ဗောဓိဉာဏ်နှင့် အချိန် သမ္ဗောဓိဉာဏ်ကို နားလည်ထားမှုက အခြေခံတစ်ခု အဖြစ် အထောက်အကူ ပြုနိုင်သောကြောင့်ပင်။ သို့သော် ကမ္ဘာဦး ပျက်သုဉ်းခြင်း တာအို ကျောက်တိုင် အတွက်မူ ထိုသို့ မဟုတ်ချေ။ လူတစ်ယောက် အနေဖြင့် ၎င်းကို လေ့လာရန် အမှတ်များ သုံးစွဲလျှင်ပင် ၎င်းအပေါ် နားလည်နိုင်စွမ်းမှာ ဝေဝါးနေဆဲ ဖြစ်ပြီး အခြေခံအဆင့်သို့ စတင် ဝင်ရောက်ရန်ပင် အလွန်အမင်း ခက်ခဲသည်။
ကျန်းမင်က သူ့အမှတ် အများစုကို သုံးစွဲပြီးနောက် တာအို သန်းပေါင်းများစွာ ဇယားဆီ နောက်တစ်ကြိမ် လျှောက်သွားလိုက်သည်။ အမှတ်များ စုဆောင်းရန် လွယ်ကူသလို သုံးစွဲရသည်မှာလည်း လွယ်ကူ၏။ အမှတ်များ ပိုရရှိရန် အထူးစွမ်းရည်များကို ဆက်လက် ဖော်ထုတ်ရန် သူ ပြင်ဆင်လိုက်တော့သည်။
ဤတစ်ကြိမ်တွင်မူ သူ့တွင် ပစ်မှတ်တစ်ခု ရှိနေလေပြီ။ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်ရေး အထူးစွမ်းရည်၊ အသိစိတ် ကာကွယ်ရေး အထူးစွမ်းရည်နှင့် စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်ရေး အထူးစွမ်းရည် စသည့် အထူးစွမ်းရည် များစွာကို ဖြည်းဖြည်းချင်း ဖော်ထုတ်နိုင်ခဲ့သည်။
ကျန်းမင်၏ အရှိန်အဝါ တဖြည်းဖြည်း ပိုအားကောင်းလာသည်နှင့်အမျှ တစ်ခါတစ်ရံ လှမ်းကြည့်နေကြသော လိုဟန်နှင့် ယဲ့ချင်းရှန်းတို့မှာ စိုးရိမ်ပူပန်လာကြတော့သည်။ သူတို့နှင့် ကျန်းမင်ကြားရှိ ကွာဟချက်မှာ ပိုကြီးမားလာသောကြောင့် ခပ်ဖွဖွ သက်ပြင်းချရုံသာ တတ်နိုင်တော့၏။
'ဒီတစ်ခေါက် အထူးစွမ်းရည်တွေ ဖော်ထုတ်တာက ငါ သုံးဖို့အတွက် လုံလောက်သွားပြီ'
အချိန်အတော်ကြာပြီးနောက် နောက်ဆုံး၌ မတ်တပ်ထရပ်ရင်း ကျန်းမင် တွေးလိုက်မိသည်။ သူ့စိတ်ထဲ ကြီးကျယ်သော အောင်မြင်မှု တစ်ခုကို ခံစားခဲ့ရသော်လည်း တစ်ချိန်တည်းမှာပင် အလွန် ပင်ပန်းနွမ်းနယ် နေခဲ့၏။ ဤပင်ပန်းနွမ်းနယ်မှုမှာ သူ့ စိတ်ဝိညာဉ်ထဲမှ တိုက်ရိုက် ထွက်ပေါ်လာခြင်းပင်။
သူက ကောင်းကင် ကျောက်တိုင်နှင့် တာအို ကျောက်တိုင်တို့ကို ပတ်ပတ်လည် ဝေ့ကြည့်လိုက်ပြီး နောက်ဆုံးတွင် တိုက်ပွဲ စင်မြင့်နှင့် ကောင်းကင် လှေကားဆီ အကြည့် ရောက်သွား၏။ ရှေ့ဆက်သွားလိုသည့် သူ့ စိတ်ဆန္ဒကို မျိုသိပ်ရင်း ကျန်းမင် ခေါင်းခါယမ်းလိုက်သည်။
"ထားလိုက်တော့... ငါ အနားယူဖို့ လိုနေပြီ... ဘာပဲဖြစ်ဖြစ် ဂျူနီယာ ညီမလေးကိုတောင် လွမ်းလာပြီ"
ကျန်းမင် တီးတိုး ရေရွတ်လိုက်မိသည်။
"အစ်ကိုလို၊ အစ်မယဲ့... ကျုပ် ပြန်တော့မယ်... အနာဂတ်မှာ ကျုပ်တို့ ပြန်တွေ့နိုင်မယ်လို့ မျှော်လင့်ပါတယ်"
ကျန်းမင်က လက်သီးဆုပ်၍ နှုတ်ဆက်လိုက်၏။ သူ ဤနေရာတွင် ဆက်မနေချင်တော့ပေ။
သူ မထွက်ခွာမီ သူ့ အချက်အလက်များကို တစ်ချက် ကြည့်လိုက်သည်။
စုဆောင်းရရှိထားသော အမှတ် - ၅၂ မှတ်
ဂုဏ်ပြုမှတ်တမ်း - တိုက်ပွဲစင်မြင့် ၅ ဆင့် မှတ်တမ်း၊ ကောင်းကင်လှေကား ၁၈ ဆင့် မှတ်တမ်း၊ အထူးစွမ်းရည် ၃၃၆ ယူနစ်
လက်ရှိ စုဆောင်းရရှိထားသော အထူးစွမ်းရည်များမှ ယခင် အထူးစွမ်းရည် အမျိုးအစား ၉၆ ခုကို နုတ်လိုက်ပါက စုစုပေါင်း အမှတ် ၃၀ ရရှိသည်။ ယခင် ကျန်ရှိနေသော ၂၂ မှတ်နှင့် ပေါင်းလိုက်လျှင် စုစုပေါင်း ၅၂ မှတ် ဖြစ်လာ၏။
'နောက်တစ်ကြိမ် ငါ့ရဲ့ ကန့်သတ်ချက်တွေကို ချိုးဖျက်ဖို့ ပြန်လာခဲ့မယ်'
ကျန်းမင်က တွေးတောရင်း အထွတ်အထိပ် အမိန့်တော်ကို အသက်သွင်းကာ လက်တွေ့ကမ္ဘာဆီ ပြန်လည် ထွက်ခွာလာတော့သည်။
End
***