အမည် - ကျန်းမင်
ကျင့်ကြံခြင်းအဆင့် - တာအိုမျိုးစေ့
ကျင့်စဉ် - မဟာတာအို အနန္တတန်ခိုးရှင်ကျမ်း
အထူးစွမ်းရည် -
[အမြင့်ဆုံးအဆင့် - စိမ်းလန်းသော ဧကရာဇ် ဝိညာဉ် အသွင်ပြောင်း နည်းစနစ်၊ ပုံရိပ်ယောင် ဖန်တီးခြင်း နည်းစနစ်၊ အာကာပြင် သဏ္ဍာန်မဲ့ ဓားချီ စသည်တို့]
[အဆင့်မြင့် - ဓာတ်ကြီးငါးပါး ကာကွယ်ရေး၊ ယင်ယန် ကြိတ်ဆုံပြား၊ နတ်ဘုရား တောင်ကိုးလုံး ရတနာ စသည်တို့]
[အလယ်အလတ်အဆင့် - ကြယ်တာရာ အသွင်ပြောင်းခြင်း၊ ထျန်းကန်း လက်သီး စသည်တို့]
[အခြေခံအဆင့် - သစ်သားနဂါး၊ ကောင်းကင်ကိုးထပ် အင်ပါယာ မိုးကြိုး၊ ကောင်းကင် ဖြိုခွင်း ဓားသိုင်း စသည်တို့]
မွေးရာပါ ပါရမီ - အင်မော်တယ် (အခြေခံ တာအိုခန္ဓာ)
ပစ္စည်းများ - လူသားလမ်းစဉ် မှတ်တမ်း၊ အထွတ်အထိပ် အမိန့်တော်၊ လျှို့ဝှက်ဆန်းကြယ် အလင်းဓား၊ သေခြင်း ရှင်ခြင်း ဝင်္ကပါပြား၊ စွမ်းအင်ပိတ်လှောင် စစ်တုရင်ခုံ (ထိပ်တန်းအဆင့် တာအို လက်နက်)၊ အမှောင် ဝဲဂယက်ဓား (အဆင့်မြင့် တာအို လက်နက်)၊ ၇,၆၀၀ နှစ်စာ ကျင့်ကြံခြင်း၊ ငါးမိနစ်စာ အနိမ အတွေ့အကြုံကတ်၊ ထိပ်တန်းအဆင့် ဉာဏ်အလင်းပွင့် လက်ဖက်ခြောက် (၁,၀၀၀)
အထောက်အပံ့ - အခြေခံ လေ့ကျင့်ရေး ဇုန်
အထွတ်အထိပ် စေတီတွင် အချိန်များစွာ ကုန်ဆုံးသွားသကဲ့သို့ ထင်ရသော်လည်း လက်တွေ့ကမ္ဘာတွင်မူ တစ်နာရီသာ ကြာမြင့်သေး၏။
ကျန်းမင်က အခန်းထဲမှ ထွက်လာပြီး ခေါင်မိုးပေါ်သို့ တက်သွားသည်။ အဝေးရှိ ဂလက်ဆီကို ငေးကြည့်ရင်း အသက်ပြင်းပြင်း ရှူသွင်းလိုက်ချိန်တွင် ဖော်ပြ၍မရနိုင်သော ငြိမ်းချမ်းမှု တစ်ခု ခံစားလိုက်ရသည်။
ကြိမ်ကုလားထိုင်ပေါ် မှီထိုင်ရင်း သူ့ အချက်အလက်များကို စစ်ဆေးကြည့်ရာ အပြောင်းအလဲ အချို့ ရှိနေသည်ကို သတိထားမိလိုက်၏။ မှော်ပညာ ကဏ္ဍမှာ ဖယ်ရှားခံလိုက်ရပြီး အထူးစွမ်းရည် ကဏ္ဍကိုမူ အမျိုးအစား အလိုက် ခွဲခြားထားလေပြီ။ ကျန်သည့် အရာများကမူ သိပ်ပြီး ပြောင်းလဲသွားခြင်း မရှိချေ။
၇,၆၀၀ နှစ်စာ ကျင့်ကြံခြင်းနှင့်အတူ သူ့ အသိစိတ်ပင်လယ်အတွင်း စုဆောင်းထားသော ချီစွမ်းအင်များမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
အကယ်၍ သူသာ ထိုအရာများကို စုပ်ယူလိုက်လျှင် ရရှိမည့် အကျိုးကျေးဇူးမှာ အနည်းငယ်မျှသာ ဖြစ်ပြီး အလဟဿ ထားမည် ဆိုပါကလည်း ချီစွမ်းအင်များမှာ လွင့်စင် ပျောက်ကွယ်သွားပေလိမ့်မည်။
လက်ရှိတွင် ကျန်းမင် နားလည် သဘောပေါက်နေသည်မှာ သမ္ဗောဓိဉာဏ် ဖြစ်ပြီး သူ ဖန်တီးရန် ကြိုးစားနေသည်ကား တာအိုမျိုးစေ့ ဖြစ်ကာ သူ ကျင့်ကြံနေသည်မှာ သူ့ ကျင့်ကြံခြင်း နယ်ပယ်ပင် ဖြစ်သည်။
သူ့ ရုပ်ပိုင်းဆိုင်ရာတွင် အပြောင်းအလဲ များများစားစား မရှိသလို ထင်ရသော်လည်း ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်များသို့ ရောက်ရှိနေလေပြီ။
မဟာတာအို အနန္တတန်ခိုးရှင်ကျမ်းနှင့် ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုတို့မှာ ဆက်စပ်နေသော်လည်း တစ်ပြိုင်နက်တည်း ကျင့်ကြံခြင်းကပင် အဆင့်တက်ရန် လုံလောက်သော အထောက်အကူ မဖြစ်သေးချေ။
မည်သို့ပင်ဆိုစေ သူ့ တိုက်ခိုက်ရေး စွမ်းအားမှာမူ အလွန်အမင်း တိုးတက်လာခဲ့၏။
"မဟာ ပုံရိပ်ယောင် ဖန်တီးခြင်း နည်းစနစ်က အမြင့်ဆုံးအဆင့် အထူးစွမ်းရည် ဖြစ်လာလိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးဖူးဘူး... ဒါက တကယ်ကို အံ့ဩစရာပဲ"
ကျန်းမင်က အာမေဋိတ်သံဖြင့် ရေရွတ်လိုက်သည်။
အာကာပြင် သဏ္ဍာန်မဲ့ ဓားချီကိုလည်း အမြင့်ဆုံးအဆင့် အဖြစ် သတ်မှတ်ထားမည်ဟု သူ တွက်ဆထားပြီး စိမ်းလန်းသော ဧကရာဇ် ဝိညာဉ် အသွင်ပြောင်း နည်းစနစ်မှာ အမြင့်ဆုံးအဆင့် အထူးစွမ်းရည် ဖြစ်နေခြင်းကတော့ အံ့ဩစရာ မဟုတ်ပေ။
ရုတ်တရက် အဝေးမှနေ၍ သူ့ဆီသို့ ပျံသန်းလာသော ပုံရိပ်တစ်ခုကို မြင်လိုက်ရပြီး သူ့ဘေးတွင် ဆင်းသက်လာ၏။ ထိုသူမှာ ဇီလင်းလုံပင်။
"ဆရာတူအစ်ကို... နည်းနည်းလောက် တိုးရအောင်"
သူမက တစ်ဖက်သို့ တိုးရန် ကြိုးစားနေသော ကျန်းမင်ကို မှီချရင်း ပြောလိုက်သည်။
"မင်းလေးက ဘာလို့ သွားမနားသေးတာလဲ" ကျန်းမင် မေးလိုက်၏။
ဇီလင်းလုံက သူ့ဘေးတွင် ဆက်နေပြီး သူ့ပခုံးကို ခေါင်းအုံးလို သဘောထားကာ သက်သောင့်သက်သာ မှီချထိုင်သည်။
ညလေညင်းက သာယာစွာ တိုက်ခတ်နေပြီး သူမ၏ ဆံပင်များ လွင့်ဝဲလာကာ သူ့ မျက်နှာကို လာရောက် ပွတ်သပ်နေ၏။
"ကျွန်မ အခုလေးတင် လေ့ကျင့်တာ တစ်ပိုင်း ပြီးသွားလို့... အစ်ကို နိုးနေတာ တွေ့လို့ ပြေးလာခဲ့တာ" ဇီလင်းလုံက ပျော်ရွှင်စွာ ပြောဆိုသည်။ "အစ်ကိုကြီး... အစ်ကို အရင်တုန်းကဆို အိပ်မောကျတတ်ပြီး ညသန်းခေါင်ကြီး နိုးလာတာ ရှားပါတယ်... ဘာဖြစ်လို့လဲ"
ကျန်းမင်က မျက်နှာပေါ်တွင် ကျေနပ်စွာ ပြုံးနေရင်း...
"ငါလည်း အခုလေးတင် ကျင့်ကြံတာ ပြီးသွားလို့ လေညင်းခံထွက်လာတာ... လင်းလုံ... မင်းရဲ့ ကျင့်ကြံခြင်းအတွက် အကူအညီ တစ်ခုခုများ လိုသေးလား"
ဇီလင်းလုံက လက်လှမ်း၍ သူ့လည်ပင်းကို ဖက်တွယ်လိုက်ပြီး သူမ ခန္ဓာကိုယ် တစ်ဝက်ကျော် သူ့အပေါ် ရောက်လာသည်အထိ တဖြည်းဖြည်း တိုးကပ်လာတော့သည်။
"မင်း တော်တော် ကြီးနေပြီကို အခုထိ ငါ့အပေါ် လာဖိနေတုန်းပဲလား"
ကျန်းမင်က မချင့်မရဲ ပြောလိုက်၏။
"ငယ်ငယ်တုန်းကလည်း အစ်ကို့အပေါ်မှာပဲ အိပ်ခဲ့တာလေ... အခု ကြီးလာပြီ ဆိုပေမဲ့ မလုပ်ရတော့ဘူးလို့မှ မဆိုလိုတာ... အခုကစပြီး အစ်ကိုက ကျွန်မရဲ့ ခေါင်းအုံးပဲ"
ဇီလင်းလုံက မျက်လုံးလေး မှေးကာ အပြုံးလေးဖြင့် ပြန်ပြောသည်။
"မင်းရဲ့ ခွန်အားနဲ့ဆို မူလဝိညာဉ် ကျွမ်းကျင်သူကိုတောင် သတ်နိုင်နေပြီ... တကယ်လို့ မင်း ရုတ်တရက် စိတ်လှုပ်ရှားသွားရင် ငါ့ကို အပိုင်းပိုင်း အစစ ဖြစ်အောင် လုပ်ပစ်နိုင်တယ်... ငါ ကောင်းကောင်း အနားယူနိုင်မှာ မဟုတ်ဘူး" ကျန်းမင်လည်း တီးတိုး ရေရွတ်လိုက်သည်။
"စိတ်လျှော့ပါ ဆရာတူအစ်ကိုရဲ့... ကျွန်မရဲ့ ဖီးနစ် သွေးကြောက ဝင်စားနိုင်စွမ်း ရှိတယ်... အစ်ကို တကယ်ပဲ အပိုင်းပိုင်း အစစ ဖြစ်သွားရင်တောင် ကျွန်မ လွယ်လွယ်လေး ပြန်ဆက်ပေးလို့ ရတယ်"
ဇီလင်းလုံက ပြုံးဖြီးဖြီးဖြင့် ဆိုလာသည်။
"ဟုတ်ပါပြီကွာ... မင်းက အကုန်စွမ်းပါတယ်"
ကျန်းမင် နှာခေါင်းရှုံ့လိုက်၏။
ဇီလင်းလုံက သူ့ကို ဆက်လက် ပွတ်သီးပွတ်သပ် လုပ်နေသည်။
"ဟီးဟီး... အစ်ကို့အပေါ် မှီနေရတာ အရမ်း သက်သောင့်သက်သာ ရှိတာပဲ... ဒါကြောင့် မလှုပ်နဲ့နော်... ကျွန်မ ခဏလောက် အိပ်ချင်လို့"
"ငါလည်း အိပ်ချင်တာပဲ" ကျန်းမင်က တီးတိုး ရေရွတ်ယုံသာ တတ်နိုင်၏။
ဇီလင်းလုံက ကျန်းမင် အပေါ် မှီလျောင်းရင်း အချင်းချင်း နောက်ပြောင် ကျီစယ်နေကြပြီးနောက် အတူတကွ အိပ်ပျော်သွားကြလေပြီ။
နေမင်းက အရှေ့ဘက် ကောင်းကင်မှ တဖြည်းဖြည်း ထွက်ပေါ်လာပြီး နွေးထွေးသော နေရောင်ခြည်က ကမ္ဘာမြေကြီးအား လင်းထိန်သွားစေချိန်တွင်တော့ သူတို့ နှစ်ယောက်လုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရာမှ နိုးလာကြတော့သည်။
"တကယ်ကို အိပ်လို့ ကောင်းတာပဲ"
ဇီလင်းလုံက မျက်လုံး တစ်ဝက် မှိတ်လျက် သမ်းဝေရင်း ကျန်းမင် အပေါ်မှ မဆင်းသေးဘဲ ပိုသက်သောင့်သက်သာ ရှိစေရန် သူ့ လည်ပင်းကို ပိုတင်းကျပ်စွာ ဖက်တွယ်လာ၏။
"နေတောင် ထွက်နေပြီ... မင်း ငါ့ကို သတ်နေတာပဲ" ကျန်းမင်က မချင့်မရဲ ပြောလိုက်သည်။
"ဆရာတူအစ်ကို... ခဏလေး ထပ်အိပ်ပါရစေဦး... မနက်စောစော အချိန်က အိပ်လို့ အကောင်းဆုံး အချိန်ပဲ... နော်... နော်လို့"
ဇီလင်းလုံက အောက်ဆင်းရန် ငြင်းဆန်ရင်း တောင်းပန်တော့သည်။
ကျန်းမင်လည်း သူမအား ဘေးသို့ လှည့်ချပြီးနောက် ကိုယ်တိုင် ထရပ်လိုက်သည်။
"ငါ မနက်စာ သွားလုပ်တော့မယ်"
ပြောပြောဆိုဆိုဖြင့် သူက ခုန်ဆင်းသွားပြီး သူတို့အတွက် မနက်စာ ပြင်ဆင်ရန် ထွက်လာခဲ့လေပြီ။
ဇီလင်းလုံကတော့ မျက်နှာပေါ်တွင် ပြုံးရင်းဖြင့် ကြိမ်ကုလားထိုင်ပေါ် ဆက်လက် မှီလျောင်းနေဆဲပင်။
နေမင်း အပြည့်အဝ ထွက်ပေါ်လာပြီး အရာအားလုံးကို လင်းထိန်သွားစေချိန်တွင်တော့ ဇီလင်းလုံလည်း နောက်ဆုံး၌ ထရပ်လိုက်ပြီး ကျန်းမင် ပြင်ဆင်ထားသော စားပွဲအပြည့် အစားအစာများကို မြင်လိုက်ရသည်။
"အစ်ကို... ဒါက ဘာလဲ... ကြည့်ရတာ ပျစ်ချွဲချွဲနဲ့ ထူးဆန်းတယ်နော်"
ဇီလင်းလုံက သိချင်စိတ်ဖြင့် မေးလိုက်၏။
"ဒါ ငရုတ်ကောင်း ဟင်းရည်လေ... မြည်းကြည့်ပါဦး... မင်း ကြိုက်ကောင်း ကြိုက်နိုင်တယ်... မကြိုက်ရင်လည်း ဟိုဘက်က အဖြူရောင် အိအိလေးတွေကို စားလေ... အဲ့ဒါက တို့ဖူး ပူတင်းပဲ... ပိုပြီး ပေါ့ပါးပြီး လန်းဆန်းစေတယ်"
ကျန်းမင်က ပြန်ဖြေရင်း သူ့ ပေါက်စီကို ငရုတ်ကောင်း ဟင်းရည်ထဲ နှစ်ကာ အားပါးတရ ကိုက်စားလိုက်သည်။ ပျစ်ချွဲသော ငရုတ်ကောင်း ဟင်းရည်ဖြင့် ဖုံးလွှမ်းနေသည့် ကြွပ်ရွသော ပေါက်စီ၏ အရသာက တကယ့်ကို နတ်သုဒ္ဓါ အလားပင်။
ဇီလင်းလုံက ပျစ်ချွဲနေသော ငရုတ်ကောင်း ဟင်းရည်ကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ သူမက ဇွန်းဖြင့် ဟင်းရည်ကို မွှေရင်း…
"အစ်ကို... ဒီဟင်းရည်က ကြည့်ရတာ စားချင်စရာ မကောင်းဘူး... ဒီအထဲမှာ ဆိတ်သား၊ ပန်းဝါရောင် ဆေးဖက်ဝင် အပင်၊ မှိုခြောက် ခရမ်းရောင်နဲ့ ပုစွန်တွေ ပါမှန်း သိပေမဲ့ မျိုချရ ခက်မယ့် ပုံပဲ"
ကျန်းမင်က သူမအား မြည်းကြည့်ရန်သာ တိုက်တွန်းလိုက်သည်။
"အင်း... အစ်ကိုက ကျွန်မအတွက် လုပ်ပေးထားတာဆိုတော့ မြည်းတော့ ကြည့်ရမှာပေါ့"
ဇီလင်းလုံက တီးတိုး ရေရွတ်ရင်း တွန့်ဆုတ်စွာဖြင့် တစ်ငုံ သောက်ပြီးလျှင်…
"အရမ်း ကောင်းတာပဲ"
ဇီလင်းလုံက ချီးကျူးလိုက်ပြီး ငရုတ်ကောင်း ဟင်းရည်ကို ဆက်တိုက် သောက်တော့သည်။
ကျန်းမင် တစ်ယောက် ပျော်ရွှင်စွာ ပြုံးနေစဉ် သူ့စိတ်ထဲတွင် ကြေညာသံ တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"ဒင်... ဂုဏ်ယူပါတယ်... ဂျူနီယာ ညီမလေးနဲ့ အတူ အရသာရှိတဲ့ မနက်စာကို စားသုံးခဲ့ပါတယ်... ဆုလာဘ် အနေနဲ့ ၁၀ ရက်စာ ကျင့်ကြံခြင်းကို ပေးအပ်လိုက်ပါတယ်"
ထိုအရာက သူ့ အပြုံးကို ပိုကျယ်ပြန့်သွားစေတော့သည်။
သူတို့ မနက်စာ စားပြီးနောက် ကျန်းမင် ပန်းကန်များ ဆေးကြောပြီး ထိုင်ရန် ပြင်လိုက်ချိန်တွင် ဇီလင်းလုံက လက်ဖက်ရည် တစ်အိုး ပြင်ဆင်ပြီး သူ့ဆီသို့ လျှောက်လာခဲ့လေပြီ။
"လာ... ကောင်မလေး... ထိုင်"
ကျန်းမင်က သူ့ဘေးရှိ နေရာကို ပုတ်ပြရင်း ပြောလိုက်သည်။
ဇီလင်းလုံက သူ့လက်မောင်းကို ဖက်တွယ်၍ သူ့ဘေးတွင် ထိုင်ကာ လွှဲယမ်းရင်း မေးမြန်း၏။
"အစ်ကို... ဘာကိစ္စလဲ"
"ငါ မင်းကို ပေးစရာ တစ်ခု ရှိတယ်"
ကျန်းမင်က ပြုံးရင်း သူ့လက်ကို လှန်ပြလိုက်ရာ အနီရောင် သလင်းကျောက် တစ်ခု ထွက်ပေါ်လာသည်။ ထိုသလင်းကျောက်မှာ ရဲရဲနီနေပြီး အနည်းငယ် အန္တရာယ်များသည့်ပုံ ပေါက်နေ၏။ သလင်းကျောက်အား ချိတ်ပိတ်ထားသော်ငြား ထိတ်လန့်ဖွယ် ကောင်းသော အရှိန်အဝါ တစ်ခုက ထွက်ပေါ်နေပြီး ကျောရိုးထဲ စိမ့်သွားစေသည်။
"ဒါက..."
ကျန်းမင် လက်ဖဝါးပေါ်ရှိ သလင်းကျောက်ကို မြင်ချိန်တွင် ဇီလင်းလုံ အသက်ရှူမှားသွား၏။ သူမ မျက်လုံးများက အနီရောင် သလင်းကျောက်အား မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိသည်။
"ဒါက ဖီးနစ် သွေးနဲ့ တူတယ်နော်" ကျန်းမင်က ခေါင်းညိတ်ပြလိုက်သည်။
"တကယ်တော့ ဒါက ဖီးနစ် သွေးအဆီအနှစ်ပဲ... ဖီးနစ်ရဲ့ စိတ်ဆန္ဒကို သန့်စင်ပြီးသားမို့ သူ့ရဲ့ ကြမ်းတမ်းတဲ့ စွမ်းအားတွေကို ဖိနှိပ်ထားပြီးပြီ... အခု စားသုံးတာက လုံးဝ ဘေးကင်းပြီး မင်းအတွက် အရမ်း အကျိုးရှိလိမ့်မယ်"
"ရော့... ဘာမှ မမေးနဲ့"
ကျန်းမင်က သလင်းကျောက်ကို ဇီလင်းလုံထံ ကမ်းပေးရင်း ပြောလိုက်သည်။
"ကျေးဇူးပါပဲ အစ်ကို"
ဇီလင်းလုံက ကျေးဇူးတင်စကား ဆိုလိုက်၏။ သူမတွင် ဤအရာများကို သူ မည်သို့ ရလာသနည်း ဆိုသည့် မေးခွန်းများနှင့် ရှုပ်ထွေးမှုများစွာ ရှိနေသော်လည်း နောက်ဆုံးတွင် ဘာမှ မမေးတော့ဘဲ ကျေးဇူးသာ တင်လိုက်တော့သည်။
ကျန်းမင်က ဆေးဖက်ဝင် အပင် ၁၀ ပင် ပါဝင်သော ချိတ်ပိတ်ထားသည့် ကျောက်စိမ်း သေတ္တာ တစ်လုံးကို ထပ်မံ ထုတ်ယူသည်။ ထိုအပင်များ ပတ်လည်တွင် ရစ်ဝဲနေသော ယင်ယန် အရှိန်အဝါကို ကြည့်ရုံဖြင့် ၎င်းတို့မှာ ရှားပါးပြီး ထူးဆန်းသော ပစ္စည်းများ ဖြစ်ကြောင်း သိနိုင်ပေသည်။
"ဒါတွေက ဘုရင်အဆင့် ယင်ယန် ဓားမြက် ၁၀ ပင်ပဲ... ဒါက ယင်ယန် တာအို ကျင့်ကြံရာမှာ အများကြီး အထောက်အကူ ပြုလိမ့်မယ်"
ကျန်းမင်က သေတ္တာကို သူမထံ ပစ်ပေးရင်း ရှင်းပြသည်။
ကျန်းမင်က ထိုပစ္စည်းများကို ဖုန်းဝူနှင့် အရောင်းအဝယ် လုပ်ရာမှ ရရှိခဲ့ခြင်း ဖြစ်သည်။ ဖီးနစ်သွေးမှာ အင်မော်တယ် အဆင့် ဖြစ်ပြီး သူ့အတွက် အမှတ် (၁)မှတ်သာ ကုန်ကျခဲ့၏။ ယင်ယန် ဓားမြက် ၁၀ ပင် အတွက်လည်း ထိုနည်းတူပင်။
ယခင်က သူ အားနည်းနေသေးသောကြောင့် တခြားသူများ သံသယ ဝင်မည်စိုး၍ သူမအား ဘာမှ မပေးဝံ့ခဲ့ပေ။ အခြား အကြောင်းရင်း တစ်ခုမှာ ဤအရာများကို မည်သို့ ရလာသနည်း ဆိုသည်ကို ရှင်းပြရန် ခက်ခဲသောကြောင့် ဖြစ်သည်။
ယခု ကျန်းမင်ထံတွင် အထွတ်အထိပ် အမိန့်တော် ရှိနေပြီ ဖြစ်သော်လည်း ဤပစ္စည်းများ၏ ဇာစ်မြစ်ကို အခြားသူများအား အသိပေး၍ မရနိုင်သေးချေ။ သို့သော် အနည်းဆုံးတော့ အကြောင်းပြချက် တစ်ခု ပေးရန် လုံလောက်ပြီဟု ခံစားရသည်။
ယခုအခါ သူက လောကကြီးကို ရင်ဆိုင်ရန် ယုံကြည်မှုနှင့် စွမ်းရည် ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် သူ့ ဂျူနီယာ ညီမလေးအား စတင် လေ့ကျင့်ပေးတော့မည်ပင်။
ကျန်းမင်က လူသားလမ်းစဉ် မှတ်တမ်းကို ခေါ်ယူ၍ ဇီလင်းလုံနှင့် သူ့ ဆက်ဆံရေးကို ကြည့်လိုက်ရာ ဘာမှ ပြောင်းလဲသွားခြင်း မရှိဘဲ ၉၇ တွင်သာ ရှိနေသေးကြောင်း တွေ့လိုက်ရသည်။
သို့သော် သူမ၏ အခြေအနေတွင်မူ...
'ဘုရားရေ... ညီအစ်ကိုကျန်းက ဘယ်လိုလုပ် ဒီလို အင်မော်တယ် အဆင့် မှော်ပစ္စည်းမျိုးကို ပိုင်ဆိုင်ထားတာလဲ... သူ အင်မော်တယ်တွေနဲ့ ပတ်သက်တဲ့ အခွင့်အရေး တစ်ခုခုများ ရခဲ့တာလား... အဲ့ဒါပဲ ဖြစ်ရမယ်'
လူသားလမ်းစဉ် မှတ်တမ်းထဲရှိ သူမ၏ အခြေအနေကို မြင်ပြီးနောက် ကျန်းမင် ပြုံးရင်း ရှင်းပြလိုက်သည်။
"ငါ ကံကောင်းပြီး အင်မော်တယ်တွေနဲ့ ပတ်သက်တဲ့ အခွင့်အရေး တချို့ ရခဲ့တာပါ... အများကြီး မစူးစမ်းနဲ့"
"ဟာ... အဲ့ဒီကနေ ရလာတာကိုး... ကျွန်မ သိသားပဲ... အစ်ကို့ရဲ့ ကျယ်ပြန့်တဲ့ ဗဟုသုတနဲ့ ယှဉ်နိုင်သူ မရှိတဲ့ ပါရမီနဲ့ဆို အစ်ကိုက ဘယ်လိုလုပ် တခြားသူတွေထက် အားနည်းနေမှာလဲ... ညီအစ်ကိုကျန်း... အစ်ကို ဆက်ပြီး အားနည်းချင်ယောင် ဆောင်နေလို့ ရတယ်... အပြင်ဘက်က ပြဿနာတွေကို ကျွန်မ ရှင်းပေးမယ်... အစ်ကိုကတော့ ကွယ်ရာမှာ ဆက်ပြီး ကျင့်ကြံနေလိုက်"
ကျန်းမင်အတွက် ပျော်ရွှင်နေသော်လည်း အနည်းငယ် ရှုပ်ထွေးနေဆဲ ဖြစ်သော ဇီလင်းလုံက အာမေဋိတ်သံဖြင့် ပြောနေမိသည်။
သူမ အခြေအနေပြ နေရာတွင် နောက်ထပ် စာကြောင်း တစ်ကြောင်း ထပ်တိုးလာသည်ကို ကျန်းမင် သတိပြုမိလိုက်၏။
'ညီအစ်ကိုကျန်းက အင်မော်တယ်တွေနဲ့ ပတ်သက်တဲ့ အခွင့်အရေး ရခဲ့တာလား... ဒါ တကယ် သတင်းကောင်းပဲ... အနာဂတ်မှာ တို့နှစ်ယောက် ပူးပေါင်းရင် ကောင်းကင်ဘုံ ကိုးထပ်ကိုတောင် တက်လှမ်းနိုင်ပြီ'
ထိုစာကြောင်းကို ဖတ်ပြီးနောက် ဇီလင်းလုံက အပြင်ဘက် ကိစ္စများကို သူမ ကိုယ်တိုင် ဖြေရှင်းပြီး သူ့အား အတွင်းရေး ကိစ္စများ ဖြေရှင်းရန် စီစဉ်နေသည်ဟု ထူးဆန်းသော အတွေးတစ်ခု ကျန်းမင် တွေးလိုက်မိသည်။
ဇီလင်းလုံ သူမ၏ ကျင့်ကြံခြင်းကို ဆက်လက် လုပ်ဆောင်ရန် ပြန်သွားပြီးနောက် ကျန်းမင်က တောင်နောက်ဘက်သို့ ထွက်လာခဲ့သည်။ သူ စိုက်ပျိုးထားသော မြေ ၅ ဧကကို အချိန်အတော်ကြာ စဉ်းစားပြီးနောက် မြေ တစ်ဧကသာ ချန်ထားခဲ့ပြီး ကျန်သည့် အရာအားလုံးကို ဖျက်ဆီးပစ်ရန် ဆုံးဖြတ်လိုက်တော့သည်။
သူ လှည့်ထွက်လာပြီး သူ ဖွင့်လှစ်ထားသော မြေအောက် ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်လာခဲ့သည်။
ထိုနေရာကို သေခြင်း ရှင်ခြင်း ဝင်္ကပါပြားမှ ထုတ်လွှတ်သော ဝင်္ကပါ တစ်ခုဖြင့် ကာရံထားသည်။ ဤဝင်္ကပါပြား၏ အဆင့်မှာ အလွန် ကောင်းမွန်ပြီး အင်မော်တယ် အဆင့် တာအို လက်နက် တစ်ခုနှင့်ပင် တန်းတူ ဖြစ်ကြောင်း ကျန်းမင် ယခု သိသွားလေပြီ။
ထိုဟင်းလင်းပြင်မှာ အလွန် ကြီးမားပြီး အင်မော်တယ် အဆင့် ဝိညာဉ်ရေးရာ စမ်းရေတွင်း တစ်ခုက အလယ်တွင် တည်ရှိနေသည်။ ၎င်းက မြေအောက် စွမ်းအင်ကြောနှင့် အဆက်မပြတ် ဆက်သွယ်နေပြီး ကောင်းကင်နှင့် မြေကြီး၏ ချီစွမ်းအင်များကို စုပ်ယူကာ အင်မော်တယ် အဆင့် ဝိညာဉ်ရေးရာ အရည်များ အဖြစ် ပြောင်းလဲပေးနေ၏။
အင်မော်တယ် အဆင့် ဉာဏ်အလင်းပွင့် သစ်ပင်၏ မျိုးစေ့ တစ်စေ့က စမ်းရေတွင်း အလယ်တွင် စတင် အညှောက်ပေါက်နေသည်ကို မြင်တွေ့နိုင်သည်။
အနည်းငယ် စဉ်းစားပြီးနောက် ကျန်းမင် ရုတ်တရက် ကြေညာလိုက်သည်။
"အခုကစပြီး ဒီနေရာကို ချူယန်လိုဏ်ဂူလို့ ခေါ်မယ်"
သူက ဟင်းလင်းပြင် စွမ်းအင်ကို အသုံးပြု၍ မြေနေရာကို ၁၀ ဧက အထိ ပိုကျယ်ပြန့်လာစေရန် ဖန်တီးလိုက်သည်။ ၄ ဧကမှာ ဝိညာဉ်ရေးရာ စမ်းရေတွင်းကို ဝန်းရံထားသော မြေများ ဖြစ်ပြီး စနစ်မှ မြေသြဇာ ကောင်းသော မြေအဖြစ် အသိအမှတ်ပြုထား၏။
ကျန်းမင်က သေခြင်း ရှင်ခြင်း ဝင်္ကပါပြားကို နောက်တစ်ကြိမ် အသက်သွင်းပြီး အဆင့်နိမ့် စွမ်းအင် သလင်းကျောက် အစုအဝေး တစ်ခုအား ၎င်းထဲသို့ ထည့်လိုက်သည်။
အဆင့်နိမ့် စွမ်းအင် သလင်းကျောက်ကို သိသွားသည်နှင့် ဝင်္ကပါက စတင် အလုပ်လုပ်ပြီး စွမ်းအင် သလင်းကျောက်များအား ချေဖျက်ကာ ဓာတ်ငွေ့အသွင် ချီစွမ်းအင်များ အဖြစ် ပြောင်းလဲပစ်သည်။ တချိန်တည်း လိုဏ်ဂူ၏ ချီစွမ်းအင်များမှာ မျက်စိတစ်မှိတ် အတွင်း အထွတ်အထိပ်သို့ ရောက်လာခဲ့စေတော့သည်။
တစ်ချိန်တည်းမှာပင် ဝင်္ကပါထဲမှ ပုံစံများ ထွက်ပေါ်လာ၏။ အချို့က မြေအောက် စွမ်းအင်ကြောများ အတိုင်း မြေကြီးထဲသို့ စီးဆင်းသွားပြီး အချို့ကမူ မျက်မြင်မရသော ကွန်ရက် တစ်ခု လိုက်သွားသကဲ့သို့ လေထုထဲ ပျံ့နှံ့သွားကာ ကောင်းကင်နှင့် မြေကြီး၏ နိယာမ စွမ်းအားများကို လှုံ့ဆော်ပေးသည်။ ၎င်းက လိုဏ်ဂူ တစ်ခုလုံးကို တဖြည်းဖြည်း ဖုံးလွှမ်းသွားပြီး ချူယန် တောင်ထွတ် တစ်လျှောက် ပျံ့နှံ့သွားကာ ဂိုဏ်း၏ ကာကွယ်ရေးကို တိတ်တဆိတ် မြှင့်တင်ပေးလိုက်သည်။
ရုတ်တရက် ဝိညာဉ်ရေးရာ စမ်းရေတွင်းက လေထုထဲရှိ ဓာတ်ငွေ့အသွင် ချီစွမ်းအင်များ၏ လှုံ့ဆော်မှုကြောင့် တဝီဝီ မြည်လာလေပြီ။ ဤဓာတ်ငွေ့အသွင် ချီစွမ်းအင်များမှာ စမ်းရေတွင်းဆီသို့ တဖြည်းဖြည်း ဆွဲငင်ခံရပြီး စုစည်းလာကာ နောက်ဆုံးတွင် ထိပ်တန်းအဆင့် ဝိညာဉ်ရေးရာ အရည်များ အဖြစ် ပြောင်းလဲသွားတော့သည်။
"အံ့ဩစရာပဲ... ဒါ တကယ် အလုပ်ဖြစ်တယ်"
ကျန်းမင်က ပျော်ရွှင်စွာ အာမေဋိတ်သံဖြင့် ပြောဆိုပြီး အဆင့်နိမ့် စွမ်းအင် သလင်းကျောက် နောက်ထပ် အစုအဝေး နှစ်ခုကို ဝင်္ကပါထဲ ထပ်ထည့်လိုက်သည်။
ကျန်းမင်က ခဏတာ စဉ်းစားပြီးနောက် ရှေးဟောင်း စစ်ပွဲသစ်ပင် မျိုးစေ့၊ ပန်းနတ်သမီး သစ်ပင် မျိုးစေ့၊ ကြက်သွေးရောင် သစ်သီး မျိုးစေ့၊ ဖီးနစ် သွေးသလင်းကျောက်ဆန်နှင့် အခြား မျိုးစေ့များကို မြေကြီးထဲ ထပ်မံ စိုက်ပျိုးရန် ဆုံးဖြတ်ခဲ့၏။
ဤမျိုးစေ့များ အားလုံးမှာ ရှားပါးသော ဆေးဖက်ဝင် မျိုးစေ့များ အဖြစ် သတ်မှတ်ခံထားရပြီး အညံ့ဆုံး မျိုးစေ့ပင်လျှင် အဆင့်မြင့် ဖြစ်သည်။ အချို့ဆို ဆေးဘုရင် အဖြစ် ကြီးထွားလာနိုင်မည့် အခွင့်အရေးပင် ရှိနေသေး၏။ မျိုးစေ့များ၏ အဆင့်မှာ အလွန် မြင့်မားသဖြင့် အချင်းချင်း နီးကပ်စွာ စိုက်ပျိုးပါက အညှောက်ပင် ထွက်လာမည် မဟုတ်သောကြောင့် ယခင်ကကဲ့သို့ သိပ်သည်းစွာ မစိုက်ပျိုးနိုင်ခြင်းမှာ နှမြောစရာပင်။
ကျန်းမင်က ၄ ဧက ကျယ်ဝန်းသော မြေကွက်ကို လျင်မြန်စွာ စိုက်ပျိုးပြီးစီးသွားပြီးနောက် ဤတစ်ကြိမ်တွင်မူ စနစ်မှ မည်သည့် ဆုလာဘ်မှ မပေးကြောင်း သဘောပေါက်လိုက်သည်။
"အရင် မြေကွက်ကို ဖျက်ဆီးပြီး ဒီမြေကွက်ကို အသစ် ပြန်လုပ်လိုက်လို့ နေမှာပါ... ဒါကြောင့် ဒီတစ်ခေါက် ဆုလာဘ် မရတာ ဖြစ်မယ်"
ကျန်းမင် ခန့်မှန်းလိုက်၏။
ထိုသည်မှာ လူများ လိမ်လည်ခြင်းမှ ကားကွယ်ရန် နည်းလမ်း တစ်ခု ဖြစ်နိုင်ကြောင်း သူ တွေးလိုက်သော်လည်း ဂရုမစိုက်ပေ။ သူသာ မြေအနည်းငယ်ကို အကြိမ်ကြိမ် ဖျက်ဆီးလိုက်၊ ပြန်စိုက်လိုက် လုပ်ပြီး ဆုလာဘ်များ ရနေမည် ဆိုပါက အဓိပ္ပာယ် မရှိလောက်ချေ။
"ချီစွမ်းအင်တွေက အရမ်း ပြည့်ဝလာပြီး မိုးတိမ်တွေ အဖြစ် ပြောင်းလဲသွားပြီပဲ… မြေကွက် တစ်ခုလုံးကိုတောင် ရေလောင်းပေးနေပြီ... ဒီလို ကောင်းမွန်တဲ့ အခြေအနေတွေနဲ့ဆို အနာဂတ်မှာ အများကြီး ရိတ်သိမ်းရမှာ သေချာတယ်... ငါ မစောင့်နိုင်တော့ဘူး"
"အရာအားလုံး အဆင်သင့် ဖြစ်နေပြီဆိုတော့ နောက်ထပ် အရေးကြီးတဲ့ အပိုင်းအတွက် အဆင်သင့်ပဲ... စိမ်းလန်းသော ဧကရာဇ် ဝိညာဉ် အသွင်ပြောင်း နည်းစနစ်က အပင်တွေရဲ့ ကြီးထွားမှုကို မြန်ဆန်အောင် ထိထိရောက်ရောက် ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"
ကျန်းမင်က စိတ်အားထက်သန်စွာ ခုန်တက်ပြီး စိုက်ခင်း အလယ်တွင် တင်ပျဉ်ခွေ ထိုင်ချရင်း တွေးလိုက်၏။
သူက စိမ်းလန်းသော ဧကရာဇ် ဝိညာဉ် အသွင်ပြောင်း နည်းစနစ်ကို တဖြည်းဖြည်း စတင် အသက်သွင်းလိုက်ရာ အစိမ်းရောင် အရှိန်အဝါလှိုင်းများ ထွက်ပေါ်လာပြီး ၄ ဧက ကျယ်ဝန်းသော မြေကွက် တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။
End
***