“ ဘယ် တစ်ခုလဲ … “
“ နင် အဲ့ဘက်ခြမ်းကို ဦးတည်ပြီး စုံစမ်းစစ်ဆေးတာ မမှားဘူး … နင် အမှန်တရားနဲ့ ပိုပြီး နီးကပ်လာမယ်ဆိုရင် လူသတ်သမားက ဂနာမငြိမ် ဖြစ်လာမယ် … နင် စုံစမ်းစစ်ဆေးတာကို နှောင့်ယှက်ဖို့ အကောင်းဆုံး ကြိုးစားကြမှာပဲ …” ချိုးယွီလော့က ပြောလိုက်၏။
“ တစ်နည်းပြောရရင် အဲ့လို ဖြစ်လာပြီဆိုတာနဲ့ နင် ဦးတည်နေတဲ့ လမ်းကြောင်းက အမှန်တရားနဲ့ အတော်လေး နီးကပ်လာနေပြီလို့ ဆိုလို့ရတယ် … ငါ ပြောချင်တာကို နင် သဘောပေါက်ပါတယ် …”
“ အင်း … ငါ သဘောပေါက်တယ် …”
“ တခြား ရှိသေးလား … မရှိဘူးဆို ငါ အလုပ်များနေလို့ …”
“ နှစ်သစ်ကူးပြီးတာနဲ့ ခေါင်းဆောင်ချိုးက အလုပ်တွေ ကြိုးစားလုပ်နေတယ်ပေါ့ ….”
“ ချီးကိုအလုပ် …” ချိုးယွီလော့က မခံမရပ်နိုင်ဖြစ်စွာ ပြန်ပြောလိုက်ပြီး “ ငါ့အမေနဲ့ ဈေးဝယ်ထွက်ပေးနေတာ … ငြင်းလို့လည်း မရဘူး … ဒီမှာ လူက ရူးတောင်ရူးတော့မယ် …”
“ အဲ့တာတော့ ငါလည်း မကူညီပေးနိုင်ဘူး … ဘိုင့် …”
လင်းရီသည် ချိုးယွီလော့နှင့် စကားဆက်မပြောတော့ဘဲ ဖုန်းချလိုက်သည်။ လူကွယ်သည့် ထောင်တစ်နေရာ နေရာကောင်းတစ်ခုတွင် ထိုင်ချလိုက်၏။
ချိုးယွီလော့၏ စကားက သူ့အား လှုပ်နိုးလိုက်သကဲ့သို့ ထိုကဲ့သို့သော ဖြစ်ရပ်များက လီရှန်းဟွေ့နှင့် လင်းဟန်တို့သည် အမှန်တရားနှင့် နီးကပ်လာနေကြောင်းကို ဖော်ပြနေသည်။ မဟုတ်ပါက တစ်ဖက်လူသည် ဤမျှ အန္တရာယ်ကြီး စွန့်စားရမည့် နည်းလမ်းကို ရွေးချယ်လာလိမ့်မှာ မဟုတ်ချေ။
လီရှန်းဟွေ့တို့နှစ်ဦးလုံးက သိသိသာသာ နေရာရသည့် ရာထူးများ ကိုယ်စီ ကိုင်ထားကြသော်လည်းပဲ ကျိုးဟိုင်ကဲ့သို့သော နေရာမျိုး၌ သူတို့၏ ရာထူးလေးက ပြောပလောက်သည်မျိုး မဟုတ်သော်ငြားလည်း ရာထူးကား ရာထူးပင်။ တစ်ဖက်က မလွှဲရှောင်သာ၍သာ ယခုလိုမျိုး ပြုလုပ်လာခြင်း ဖြစ်၏။
လီရှန်းဟွေ့နှင့် ပြောခဲ့ဖူးသမျှကို လင်းရီပြန်လည် မြင်ယောင်ကြည့်လိုက်၏။
မာတဲ့ဟုန်အမှုတွင် တိုးတက်သည့် ခြေလှမ်းတို့ ရှိလာပြီး ဝမ်မေကျားက မာတဲ့ဟုန် သုံးစွဲသွားသည့် ဆေးဝါးကို စွန်းရွှယ်ချန် အမည်ရသည့် အချုပ်သား တစ်ဦးသို့ ပေးလိုက်မိသည်။
ရက်အနည်းငယ်ကြာပြီးနောက်တွင် ထိုသူက ဆေးမှန်မှန် သုံးစွဲနေပါလျက်နှင့် ရုတ်တရက်ချည်း ဦးနှောက်သွေးယိုစိမ့်မှု ဖြစ်ပေါ်လာသည်။
သို့ပေမယ့် ထိုဖြစ်ရပ်အပြီးတွင် ဝမ်မေကျားက ဆေးအသစ်တစ်သုတ်သို့ ပြောင်းလဲ အသုံးပြုခဲ့ပြီး ယခုအချိန်ထိတိုင် မည်သည့် ပြဿနာရပ်တို့မျှ မမြင်ရသေးချေ။
ဆေးသည်လည်း ယခင်ကနှင့် အတူတူပင်။ Batalek စက်ရုံထုတ်သာလျှင် ဖြစ်ပြီး ထုတ်လုပ်သည့် ရက်စွဲတစ်ခုတည်းကသာ ဆန်းသစ်သွားခြင်းပင်။
ထိုသို့ဆိုသော်ငြားလည်းပဲ ဆေးအသစ်နှင့် ဆေးအဟောင်းတွင် ကုန်ကြမ်း ကွာဟချက်မှုတို့ မရှိပါဘဲ ဆေးဒိတ်လွန်နေသည်ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။ တကယ့် ဖြစ်နိုင်ချေကတော့ မာတဲ့ဟုန်ကို ပေးလိုက်သည့် ဆေးဝါးတစ်မျိုးတည်းကသာ အမှန်တကယ် ပြဿနာ ရှိနေခြင်း ဖြစ်နိုင်လောက်သည်။
ကလင် ကလင် ကလင် …
ထိုအချိန်အခိုက်အတန့်မှာပဲ လင်းရီ၏ ဖုန်းသံက မြည်ဟည်းလာခဲ့ပြီး လီချူးဟန်က ခေါ်ဆိုလာခြင်း ဖြစ်၏။
“ ရှင်းရှင်း … စားစရာတစ်ခုလောက် ဖြစ်ဖြစ် သွားဝယ်ပေးစမ်းပါ … အရင်စားကြစို့ …”
“ ဟုတ် …. “
အမှု၏ အမြီးအဖျားကို သေချာ မသိရသေးသဖြင့် လင်းရီလည်း ခေတ္တ အနားယူဖို့ ဆုံးဖြတ်ကာ ရှစ်ခုမြောက် အတွင်းလူနာဌာနသို့ ဦးတည်လာခဲ့လိုက်သည်။
လီချူးဟန်၏ နားနေခန်းထဲရောက်တော့ ချောင်ရှင်းက ဟင်းလေးပွဲနှင့် နို့လက်ဖက်ရည် သုံးခွက် ဝယ်လာခဲ့သည်ကို မြင်တွေ့လိုက်ရလေသည်။
“ အစ်ကိုရီရယ် … အဲ့လောက်ကြီးလည်း စိတ်ပူနေစရာ မလိုတော့ပါဘူး … အစ်မလီ အခုလေးတင်ပဲ ICU ဌာနခေါင်းဆောင်ကို ဆက်သွယ်ထားပြီးပြီ … လီရှန်းဟွေ့လို့ခေါ်တဲ့ လူနာရဲ့ အခြေအနေကလည်း အတော်လေး တည်ငြိမ်နေပါပြီ ..”
“ ငါလည်း မေးထားပြီ … တကယ်လို့ ကောင်းကောင်းမွန်မွန် သက်သာလာနေတယ်ဆိုရင် ဒီနေ့ညပဲ ဆေးရုံက ဆင်းလို့ရပြီ …” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် အမှုမှာ ဦးနှောက်ခြောက်စရာတွေက အတော်လေး များနေသေးတယ်လို့ ခံစားနေရတယ် …”
ဤစကားကြားတော့ ချောင်ရှင်း၏ မျက်ဝန်းတို့ လင်းလက်လာခဲ့ပြီး “ ဟင် အစ်ကိုရီ … မြန်မြန်လေး … အစ်ကိုရီကို ဘာတွေက စိတ်အနှောင့်အယှက်ပေးနေလဲဆိုတာ ညီမကို မြန်မြန်လေး ပြောပြ … ညီမကူပြီး သုံးသပ်ပေးမယ် ….”
ချောင်ရှင်းက ကိုနန်စုံထောက် ဇာတ်လမ်းတွဲ၏ အမာခံဖန်တစ်ဦးဖြစ်သည်ကို လင်းရီလည်း သိသည်။ သူမ၏ ကိုနန်ကို အတုယူရင်း စုံထောက်လုပ်ချင်နေသည်။ လင်းရီလည်း သူမကို မည်သည့်အရာတို့မျှ ကွယ်ဝှက်မထားဘဲ အကြောင်းစုံကို ပြောပြလိုက်၏။
သို့ပေမယ့် အထူးဖြစ်သည့် အသေးစိတ် အချက်အလက်တစ်ချို့ကိုတော့ ထိမ်ချန်ထားခဲ့သည်။ သို့ပေမယ့်လည်း ယင်းက အမှု သုံးသပ်သည့် အပေါ် မည်သည့် အကျိုးသက်ရောက်မှုတို့မျှ ရှိနိုင်မှာ မဟုတ်ပေ။
“ ဘုရားရေ … ဒီအမှုက ရှုပ်ယှက်ခတ်နေတာပဲ …” လင်းရီ၏ စကားကို နားထောင်ပြီးနောက် ချောင်ရှင်းမှာ မြည်တမ်းလိုက်မိသည်။
“ အဲ့တာကြောင့်လည်း ငါ ပိတ်မိနေတာလေ …. မင်းက ဆယ်နှစ်ကျော်လောက် ကိုနန်ဖန်ဖြစ်ဖူးတာဆိုတော့ ဘာတွေဖြစ်နေလဲ ငါ့ကို ကူညီပေးစမ်းပါ …”
“ ညီမက ကိုနန်ဖန်ဆိုတာ ဟုတ်တယ် … ဒါပေမယ့် ဒီအမှုက တကယ့်ကို ရှုပ်ထွေးလွန်းတာ … နားထောင်ပြီးတော့ ဦးနှောက်တောင် သုံးစားမရတော့သလိုပဲ …”
“ ဟမ့် … မင်းလည်း အားကိုးလို့ကို မရဘူး …” လင်းရီက လှောင်ပြောင်ထေ့ငေါ့သည့် လေသံဖြင့် “ ငါကတော့ မင်းကို ရွာရဲ့ မျှော်လင့်ချက်ကြီးဆိုပြီး အားကိုးလိုက်ရတာ လက်စသတ်တော့ မင်းလည်း ထူးမခြားနားပါပဲ ….”
“ ဟေ့ … အဲ့လို ပြောလို့တော့ ဘယ်ရမှာ …” ချောင်ရှင်းက သိရခက်သည့် မျက်နှာအမူအရာဖြင့် “ အစ်ကိုရီ သိမှာတော့ မဟုတ်ဘူး … ကိုနန် ဇာတ်ကားထဲမှာ ဒီလိုမျိုး အလားတူ အမှုတွေ ဖြေရှင်းတာကို ညီမမြင်ဖူးတယ် … အစ်ကို့ကို ညီမ အရိပ်အမြွက်နည်းနည်းလေးလောက် ပေးလို့ရတယ် …”
“ ဘာလဲ … ငါ့ကိုပြော …”
“ တကယ်တော့ ဒီလိုအမှုမျိုးတွေမှာ အတော်လေး ရိုးရှင်းတဲ့ အမှန်တရားတွေက မကြာခဏ ရှိတယ် … ကိုယ်တွေက အတွေးလွန်နေရုံသပ်သပ်ကြောင့်သာ ခက်နေတာ … လူသတ်သမားက ကိုယ်တွေ ဘေးနားက အနီးကပ်လူလည်း ဖြစ်ရင်ဖြစ်နေနိုင်တာပဲလေ … ညီမတို့က ဒီတိုင်း သတိမထားမိရုံလေးတင်ပါပဲ …”
“ ဘာအကြောင်းပြချက်ကြီးလဲ အဲ့တာ ….” လင်းရီ ရယ်မောလိုက်ပြီး “ တကယ့်လက်တွေ့နဲ့ ကာတွန်းနဲ့က ဘယ်တူမှာတုန်းဟ … နှစ်ခုကို လုံးဝ ဒွန်တွဲပစ်လိုက်လို့ မရဘူးလေ ….”
“ အွန်း … သိတယ် … အစ်ကို့ကို ဒီတိုင်း စဉ်းစားလို့ရမယ့် ဧရိယာကို ချဲ့ပေးချင်ရုံသပ်သပ်ပဲ … အသုံးဝင်မှာပါ …”
“ အိုကေ … ငါ စဉ်းစားလိုက်မယ် …” လင်းရီ ပြောပြီးနောက် ဆော်ဩလိုက်၏။ “ အရင်စားကြစို့ … စားတဲ့အချိန်မှာတော့ ဒီသောက်အလုပ်တွေကို မေ့ထားကြမယ် …”
“ အိုကေ …”
ထိုအချိန်မှာပဲ လင်းရီ၏ ဖုန်းသံက ထပ်မံ၍ မြည်ဟည်းလာပြန်သည်။ နင်ချဲ့ ဖုန်းဆက်လာခြင်းပင်။
“ နင် ဘယ်မှာလဲ …” ဖုန်းဝင်သွားသည်နှင့် နင်ချဲ့က တည့်တိုးမေးမြန်းလာခဲ့သည်။
“ ဆေးရုံမှာ …”
“ စောင့်နေ … ငါ မကြာခင် ရောက်မယ် …”
“ မင်း ကျိုးဟိုင်မှာလား …”
“ အရင်ရက်တုန်းက ဆေးဝါးစက်ရုံကို စုံစမ်းဖို့ ဟောင်ကောင်ရောက်နေတာ … ကိစ္စတွေက ပြီးသလောက် ဖြစ်နေပြီဆိုတော့ အစကတော့ ရန်ကျင်းကို ပြန်မလို့ပါပဲ … ဒါပေမယ့် ယွီလော့က နင့်ဘက်ခြမ်းမှာ တစ်ခုခု ဖြစ်တယ် ပြောလာခဲ့လို့ ငါလည်း အားနေတာနဲ့ လာဖို့ လုပ်လိုက်တာ ….”
“ ကောင်းသားပဲ … လာကြိုပေးရဦးမလား …”
“ မလိုဘူး …. ငါ ရောက်ရင် ဖုန်းခေါ်လိုက်မယ် … ပြီးတာနဲ့ တွေ့ကြတာပေါ့ …”
ခေတ္တစကားပြောပြီးနောက် လင်းရီ ဖုန်းချလိုက်ပြီး သုံးယောက်သား ထမင်းအတူစားကြသည်။
စားသောက်နေစဉ်တွင် ချောင်ရှင်းက ကရားရေလွှတ်သည့်နှယ် မရပ်တန့်နိုင်အောင် စကားတွေ ပြောနေခဲ့ပြီး လင်းရီအား အမှုကို မတူညီသည့် ရှုထောင့်ပေါင်းစုံက ကူညီသုံးသပ်ပေးနေခဲ့၏။
သို့ပေမယ့် လင်းရီကတော့ စိတ်ထဲ ထားမနေချေ။ ချောင်ရှင်း၏ သုံးသပ်မှုတော်တော်များများက အားကိုးလို့မရသည့်အပြင် အမှုနှင့် အပ်စပ်ကိုက်ညီနေခြင်းလည်း မရှိပေ။
စားသောက်ပြီးနောက် လင်းရီလည်း ဘာမျှ လုပ်စရာ မရှိသဖြင့် လီရှန်းဟွေ့တို့ မိသားစု လိုအပ်တာရှိမရှိ မေးမြန်းရန်အတွက် လူနာခန်းဘက်သို့ ထွက်လာခဲ့လိုက်သည်။
လူနာခန်းထဲသို့ ရောက်သို့ လင်းဟန်လည်း ရှိနေပြီး လီရှန်းဟွေ့၏ ဇနီးသည်နှင့် စကားပြောဆိုနေသည်။
“ မင်းက ဘာလို့ ဒီပြန်ရောက်နေတာ … အိမ်မှာ နားနေသင့်တာ မဟုတ်ဘူးလား …”
“ အိမ်မှာ မနေချင်လို့ … ပြီးတော့ ဒဏ်ရာက ပြင်းထန်တာမျိုးမှ မဟုတ်တာ …” လင်းဟန်က ခွန်းတုံ့ပြန်လိုက်သည်။ “ အစ်ကိုလီက ဒီလောက်ထိခိုက်တဲ့အထိ ဖြစ်သွားတော့ ငါလည်း နောက်ကွယ်က မောင်းပြေးသမားကို မြန်မြန်ဖမ်းပြီး လက်စားချေချင်တယ် …”
“ မင်း အခြေအနေကြီးနဲ့ သူများတွေနဲ့ပဲ လွှဲထားစမ်းပါ …” လင်းရီ ပြောလိုက်သည်။ “ ဒရိုင်ဘာကို ဖမ်းမိတဲ့အချိန်ကျ မင်းကို ဖုန်းဆက်လိုက်မယ် ….”
“ ဘာအကြောင်းထူးသေးလဲ ….”
“ လောလောဆယ်တော့ ဘာမှမထူးသေးဘူး … လုံးဝကို သဲလွန်စမရှိလုနီးပါးပဲ …”
လင်းဟန် သက်ပြင်းချလိုက်သည်။ စိတ်ပျက်သည့် အငွေ့အသက်က မျက်နှာထက်တွင် ဖြတ်ပြေးသွားခဲ့၏။
“ ငါ ကူညီပေးနိုင်တာရော မရှိဘူးလား ….”
“ အဲ့ကိစ္စတော့ မပူနဲ့ .. တကယ်လို့ လိုအပ်ရင်တောင် မင်းဆီကတော့ မလိုဘူး …”
“ ဒါဆိုလည်း ငါဒီမှာနေပြီး အစ်မကို ခဏလောက် အဖော်လုပ်ပေးလိုက်ဦးမယ် … နင်တို့ လိုအပ်လာရင်လည်း ငါ့ကို ခေါ်ပေါ့ …” လင်းဟန်က ပြုံးပြီး ပြောလိုက်၏။
“ တခြားအရာတွေ များများစားစား မကူညီပေးနိုင်ဘူးဆိုပေမယ့် အမှုကိုတော့ ကူပြီး သုံးသပ်ပေးလို့ ရတယ် … အဲ့လောက်ကတော့ ငါလုပ်ပေးနိုင်ပါတယ် …”
“ အိုကေ … ဒါဆိုလည်း မရီးနဲ့ အတူ နေပေးလိုက် …”
လင်းဟန်နှင့် စကားပြောဆိုပြီးနောက် လင်းရီသည် လီရှန်းဟွေ့၏ ဇနီးကို စိတ်ချလက်ချနေရန် နှစ်သိမ့်ပေးပြီး ထွက်လာခဲ့လိုက်သည်။
များမကြာမီ နင်ချဲ့က ဖုန်းဆက်လာခဲ့ပြီး သူ့ တည်နေရာ အတိအကျကို မေးမြန်းက သူနှင့်အတူ တွေ့ဖို့လုပ်၏။
တစ်ချိန်တည်းတွင် ကူရိရန်က ဆေးရုံသို့ ရောက်လာခဲ့ပြီး လင်းရီအား မြင်တွေ့သွားခဲ့သည်။
“ ဓာတ်ခွဲခန်း ရလဒ် ထွက်လာပြီ …”
***